အခန်း (၃၉၃)
Vol. 29 Ch. 393
တောင်ပေါ်တွင် ဓားအလင်းများသည် တိမ်တိုက်များပေါ်သို့ ထိုးတက်သွားသည်။
လွန်ခဲ့သော၂နှစ်အတွင်း၌ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်ဖြစ်လာပြီး ဂိုဏ်းအတွင်း၌ ကျွမ်းကျင်သူအများအပြား ပေါ်ထွက်ခဲ့သည်။
ထိုအရာသည် ကံကောင်းခြင်းနှင့် အရင်းအမြစ်များကြောင့်ဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်သောကြောင့် ဂိုဏ်းတပည့်များသည် သာလွန်မှုကို အလိုလျောက် ခံစားနေရသည်။
ထိုစိတ်ခွန်အားသည် အရေးကြီးသောအချိန်၌ အဆင့်တက်မည့်အတားအဆီးကို လွယ်ကူစွာချိုးဖောက်နိုင်သည်။
တစ်ဖက်တွင် စိတ်ခွန်အားမလုံလောက်သော ဂိုဏ်းအသေးနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများသည် အဆင့်တက်ရန်အတားအဆီးကို မချိုးဖောက်နိုင်ကြပေ။
ဟန်မူယဲ့က ဓားစံအိမ်ရှေ့တွင်ရှိနေသော ကျောက်လှေကားကိုးထစ်ဆီသို့ လျှောက်သွားလိုက်သည်။ ကျောက်တုံးပြာရင်ပြင်တွင်ရှိသော တပည့်များက လျင်မြန်စွာဦးညွှတ်သည်။
“ဂိုဏ်းတူအစ်ကိုဟန်၊ ကျွန်တော်ရှုံးသွားတယ်” ယန်မင်ရွှမ်က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ အရိုအသေပေးလိုက်ပြီး ညင်သာစွာပြောသည်။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းသည်။
ယန်မင်ရွှမ်၏ တိုက်ခိုက်နိုင်စွမ်းနှင့်ဆိုလျှင် စိန်ခေါ်ရန်ရောက်လာသော အလယ်ပိုင်းကုန်းမြေ၏ဓားကျင့်ကြံသူများကို ရှုံးနိမ့်ရန်အကြောင်းမရှိပေ။
ဟန်မူယဲ့က ထိုသို့ဖြစ်လာရန် စီစဉ်ထားခြင်းဖြစ်သည်။
ယန်မင်ရွှမ်၏တိုက်ခိုက်နိုင်စွမ်းသည် အလွန်သန်မာပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှင့် တိုက်ခိုက်နိုင်သည်။
‘ဒါက ဓားစံအိမ်ရဲ့အကြီးအကဲ၊ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားအင်မော်တယ် ဟန်မူယဲ့လား’
အလယ်ပိုင်းကုန်းမြေ၏ဓားကျင့်ကြံသူများနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်အသစ်များက ဟန်မူယဲ့ကို သိချင်စိတ်များနှင့်အတူ ကြည့်သည်။
ငယ်ရွယ်သည်။
ခံ့ညားသည်။
သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ကျက်သရေရှိသောအငွေ့အသက်ကို ဖော်ထုတ်လျက် မတ်တပ်ရပ်နေသည်။
သူက ဓားကျင့်ကြံသူတစ်ဦးနှင့်မတူဘဲ အလယ်ပိုင်းကုန်းမြေမှ ကောင်းမွန်စွာသင်ကြားထားသော ကျောင်းတော်သားတစ်ယောက်နှင့် တူနေသည်။
‘ဒီလိုလူမျိုးက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ဓားတာအိုကို ဖိနှိပ်ပြီး ကောင်းကင်ဂိတ်တံခါးကို ဖွင့်ခဲ့တဲ့လူလား’ သူတို့ တွေးမိသည်။
“အလယ်ပိုင်းကုန်းမြေရဲ့ဓားကျင့်ကြံသူလောထန့်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဓားစံအိမ်အကြီးအကဲဟန်မူယဲ့ကို နှုတ်ဆက်ပါတယ်” ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် လူငယ်ဓားကျင့်ကြံသူက တိုက်ခိုက်လိုစိတ်များနှင့်အတူ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။
“အင်မော်တယ်ဟန်ရဲ့နာမည်ကို ကြားဖူးတာကြာပါပြီ။ ဒီနေ့မှာ လောထန့်က ဒီမှာရှိနေပါတယ်။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ အင်မော်တယ်ဟန်” လောထန့်က စကားပြောပြီးသွားသောအခါ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဓားဆန္ဒတစ်ခု လှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်ကို ချီစွမ်းအင်အလင်းများက ရစ်ပတ်သွားသည်။
လူတိုင်း၏မျက်လုံးများ တောက်ပသွားသည်။
သူတို့က အကြီးအကဲဟန်၏တိုက်ခိုက်မှုကို မြင်ချင်သောကြောင့် အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းခဲ့ရသည်။
‘အစ်ကိုယန်ကို အနိုင်ယူထားတဲ့ငါက အကြီးအကဲဟန်ဆီကနေ တိုက်ကွက်ဘယ်နှခုကို ခုခံနိုင်မလဲ’
‘တစ်ရာလား’
‘တစ်ဆယ်လား’
လောထန့်က ရည်မှန်းချက်တစ်ခု တိတ်တိတ်လေးချထားခဲ့သည်။ သူက တိုက်ကွက်သုံးကွက်အတွင်း၌ မရှုံးစေရပေ။ တိုက်ကွက်ငါးခုကို ထိပ်တိုက်ရင်ဆိုင်မည်။
သူက ပြင်းထန်သောဒဏ်ရာများနှင့် တိုက်ကွက်ဆယ်ခုအထိ ခုခံနိုင်လျှင် အနာဂတ်ကျင့်ကြံခြင်းသည် သေချာပေါက်ချောမွေ့သွားလိမ့်မည်။
လောထန့်က ဓားရိုးကို ညင်သာစွာကိုင်လိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
ဟန်မူယဲ့က သဘောတူခဲ့လျှင် သူက တုံ့ဆိုင်းမှုမရှိဘဲ တိုက်ခိုက်လိမ့်မည်။
ဓားအင်မော်တယ်ရှေ့တွင် အရင်ဆုံးတိုက်ခိုက်သည့်အတွက် ရှက်ရွံ့ရန်မလိုအပ်ပေ။
ကံမကောင်းစွာဖြင့် ဟန်မူယဲ့က မတုံ့ပြန်ခဲ့ပေ။
ဓားစံအိမ်၏ရှေ့တွင်ရပ်နေသော ဟန်မူယဲ့က ကောင်းကင်ကိုမော့ကြည့်ပြီး လက်ကိုဝှေ့ယမ်း၍ အပြုံးတစ်ခုနှင့်အတူပြောသည်။ “ခဏလောက် နောက်ဆုတ်ကြအုံး။ ငါက အရှေ့ပင်လယ်ရဲ့ ရောင်းရင်းကျင့်ကြံသူဆီကနေ ဓားတစ်ချက်ခုခံလိုက်အုံးမယ်”
‘အရှေ့ပင်လယ်ရဲ့ ဓားကျင့်ကြံသူတစ်ယောက်ဆီကနေ ဓားတစ်ချက်ခုခံမှာလား’
ပတ်ဝန်းကျင်တွင်ရှိသောတပည့်များက အံ့အားသင့်သွားသည်။
ကျောက်တုံးပြာရင်ပြင်တွင်ရပ်နေသောလောထန့်က နှလုံးသားထဲတွင် ဒေါသများကို ခံစားလိုက်ရသည်။
သူက ဓားကိုင်ထားပြီး ရှေ့တွင်ရပ်နေသည်။ သို့သော် အင်မော်တယ်ဟန်က သူ့ကို တစ်ချက်မှမကြည့်ဘဲ အရှေ့ပင်လယ်မှ ဓားကျင့်ကြံသူ၏ဓားချက်ကို ခုခံချင်နေသည်။
စိန်ခေါ်မှုနှင့်ပတ်သတ်၍ အရင်ရောက်လာသောလူသည် အရင်တိုက်ခိုက်သင့်သည်။
ကြားဖြတ်ဝင်လာသောလူမျိုး မရှိသင့်ပေ။
သူက မျက်လုံးထဲရှိမီးတောက်များနှင့်အတူ နောက်လှည့်ကြည့်သည်။
သူက ကြားဖြတ်ဝင်လာသော အရှေ့ပင်လယ်၏ဓားကျင့်ကြံသူကို သင်ခန်းစာပေးချင်သည်။
သို့သော် နောက်လှည့်လိုက်သောအခါတွင် သူ့တစ်ကိုယ်လုံး အေးခဲသွားသည်။
ကောင်းကင်တွင် ဓားအလင်းများဖြင့်ပြည့်နေသည်။
အနောက်အရပ်မှ ဓားတစ်လက်ရောက်လာပြီး တိမ်တိုက်များထဲသို့ မိုင်တစ်သောင်းအထိ မြင့်တက်လာသည်။
ဓားအလင်းနှင့် ဓားဆန္ဒသည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသည်။
‘ဒါက ဘယ်လိုဓားကျင့်ကြံသူမျိုးလဲ’
ယခုအချိန်တွင် လောထန့်က အေးစက်သွားသောနှလုံးသားကို ခံစားလိုက်ရသည်။
ထိုကျွမ်းကျင်သူမျိုး၏ရှေ့တွင် သူက ဓားထုတ်ရန်ပင် သတ္တိမရှိပေ။
ကံကောင်းစွာဖြင့် ထိုကျွမ်းကျင်သူက အင်မော်တယ်ဟန်ကို စိန်ခေါ်နေသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ဟန်မူယဲ့၊ ကျေးဇူးပြုပြီး အရှေ့ပင်လယ်က ချင်းအောင်းရဲ့ဓားချက်ကို လက်ခံပေးပါ ....”
သူ့အသံသည် မိုင်သောင်းချီအကွာအထိ ပျံ့နှံ့သွားသည်။ ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားပြီး တိမ်တိုက်များက လှုပ်ရှား၍ ဓားတစ်လက်အဖြစ်ပြောင်းသွားသည်။
ထိုဓားသည် မိုင်တစ်သောင်းအကွာမှ ခုတ်ချလိုက်သည်။
ကောင်းကင်ထက်တွင် ဓားရှိနေသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် ခေါင်းမော့ကြည့်ရန် ခက်ခဲနေသည်။ အဆုံးမရှိသောဖိအားများ ကျဆင်းလာသည်။
ဓားစံအိမ်၏အရှေ့တွင်ရှိသော ကျောက်တုံးပြာရင်ပြင်ပေါ်တွင် အလယ်ပိုင်းကုန်းမြေ၏ဓားကျင့်ကြံသူများက ထိန်းချုပ်၍မရနိုင်ဘဲ ပခုံးများတုန်ခါလာသည်။
တိုးဝင်လာသောဓားအလင်းကို မြင်လိုက်ရသောအခါ လောထန့်နှင့်တခြားလူများက ထိတ်လန့်သွားသည်။
‘အဲ့ဒီလိုဓားချက်မျိုးကို လူတစ်ယောက်ရဲ့ခွန်အားနဲ့ အသက်သွင်းနိုင်တာလား’
‘အဲ့ဒီဓားအလင်းကို ဘယ်သူခုခံနိုင်မှာလဲ’
‘အဲ့ဒီဓားချက်ကြောင့် ဓားစံအိမ်တစ်ခုလုံး ပျက်စီးသွားလောက်တယ်’
‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဂိုဏ်းတစ်ခုလုံးရဲ့ခွန်အားကိုစုစည်းပြီး အဲ့ဒီဓားချက်ကို တားလောက်တယ်’
ဓားစံအိမ်၏အရှေ့တွင် ယန်မင်ရွှမ်က နီရဲနေသောမျက်လုံးများဖြင့် ဓားရိုးကိုကိုင်ထားသည်။
ဟန်မူယဲ့က လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး ခေါင်းခါ၍ တည်ငြိမ်စွာပြောသည်။ “အဲ့ဒီဓားချက်က အဆင်မပြေဘူး”
ဟန်မူယဲ့ပြောလိုက်သောအခါ ပေတစ်သောင်းရှိသောဓားအလင်းက ကောင်းကင်ထက်တွင် ပြိုကွဲသွားခဲ့သည်။
ဓားသည် စကားတစ်ခွန်းကြောင့် ပြိုကွဲသွားခဲ့သည်။
ဟန်မူယဲ့က ငြင်းဆိုလိုက်သောအခါတွင် ကြောက်မက်ဖွယ်ကောင်းသောဓားအလင်းက တိမ်တိုက်များအဖြစ်ပြောင်းလဲ၍ ပျောက်ကွယ်သွားသည်။
‘ဒါက ကျင့်ကြံသူကြီးတွေကြားမှာရှိတဲ့ အစစ်အမှန်တိုက်ပွဲလား’
ပတ်ဝန်းကျင်ရှိတပည့်များက နားမလည်နိုင်ဖြစ်နေသည်။
“ကောင်းတယ်!”
ကောင်းကင်ထက်တွင် စိတ်လှုပ်ရှားမှုနှင့် တိုက်ခိုက်လိုစိတ်များပြည့်နေသော အသံတစ်သံထွက်လာသည်။
ထိုအသံသည် မိုင်ထောင်ချီအကွာမှဖြစ်သည်။
အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ဓားအလင်းများစုဝေးလာသည်။
အံ့ဖွယ်ကိုးပါးတောင်ထိပ်တွင် ဂိုဏ်းချုပ်ထို့ပါ့ချန်က ဓားဆန္ဒကိုထုတ်ဖော်၍ ခန်းဆောင်ရှေ့တွင် ရပ်နေသည်။
သူ့နောက်တွင် ကျားရိုင်းတစ်ကောင်၏ပုံရိပ် ရှိနေသည်။
“လောကမှာရှိတဲ့ ဓားကျင့်ကြံသူတွေအားလုံး စုဝေးနေတဲ့အတွက် ငါတို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဓားကျင့်ကြံသူတွေအတွက် မြင့်မြတ်နယ်မြေနဲ့ တကယ်တူနေတယ်”
ထို့ပါ့ချန်က ကောင်းကင်ထက်တွင်ရှိနေသောဓားအလင်းကို ကြည့်လိုက်ပြီး စိတ်လျော့သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသောဓားဆန္ဒသည် ပျောက်ကွယ်သွားခဲ့သည်။
စိန်ခေါ်ရန်ရောက်လာသောလူသည် သူ့အတွက်မဟုတ်ပေ။
ဓားစံအိမ်မှ ဟန်မူယဲ့အတွက်ဖြစ်သည်။
ဓားစံအိမ်ကိုကြည့်လိုက်ပြီး ထို့ပါ့ချန်က သိချင်နေသည်။
‘ဟန်မူယဲ့က အဲ့ဒီဓားချက်ကို ဘယ်လိုခုခံလိုက်တာလဲ’
မိုင်တစ်သန်းစုစည်းလာသော စွမ်းအားများသည် ဓားတစ်ချက်ဖြင့် တောင်နှင့်မြစ်များကို ဖျက်ဆီးပစ်နိုင်သည်။
ထိုဓားချက်ကို ထိခိုက်မှုမရှိဘဲ ခုခံနိုင်မည်ဟု ထို့ပါ့ချန်က မပြောရဲပေ။
ဓားစံအိမ်ရှေ့တွင်ရပ်နေသော ဟန်မူယဲ့က နောင်တရသောမျက်နှာထားဖြင့် မော့ကြည့်သည်။
‘ဒီဓားချက်ရဲ့အရှိန်အဝါနဲ့စွမ်းအားက တကယ့်ကို အပြစ်ပြောစရာမရှိဘူး’ သူတွေးမိသည်။
ဓားကျင့်ကြံသူတစ်ယောက်အတွက် ထိုဓားချက်မျိုးကိုဖန်တီးရန် စိတ်ကူးကြသည်။
ကျင့်ကြံခြင်းသည် ထိုသို့ပင်ဖြစ်သည်။
သူ့နှလုံးသားထဲတွင်ရှိသောအတွေးသည် မိုင်တစ်သန်းခရီးသွားခဲ့သည်။
သူက အရှေ့ပင်လယ်၏ တတိယမင်းသားကို လေးစားသောအနေဖြင့် ဓားစံအိမ်မှထွက်လာပြီး ဓားချက်ကို ခုခံခဲ့သည်။
ထိုအရာသည် ဓားကျင့်ကြံသူတစ်ဦးအတွက် လေးစားမှုမျိုးလည်း ဖြစ်သည်။
ဟန်မူယဲ့၏ကိုယ်ပေါ်တွင်ရှိသော တည်ငြိမ်အေးချမ်းမှုသည် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
သူက ဓားကျင့်ကြံသူတစ်ဦးကဲ့သို့ မောက်မာပြီး ထက်မြိမှုများကို ထုတ်လွှတ်နေသည်။
သူ့လက်ထဲတွင် ဓားရှည်တစ်လက်ပေါ်လာသည်။
သူက ဧည့်သည်ကိုကြိုဆိုရန်အတွက် ဓားဆွဲထုတ်ခဲ့သည်။
ဓားအလင်းသည် ရေကဲ့သို့ကြည်လင်ပြီး ဖုန်မှုန့်များကို ဆေးကြောပစ်နိုင်သည်။
ဟန်မူယဲ့က ဓားကို ရှေ့သို့ညွှန်ထားပြီး စိုက်ကြည့်နေသည်။
အံ့ဖွယ်ကိုးပါးတောင်၏အရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် ဓားကဲ့သို့မျက်ခုံးမွေးများရှိသော အရပ်ရှည်သည့်လူငယ်တစ်ယောက်က ဓားရှည်တစ်လက်ကိုင်ထားပြီး လမ်းလျှောက်လာသည်။
ခြေတစ်လှမ်းတိုင်းတွင် မိုင်ထောင်ချီသောလှိုင်းလုံးများ စုစည်းလာပုံရသည်။
လူငယ်၏ခြေလှမ်းများကြောင့် အံ့ဖွယ်ကိုးပါးတောင်သည် တုန်ခါသွားသည်။
တောင်ပေါ်တွင် သဘာဝစွမ်းအင်အလင်းများသွယ်ယှက်နေပြီး တောင်ပေါ်ရှိကျောက်တုံးများကို တည်ငြိမ်စွာထိန်းသိမ်းနေသည်။
“ငါ ချင်းအောင်းက စတင်ကျင့်ကြံခဲ့တဲ့အချိန်ကစပြီး အရှေ့ပင်လယ် ရေနဂါးကလန်ရဲ့ ပါရမီရှင်ဖြစ်ခဲ့တယ်”
“ငါက ဓားကိုကျင့်ကြံပြီး အရှေ့ပင်လယ်ရဲ့ လူငယ်တွေကို ဖိနှိပ်ခဲ့တယ်”
“ငါက ဒီနေ့မှာ အနောက်ဘက်နယ်စပ်ကုန်းမြေကို လာခဲ့တယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ဟန်မူယဲ့ ကျေးဇူးပြုပြီး ငါ့ဓားချက်ကို လက်ခံပေးပါ”
အရှေ့ပင်လယ်၏ ရေနဂါးမျိုးနွယ်မှ ပါရမီရှင်လူငယ်သည် အရှေ့ပင်လယ်၏ ပြိုင်ဘက်ကင်းဓားကျင့်ကြံသူများကို ဖိနှိပ်ခဲ့သည်။
ထိုကျွမ်းကျင်သူမျိုးသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အင်မော်တယ်ဟန်ကို စိန်ခေါ်ရန်အတွက် သီးသန့်လာရောက်ခဲ့သည်။
ချင်းအောင်းက စကားပြောပြီးသွားသောအခါတွင် ဓားစံအိမ်၏ရှေ့တွင်ရှိသော ကျောက်တုံးပြာရင်ပြင်ပေါ်သို့ ရောက်လာသည်။
သူက ဓားစံအိမ်ရှေ့တွင်ရပ်နေသော ဟန်မူယဲ့ကို မော့ကြည့်သည်။
ယခုအချိန်တွင် လောက၌ လူတစ်ယောက်နှင့်ဓားတစ်လက်သာရှိနေသည်။
ဟန်မူယဲ့က စကားမပြောပေ။ သူက လက်မြှောက်လိုက်သောအခါ လက်ထဲတွင် ဓားအလင်းများစုဝေးလာသည်။
သူက ဓားကျင့်ကြံသူများကို လေးစားသောကြောင့် လက်ထဲရှိဓားနှင့် ရင်ဆိုင်မည်။
ပေါက်ကရများလျှောက်ပြောနေလျှင် စော်ကားရာကျသည်။
ချင်းအောင်းက ရယ်လိုက်ပြီး ရှေ့တစ်လှမ်းတိုးသည်။ သူက လက်ထဲရှိဓားကိုဆွဲ၍ ဟန်မူယဲ့ကိုခုတ်ချသည်။
ချီစွမ်းအင်အလင်းများမရှိပေ။ ကြယ်အလင်းများလည်းမရှိပေ။ ဓားန္ဒလည်း မပါချေ။
သာမန်လူသားနှင့် သိုင်းပညာရှင်များကဲ့သို့ တိုက်ခိုက်လိုက်သည်။
ဟန်မူယဲ့ကလည်း ဓားဖြင့်ထိုးချသည်။
တွေးကြည့်လျှင် ဓားသည် သတ်ဖြတ်ခြင်းလက်နက်ဖြစ်သည်။
“ခလွမ် ....”
ဓားရှည်များထိတွေ့သွားပြီး ကျယ်လောင်စွာအသံထွက်လာသည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိလူများသည် ပေတစ်သိန်းမြင့်မားသောရေလှိုင်းကို မြင်ရသည်။ ရေခိုးရေငွေ့များကြားထဲတွင် တောင်တစ်လုံးမြင့်တက်လာသည်။
လေပြင်းနှင့်ရေလှိုင်းများသည် အဆုံးမရှိပေ။ တောင်ထိပ်သည် မလှုပ်ရှားဘဲကျန်ရစ်ခဲ့သည်။