လက်ကြီးတစ်ဖက်
Vol. 76 Ch. 1050
" ခေါင်းကိုက်တယ် "
" စကားမပြောနဲ့။ ငါ့ကို အေးအေးဆေးဆေး ပေးနေစမ်း... " ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကို မြှောက် ဦးခေါင်းအား အားပါပါ ထုနှက်လိုက်သဖြင့် တဒုန်းဒုန်းမြည်သံများပင် ထွက်ပေါ်လာ၏။ ထိုအချိန်တွင် သူ၏ ခြေထောက်အောက်ရှိ အလင်းရင်းမြစ်ထဲမှလည်း သူ၏ ညီလေး၏ စကားသံများ ပျံ့လွင်လာသည်။
" အစ်ကိုကြီး။ သံတမန်ကြီးက ရောက်လာတော့မှာ။ အစ်ကို့ရဲ့ လက်ရှိပုံစံနဲ့ဆိုရင် အရည်အချင်းစမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်မှာ မဟုတ်လောက်ဘူးဗျ "
" အဲတာမလို့... ကျွန်တော့်ကို အပြင်ကို ပေးထွက်လိုက်ပါ။ အစ်ကို ခေါင်းကိုက်နေတာ သက်သာသွားအောင်လုပ်ပေးမယ်။ ဒီကမ္ဘာကြီးက အတုအယောင်တစ်ခုပဲလို့ အစ်ကို အမြဲတမ်းပြောခဲ့တာလေ။ အဲတာမလို့... ကျွန်တော့်ကို အပြင်ထုတ်လိုက်တော့ရော ဘာဖြစ်မှာမလို့လဲ "
" ကျွန်တော် အစ်ကို့အပေါ် ဘယ်လောက်သဘောကောင်းသလဲဆိုတာ အစ်ကို အသိပါပဲ။ အစ်ကို အဖေ့ကို သတ်နိုင်အောင် ကျွန်တော် ကူညီပေးခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့ ကျွန်တော်တို့ ရှင်းဟော့နတ်မျိုးနွယ်စုရဲ့ နောက်ဆုံးသွေးမျိုးဆက်ကို အသက်သွင်းနိုင်အောင် အစ်ကို့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး ဒီဂြိုဟ်တစ်ခုလုံးကိုလည်း သုတ်သင်ရှင်းလင်းပေးခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့ ကျွန်တော်က အစ်ကို့ကိုချစ်လို့ အစ်ကို ခံစားနေရတဲ့ ဝေဒနာတွေကို အဆုံးသတ်ပေးဖို့ ကြိုးစားခဲ့တာလေ။ အဲတာကို အစ်ကိုက ဘာလို့ ငြင်းဆန်ခဲ့ရတာလဲ။ ကျွန်တော်က အစ်ကို့ကို ကူညီနေတာပါ "
" အစ်ကို။ ခေါင်းမာမနေပါနဲ့တော့။ ကျွန်တော့်ကို အပြင်ပေးထွက်လိုက်ပါ။ ကျွန်တော် အစ်ကို ခံစားနေရတဲ့ ဝေဒနာတွေအကုန်လုံးကို အစ်ကို့ရဲ့ကိုယ်စား ခံစားပေးပါ့မယ် "
" ပါးစပ်ပိတ်ထားစမ်း " ဝမ်ပေါင်လဲ့မှာမူ မာန်ပါပါ အော်ဟစ်လိုက်၏။ သူ၏ အော်သံမှာ ကျယ်လောင်လွန်းလှသောကြောင့် အသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားသည်။ ထို့ကြောင့် သူ ရှိနေသည့် နန်းတော်ကြီးမှာလည်း မျက်စိတစ်မှိတ်အတွင်းတွင် ပြိုလဲပျက်စီးသွား၏။ ထို အသံလှိုင်းများ၏ လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ တစ်စစီ ကြေမွပျက်စီးကာ ပြာပုံဘဝသို့ ရောက်သွားရသည်သာဖြစ်သည်။
ထို နန်းတော်ကြီး ပျောက်ကွယ်သွားချိန်တွင် ပြင်ပကမ္ဘာကြီး ပေါ်ပေါက်လာ၏။ ၎င်းမှာ နက်မှောင်နေသည်။
အဆောက်အဦများ၊ တောင်တန်းများ၊ သက်ရှိများနှင့် အပင်များ လုံးဝမရှိဘဲ အားကောင်းသော သေမင်းအငွေ့အသက်များသာလျှင်ဂြိုဟ်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းထားသည်။ ၎င်းတို့မှာ အနက်ရောင်တိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံထဲ၌ ပြည့်နှက်နေ၏။ သို့သော် ကောင်းကင်ကြီး၏ အပြင်ဘက်ရှိ အားကောင်းသော ဖိအားတစ်မျိုးမှာ ထို တိမ်တိုက်များအား ပွတ်တိုက်နေသည့်ပုံပင်။ ထို့ကြောင့် ကောင်းကင်ယံထဲ၌ လျှပ်စီးတန်းများ တလက်လက် တောက်ပနေ၏။
ထို လျှပ်စီးတန်းများ လက်သွားသောအခါ နက်မှောင်နေသည့် ကမ္ဘာကြီးထဲ၌ အလင်းရောင်များပေါ်ပေါက်လာသဖြင့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ယခင်တုန်းက သစ်ပင်ပန်းမန်များဖြင့် စိမ်းလန်းစိုပြည်နေခဲ့ပြီး အဆုံးအစမရှိလောက်အောင် များပြားသည့် အသက်စွမ်းအားများဖြင့် ပြည့်နှက်ကာ လူမျိုးစုတစ်သောင်းကျော်အထိ နေထိုင်ခဲ့ကြသည့် ဂြိုဟ်ကြီးမှာ ယခုတွင် အပျက်အစီးနယ်မြေတစ်ခုသာ ဖြစ်နေပြီဖြစ်သည်။
မျက်စိတစ်ဆုံး ပြည့်နှက်နေသည့် ဖုန်မှုန့်များ၊ အဆောက်အဦ အပျက်အစီးများနှင့် မရေမတွက်နိုင်လောက်အောင် များပြားသည့် အရိုးစုများမှာ နေရာအနှံ့တွင် ရှိနေကြသည်။ ခြောက်သွေ့နေသည့် ရုပ်အလောင်းများမှာလည်း တောင်လိုပုံနေကြ၏။
ထို ဂြိုဟ်ကြီးတစ်ခုလုံးမှာ အနိဋ္ဌာရုံ မြင်ကွင်းကြီးတစ်ခုကဲ့သို့ပင်။
သူ ရှိနေခဲ့သည့် နန်းတော်ကြီးကိုပင် အရိုးစုများပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ချပ်ဝတ်တန်ဆာများကို ဆင်မြန်းလျက် ထိုအရိုးစုများပေါ်တွင် ရပ်နေ၏။ သူ၏ မျက်နှာအမူအရာမှာ ရှုံ့မဲ့နေပြီး သူ၏ ခေါင်းပေါ်မှ ဦးချိုမှာ အနက်ရောင်အလင်းရောင်များဖြင့် တောက်ပနေသည်။ သူသည် ခေါင်းမော့ကာ သူ၏ ဦးခေါင်းအား အဆက်မပြတ်ထုနှက်နေ၏။
" ခေါင်းကိုက်တယ်။ ခေါင်းကိုက်တယ်လို့ "
" အစ်ကိုကြီး။ အခုလောက် နာကျင်နေရတာကို ဘာလို့ အစ်ကို့ရဲ့ ခန္ဓာကိုယ်ကို ကျွန်တော့်ဆီ မပေးသေးတာလဲဗျ "
" ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုရဲ့ အစွမ်းအထက်ဆုံး သွေးမျိုးဆက် ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်အနေနဲ့ အစ်ကိုသာ ကျွန်တော့်ကို ကြည်ကြည်ဖြူဖြူနဲ့ ပေးလိုက်မယ်ဆိုရင် ကျွန်တော် ကျွန်တော်တို့ရဲ့ မျိုးနွယ်စုကို တန်ခိုးအာဏာပြန်လည်ကြီးထွားလာအောင် ဦးဆောင်နိုင်မှာ သေချာပါတယ် "
" ကျွန်တော့်ကို ပေးလိုက်ပါ " ထို အော်ဟစ်သံကြီးထဲ၌ ယခင်တုန်းကနှင့် လုံးဝမတူသည့် စွမ်းအားများ ကိန်းအောင်းနေ၏။ ၎င်းမှာ အလင်းရင်းမြစ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာပြီး တိုက်ကွက်တစ်ကွက်အဖြစ် ပြောင်းလဲကာ ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သည့် အမူအရာတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို ရှေ့သို့ဆန့်ထုတ်ကာ လေထဲ၌ လှမ်း၍ဖမ်းဆုပ်လိုက်သဖြင့် ထို အလင်းရင်းမြစ်မှာ သူ့ဆီသို့ ဦးတည်ပျံသန်းလာတော့သည်။
" မင်း ပါးစပ် မပိတ်ရင် ငါ မင်းကို ချေမှုန်းပစ်မယ် "
" ကျွန်တော့်ကို ချေမှုန်းမယ် ဟုတ်လား " ထိုအခါ ထို အလင်းရင်းမြစ်ထဲမှ အထင်မြင်သေးသည့် ရယ်မောသံများ အဆက်မပြတ်ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့၏ ဦးခေါင်းမှာလည်း ပို၍ပင် နာကျင်ကိုက်ခဲလာရသဖြင့် သူ၏ နဖူးပေါ်၌ သွေးကြောကြီးများ ပေါ်ပေါက်လာသည်ကိုပင် မြင်နေရပြီဖြစ်သည်။ သူသည် ထိုနာကျင်မှုများကြောင့် ရူးသွပ်လုမတတ် ခံစားနေရ၏။ ထိုအချိန်တွင် ကောင်းကင်ယံထဲမှ လျှပ်စီးတန်းတစ်ခုမှာ သူ၏ ဘေးသို့ ကျဆင်းလာသဖြင့် အုန်းခနဲ မြည်သံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။
ထို့နောက် နောက်ထပ် လျှပ်စီးတန်းများ ထပ်၍ ကျဆင်းလာပြီး ကောင်းကင်ယံထဲရှိ တိမ်တိုက်များမှာ ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအနှံ့သို့ လွင့်စင်ပျောက်ကွယ်သွားကြသည်။ ကောင်းကင်ယံကြီးထဲတွင်မူ လျှပ်စီးတန်းများနှင့်... ဘီလူးကြီးတစ်ကောင်၏ မျက်နှာဖြင့် ပြည့်နှက်နေ၏။
ထို ဘီလူးကြီးမှာ မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍ မရလောက်အောင် အရွယ်အစားကြီးမားပြီး စကြဝဠာကြီးထဲ၌ မတ်တတ်ရပ်ကာ ထိုဂြိုဟ်ကြီးအား ငုံ့ကြည့်နေ၏။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ၎င်း၏ မျက်နှာကြီး ကောင်းကင်ယံထဲ၌ ပြည့်နှက်နေသည်ကို မြင်နေရခြင်းဖြစ်သည်။
" ရှင်းဟော့။ မင်းရဲ့အပြစ်တွေကို သိလား " ကောင်းကင်ယံထဲရှိ မျက်နှာကြီးမှာ သတ်ဖြတ်လိုစိတ် မျက်ဝန်းများဖြင့် မေးလိုက်၏။
" ခေါင်းကိုက်တယ် " ဝမ်ပေါင်လဲ့မှာမူ ဆက်လက်ညည်းတွားနေဆဲပင်။ သူသည် တစ်ကိုယ်လုံးတုန်ရီနေပြီး မျက်ဝန်းများ နီမြန်းနေ၏။
" ငါ့ရဲ့ နတ်ဘုရားတာအို အမိန့်တော်အရဆိုရင် နတ်သက်ကြွေပြီးသား နတ်ဘုရားတွေကို ဇီဝိန်ချုပ်ပစ်ဖို့လိုတယ်... " ကောင်းကင်ယံထဲရှိ ဘီလူးကြီးမှာ ခေါင်းယမ်းကာ ဆိုလိုက်သဖြင့် သူ၏ စကားသံမှာ လေထဲ၌ ပဲ့တင်ထပ်သွားသည်။ သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရဲရဲနီနေသည့် မျက်ဝန်းများဖြင့် ရုတ်တရက်ဆိုသလို ခေါင်းမော့လာ၏။ ထို့နောက် သူသည် မိုးခြိမ်းသံများထက်ပင် ပို၍ ကျယ်လောင်သည့် အသံမျိုးဖြင့် အော်ဟစ်လိုက်တော့သည်။
" ပါးစပ်ပိတ်ထား။ ပါးစပ်ပိတ်ထား။ ငါ မင်းတို့ကို ပါးစပ်ပိတ်ထားကြစမ်းလို့ ပြောနေတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ အော်ဟစ်လိုက်ပြီးနောက် လေပေါ်သို့ ခုန်တက်သွား၏။ ထို့နောက် သူသည် ကြယ်ပျံတစ်လုံးကဲ့သို့ ကောင်းကင်ယံထဲအထိ ပျံတက်သွားလိုက်ပြီး သူ့အား လှမ်း၍ ဖမ်းဆုပ်ရန်ပြင်နေသည့် ဘီလူးကြီး၏ လက်အား ဝင်တိုက်သွားလိုက်တော့သည်။
ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံထွက်ပေါ်လာပြီး ထို ဘီလူးကြီး၏ လက်ဖဝါးမှာ ကြေမွပျက်စီးသွား၏။ ကောင်းကင်ယံထဲရှိ ဘီလူးကြီးမှာမူ အံ့သြတုန်လှုပ်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံ ပေါက်နေပြီဖြစ်သည်။ တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့မှာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားကာ မိုးကောင်းကင်ကြီး၏ အဆုံးအထိ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားလိုက်ပြီး ဘီလူးကြီး၏ နဖူးအား ဝင်တိုက်ပစ်လိုက်တော့သည်။
ထိုသို့ ဝင်တိုက်သွားရာမှ ထွက်ပေါ်လာသည့်အသံကြီးကြောင့် စကြဝဠာကြီးတစ်ခုလုံးပင် တုန်ခါသွားရ၏။ မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍ မရလောက်အောင် ဩဇာကြီးမားသည့်ပုံပေါ်သော ဘီလူးကြီးမှာမူ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး ၎င်း၏ ဦးခေါင်းမှာ ကြေမွပျက်စီးသွားတော့သည်။ ခေါင်းမရှိတော့သည့် ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ စကြဝဠာကြီးထဲတွင် မတ်တတ်ရပ်နိုင်စွမ်း မရှိတော့သဖြင့် လဲကျသွား၏။
" နောက်ဆုံးတော့... တိတ်သွားပြီ " ထို ဘီလူးကြီး သေဆုံးသွားသောအခါ ဝမ်ပေါင်လဲ့မှာ စကြဝဠာကြီးထဲတွင် ရပ်ရင်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ ခဏအကြာတွင် အဝေးတစ်နေရာမှနေ၍ အလင်းလှိုင်းများ ပျံ့လွင့်လာ၏။ ထို့အပြင် ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးသံတစ်သံမှာ စကြဝဠာကြီးထဲ၌ ပဲ့တင်ထပ်သွားသေးသည်။
" ရှင်းဟော့။ မင်းက ရူးနေတာပဲ "
ထို စကားသံကြီးကြောင့် ဝမ်ပေါင်လဲ့၏ ခေါင်းကိုက်ဝေဒနာမှာ ပြန်၍ ပေါ်ပေါက်လာရ၏။ ထို့ကြောင့် သူသည် မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားပြီး ထိုအသံကြီး ထွက်ပေါ်လာသည့် အရပ်မျက်နှာဘက်သို့ ပြေးသွားလိုက်တော့သည်။ ထို့နောက် သူ၏ မှတ်ဉာဏ်အပိုင်းအစများထဲ၌ သူ သတ်ဖြတ်နေသည့် ပုံရိပ်များ မသဲမကွဲ ပေါ်ပေါက်လာ၏။
ထို ပုံရိပ်များမှာ တဖြည်းဖြည်းနှင့် ပို၍ရှုပ်ထွေးလာပြီး သူ၏ ဦးခေါင်းမှာလည်း ပို၍ နာကျင်ကိုက်ခဲလာရ၏။ သူသည် အများကြီး မမှတ်မိဘဲ ဖြစ်ရပ်အများစုအား မေ့ပျောက်သွားပြီဖြစ်သည်။ သူ မှတ်မိသည့် ပုံရိပ်များထဲတွင် သူသည် အမြဲတမ်း သတ်ဖြတ်နေ၏။ အသံတစ်သံ ထွက်ပေါ်လာသည်နှင့် သူသည် ထိုအသံရှိရာသို့ သွားရောက်ကာ သတ်ဖြတ်လိုက်သည်သာ ဖြစ်သည်။
သူသည် ထိုကဲ့သို့ သတ်ဖြတ်နေရင်း အချိန်မည်မျှ ကုန်ဆုံးသွားမှန်း သတိမထားမိသလို သူ သတ်ဖြတ်ခဲ့သည့် လူအရေအတွက်မှာ မည်မျှအထိ ရှိနေမှန်းကိုလည်း သတိမထားမိခဲ့ပေ။ ထိုသို့ဖြင့် နောက်ဆုံးတွင် လက်ကြီးတစ်ဖက် ပေါ်ပေါက်လာ၏...
ထိုလက်ကြီးမှာ ဟင်းလင်းပြင်ထဲမှ ဆန့်ထွက်လာပြီး သူ၏ နဖူးအား အသာအယာ ဖိလိုက်၏။ ထို့နောက် သူ ရင်းရင်းနှီးနှီး ကြားဖူးနေသလို ခံစားနေရသည့် တည်ကြည်မှုအပြည့်ရှိသော စကားသံကြီးတစ်သံ ပေါ်ပေါက်လာသည်။ သို့သော် ထိုစကားသံကြီးမှာ အနည်းငယ် ထူးဆန်းနေ၏။
" နောက်တစ်ခါ ငါ မင်းကို ရွေးမယ် "
ထို လက်ကြီး သူနှင့် ထိသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး အက်ကွဲကြောင်းများမှာ သူ၏ နဖူးပေါ်မှနေ၌ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ ခန္ဓာကိုယ်မှာ စတင် ကြေမွပျက်စီးလာတော့သည့်။ ထိုအခါ သူ၏ ခေါင်းကိုက်ဝေဒနာမှာလည်း ပျောက်ကင်းသွား၏။
ထို နာကျင်မှုဝေဒနာများ ပျောက်ဆုံးသွားသည်နှင့် သူ၏ အသိစိတ်ထဲ၌ မှတ်ဉာဏ်အပိုင်းအစများ ပေါ်ပေါက်လာ၏။ သူသည် လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေရင်း သူ၏ဘေးရှိ ဟင်းလင်းပြင်ကြီးအား စကားပြောနေသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ ထို့နောက် သူသည် အရိုးစုများနှင့် အပျက်အစီးများဖြင့် ပြည့်နှက်နေသော နန်းတော်ကြီးထဲ၌ နိုးထလာသည့်မြင်ကွင်းကို မြင်လိုက်ရသည်။ ထို့နောက် သူသည် သူ၏ ခြေထောက်အား ငုံ့ကြည့်၍ စကားပြောနေသည့်မြင်ကွင်းကိုလည်း မြင်လိုက်ရသည်။
ထို မြင်ကွင်းထဲရှိ သူ၏ ခြေထောက် ဘေးတွင် မည်သည့် အလင်းရင်းမြစ်မှ ရှိမနေခဲ့ပေ။ အခြား မည်သည့်အရာမှလည်း မရှိပေ။
ထို့နောက် သူသည် သူ ဘီလူးကြီး၏ ပခုံးပေါ်၌ ထိုင်နေသည့်မြင်ကွင်းအား မြင်လိုက်ရ၏။ ထိုစဉ်တုန်းက သူ၏ ခန္ဓာကိုယ်မှာ အရွယ်အစား သေးငယ်နေဆဲပင်။ ထိုဘီလူးကြီး အလင်းရင်းမြစ်အား ကိုင်မြှောက်ကာ လမ်းလျှောက်နေစဉ် သူသည်လည်း ခေါင်းမော့ကာ ထို အလင်းရင်းမြစ်အား လှမ်းကြည့်နေသည်။
ထို ဘီလူးကြီး၏ အခြား ပခုံးတစ်ဖက်ပေါ်တွင်မူ သူ၏ မှတ်ဉာဏ်ထဲမှ ညီလေးမှာ အစမှ အဆုံးအထိ လုံးဝ ရှိမနေခဲ့ပေ...
" ငါ ရူးသွားပြီလား " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်မိလိုက်၏။ ထိုအချိန်တွင် သူ၏ရှေ့ရှိ အရာအားလုံးမှာ နက်မှောင်သွားသည်။ သူ မျက်လုံးများ ပြန်ပွင့်လာချိန်တွင် သူသည် ပေတစ်ရာခန့် ကျယ်ဝန်းသည့် ဟင်းလင်းပြင်ကြီး တစ်ခုထဲ၌ တင်ပျဉ်ခွေထိုင်နေ၏။ ထို ဟင်းလင်းပြင်ကြီး၏ အလွန်တွင်မူ အဖြူရောင် မြူခိုးများဖြင့် ပြည့်နှက်နေသည်။
သူသည် သူ၏ရှေ့တွင် ရှိနေသည့် မြူခိုးများအား အသက်မပါသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။ ထို့နောက် သူသည် တဖြည်းဖြည်းနှင့် ခေါင်းငုံ့သွားသည်။ သူ၏ အသိစိတ်ထဲမှ မှတ်ဉာဏ်များမှာ ပရမ်းပတာ ဖြစ်နေပြီဖြစ်သည်။ သူသည် သူ့ကိုယ်သူ မည်သူမည်ဝါဖြစ်ကြောင်း မမှတ်မိနိုင်သလို မည်သည့်နေရာသို့ ရောက်နေခြင်းဖြစ်ကြောင်းကိုလည်း မမှတ်မိနိုင်ဘဲ ဖြစ်နေရသည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် အသက်ရှူသံများ မြန်ဆန်လာပြီး မျက်ဝန်းများထဲ၌ ကြိုးစားရုန်းကန်နေရသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
အသက်ရှူကြိမ်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ခေါင်းမော့လာ၏။ ထို့နောက် သူ၏ အသိစိတ်ထဲတွင် မှန်တစ်ချပ် တစ်စစီကြေမွသွားသည့်အသံ ပဲ့တင်ထပ်သွားပြီး သူ၏ မျက်ဝန်းများမှာ ပြန်လည် ကြည်လင်ပြတ်သားလာတော့သည်။
" ငါက... ဝမ်ပေါင်လဲ့ပဲ "
သူ ထိုသို့ ရေရွတ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲ၌ ကိန်းအောင်းနေခဲ့သည့် အသက်စွမ်းအားများမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာ၏။ ကောင်းကင်ဘုံဓမ္မသခင်ကြီး သူ့အား ပေးခဲ့သည့် ပုလဲလုံးလေးထဲမှလည်း အံ့သြတုန်လှုပ်ဖွယ်ရာ အသက်စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားသဖြင့် သူသည် ၎င်းတို့အား စုပ်ယူလိုက်၏။
ထို့ကြောင့် သူ၏ အပြင်ခန္ဓာကိုယ်မှာ အံ့သြမှင်တက်ဖွယ်ရာကောင်းလောက်အောင် ပို၍ တောင့်တင်းခိုင်မာလာတော့သည်။ ထို့အပြင် သူသည် သွေးချီစွမ်းအားများကိုလည်း စုဆောင်းရရှိခဲ့သဖြင့် ယခုတွင် ၎င်းတို့မှာ ကြောက်ခမန်းလိလိ တိုးတက်လာနေပြီဖြစ်သည်။
သို့သော် ပုလဲလုံးလေး၏ အကူအညီအား ရရှိပိုင်ဆိုင်ထားလျှင်တောင် သူ၏ အတိတ်ဘဝမှ အရာအားလုံးကို ပြန်လည်ရယူနိုင်မည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ စုစည်းနေသည့် အသက်စွမ်းအားများမှာ သူ၏ အတိတ်ဘဝတုန်းက အသက်စွမ်းအားများ၏ တစ်သောင်းပုံပုံ တစ်ပုံသာ ရှိသေးသည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ အပြင်ခန္ဓာကိုယ်မှာ ထာဝရကြယ်အဆင့်သို့ ရောက်ရန် အလွန်အင်မတန်မှ နီးစပ်နေပြီဖြစ်သည်။
သို့သော် ၎င်းမှာ သူ ရရှိခဲ့သည့် အကြီးမားဆုံးအကျိုးအမြတ် မဟုတ်သေးပေ။ ထို အကြီးမားဆုံး အကျိုးအမြတ်မှာ... သူ၏ အတိတ်ဘဝမှ တိုက်ခိုက်ရေး အတွေ့အကြုံများနှင့် ယခင် စကြဝဠာဟောင်းကြီး၏ စည်းမျဉ်းဥပဒေသများအကြောင်း သိရှိသွားခြင်းပင်။ ထို စည်းမျဉ်းဥပဒေသများမှာ လက်ရှိစကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများနှင့် မတူပါသော်လည်း အနာဂတ်တွင် သူသည် ၎င်းတို့အား နားလည်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ ထို့အပြင် သူသည် အတိတ်ဘဝမှ သူ၏ အပြင်ခန္ဓာကိုယ်၏ လှုပ်ရှားမှုများကိုလည်း မှတ်မိနေသေးသည်။
ထို ခန္ဓာကိုယ်၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းမှာ နတ်ဘုရားလက်နက် တစ်ခုကဲ့သို့ပင်။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ သိသိသာသာ တိုးတက်သွားခဲ့ခြင်းမရှိသဖြင့် သူသည် အလယ်အလတ် ဂြိုဟ်အဆင့်တွင် ရှိနေဆဲဖြစ်ပါသော်လည်း သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာမူ ဆယ်ဆကျော် တိုးတက်သွားပြီဖြစ်သည်။
" အဲဒီ လက်ကြီးရယ်... အဲဒီ စကားသံကြီးရယ်က... ဘာအဓိပ္ပါယ်လဲ " သို့သော် ဝမ်ပေါင်လဲ့မှာမူ သူ၏ တိုးတက်မှုများကို အာရုံမစိုက်နိုင်သေးပေ။ လက်ရှိတွင် သူ၏ အသိစိတ်ထဲ၌ ထိုလက်ကြီးနှင့် စကားသံကြီးတို့သာလျှင် နေရာယူထားဆဲပင်။