ပြိုင်ပွဲစတင်ပြီး
Vol. 56 Ch. 766
တံခါးကို ဖွင့်လိုက်တယ်၊ လူအယောက်သုံးဆယ်က လေတိမ်သိုင်းပြိုင်ကွင်းဆီ ထွက်လာကြတယ်။
ဘုံး..........
တံခါးကို ဖွင့်လိုက်တဲ့ အခိုက်အတန့်မှာ ဆူနာမီလိုအသံတစ်ခုက ထွက်ပေါ်လာတယ်။ လူတိုင်းက ကြည့်လိုက်တယ်၊ ပြိုင်ကွင်းရှိ ထိုင်ခုံတွေမှာ နေရာလွတ်မရှိ၊ ပရိတ်သတ်သုံးမီလီယံအပြည့် ရောက်ရှိနေတာကို တွေ့လိုက်ရတယ်။
ပရိသတ်သုံးမီလီယံကြားမှာ တစ်ဝက်က ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေ ဖြစ်တယ်။ ဧကရာဇ် ၁၀၀ ဒါမှမဟုတ် ၁၀၀၀ စုမိတဲ့အခါ ကြီးမားတဲ့တည်ရှိမှုတစ်ခုကို မဖန်တီးနိုင်ပေမယ့် ဧကရာဇ်တစ်မီလီယံစုစည်းတဲ့အခါ တည်ရှိမှုက ဘယ်မဟာဧကရာဇ်မဆိုရဲ့သွေးကို ဆူပွက်စေဖို့ လုံလောက်ပါတယ်။ အားနည်းတဲ့စိတ်တန်ခိုးစွမ်းအားတွေရှိတဲ့သူတွေက ကြောက်ရွံ့လာတယ်၊ သူတို့ရဲ့ခန္ဓာကိုယ်တွေက တုန်လှုပ်လာတယ်၊ သူတို့ရဲ့စိတ်တွေက ဗလာဖြစ်လာတယ်။
"သူတို့တွေ ဘယ်လောက် ကြောက်လန့်နေသလဲဆိုတာ ကြည့်လိုက်ကြ၊ ဟားဟား........"
သိုင်းစင်ဘေးနားရှိနေရာလွတ်တစ်ခုမှာ အဆင့်၇ဓားသမားအနည်းငယ်က စတင်လှောင်ပြောင်လိုက်တယ်။
အဆင့်၇ဓားသမားအနေနဲ့ သူတို့မှာ အဆင့်၆ဓားသမားတွေကို ဆန့်ကျင်နိုင်တဲ့ ယုံကြည်ချက်ရှိတယ်လေ။
"မဆိုးဘူး၊ သူ ရွေးချယ်မှုကို အောင်မြင်လာခဲ့တာပဲ" သက်တံကြွေဓားဧကရာဇ်က လီဖူချန်းကို မြင်တဲ့အခါ ပြုံးလိုက်တယ်။
လီဖူချန်း မအောင်မြင်မှာကို သူ တကယ် စိုးရိမ်နေတာ။ အဲဒါဆိုရင် သူ့အတွက် ဖျော်ဖြေခွင့်တစ်ခု လျော့သွားပြီးပေါ့။
လီဖူချန်းကို ရှုံးမယ်လို့တော့ သူ ဘယ်တော့မှ မတွေးထားဘူးလေ။
"သူ့ရဲ့ဓားတာအိုခွန်အားက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားလောက် စွမ်းအားမကောင်းဖို့ ငါ မျှော်လင့်တယ်" ကောင်းကင်ဘုံကိုးဖြာဓားအာဏာရှင်ရဲ့အတွေးများက ရှုပ်ထွေးနေတော့တယ်။
သူက ဓားဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၆ဆိုပေမယ့် အရင်အဖြစ်အပျက်ကြောင့် သူ လီဖူချန်းကို ကြောက်နေမိတယ်။ လီဖူချန်းနဲ့ ရင်ဆိုင်ရရင် သူ တည်ငြိမ်နိုင်မှာ မဟုတ်လောက်ဘူး။
မကြာခင်မှာပဲ နည်းပြက စင်မြင့်ပေါ်ကို တက်လာပြီး ပြိုင်ပွဲစည်းမျဉ်းတွေကို ကြေညာလိုက်တယ်။
ပြိုင်ပွဲက အမှတ်စုဆောင်းတဲ့ပုံစံမျိုးပါ။ စုဆောင်းထားတဲ့အမှတ်များလေလေ၊ အဆင့်မြင့်လေလေပါ။ ပြိုင်ပွဲအတွင်း ကောင်းကင်အဆင့်မြင့်လက်နက်တွေကို သုံးတာ တားမြစ်ထားပါတယ်။ မည်သူမဆို သူတို့ကိုယ်တိုင် မပိုင်ဆိုင်တဲ့စွမ်းအားကို သုံးရင် ပြိုင်ပွဲဝင်ဖို့အတွက် အရည်ချင်းပြည့်မှီတော့မှာ မဟုတ်ပါဘူး။
ဆုလာဒ်တွေကတော့ စွဲဆောင်မှု ရှိပါတယ်။ ဓားကမ္ဘာကို ဝင်နိုင်တဲ့အချက်တွေကို အသာထား၊ ပထမနေရာက အစည်းရုံးမှတ်ငါးမီလီယံကို ရပါမယ်။ ဒုတိယနေရာက အစည်းရုံးမှတ်နှစ်မီလီယံကို ရပါမယ်။ တတိယနေရာက အစည်းရုံးမှတ်တစ်မီလီယံကို ရပါမယ်၊ စတုတ္ထကနေ တစ်ဆယ်ထိက အစည်းရုံးမှတ်ငါးသိန်းကို ရပါလိမ့်မယ်။
ဆယ့်တစ်ကနေ နှစ်ဆယ်အထိက အစည်းရုံးမှတ်ငါးသိန်းကိုလည်း ရမယ်၊ ဓားသူတော်စင်တွေရဲ့ညွှန်ပြမှုကိုလည်း ရရှိပါလိမ့်မယ်။ ဓားသူတာ်စင်တွေရဲ့လမ်းညွှန်မှုက ဓားကမ္ဘာကို ဝင်ရတာလောက် မကောင်းပေမယ့် ဘာမှမရတဲ့သူတွေထက်တော့ အဆတစ်ရာ၊တစ်ထောင်လောက် ကောင်းနေပါသေးတယ်။
"အစည်းရုံးမှတ်ငါးမီလီယံလား" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
ပထမဆုက အဲလောက်ကောင်းလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။
*ပထမနေရာရဖို့က မလွယ်ကူပါဘူး၊ ဒါပေမယ့် လွယ်လွန်းရင်လည်း ဘာအဓိပ္ပါယ်မှ မရှိဘူးလေ"
လီဖူချန်းက ပြုံးလိုက်တယ်၊ သူ့မျက်လုံးတွေက တောက်ပနေတယ်။
"ဒီလိုဆုလာဒ်တွေ၊ ငါ ထိပ်ဆုံးဆယ်ယောက်အတွင်း ဝင်မယ်လို့တော့ မပြောရဲဘူး၊ ဒါပေမယ့် ငါ ထိပ်ဆုံးနှစ်ဆယ်အတွက်တော့ တိုက်ခိုက်ရလိမ့်မယ်"
"ဟုတ်တယ်၊ လူအားလုံးပေါင်းက ခြောက်ဆယ့်ရှစ်ပဲ ရှိတာ။ ငါက ထိပ်ဆုံးနှစ်ဆယ်ထဲ မဝင်နိုင်ဘူးလို့ ငါ မယုံကြည်ဘူး"
ပါဝင်ယှဉ်ပြိုင်မယ့်ဓားသမားအားလုံးရဲ့မျက်လုံးတွေက ထက်ရှသွားတော့တယ်။
ပွဲကြည့်စင်မှာတော့ အားလုံးက ဓားပြိုင်ပွဲရဲ့ဆုလာဒ်တွေကြောင့် တအံ့တဩဖြစ်နေကြရတယ်။
ဘီအတန်းသီးသန့်ခန်းတစ်ခုမှာတော့ ဓားမော့နတ်ဆိုးမြောင်ချန်ရှင်းရဲ့အကြည့်တွေက လီဖူချန်းဆီ ချက်ချင်း ကျရောက်သွားတယ်။
"အဲဒါ သူပဲ" မြောင်ချန်ရှင်းရဲ့မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်တွေနဲ့ ပြည့်သွားတယ်။
မြောင်ရှန်းယုကို လီဖူချန်းက သတ်ခဲ့တယ်ဆိုတာကို သူ သိထားပြီးဖြစ်တယ်၊ ပြီးတော့ အဲနေရာမှာ ကြည့်ရှုနေသူတွေ အများကြီးရှိပြီး သူတို့ထဲက တစ်ယောက်က မြောင်ကလန်ကို သတင်းအချက်အလက် ရောင်းချခဲ့တယ်လေ။
"အကိုမြောင်၊ ဘာဖြစ်တာလဲ" ဓားမော့ဧကရာဇ်ချူခွမ်းက မေးလိုက်တယ်။
မြောင်ချန်ရှင်းက ဖြေလိုက်တယ်"ငါ မြောင်ရှန်းယုကို သတ်သွားတဲ့သူကို တွေ့ပြီး"
"ဘယ်သူလဲ။ မင်း ငါ့အကူအညီ လိုလား" ချူခွမ်းရဲ့ဇနီးက မြောင်ချန်ရှင်းရဲ့ဝမ်းကွဲညီမဖြစ်တယ်။ မြောင်ချန်ရှင်းအတွက် ရန်သူကို သတ်ပေးရတာက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူးလေ။
မြောင်ချန်ရှင်းက ပြောလိုက်တယ်"ငါ ကိုယ်တိုင် လက်စားချေခြင်းတယ်။ တကယ်လို့ ငါ မတတ်နိုင်ရင် အကိုချူကို အကူအညီတောင်းမှာပါ"
အတိတ်တုန်းကဆိုရင် မြောင်ချန်ရှင်းက လီဖူချန်းအတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ပါဘူး။ လီဖူချန်းက မြောင်ရှန်းယုကို ဓားတစ်ချက်နဲ့ သတ်နိုင်ခဲ့တာ။ ဒါပေမယ့် လွန်ခဲ့တဲ့ဆယ်နှစ်က မြောင်ချန်ရှင်းရဲ့ခွန်အားက တိုးတက်လာတယ်။ မကြာသေးမီက သိုင်းဖလှယ်မှုအတွင်း သူက ဓားမော့ဧကရာဇ်ချူခွမ်းရဲ့လှုပ်ရှားကွက်ငါးကွက်ကို ခုခံနိုင်ခဲ့တယ်။
ဓားမော့ဧကရာဇ်ချူခွမ်းက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၄ရှိသူပါ။ အဆင့်၁ကောင်းကင်ဧကရာဇ်ကလွဲပြီး သူတို့က ဓားမော့ဧကရာဇ်ချူခွမ်းကို အနိုင်ယူနိုင်မယ်လို့ ဘယ်သူကမှ မပြောရဲပါဘူး။ သူ့ထံမှ ငါးကွက်ကို ခုခံနိုင်တာက မယုံနိုင်လောက်တဲ့စွမ်းဆောင်မှုမျိုးပါ။
"ကောင်းပြီး"ချူခွမ်းက ခေါင်းညိတ်လိုက်တယ်။
အေအတန်းသီးသန့်ခန်းတစ်ခုမှာ ကောင်းကလန်က ရှိနေတယ်၊ ကောင်းကလန်ရဲ့သူတော်စင်ဖြစ်တဲ့ မြစ်ဖြတ်သူတော်စင်လည်း ရှိတယ်။
"ဘိုးဘေး၊ ဒီလူက ကောင်းကလန်ရဲ့လေလံခန်းမတစ်ခုကို သုတ်သင်ပြီး အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅ဘီလီယံကို လုယက်သွားတဲ့သူပဲ" ကောင်းကလန်အကြီးအကဲတစ်ယောက်က လီဖူချန်းကို လက်ညှိုးထိုးကာ အေးစက်တဲ့လေသံနဲ့ ပြောလိုက်တယ်။
အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅ဘီလီယံက သေးငယ်တဲ့ပမာဏတစ်ခု မဟုတ်ဘူးဆိုပေမယ့် ကောင်းကလန်အတွက်က ခန်းမတစ်ခုဖျက်ဆီးခံလိုက်ရတာက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅ဘီလီယံကို ဆုံးရှုံးရတာထက် ပိုဆိုးပါတယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ကုန်သည်အစည်းအရုံးတွေ များစွာရှိတယ်။ နှစ်ပေါင်းများစွာ စုဆောင်းလာတာကြောင့် သက်တံကုန်သည်အစည်းအရုံးက အခုလို ကြွယ်ဝမှုမျိုးကို ရလာတာ။ သက်တံကုတ်သည်အစည်းအရုံးအတွက် သူတို့ရဲ့လေလံခန်းမတစ်ခု ဖျက်ဆီးခံရပြီး ငွေတွေ လုယက်ခံလိုက်ရတာက ကြီးမားတဲ့ထိုးနှက်မှုတစ်ခုပါ။ အနာဂတ်မှာ ဘယ်သူကများ သူတို့ရဲ့ရတနာတွေကို သက်တံကုန်သည်အစည်းအရုံးရဲ့လေလံခန်းမမှာ အပ်နှံရဲတော့မှာလဲ။
"မစိုးရိမ်နဲ့၊ ငါ ဒီကောင်ကို ဖြေရှင်းလိုက်မယ်" မြစ်ဖြတ်ဧကရာဇ်က ပုံမှန်အတိုင်း ပြောလိုက်တယ်။
ညဧကရာဇ်ကနေတစ်ဆင့် လီဖူချန်းရဲ့ခွန်အားက မျှော်မှန်းထားတာထက် ပိုသန်မာတာကို သူ သိပြီးပြီ။ သူကလွဲပြီး လီဖူချန်းကို ရင်ဆိုင်ဖို့ အခြားဘယ်သူမှ မရှိပါဘူး။
"ဘိုးဘေးကိုယ်တိုင် လှုပ်ရှားမယ်ဆိုရင်တော့ ဒီကောင်က သေမှာ သေချာပါတယ်"
အသန်မာဆုံးဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်က ဧကရာဇ်တစ်ယောက်ဖြစ်နေတုန်းပါပဲ။ သူတော်စင်တစ်ယောက် ပါဝင်လာတာနဲ့ အသက်ရှင်ဖို့ နည်းလမ်းရှိမှာ မဟုတ်ပါဘူး။
သိုင်းစင်မြင့်ပေါ်မှာ ဒိုင်လူကြီးက စည်းမျဉ်းတွေနဲ့ဆုလာဒ်ကို ရှင်းပြပြီးနောက် ကျယ်လောင်စွာ ပြောလိုက်တယ်"ပြိုင်ပွဲက စတင်ပါတော့မယ်"
ဒိန်း.......ဂျိန်း.........
စင်က စင်သေးကိုးခုအဖြစ် ရုတ်တရက် ကွဲထွက်သွားတယ်၊ စင်တစ်ခုချင်းစီမှာ အလင်းအတားအဆီးတစ်ခု ရှိတယ်။
"သိုင်းစင်မြင့်တစ်၊ ယုဝမ်ဟောင်ကျဲနဲ့ ဝူရှင်း"
"သိုင်းစင်မြင့်နှစ်..........."
"သိုင်းစင်မြင့်သုံး..........."
...
အမှတ်စုဆောင်းရတဲ့ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် ပြုင်ပွဲကိုးခုကို တစ်ချိန်တည်း ကျင်းပပါလိမ့်မယ်။
သိုင်းစင်မြင့်တစ်မှာ ပင်စည်ဓားသမားယုဝမ်ဟောင်ကျဲက အဆင့်၇ဓားသမားဝူရှင်းနဲ့ ရင်ဆိုင်နေတယ်။
"အရှုံးပေးလိုက်ပါ။ မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး" ဝူရှင်းက ပြောလိုက်တယ်။
သူက ဓားဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၂၀ရှိသူပါ။ လီကျန့်ရှင်းနဲ့ မူရုံယိုယွီက လွဲပြီး သူက ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး။
"ငါ့ကို လျှော့တွက်ရင် မင်းအတွက် ကောင်းလိမ့်မှာ မဟုတ်ဘူး"
သူ့ပြိုင်ဘက်က ယုံကြည်မှုလွန်ကဲနေတဲ့အတွက် ယုဝမ်ဟောင်ကျဲက ပြုံးဖြဲဖြဲလုပ်လိုက်တယ်။ သူက တွေးလိုက်တယ်"မင်းက အဆင့်၇ဓားသမားဆိုတော့ရော ဘာဖြစ်လဲ။ စောစောတုန်းက အဆင့်၇ဓားရုပ်သေးကို အနိုင်ယူဖို့ ငါ ဓားနှစ်ချက်ပဲ သုံးခဲ့ရတာ"
"အိုး၊ ဒါဆိုလည်း ကြည့်ရတာပေါ့" ဝူရှင်းက လှုပ်ရှားလိုက်တယ်။
သူကို အလင်းရွေ့ဓားဧကရာဇ်လို့ အမည်ပေးထားတယ်။ သူ့ရဲ့အမြန်နှုန်းက ထိပ်ဆုံးငါးယောက် အတွင်း မဝင်ရင်တောင် အနည်းဆုံးထိပ်ဆုံးဆယ်ယောက်အတွင်း ရှိပါတယ်။
သိုင်းစင်မြင်ပေါ်မှာ အဆုံးမရှိအလင်းရွေ့တွေက ယုဝမ်ဟောင်ကျဲကို ဖုံးလွှမ်းသွားတယ်။
"ဒါဆို လာပြီး"
ယုဝမ်ဟောင်ကျဲရဲ့လက်ထဲက ဓားကြီးက အလေးချိန်မရှိသလိုမျိုးပါပဲ။ သူက အဲဒါကို ဝှေ့ယမ်းလိုက်တာနဲ့ အဆုံးမရှိဓားအရိပ်တွေက ကြေးနံရံတစ်ခု ဖြစ်လာပြီး အလင်းရွေ့တွေကို တားဆီးလိုက်တယ်။
ကလင်း ကလင်း ကလင်း ကလင်း..........
ဝူရှင်းရဲ့ဓားအနုပညာက တကယ် မြန်ပါတယ်၊ ဒါပေမယ့် စွမ်းအားအနည်းငယ်တော့ ကင်းမဲ့နေတယ်။ ယုဝမ်ဟောင်ကျဲရဲ့ဓားနံရံကို ထိုးဖောက်ဖို့ ခက်ခဲနေတယ်။
"ဓားဧကရာဇ်သတ်မှတ်ချက်က မတိကျဘူး။ ဝူရှင်းက ရှုံးလိမ့်မယ်" လီဖူချန်းက တွေးလိုက်တယ်။
သူ့ရဲ့တိုက်ခိုက်မှုက မထိရောက်တဲ့အတွက် ဝူရှင်းက စိုးရိမ်နေတယ်။
"နတ်ဘုရားအရှိန်အလင်းရွေ့ခြင်း"
နောက်ဆုံတော့ ဝူရှင်းက သူ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်လိုက်တယ်။
သတ်ဖြတ်ကွက်ကို အသုံးပြုတဲ့အခါ ဓားအမြန်နှုန်းက သိသိသာသာ တိုးလာတယ်။ ဟင်းလင်းပြင်မှာ မရပ်တန့်နိုင်တဲ့အလင်းရွေ့တွေက ယုဝမ်ဟောင်ကျဲရဲ့ခံစစ်ကို ထိုးဖောက်ဖို့ ကြိုးစားလိုက်တယ်။
"အားကောင်းတယ်၊ ဒါပေမယ့် ဓားတာအိုဥပဒေဿက ပေါ့ပျက်လွန်းတယ်" လီဖူချန်းက ခေါင်းခါလိုက်ပြန်တယ်။
"ချိုးဖောက်စမ်း"
ယုဝမ်ဟောင်ကျဲရဲ့ဓားရှည်က ရှေ့ကို ထိုးဖောက်လိုက်တယ်။ ဓားအရိပ်တွေ ပေါင်းစပ်သွားပြီး ထူထပ်တဲ့ဓားစက်ကွင်းတစ်ခု ဖြစ်လာတယ်။ ကြယ်တံခွန်နဲ့တူတဲ့ ချီစွမ်းပကားတစ်ခုက အလင်းရွေ့ကို တိုက်ခိုက်လိုက်တယ်။
ဖစ်..........
အလင်းရွေ့က ပျက်စီးသွားတယ်၊ ဝူရှင်းက လွင့်ထွက်သွားပြီး အလင်းအတားအဆီးပေါ် ကျသွားတယ်။
"သိုင်းစင်မြင့်တစ်၊ ယုဝမ်ဟောင်ကျဲ နိုင် တစ်မှတ်၊ ဝူရှင်း ရှုံး သုညမှတ်"
သိုင်းစင်မြင့်ကိုးခုထဲမှာ စင်မြင့်တစ်က အစောဆုံး ပြီးသွားတာပဲ။
ယုဝမ်ဟောင်ကျဲနဲ့ ဝူရှင်းတို့ စင်မြင့်ပေါ်က ဆင်းလာပြီးနောက် ဒိုင်လူကြီးက ပြောလိုက်တယ်"သိုင်းစင်မြင့်တစ်၊ လီဖူချန်းနဲ့ဝမ်ဟဲ"
ဝမ်ဟဲက လီဖူချန်းလို အဆင့်၆ဓားသမားတစ်ယောက်ပါ။ အစောပိုင်းက လီဖူချန်းက အဆင့်၇ဓားရုပ်သေးကို ဓားတစ်ချက်နဲ့ အနိုင်ယူခဲ့တယ်။ အကျိူသင့်အကြောင်းသင့်အရဆိုရင် ဝမ်ဟဲက အရှုံးပေးသင့်တယ်၊ ဒါပေမယ့် လီကျန့်ရှင်းက ဓားရုပ်သေးမှာ အပေါက်တစ်ခုဖြစ်စေခဲ့တယ်၊ ဒါကြောင့် ရုပ်သေးမှာ ထိခိုက်မှုအချို့ဖြစ်သွားတယ်၊ အဲ့တာကြောင့်သာ လီဖူချန်းက စားရုပ်သေးကို အလွယ်တကူ အနိုင်ယူခဲ့တယ်လို့ သူ့ရဲ့နှလုံးသားထဲမှာ ထင်နေမိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ချက်ချင်း အရှုံးပေးတာက ကျေနပ်စရာမကောင်းပါဘူး။ လီဖူချန်းရဲ့ခွန်အားက တိုက်ပွဲတစ်ပွဲပြီးမှသာ ရှင်းလင်းလာပါလိမ့်မယ်။
"ငါ့ကို ညွှန်ကြးပေးပါ" ဝမ်ဟဲက ပြောလိုက်တယ်။
"မင်းရဲ့အကောင်းဆုံးလှုပ်ရှားကွက်ကို ထုတ်"
လူတိုင်းရဲ့ဓားတာအိုက သင်ယူစရာတစ်ခုရှိနေမှာပဲလေ။ လီဖူချန်းက ဝမ်ဟဲကို အခွင့်အရေးတစ်ခုပေးဖို့ စိတ်မရှိပါဘူး။
ဝမ်ဟဲက မျက်မှေင်ကြုတ်လိုက်တယ်၊ လီဖူချန်းက ရိုင်းလွန်းတယ်လို့ ထင်မိတယ်။
ပြိုင်ပွဲစတာနဲ့ ဝမ်ဟဲက လီဖူချန်းပြောတာကို နားမထောင်ပါဘူး၊ သူ့ရဲ့အသန်မာဆုံးအကွက်ကို အသုံးမပြုခဲ့ပါဘူး။ အဲအစား သူက လီဖူချန်းရဲ့ခွန်အားကို စမ်းသပ်ဖို့ ကြိုးစားလိုက်တယ်။
"ဓားမတည်မြဲခြင်း"
ဒါပေမယ့် လီဖူချန်းက အချိန်ဖြုန်းဖို့ အစီအစဉ်မရှိပါဘူး။ ဝမ်ဟဲက သူ့ရဲ့အသန်မာဆုံးအကွက်ကို မထုတ်ချင်မှတော့ သူက ဖိအားပေးလိုက်ရမှာပေါ့။
ဓားမတည်မြဲခြင်းကို ထုတ်ဖော်လိုက်တာနဲ့ စင်မြင့်မှာ လီဖူချန်းရဲ့ပုံရိပ်တွေနဲ့ ပြည့်သွားတယ်။
ဒါက မတည်မြဲခြင်းဓားအနုပညာမှ ဖန်တီးထားတဲ့ ကောင်းကင်အဆင့်မြင့်ဓားကွက်တစ်ခုပါ။
"ဒီလိုသရဲသဘက်ဆန်တဲ့ဓားအနုပညာမျိုး......."
ဝမ်ဟဲက ထိတ်လန့်သွားတယ်။ နေရာတိုင်းမှာ ဓားချီရှိနေပြီး သူက လီဖူချန်းရဲ့ဓားလမ်းကြောင်းကိ မခန့်မှန်းနိုင်ပါဘူး။
ရွေးချယ်မှုမရှိစွာနဲ့ ဝမ်ဟဲက သူ့ရဲ့သတ်ဖြတ်ကွက်ကို သုံးလိုက်ရတယ်။ သူက ဝှေ့ယမ်းပြိီး ဓားချီမုန်တိုင်းတစ်ခုကို ဖြန့်ကြက်လိုက်တယ်။ ဓားချီမုန်တိုင်းအတွင်းမှာ ပျံဝဲနေတယ်။
ဒါက သူ့ရဲ့ပြိုင်ဘက်ကင်းဓားတာအိုဖြစ်တဲ့ပျံဝဲဓားတာအိုပါ။
"စိတ်ဝင်စားစရာပဲ"
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ ဝမ်ဟဲက နည်းနည်းလေးအားနည်းတယ်၊ ဒါပေမယ့် သူ့ရဲ့ဓားတာအိုက စိတ်ဝိညာဉ်တွေနဲ့ ပြည့်နေတယ်။ ထိုဌက်က တိုက်ခိုက်ဖို့ အခွင့်အလမ်းကို စောင့်နေပြီး ဓားဆန္ဒရဲ့သရုပ်တကန်ဆိုတာ သိသာပါတယ်။ ၎င်းရဲ့အာရုံခံစားမှုကို သုံးပြီး ရန်သူရဲ့ဟာကွက်နဲ့တိုက်ခိုက်ရေးလမ်းကြောင်းကို ရှာဖွေနိုင်တယ်။
"ကောင်းပြီ၊ မင်း အခု အရှုံးပေးလို့ရပြီး"
လီဖူချန်းက ပြိုင်ဘက်ရဲ့ဓားတာအိုအနှစ်သာရကို မြင်ပြီးဖြစ်တာကြောင့် သူက ဆက်လက်အချိန်ဆွဲမနေတော့ဘူး။ သရဲပုံစံအရိပ်နဲ့ဓားတစ်လက်နဲ့အတူ လီဖူချန်းက ဓားချီမုန်တိုင်းကို ဖြတ်ပြီး ဌက်ဓားဆန္ဒကို ရှောင်တိမ်းလိုက်တယ်။ ပြီးနောက် သူက ဝမ်ဟဲကို ဓားတစ်ချက်နဲ့ လွင့်ထွက်သွားစေလိုက်တယ်။
ဝမ်ဟဲအနေနဲ့ လီဖူချန်းရဲ့ဟာကွက်နဲ့ဓားလမ်းကြောင်းကို ရှာတွေ့ဖို့က မဖြစ်နိုင်ပါဘူး။
***