ရှင်းဟော့နတ်ဘုရားမျိုးနွယ်စု
Vol. 76 Ch. 1049
ထိုစကားသံကြီး ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်ရှိ အဖြူရောင်အလင်းရောင်ခြုံလွှာလေး မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်ကို မြင်လိုက်ရ၏။ ထို့နောက် သူ၏ အသိစိတ်ထဲတွင် ဟိန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။
ထို ဟိန်းသံကြီးကြောင့် သူသည် မူးဝေသွားရပြီး သူ၏ ရှေ့ရှိ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသည့်အလား ခံစားလိုက်ရသည်။ အသက်ရှူကြိမ် အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြန်ဖွင့်နိုင်ရန် ကြိုးစားလိုက်၏။ သူ၏ ပတ်ပတ်လည်ရှိ မြူခိုးများမှာ ဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူသည် ထိုဝဲကြီးထဲသို့ နစ်ဝင်နေသည့်အလား ခံစားနေရသည်။
မြေပြင်ကြီးမှာ အောက်သို့ ကျွံဝင်သွားနေခြင်း မရှိသည့်တိုင်အောင် သူ၏ နှလုံးသားထဲရှိ အောက်သို့ နစ်ဝင်သွားနေသည့် ခံစားချက်ကြီးမှာ ပို၍အားကောင်းလာဆဲပင်။
" ဒါ လမ်းပြအလင်းရောင် ငါ့ကို ငါ့ရဲ့ အတိတ်ဘဝဆီ ပြန်ခေါ်သွားနေတာလား " ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ တွေးမိလိုက်သည်နှင့် သူ၏ ညာဘက်လက်အား သိုလှောင်အိတ်ပေါ်သို့ တင်လိုက်၏။ ထိုအခါ အလင်းရောင်များ ဖျတ်ခနဲတောက်ပသွားပြီ မန္တန်ချပ်ပြားဝိုင်းတစ်ခု ပေါ်ပေါက်လာသည်။
ထို မန္တန်ချပ်ပြားဝိုင်းမှာ သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများ သူ့အား ပေးခဲ့သည့် ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းမှာ အစွမ်းထက် မန္တန်အစီအရင်တစ်ခု၏ စွမ်းအားများ ပိုင်ဆိုင်ထား၏။ ၎င်းမှာ မြူခိုးများကြောင့် အနည်းငယ် ပြောင်းလဲသွားသည့်တိုင်အောင် အတော်အသင့် အစွမ်းထက်နေဆဲပင်။
ဝမ်ပေါင်လဲ့မှာ ထို ချပ်ပြားဝိုင်းအား ထုတ်ယူလိုက်ပြီးနောက် မူးနောက်နေသည့် ခံစားချက်ကြီးအား တောင့်ခံ၍ တွေဝေတုံဆိုင်းနေခြင်းမရှိဘဲ ၎င်းအား သူ၏ရှေ့၌ ထားလိုက်၏။ ထို့နောက် သူသည် ၎င်းအား လက်ဖြင့် ဖိလိုက်သဖြင့် သူ၏ ပတ်ပတ်လည်တွင် အလင်းရောင်များ ပေါ်ပေါက်လာသည်။ ထိုအလင်းရောင်များမှာ သူ၏ ပတ်ပတ်လည်၌ အကာအရံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ဝမ်ပေါင်လဲ့မှာ ထို ချပ်ပြားဝိုင်းအား အသုံးပြုပြီးသွားသည်နှင့် မူးဝေမှုများကို တောင့်ခံထားနိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ စိတ်ကိုလျှော့ထားလိုက်ပြီး ထိုခံစားချက်ကြီးအား သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားစေလိုက်၏။ သို့သော် ထို ခံစားချက်ကြီး အားအကောင်းဆုံး အနေအထားသို့ ရောက်သွားပြီး ဝမ်ပေါင်လဲ့၏ အသိစိတ် လုံးဝပျောက်ကွယ်သွားတော့မည့်အချိန်တွင်...
သူ တင်ပျဥ်ခွေထိုင်နေသည့် နေရာ၏ ညာဘက်ရှိ မလှုပ်မယှက် ငြိမ်သက်နေခဲ့သော မြူခိုးများမှာ ရုတ်တရက်ဆိုသလို စတင်လှုပ်ရှားလာ၏။ ထို မြူခိုးများထဲတွင် အနက်ရောင် အရိပ်တစ်ခု အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ရွေ့လျားနေသည်ကို မြင်နိုင်ပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ မြူခိုးများအား ဖြတ်သန်းသွားနေရင်း ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထို့နောက် ၎င်းမှာ တစ်စုံတစ်ခုအား အာရုံခံမိသွားသည့်အလား လမ်းကြောင်းပြောင်းကာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်နှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရ၏။ သူသည် တစ်ခေါင်းလုံး မူးနောက်နေပြီး သူ၏ ဝိညာဉ်မှာလည်း အောက်သို့ နစ်ဝင်နေသည့်အလား ခံစားနေရသည်ဖြစ်ရာ ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သို့သော် သူသည် ထိုကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံနေရသည့်တိုင်အောင် အသိစိတ်ထဲ၌ ဟိန်းသံကြီးတစ်သံဖြင့် ပြည့်နှက်သွားပြီး သတိလစ်သွားတော့သည်။
သူ သတိလစ်သွားချိန်တွင် အနက်ရောင် အရိပ်ကြီးမှာ မြူခိုးများထဲမှ ထိုးထွက်လာပြီး ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာ၏။ ၎င်းမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အနက်ရောင်အလင်းရောင်များ ထုတ်လွှတ်နေသော သူ၏ ညာဘက်လက်အား မြှောက်လိုက်သည်။ ထို့နောက် ၎င်းမှာ လောဘစိတ်များပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် သူ၏ လက်အား ဝမ်ပေါင်လဲ့ နဖူးဆီသို့ ဆန့်ထုတ်လိုက်တော့သည်။
" ငါတော့ ကံကောင်းတာပဲ။ ဒီလို အခွင့်အရေးမျိုးနဲ့မှ ကြုံရတယ်လို့ " ထိုအရိပ်ကြီးမှာ မှုန်ဝါးဝါး ဖြစ်နေသောကြောင့် ၎င်း၏ သွင်ပြင်လက္ခဏာများကို ရှင်းလင်းပြတ်သားစွာမမြင်နိုင်ပေ။ ၎င်းမှာ အနက်ရောင် အလင်းတန်းတစ်ခုနှင့်ပင် ဆင်တူနေ၏။ ယခုတွင် ၎င်းမှာ ရယ်မောကာ ဝမ်ပေါင်လဲ့၏ နဖူးအား သူ၏လက်ဖြင့် ထိတော့မည် ဖြစ်သည်။ သို့သော် ၎င်း ဝမ်ပေါင်လဲ့၏ နဖူးနှင့် တစ်မီတာသာ ကွာဝေးတော့သည့် အချိန်တွင် အလင်းရောင်ဒိုင်းကာတစ်ခု ပေါ်ပေါက်လာပြီး သူ၏ လက်နှင့် ရိုက်ခတ်မိသွား၏။
ထို့ကြောင့် အုန်းခနဲ မြည်သံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး တန်ပြန်အားတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ အရိပ်ကြီးမှာမူ အပြင်းအထန်တုန်ရီသွားကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး အနက်ရောင် အလင်းရောင် အစက်အပြောက်လေးများအဖြစ် ပြောင်းလဲသွားသည်။ ထို အလင်းရောင် အစက်အပြောက်လေးများမှာ နောက်သို့ ဆုတ်ခွာသွားကာ အနက်ရောင် အရိပ်ကြီးအဖြစ် အတူတကွ ပြန်လည်စုစည်းသွားကြ၏။ ထို့နောက် ၎င်းမှာ ဗလုံးဗထွေးလေသံဖြင့် ညည်းတွားကာ မြူခိုးများထဲသို့ ပြန်ဝင်သွားပြီး အရှိန်ကုန်မြှင့်တင်၍ အဝေးသို့ ထွက်ပြေးသွားတော့သည်။
ထိုအချိန်မှာပင် အရည်အချင်း စမ်းသပ်ပွဲထဲရှိ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ အခြား ကျင့်ကြံသူအယောက်တစ်ရာကျော် ရှိနေသေးသည်။ သူတို့မှာလည်း ဝမ်ပေါင်လဲ့ကဲ့သို့ပင် ထို အနက်ရောင် အရိပ်ကြီးနှင့် ကြုံခဲ့ရ၏။ သူတို့မှာ ပညာရပ်အမျိုးမျိုး တတ်မြောက်ထားကြသည့်တိုင်အောင် သူတို့ထဲမှ တစ်ဝက်ကျော်မှာ ဝမ်ပေါင်လဲ့ကဲ့သို့ အစွမ်းထက် အကာအကွယ်ပစ္စည်းများကို ပိုင်ဆိုင်ထားကြခြင်းမရှိပေ။ ထို့ကြောင့် သူတို့မှာ ဝဲကြီးထဲသို့ စုပ်ယူခံလိုက်ရသည်နှင့် အပြင်းအထန် ဒဏ်ရာရသွားကာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြပြီး သတိလစ်သွားကြသည်သာ ဖြစ်သည်။ ထို့အပြင် သူတို့၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် လမ်းပြအလင်းရောင်များမှာလည်း အနက်ရောင်အရိပ်ကြီး၏ ခိုးယူခြင်းကို ခံခဲ့ရသဖြင့် ပျောက်ကွယ်သွားကြ၏။
မြူခိုးထဲသို့ ဝင်ရောက်သွားကြသည့် လူအများစုမှာ ထိုအဖြစ်အပျက်များကို သတိထားမိကြခြင်းမရှိပေ။ ကောင်းကင်ဘုံဓမ္မသခင်ကြီးနှင့် အစေခံအဘိုးကြီးတို့သာလျှင် သတိထားမိလိုက်၏။ ထိုအခါ အဘိုးကြီးမှာ စကားပြောရန်ပြင်လိုက်ပါသော်လည်း ကောင်းကင်ဘုံဓမ္မသခင်ကြီးအား တစ်ချက်ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ နှုတ်ဆိတ်နေလိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် ဒဏ်ရာရသွားသည့် ကျင့်ကြံသူများ၏ လမ်းပြအလင်းရောင်များ ခိုးယူခံလိုက်ရသဖြင့် သူတို့မှာ သတိလစ်သွားကြသည့်တိုင်အောင် အသက်သေဆုံးသွားကြခြင်း မရှိသောကြောင့်ပင်။
အခြားပြိုင်ပွဲဝင်များ၏ လမ်းပြအလင်းရောင်များ ထွက်ပေါ်လာသည့်အချိန်နှင့် သူတို့၏ အတိတ်ဘဝများ စတင်သွားသည့်အချိန်တွင် ယခုလို တိုက်ခိုက်နိုင်ခဲ့သည့် အချက်ကိုကြည့်လျှင် ထိုကဲ့သို့ တိုက်ခိုက်ခဲ့သည့်သူမှာ သေသေချာချာ ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့အပြင် သူသည် တမူထူးခြားသည့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာများကို သိထားခြင်းမရှိဘဲ သတိလစ်သွားပြီ ဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရမည်ဆိုလျှင် သူသည် သူ့ကိုယ်သူ မည်သူမည်ဝါမှန်း မသိတော့သည့် အနေအထားသို့ရောက်သွားခြင်း ဖြစ်၏။ ယခုတွင် သူသည်... ဘီလူးကြီးတစ်ကောင် ဖြစ်နေပြီမဟုတ်ပါလော။
မိုးကောင်းကင်ကြီးမှာ ခရမ်းရောင်ဖြစ်နေပြီး မြေပြင်ကြီးမှာ အဖြူရောင်ဖြစ်နေ၏။ ကောင်းကင်ယံထဲတွင် လမင်းနှင့် နေမင်းများလည်း တစ်စင်းမှ မရှိပေ။ ဘီလူကြီးတစ်ကောင်သာလျှင် သူ၏လက်ထဲ၌ ဧရာမ အလင်းရင်းမြစ်ကြီးတစ်ခုအား ကိုင်ထားသည်။ သူသည် ၎င်းအား ကိုင်မြှောက်ထားရင်း ခြေလှမ်းကျဲကြီးများဖြင့် ဖြည်းညင်းစွာ လမ်းလျှောက်နေ၏။ ထို့ကြောင့် ထို အလင်းရင်းမြစ်ထဲမှ ထွက်ပေါ်လာနေသည့် အလင်းရောင်များမှာ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထို ဘီလူးကြီး ရှေ့သို့လျှောက်လှမ်းလာသည်နှင့် သူ၏ နောက်တွင် ကျန်ရစ်ခဲ့သည့်နေရာများမှာ တဖြည်းဖြည်းနှင့် မှောင်မိုက်သွားသည်သာဖြစ်သည်။
ထို ဘီလူးကြီးမှာ အင်္ကျီမပါပေ။ သူ၏ ခေါင်းပေါ်တွင် ကွေးညွှတ်နေသည့် ဦးချိုတစ်ချောင်း ရှိနေ၏။ သူ၏ အသားအရေမှာ ခရမ်းရောင်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် အရုပ်ပုံစံ တိုင်ရှည်ကြီးများကို မြင်နိုင်ပေသည်။ သူသည် ကျင့်ကြံခြင်းစွမ်းအား အငွေ့အသက်များကို ပိုင်ဆိုင်ထားခြင်းမရှိပါသော်လည်း သူ၏ ခန္ဓာကိုယ်ထဲရှိ အလွန်အင်မတန်မှ အားကောင်းသော သွေးချီများနှင့် သက်စောင့်စွမ်းအားများမှာ လူတိုင်းအား အံသြတုန်လှုပ်သွားစေနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုဘီးလူးကြီးသည် စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု ခံစားလိုက်ရ၏။
ယခုတွင် ဝမ်ပေါင်လဲ့မှာ ထို ဘီလူးကြီး၏ ပခုံးပေါ်တွင် ထိုင်နေသည်။ ထို ဘီဘူးကြီး ရှေ့သို့တစ်လှမ်းချင်းစီ လှမ်းသွားနေစဉ် သူသည် ကမ္ဘာကြီးတစ်ခုလုံးအား ကြည့်ရှုနေ၏။ တချိန်တည်းမှာပင် သူသည် ထိုဘီလူးကြီး၏ ဘယ်ဘက်ပခုံးပေါ်တွင်လည်း သူနှင့် ဆင်တူသည့် အသေးစား ဘီလူးတစ်ကောင် ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုဘီလူးလေးမှာ ဘီလူးကြီး၏ လက်ထဲမှ အလင်းရင်းမြစ်အား လွမ်းဆွတ်တမ်းတနေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်နေ၏။
" မင်းတို့နှစ်ယောက် ဒီလမ်းကို ကောင်းကောင်းမှတ်ထားကြ။ မင်းတို့တွေ အရွယ်ရောက်လာတဲ့အချိန် ဒီလမ်းအတိုင်း လျှောက်ပြီးတော့ ကမ္ဘာပတ်ရမှာ "
" ဒါ ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုရဲ့ တာဝန်ပဲ "
ဝမ်ပေါင်လဲ့မှာ ထို ဘီလူးကြီး၏ စကားသံအား ကြားလိုက်ရသည်နှင့် တစ်ခေါင်းလုံး ထူပူသွားရ၏။ ထို့နောက် သူ၏ အသိစိတ်ထဲ၌ မှတ်ဉာဏ်အပိုင်းအစများ ပေါ်ပေါက်လာသည်။
သူသည် ဤဂြိုဟ်ပေါ်၌ သုံးယောက်သာ ကျန်ရှိတော့သည့် ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူတို့၏ တာဝန်မှာ ဤဂြိုဟ်ကြီးပေါ်ရှိ အခြားမျိုးနွယ်စုများ နတ်ဘုရား အလင်းရောင်များ ရရှိနိုင်ရန် အလို့ငှာ ဤဂြိုဟ်ကြီးအား အလင်းပေးရန်ဖြစ်သည်။
ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုမှာ နတ်ဘုရားမျိုးနွယ်စု ကိုးထောင်ထဲ၌ အောက်ခြေအဆင့်တွင်သာ ရှိပေသည်။ သူတို့မှာ အဆင့်အနိမ့်ဆုံး မဟုတ်ပါသော်လည်း အဆင့်နိမ့် နတ်ဘုရားမျိုးနွယ်စုထဲများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် သူတို့မှာ စကြဝဠာကြီးတစ်ခုလုံးအားအုပ်ချုပ်သည့် အဆင့်မြင့် နတ်ဘုရားမျိုးနွယ်စုများနှင့် မတူကြပေ။ သူတို့မှာ အဆင့်နိမ့် နတ်ဘုရားမျိုးနွယ်စုတစ်ခုသာ ဖြစ်သောကြောင့် အထူးနတ်ဘုရားစွမ်းရည်များ ပိုင်ဆိုင်ထားကြခြင်းမရှိပေ။ သို့ဖြစ်ရာ သူတို့မှာ နတ်ဘုရားအလင်းရောင်အား သယ်ဆောင်သူများအဖြစ်သာ တာဝန်ထမ်းဆောင်နိုင်ကြပေသည်။ ယခုတွင် သူတို့မှာ ဤဂြိုဟ်ပေါ်၌ တာဝန်ကျနေကြခြင်းဖြစ်၏။
သူတို့မှာ နတ်ဘုရားမျိုးနွယ်စုထဲ၌ ရာထူးအဆင့်အတန်း မြင့်မားခြင်းမရှိပါသော်လည်း ဤ ဂြိုဟ်ပေါ်တွင်မူ ထိပ်ဆုံးအဆင့်တွင် ရှိပေသည်။ ဤ ဂြိုဟ်ပေါ်ရှိ အခြား မျိုးနွယ်စုပေါင်းမြောက်မြားစွာမှာ သူတို့အား ဘုရားသခင်များအဖြစ် ကိုးကွယ်ပူဇော်ကြ၏။
" နတ်ဘုရားမျိုးနွယ်စုရဲ့ စကြဝဠာ... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်မိလိုက်၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ဘီလူးကြီး ကိုင်မြှောက်ထားသည့် အလင်းရင်းမြစ်အား လှမ်းကြည့်လိုက်သည်။ ခဏအကြာတွင် သူသည် ခေါင်းကိုက်လာသောကြောင့် မျက်မှောင်ကြုတ်မိသွားပြီး အတွေးများထဲ၌ နစ်မျောသွား၏။ သို့သော် သူ မည်သည့်အရာအား စဉ်းစားတွေးတောနေမှန်း သူ့ကိုယ်သူပင် မသိပေ။ သူသည် စဉ်းစားတွေးတောချင်စိတ်များ အလိုလိုပေါ်ပေါက်လာသည်သာ ဖြစ်သည်။ သို့သော်လည်း သူ ထိုကဲ့သို့ ပို၍ စဉ်းစားတွေးတောလေလေ သူ၏ ခေါင်းကိုက်ဝေဒနာမှာ ပို၍ ဆိုးရွားလာလေလေဖြစ်သည်။
သူ ထိုကဲ့သို့ စဉ်းစားတွေးတောနေစဉ် သူ၏ အသိစိတ်မှာ တဖြည်းဖြည်းနှင့် မတည်မငြိမ် ဖြစ်လာရ၏။ သို့ဖြစ်ရာ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးဆီမှ အားကောင်းသည့် တွန်းကန်အားတစ်မျိုး ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အား ရိုက်ခတ်သွားသကဲ့သို့ပင်။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး ထို တွန်းကန်အားကြောင့် အဝေးသို့ လွင့်ထွက်သွားတော့မည့်အလား ခံစားနေရ၏။ တစ်ချိန်တည်းမှာပင် သူ၏ ခေါင်းကိုက်ဒေနာမှာလည်း ရုတ်တရက်ဆိုသလို ပိုဆိုးလာသည်။
သူသည် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံ ပေါက်နေပြီး နာကျင်မှုဝေဒနာများကြောင့် တဆတ်ဆတ် တုန်ရီနေရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် နှိပ်စက်ညှင်းပန်းခံနေရသကဲ့သို့ ခံစားနေရ၏။ သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ နူးညံ့သိမ်မွေ့ပြီး နွေးထွေးသော အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာသည်။ ထို အငွေ့အသက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်နှင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးဆီမှ ထွက်ပေါ်လာနေသည့် တွန်းကန်အားများမှာ ပျောက်ကွယ်သွားသည်။ သူ၏ ခေါင်းကိုက်ဝေဒနာမှာလည်း သက်သာသွား၏။
သူ ထိုကဲ့သို့ ပြန်လည်သက်သာသွားချိန်တွင် သူ၏ နားထဲ၌ စကားသံတစ်သံထွက်ပေါ်လာသည်။
" အစ်ကိုကြီး။ သံတမန်ကြီး ရောက်လာပြီဗျ။ ဆက်အိပ်နေဦးမလို့လား " ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ ဝေဝါးသွားရ၏။ ထို့နောက် သူသည် ယခုမှ အိပ်ရာနိုးလာသည့် အမူအရာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ရှေ့မှ မြင်ကွင်းမှာမူ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် ကမ္ဘာပတ်နေသည့် ဘီလူးကြီး၏ ပုခုံးပေါ်၌ ထိုင်နေခြင်းမဟုတ်တော့ဘဲ ဧရာမနန်းတော်ကြီးတစ်ခုထဲတွင် ထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်မှာလည်း ယခင်တုန်းကလို သေးငယ်နေခြင်းမရှိတော့ဘဲ ပေတစ်သောင်းအထိ မြင့်မားနေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကြောက်မက်ဖွယ်ရာ သွေးချီစွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေသေးသည်။ သူ အသက်ရှူလိုက်သည့် အချိန်များတွင်ပင် မိုးခြိမ်းသံများနှင့် ဆင်တူသည့် ထစ်ချုန်းသံများ ထွက်ပေါ်လာရသည်သာ ဖြစ်သည်။
ထို သွေးချီစွမ်းအားများကြောင့် ဝမ်ပေါင်လဲ့မှာ သူသည် လက်သီးချက်တစ်ချက်တည်းနှင့် မိုးကောင်းကင်ကြီး တစ်ခုလုံးအား တစ်စစီကြေမွသွားအောင် ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ ရင်ဘတ်ပေါ်၌ တွဲလောင်းကျနေသည် ပုတီးစေ့တစ်လုံး ရှိနေသည်ကိုလည်း သတိထားမိလိုက်၏။ သူသည် ထို ပုတီးစေ့အား မြင်ဖူးနေသလို ခံစားနေရပါသော်လည်း အတိအကျ မမှတ်မိနိုင်ဘဲ ဖြစ်နေရသည်။
သူ့အား အစ်ကိုကြီးဟု ခေါ်လိုက်သည့်ပုဂ္ဂိုလ်မှာမူ သူ၏ ခြေထောက်ဘေးတွင် ရှိနေ၏။
၎င်းမှာ အလင်းရင်းမြစ် တစ်ခုဖြစ်ပြီး အဆုံးအစမရှိလောက်အောင် များပြားသော အလင်းရောင်များနှင့် အပူဓာတ်များဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် ၎င်းမှာ အားကောင်းသော စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေပြီး နတ်ဝိညာဉ်များ၏ စွမ်းအားများကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို အလင်းရင်းမြစ်ထဲတွင် လူရိပ်ပေါင်းမြောက်မြားစွာ ရှိနေကြပြီး ၎င်းတို့အားလုံးမှာ အော်ဟစ်မြည်တမ်းနေကြပါသော်လည်း အသံတစ်သံမှ ထွက်လာခြင်းမရှိပေ။ သို့ဖြစ်ရာ သူတို့မှာ အဆက်မပြတ် နှိပ်စက်ခံနေရပြီး သူတို့၏ နာကျင်မှုများမှာ ထို အလင်းရင်းမြစ်ကြီးအား အားဖြည့်ပေးထားသည့်ပုံ ပေါက်နေတော့သည်။
သူ့အား စကားလှမ်းပြောလိုက်သည့် လူမှာ ထို အလင်းရင်းမြစ်ထဲရှိ လူရိပ်များထဲမှ တစ်ခုဖြစ်၏။
ထို လူရိပ်မှာ သူ၏ ဖခင်ဖြစ်သူ ဘီလူးကြီး၏ အခြားပခုံးတစ်ဖက်ပေါ်တွင် ထိုင်နေခဲ့သည့် သူ၏ ညီလေး ဖြစ်ပေသည်။ သူတို့မှာ အတူတူ ကြီးပြင်းလာခဲ့ကြပါသော်လည်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက သူသည် သူ၏ ညီလေးအား သူကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
" ညီလေး... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်မိလိုက်၏။ ထို့နောက် သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း တစ်ခေါင်းလုံး စူးစူးဝါးဝါး နာကျင်ကိုက်ခဲသွားရပြန်သည်။ ယခုအကြိမ်တွင်မူ ထိုနာကျင်မှုဝေဒနာမှာ ပထမအကြိမ်တုန်းကထက်ပင် ပို၍ ပြင်းထန်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ညည်းတွားမိလိုက်တော့သည်။