အခန်း (၃၉၅)
Vol. 29 Ch. 395
ခန်းဆောင်ထဲတွင် ထိုလူများကြားမှ တစ်ဝက်ခန့်သာရှိနေသည်။
ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူအများစုသည် သီးသန့်မကျင့်ကြံလျှင် လေ့ကျင့်ရန်အတွက် မူလမီးတောက်ကမ္ဘာတွင် ရှိနေကြသည်။
ခန်းဆောင်ထဲတွင် ရွှေအမြုတေအဆင့် အကြီးအကဲများအပြင် ဦးညွှတ်လျက် မတ်တပ်ရပ်နေသော လက်ရွေးစင်မျိုးဆက်သစ်တပည့်များ တစ်ရာခန့်ရှိနေသည်။
ခရမ်းရောင်ဝတ်စုံနှင့်ဟန်မူယဲ့က ရှေ့ဆုံးတွင်ထိုင်နေပြီး မလှုပ်ရှားပေ။
ထိုနေရာသည် ဓားစံအိမ်အကြီးအကဲအတွက် ဖြစ်သည်။
ဟန်မူယဲ့က ဂိုဏ်းသို့ရောက်လာသောအချိန်တွင် တက်ရောက်ရန်အဆင့်မီရုံသာရှိခဲ့သည်။ ယခု သူက အကြီးအကဲတစ်ယောက်၏နေရာတွင် တည်ငြိမ်စွာရှိနေသည်။
“ဂိုဏ်းချုပ်ရောက်လာပြီ”
“မဟာအကြီးအကဲရောက်လာပြီ”
တံခါးမှ အသံထွက်လာသည်။
အကြီးအကဲများအားလုံးက မတ်တပ်ထရပ်ပြီး လက်သီးဆုပ်၍ ကြိုဆိုလိုက်သည်။
ထို့ပါ့ချန်က ဝတ်ရုံရှည်နှင့် သရဖူတစ်ခု ဝတ်ဆင်ထားပြီး ရှေ့ဆုံးသို့လျှောက်လာသည်။
သူ့အငွေ့အသက်သည် တောင်တစ်လုံးသဖွယ် လေးလံသည်။
ထို့ပါ့ချန်၏နောက် ခြေလှမ်းတစ်ဝက်အကွာတွင် ခေါင်းဆောင်တောက်ရင်က လေးနက်သောမျက်နှာထားဖြင့် လိုက်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ လောင်ကျွမ်းနေသောစွမ်းအားများ စိမ့်ထွက်နေပုံရသည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ဦးသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကျောထောက်နောက်ခံဖြစ်သည်။
ဓားစံအိမ်၏အင်မော်တယ်ဟန်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကျော်ကြားလာအောင် ပြုလုပ်ပေးပြီး ဓားကျင့်ကြံသူများအားလုံး၏ အိပ်မက်ဖြစ်လာရန် ဆောင်ရွက်ပေးခဲ့သည်ဆိုလျှင် ဂိုဏ်းချုပ်ထို့ပါ့ချန်နှင့် ခေါင်းဆောင်တောက်ရင်က ဂိုဏ်းတပည့်များ၏ ယုံကြည်ချက်ဖြစ်သည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ယောက်မရှိလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လာမည်မဟုတ်ပေ။
ထို့ပါ့ချန်နှင့် ခေါင်းဆောင်တောက်ရင်က အကြီးအကဲများအားလုံး၏ရှေ့တွင်ရှိသော စင်မြင့်ပေါ်သို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။
“ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမလုပ်ခင်မှာ အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ တောင်ပိုင်းကုန်းမြေက မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကို အတူတူရှာဖွေဖို့အတွက် သဘောတူခဲ့တယ်”
ထို့ပါ့ချန်က အောက်ကိုကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
ထိုသဘောတူညီချက်ကို ရှန့်ယန်မိစ္ဆာဂိုဏ်းနှင့် ပြုလုပ်ခဲ့သည်။
ထိုအချိန်တွင် လင်တောင်တာအိုဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်နေသေးသည်။
ယခု အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဖြစ်သည်။
“မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကို ရှာဖွေခွင့်က အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြောင်းရွှေ့နိုင်ဖို့အတွက် သဘောတူခဲ့တာပဲ။ အနောက်ဘက်နယ်စပ်ကုန်းမြေကို လျော်ကြေးပေးခဲ့တယ်လို့ သဘောထားနိုင်တယ်”
“အဲ့ဒါကြောင့် ငါတို့ရဲ့တဲ့အခွင့်အရေးတိုင်းက ငါတို့နဲ့ပဲ သက်ဆိုင်လိမ့်မယ်”
ထို့ပါ့ချန်က တပည့်များကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ “အခွင့်အရေးက မင်းတို့အတွက်ပဲ’”
‘အခွင့်အရေးက ငါတို့အတွက်!’
တပည့်များအားလုံး စိတ်လှုပ်ရှားသွားသည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် တောင်ပိုင်းကုန်းမြေ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု ပြောကြသည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် မိစ္ဆာအမျိုးမျိုး၏ သွေးမျိုးဆက်အမွေအနှစ်များတင်မကဘဲ ရတနာအမျိုးမျိုးလည်း ရှိနေသည်။
သူတို့က ထိုပစ္စည်းများကို ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် သို့မဟုတ် အရင်းအမြစ်များလဲလှယ်ရန်အတွက် ရရှိနိုင်လျှင် အနာဂတ်ကျင့်ကြံခြင်းအတွက် အာမခံချက်တစ်ခုဖြစ်လာလိမ့်မည်။
သူတို့က မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် အခွင့်အရေးများရနိုင်သည်ကို သိထားသော်လည်း ဂိုဏ်းချုပ်ထို့ပါ့ချန်က ကိုယ်တိုင်ပြောလိုက်သောအခါတွင် သူတို့က စိတ်လှုပ်ရှားလာရသည်။
သူတို့၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ထို့ပါ့ချန်က ရွှေအမြုတေအဆင့်အကြီးအကဲများဘက်သို့ လှည့်ကြည့်သည်။
မီးမျိုးဆက်၏အကြီးအကဲ စုယွမ်၊ ခေါင်းဆောင်တောက်ရင်၏ တပည့်
လွန်ခဲ့သောနှစ်က စုယွမ်သည် ဓားစစ်ပွဲခန်းဆောင်ကို တာဝန်ယူခဲ့သည်။
သူက လေးနက်သောမျက်နှာထားဖြင့် မတ်တပ်ရပ်သည်။
“အခွင့်အရေးတွေနဲ့အတူ အန္တရာယ်တွေရှိနေတယ်”
“မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေက တောင်ပိုင်းကုန်းမြေမှာ အန္တရာယ်အများဆုံးလျှို့ဝှက်နယ်မြေပဲ”
စုယွမ်၏ နက်ရှိုင်းသောအသံက စိတ်လှုပ်ရှားနေသောတပည့်များကို တည်ငြိမ်သွားစေသည်။
အကယ်၍ အန္တရာယ်မရှိလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်များကို စေလွှတ်မည်မဟုတ်ပေ။
“မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေက တောင်ပိုင်းကုန်းမြေမှာ နှစ်တစ်သောင်းကြာအောင် တည်ရှိခဲ့တယ်။ အဲ့ဒါက မိစ္ဆာတစ်သောင်းဘုရင် သွမ်ကျိုးရှောင်နဲ့ ပတ်သတ်နေတယ်လို့ ပြောကြတယ်”
“မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေမှာ ရုပ်ခန္ဓာသန့်စင်ဖို့အတွက် ရှေးခေတ်မိစ္ဆာသွေးမျိုးဆက်နဲ့ ရှားပါးတဲ့သွေးမျိုးဆက်တွေ ရှိကြတယ်”
စုယွမ်က ခန်းဆောင်အတွင်း၌ရှိသော လူတိုင်းအတွက် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကို ရှင်းပြခဲ့သည်။
ဟန်မူယဲ့က ထိုအချက်အလက်များအားလုံးကို သိထားသည်။
သူက စုယွမ်ပြောလိုက်သောသတင်းများထက် ပိုသိထားသည်။
ဓားစံအိမ်၏အကြီးအကဲတစ်ယောက်ဖြစ်နေသောကြောင့် သူ့မှာ သိခွင့်ရှိသည်။
ထို့အပြင် သူ့တွင် အလယ်ပိုင်းကုန်းမြေနှင့် အရှေ့ပင်လယ်၏ သတင်းကွန်ရက်ရှိသည်။
တာအိုဆရာတယန်အပြင် ကျိုးယွင်လုံကလည်း လျှို့ဝှက်နယ်မြေအများအပြားကို သိထားသည်။
သွမ်ကျိုးရှောင်ချန်ထားခဲ့သော မိစ္ဆာတစ်သောင်းတံဆိပ်သည် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် ရှိနေသည်။ ထိုတံဆိပ်ထဲတွင် ချိပ်ပိတ်ထားသော ရှေးခေတ်သွေးမျိုးဆက်အမွေအနှစ်များ ရှိသည်။
နှစ်တစ်ရာတိုင်းတွင် တောင်ပိုင်းကုန်းမြေ၏မိစ္ဆာများသည် မိစ္ဆာတစ်သောင်းတံဆိပ်ကို ရှာရန်အတွက် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသို့ တစ်ကြိမ်ဝင်ရောက်လိမ့်မည်။
တောင်ပိုင်းကုန်းမြေတင်မကဘဲ အရှေ့ပင်လယ်၏ ရေနဂါးကလန်ကိုပါ မျိုးဆက်သစ်များစေလွှတ်ရန်အတွက် ဖိတ်ခေါ်လိမ့်မည်။
လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ရာတွင် အရိုးများ၏သက်တမ်းကို စစ်ဆေးသည်။ မိစ္ဆာများသည် အသက်ငါးရာကျော်သွားလျှင် မဝင်ရောက်နိုင်ပေ။ လူသားများအတွက် အသက်နှစ်ရာဖြစ်သည်။
မိစ္ဆာများအတွက် အသက်ငါးရာမပြည့်သေးလျှင် လူငယ်မျိုးဆက်ဖြစ်သည်။ လူသားများအတွက် အသက်နှစ်ရာပြည့်ပြီး ရွှေအမြုတေနှောင်းပိုင်းအဆင့်သို့ ဝင်ရောက်နိုင်လျှင် ကျွမ်းကျင်သူအဖြစ် ယူဆနိုင်သည်။
လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀တွင် အရှေ့ပင်လယ်၏ ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကို ရှာဖွေရန်အတွက် တောင်ပိုင်းကုန်းမြေနှင့် သဘောတူညီချက်ရခဲ့သည်။
ယူဆချက်များအရဆိုလျှင် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် မိစ္ဆာအားလုံးနှင့် သက်ဆိုင်သည်။
လွန်ခဲ့သောနှစ်တစ်ထောင်တွင် အလယ်ပိုင်းကုန်းမြေမှ ဂိုဏ်းအချို့သည် တပည့်များကို မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသို့ စေလွှတ်ခဲ့သည်။ မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သွေးမျိုးဆက်ကျင့်ကြံသူများအတွက် တော်ဝင်နယ်မြေဖြစ်လာသည်။
ထိုနယ်မြေသည် ဆုလာဘ်များ၊ အန္တရာယ်များနှင့် ပြည့်နေသည်။
ရှေးခေတ်သွေးမျိုးဆက်များ ရှိနေသောနေရာတွင် မိစ္ဆာသားရဲများ သို့မဟုတ် မဟာမိစ္ဆာများ စောင့်ကြပ်နေသည်။
ထိုနယ်မြေတွင် အမျိုးမျိုးသော ဝိညာဉ်ဆေးပင်နဲ့ ဝိညာဉ်သတ္တုများလည်း ရှိသည်။ ထိုပစ္စည်းများကိုလည်း အားကောင်းသောမိစ္ဆာသားရဲနှင့် မိစ္ဆာများက စောင့်ကြပ်နေသည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် အလွန်ကျယ်ပြန့်ပြီး အဆုံးမရှိပေ။ ထို့အပြင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို စုစည်းရန်အတွက် ခက်ခဲသည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်စွမ်းအားကိုသာ ထုတ်သုံးနိုင်သည်။
တစ်နည်းပြောရလျှင် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်နိုင်သော အသန်မာဆုံးလူက ကောင်းကင်ဘုံတစ်ဝက်အဆင့်ဖြစ်သည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက် ဝင်ရောက်ချင်လျှင်လည်း အဆင်ပြေသည်။ မည်သို့ပင်ဆိုစေ သူက ကောင်းကင်ဘုံတစ်ဝက်အဆင့်စွမ်းအားကိုပဲ ထုတ်သုံးနိုင်လိမ့်မည်။
သို့သော် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် ကောင်းကင်ဘုံအဆင့်မိစ္ဆာများ ရှိနေသည်။
လျှို့ဝှက်နယ်မြေတွင်ရှိနေသောမိစ္ဆာများသည် ခွန်အားပြည့်ထုတ်သုံးနိုင်ရုံတင်မကဘဲ ရှေးခေတ်သွေးမျိုးဆက်စွမ်းအားများ၏ ထောက်ပံ့မှုလည်းရှိသည်။ သူတို့က တိုက်ခိုက်နိုင်စွမ်းသန်မာသည်။
ထိုအရာများသာရှိနေလျှင် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် အန္တရာယ်သိပ်မရှိပေ။
ဟန်မူယဲ့က ရရှိလာသော အချက်အလက်များအရ ကောက်ချက်ချကြည့်ခဲ့သည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် တခြားကမ္ဘာများနှင့် ဆက်သွယ်နေသည်။
တစ်နည်းပြောရလျှင် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာသောလူများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုတည်းမှ မဟုတ်ပေ။
ဟန်မူယဲ့က လျှို့ဝှက်နယ်မြေမှပြန်ထွက်လာသော အချက်အလက်များကို စုစည်းလိုက်သောအခါ နှစ်ငါးရာတိုင်းတွင် ပြင်ပဘုံကျင့်ကြံသူများ ဝင်ရောက်လာကြောင်း သတိထားမိခဲ့သည်။
နှစ်ငါးရာတိုင်းတွင် လျှို့ဝှက်နယ်မြေသို့ဝင်သွားသော တောင်ပိုင်းကုန်းမြေက ဆုံးရှုံးမှုများ ခံစားရသည်။
ထို့ကြောင့် တောင်ပိုင်းကုန်းမြေ၏မိစ္ဆာများသည် ရေနဂါးကလန်ကို ဝင်ရောက်ရန်အတွက် ဖိတ်ခေါ်ခြင်းဖြစ်သည်။
တောင်ပိုင်း၏မိစ္ဆာများသည် အလယ်ပိုင်းကုန်းမြေ၏တပည့်များကိုလည်း မငြင်းဆန်ပေ။
တွက်ချက်မှုများအားလုံး မှန်ကန်လျှင် ဤတစ်ခေါက် လျှို့ဝှက်နယ်မြေဖွင့်လှစ်မှုသည် နှစ်ငါးရာအချိန်နှင့် တိုက်ဆိုင်နေသည်။
စိတ်လှုပ်ရှားနေသော ဂိုဏ်းတပည့်များကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ခံစားချက်များပြင်းထန်လာသည်။
ကျင့်ကြံခြင်းသည် ထိုသို့ပင်ဖြစ်သည်။ အခွင့်အရေးများရရှိရန်အတွက် အသက်စွန့်ပြီး တိုက်ခိုက်မှ ရှေ့ဆက်သွားရန်အတွက် အခွင့်အရေးရလိမ့်မည်။
ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှ ပြန်လာသောအခါ လက်ရွေးစင်တပည့်များသည် အပြည့်အဝပြောင်းလဲသွားခဲ့သည်။ သူတို့နှင့် သက်တူရွယ်တူများကြားတွင် ကွာဟချက်ကြီးတစ်ခု ရှိလာသည်။
သူတို့က မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် အခွင့်အရေးထပ်ရနိုင်လျှင် နှစ်တစ်ရာအတွင်း၌ ဂိုဏ်း၏ထောက်တိုင်များဖြစ်လာလိမ့်မည်။
သူတို့နှင့် မျိုးဆက်တူတပည့်များသည် အများစုက အခြေခံအုတ်မြစ်အဆင့်တွင် ရပ်တန့်သွားပြီး ဘဝတစ်လျှောက်လုံး အဆင့်တက်ရန် အခွင့်အရေးရှိမည်မဟုတ်ပေ။
စုယွမ်က လျှို့ဝှက်နယ်မြေ၏အခြေအနေကိုရှင်းပြပြီး တောင်ပိုင်းကုန်းမြေသို့သွားရောက်မည့် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဂိုဏ်းများ၏အစီအစဥ်ကို ပြောပြသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များကို မဟာအကြီးအကဲ ခေါင်းဆောင်တောက်ရင်က လိုက်ပို့လိမ့်မည်။ ဓားစံအိမ်အကြီးအကဲ ဟန်မူယဲ့က သူတို့ကို လျှို့ဝှက်နယ်မြေထဲသို့ ဦးဆောင်သွားလိမ့်မည်။
ထို့ကြောင့် ယနေ့စည်းဝေးပွဲကို ဟန်မူယဲ့နှင့်ခေါင်းဆောင်တောက်ရင်က တက်ရောက်ခဲ့ခြင်းဖြစ်သည်။
“ဒီတစ်ကြိမ်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ဂိုဏ်းအသီးသီးကိုဦးဆောင်ပြီး လျှို့ဝှက်နယ်မြေကို ဝင်ရောက်လိမ့်မယ်။ မင်းတို့က အရင်းအမြစ်တွေအတွက်တင်မကဘဲ အနောက်ဘက်နယ်စပ်ကုန်းမြေက နံပတ်တစ်ဂိုဏ်းရဲ့စွမ်းရည်ကိုပြသဖို့အတွက် တိုက်ခိုက်ရမယ်”
“ခေါင်းဆောင်တောက်ရင်က မင်းတို့ကိုလိုက်ပို့ဖို့ တာဝန်ယူထားတယ်။ သူက လျှို့ဝှက်နယ်မြေရဲ့အပြင်ဘက်မှာ စောင့်ကြပ်နေလိမ့်မယ်”
“လျှို့ဝှက်နယ်မြေအတွင်းမှာ အရာအားလုံးကို အကြီးအကဲဟန်က စီစဉ်ပေးလိမ့်မယ်”
စုယွမ်ပြောပြီးသွားသောအခါတွင် ထို့ပါ့ချန်က မတ်တပ်ရပ်လိုက်ပြီး ပြောသည်။
တပည့်များက လျင်မြန်စွာလက်သီးဆုပ်ပြီး ခေါင်းဆောင်တောက်ရင်နှင့်ဟန်မူယဲ့ကို ဦးညွှတ်သည်။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။ “စည်းမျဉ်းတွေအတိုင်းဆိုရင် မင်းတို့က လျှို့ဝှက်နယ်မြေကို ဝင်ရောက်သွားတဲ့အချိန်မှာ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားက သွေးမျိုးဆက်တူတဲ့လူတွေကို အုပ်စုဖွဲ့ပေးလိမ့်မယ်”
“ငါတို့က လျှို့ဝှက်နယ်မြေထဲမှာ လူသားတွေရဲ့နေရာကို ရောက်နေနိုင်တယ်”
“လျှို့ဝှက်နယ်မြေထဲကိုရောက်လာတဲ့လူတွေက ဂိုဏ်းသားတွေကို ချက်ချင်းရှာပြီး ခွန်အားစုစည်းထားပါ”
ဟန်မူယဲ့က လူတိုင်းကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ “ငါတို့က လျှို့ဝှက်နယ်မြေကိုဝင်ရောက်ဖို့အတွက် ဒီတစ်ခါပဲအခွင့်အရေးရှိတယ်။ မင်းတို့ အခွင့်အရေးဘယ်လောက်ရနိုင်မလဲဆိုတာက ငါနဲ့ မြန်မြန်ဆုံတွေ့နိုင်တဲ့အပေါ်မှာ မူတည်နေတယ်”
“မင်းတို့က တစ်ယောက်တည်းဖြစ်နေရင် လျှို့ဝှက်နယ်မြေကနေ အသက်ရှင်လျက်ထွက်သွားနိုင်ဖို့ မသေချာဘူး”
အပြင်လူက ထိုစကားမျိုးပြောလျှင် ရန်စခြင်းဖြစ်သည်။
သူတို့က လျှို့ဝှက်နယ်မြေတွင် အခွင့်အရေးများကို ကိုယ်တိုင်ရှာနိုင်သည်။ အုပ်စုဖွဲ့ရန် မလိုအပ်ပေ။
သို့သော် စကားပြောလိုက်သောလူက ဟန်မူယဲ့ဖြစ်သည်။
ဓားစံအိမ်၏ အကြီးအကဲဟန်တွင် အခွင့်အရေးများရှိသည်။
အံ့ဖွယ်ကိုးပါးတောင်တွင် အခွင့်အရေးနှင့် အကြီးအကဲဟန်သည် အတူတူပင်ဖြစ်သည်။
အင်မော်တယ်ဟန်၏လမ်းညွှန်မှုကိုရရှိပြီး အလယ်ပိုင်းကုန်းမြေသို့ရောက်သွားသော ဂိုဏ်းတူအစ်ကိုကြီး၊ အစ်မကြီးများကို မကြည့်လျှင်တောင် ဂိုဏ်းအတွင်း၌ အင်မော်တယ်ဟန်ကြောင့်မြင့်တက်လာသော ဂိုဏ်းတပည့်အများအပြားရှိသည်။