အခန်း (၃၉၈)
Vol. 29 Ch. 398
သို့သော် သူ့အငွေ့အသက်က ထူးခြားပြီး ခမ်းနားသော်လည်း သူ့ဘေးတွင်ရှိသော အနီရောင်ချပ်ဝတ်နှင့် အမျိုးသမီးစစ်သူကြီးကို မယှဉ်နိုင်ပေ။
သူမက တိုက်ခိုက်လိုစိတ်ကို ထိန်းချုပ်ထားသော်လည်း လူသတ်ငွေ့များက လေထုထဲတွင် ပြည့်နှက်နေသည်။
သူမက သွေးပင်လယ်ထဲတွင် ရပ်နေပုံရသည်။
သူမ၏မျက်နှာသည် လှပပြီး နူးညံ့သော်လည်း မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များရှိနေသည်။
ထက်မြိသောအငွေ့အသက်သည် ဝိညာဉ်သူငယ်နှောင်းပိုင်းအဆင့်စွမ်းအားများနှင့် သိန်းချီသောစစ်သည်များကို ထိန်းချုပ်ရသည့်အတွက် ဖြစ်ပေါ်လာသည်။
သူမက မီးတောက်နီစစ်တပ်၏ အမျိုးသမီးစစ်သူကြီးအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ သူမက အလယ်ပိုင်းကုန်းမြေ၏ တောင်ပိုင်းစစ်တပ်ခေါင်းဆောင်ဖြစ်သော ဖီးနစ်အကူစစ်သူကြီး ရှောင်ယွဲ့လီဖြစ်သည်။
ဟန်မူယဲ့က သူမကို စုံစမ်းရန်အတွက် ကုန်သွယ်ရေးအဖွဲ့အစည်းကို ညွှန်ကြားခဲ့သည်။
ရှောင်မိသားစုသည် အလယ်ပိုင်းကုန်းမြေ၏ နန်းမြို့တော်တွင် မိသားစုကြီးတစ်ခုဖြစ်သည်။ ရှောင်မိသားစုထဲတွင် အရာရှိနှင့် စစ်သူကြီးများ ရှိနေသည်။
ရှောင်မိသားစုခေါင်းဆောင်ဖြစ်သော ရှောင်လင်းရှန်သည် မီးတောက်နီစစ်တပ်၏ အဓိကစစ်သူကြီးသုံးဦးထဲမှ တစ်ဦးဖြစ်သည်။ သူက မီးတောက်နီစစ်တပ်၏ သိန်းချီသော သက်တော်စောင့်များကိုထိန်းချုပ်၍ နန်းမြို့တော်ကို ကာကွယ်ထားသည်။
ရှောင်ယွဲ့လီ၏အစ်ကိုသည် တော်ဝင်စိစစ်ရေးမှူးတစ်ယောက်ဖြစ်ပြီး ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းတွင် ဆရာသခင်အဆင့်သို့ ရောက်နေသည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော် ချင်းရီမင်သည်လည်း နန်းမြို့တော်၏ မိသားစုကြီးတစ်ခုမှဖြစ်ပြီး နက်ရှိုင်းသောနောက်ခံရှိသည်။
ထိုသို့မဟုတ်လျှင် ချင်းရီမင်က သားသတ်သမားလုနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
ရှောင်ယွဲ့လီနှင့် ကောင်းချန်ကုန်းရောက်လာသောအခါတွင် မိစ္ဆာများက ထိတ်လန့်သွားပြီး ပုံရိပ်များကို ချက်ချင်းရုတ်သိမ်းလိုက်သည်။
“ကောင်းချန်ကုန်း၊ မင်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်မလာတော့ဘူးပေါ့”
“ငါက ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ကောင်းကင်ဘုံအဆင့်ကိုရောက်လာပြီ။ မင်းရော ဘယ်လိုလဲ”
ခေါင်းဆောင်တောက်ရင်က ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဆိုသော စကားကို ဖိပြောခဲ့သည်။
ကောင်းချန်ကုန်းက စကားမပြောဘဲ လေးစားစွာပြုံးသည်။
သူ့ဘေးတွင်ရှိသော ရှောင်ယွဲ့လီက အေးစက်စွာနှာမှုတ်သည်။ သူမ၏ပတ်ပတ်လည်တွင်ရှိသော သွေးစွမ်းအားများက တုန်ခါလာသည်။
မဖော်ပြနိုင်လောက်သောဖိအားတစ်ခုက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ သင်္ဘောပျံများဆီသို့ ကျဆင်းလာသည်။
ဟန်မူယဲ့က ခေါင်းခါသည်။ သူက ရှေ့တစ်လှမ်းတိုးလိုက်ပြီး ကောင်းချန်ကုန်းကို ဦးညွှတ်သည်။ “ဟန်မူယဲ့က အကြီးအကဲဟန်နဲ့ စစ်သူကြီးရှောင်ကို နှုတ်ဆက်ပါတယ်”
ကောင်းချန်ကုန်းက ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ခေါင်းညိတ်ပြသည်။
“ငါ့ကိုသိတာလား” ရှောင်ယွဲ့လီက ဟန်မူယဲ့ကို ကြည့်သည်။ အေးစက်နေသောအငွေ့အသက်များက ချက်ချင်းဖိနှိပ်ခံလိုက်ရသည်။
“အံ့ဖွယ်ကိုးပါးတောင်ခြေမှာ အကြီးအကဲကောင်းချန်ကုန်းက အသက်စွန့်ပြီးတိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်။ ကျွန်တော်က အလယ်ပိုင်းကုန်းမြေကို ရောက်သွားရင် ရှောင်ယွဲ့လီလို့ခေါ်တဲ့ အမျိုးသမီးကိုရှာရမယ်။ ပြီးတော့ ကောင်းချန်းကုန်းက အရာအားလုံးကိုစွန့်လွှတ်ပြီး သူမနောက်ကို လိုက်ချင်ခဲ့ပါတယ်လို့ ပြောခိုင်းခဲ့တယ်”
“ရှောင်ယွဲ့လီကြောင့် အကြီးအကဲကောင်းချန်ကုန်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အရေးကြီးကိစ္စတွေကို စွန့်လွှတ်နိုင်တာဖြစ်လိမ့်မယ်”
ဟန်မူယဲ့က လက်သီးဆုပ်ထားပြီး ကျယ်လောင်စွာပြောသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ သင်္ဘောပျံများပေါ်တွင်ရှိသော ကျင့်ကြံသူများက နားစွင့်ထားကြသည်။
ကောင်းချန်ကုန်းက နေရာတွင်ရပ်နေပြီး ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူက ရှက်သွားသည်။
သူ့မျက်နှာသည် နီရဲသွားခဲ့သည်။
သူ့ဘေးတွင် သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နေသော အမျိုးသမီးစစ်သူကြီးက အနည်းငယ်တုန်ခါသွားပြီး ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်သည်။
သူတို့က ချစ်စရာကောင်းသောစုံတွဲနှင့် တူသော်လည်း ယခုအခြေအနေသည် သိပ်မသင့်တော်ပေ။
ဟန်မူယဲ့က ချောင်းဟန့်လိုက်ပြီး ခေါင်းငုံ့၍ ပြောသည်။ “ကျစ်ဟူ၊ ဒါက ဓားစံအိမ်ရဲ့ အကြီးအကဲကောင်းချန်ကုန်းပဲ။ သမီးအဖေက အကြီးအကဲကောင်းချန်ကုန်းရဲ့ တပည့်ဖြစ်ခဲ့တယ်”
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ချစ်စရာကောင်းသောကလေးမလေးသည် ရှေ့တက်လာပြီး ဒူးနှစ်ဖက်ထောက်၍ ကောင်းချန်ကုန်းကို သုံးကြိမ်အရိုအသေပေးသေည်။
“ဟွမ်ကျစ်ဟူက အဘိုးနဲ့အဘွားကို နှုတ်ဆက်ပါတယ်”
“ဟွမ်ကျစ်ဟူ” ကောင်းချန်ကုန်းက အံ့အားသင့်သွားသည်။ “ဒါက ဟွမ်ခြောက်ရဲ့သမီးလား။ သူက ဒီအရွယ်တောင် ရောက်နေပြီပေါ့”
သူက ကြောင်အနေသောအချိန်တွင် ရှောင်ယွဲ့လီက ဟွမ်ကျစ်ဟူကို ထူပေးလိုက်သည်။ သူတို့နှစ်ယောက်က သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်လာသည်။
ရှောင်ယွဲ့လီက ချစ်မြတ်နိုးသောမျက်နှာထားဖြင့် ဟွမ်ကျစ်ဟူ၏လက်ကို ကိုင်ထားသည်။
“သမီးက ချစ်စရာလေးပဲ”
သူမက အဘွားဟုအခေါ်ခံရသောကြောင့် ပျော်ရွှင်နေသည်။
သူမက နှစ်ပေရှည်သော ရွှေလှံတစ်ချောင်းကို ထုတ်ပေးသည်။
အဆင့်မြင့်ဝိညာဉ်လက်နက်ဖြစ်သည်။
ဟန်မူယဲ့၏နှုတ်ခမ်းထောင့်က အနည်းငယ်တွန့်သွားသည်။ သူက တစ်ဖက်သို့ ကြည့်လိုက်သောအခါတွင် အနည်းငယ်မသက်မသာဖြစ်နေသော ကောင်းချန်ကုန်းကို မြင်ရသည်။
ကောင်းချန်ကုန်းသည် စစ်သူကြီးရှောင်နှင့် ကြွယ်ဝမှုချင်းမယှဉ်နိုင်ပေ။
ယောင်္ကျားသားတစ်ယောက်သည် သန်မာသောနောက်ခံရှိရန် လိုအပ်သည်။
ဟန်မူယဲ့က နားလည်သွားခဲ့သည်။
ဟန်မူယဲ့၏အကြည့်ကို မြင်လိုက်ရသောအခါတွင် ကောင်းချန်ကုန်းက ညင်သာစွာသက်ပြင်းချသည်။ “ငါက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အင်မော်တယ်ဟန်အကြောင်းကို ကြားမိတယ်”
“ဓားစံအိမ်က မင်းလက်ထဲမှာရှိနေတဲ့အတွက် ငါက စိတ်အေးနိုင်ပါပြီ”
ရှောင်ယွဲ့လီကလည်း ဟန်မူယဲ့ကိုကြည့်သည်။
“နင်က ရှားပါးတဲ့ဓားကျင့်ကြံသူတစ်ယောက်လို့ ကောင်းချန်ကုန်းက ခဏခဏပြောတယ်”
“ငါတို့ အလယ်ပိုင်းကုန်းမြေကိုပြန်သွားရင် နန်းမြို့တော်မှာ နင့်အတွက် လက်ထပ်ပွဲတစ်ခုစီစဉ်ပေးမယ်”
ဟန်မူယဲ့၏မျက်နှာထားက တောင့်တင်းသွားပြီး အပြုံးတစ်ခုညှစ်ထုတ်သည်။ “ကျေးဇူးပါစစ်သူကြီးရှောင်”
....
ကောင်းချန်ကုန်း၊ ရှောင်ယွဲ့လီတို့နှင့်အတူ အနီရောင်၊ အနက်ရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူတစ်ထောင်နီးပါး ရှိနေသည်။
အလယ်ပိုင်းကုန်းမြေ၏ကျင့်ကြံသူများသည် အနောက်ဘက်နယ်စပ်ကုန်းမြေကို အထင်သေးသော်လည်း ရှောင်ယွဲ့လီနှင့် ကောင်းချန်ကုန်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သင်္ဘောပျံပေါ်သို့ရောက်နေသည်။ ထို့ကြောင့် သူတို့က ကိုယ်ပိုင်သင်္ဘောပျံများကို အနောက်ဘက်နယ်စပ်ကုန်းမြေ၏ သင်္ဘောပျံများဆီသို့ ရွှေ့လာရသည်။
သို့သော် သူတို့ကြားတွင် ထင်းရှားသောအကွာအဝေးတစ်ခုရှိသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သင်္ဘောပျံပေါ်တွင် ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို အပြင်ခေါ်သွားရန်အတွက် ယွင်တိကို ပြောလိုက်သည်။
ဘေးတွင်ထိုင်နေသောရှောင်ယွဲ့လီက ယွင်တိကို အံ့အားသင့်စွာကြည့်သည်။
ဟွမ်ကျစ်ဟူနှင့်ယွင်တိတို့ ထွက်သွားသောအခါ အခန်းထဲတွင် ကောင်းချန်ကုန်း၊ ဟန်မူယဲ့နှင့် ရှောင်ယွဲ့လီသာ ကျန်ရစ်ခဲ့သည်။ သူမက တီးတိုးပြောသည်။ “အဲ့ဒါက ဓမ္မရတနာတစ်ခုရဲ့ ဓားဝိညာဉ်ခန္ဓာကိုယ်လား”
ဓမ္မရတနာ၊ ဓားဝိညာဉ်၊ ထိုရတနာမျိုးသည် အလယ်ပိုင်းကုန်းမြေတွင် တန်ဖိုးမဖြတ်နိုင်ပေ။ အင်အားစုကြီးများတွင်သာ ထိုရတနာမျိုးရှိသည်။
“ဟုတ်ပါတယ်။ ကျွန်တော်က ကျစ်ဟူအတွက် ပစ္စည်းကောင်းတွေ စီမံပေးရမှာပေါ့” ဟန်မူယဲ့က ရယ်လိုက်သည်။ သူက သာမန်ပစ္စည်းတစ်ခုအကြောင်းကို ပြောနေသကဲ့သို့ သက်တောင့်သက်သာရှိနေသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ရှောင်ယွဲ့လီက ခေါင်းညိတ်ပြီး မျက်နှာပေါ်တွင် ခံစားချက်အချို့ ဖြတ်ပြေးသွားသည်။
“နင်တို့ဓားစံအိမ်က တကယ်မဆိုးဘူးပဲ”
ကောင်းချန်ကုန်းက ဂုဏ်ယူစွာပြုံးသည်။
ဘေးတွင်ရှိသော ခေါင်းဆောင်တောက်ရင်ကလည်း ခပ်ဟဟရယ်သည်။
သူက ယွင်တိကို မြင်ထားခဲ့ပြီး ဟန်မူယဲ့၏ရက်ရောမှုကြောင့် ထိတ်လန့်ခဲ့ရသည်။
“နင်တို့က မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေအတွက် ဘယ်လိုစီစဉ်ထားလဲ” ရှောင်ယွဲ့လီက ခေါင်းဆောင်တောက်ရင်နှင့် ဟန်မူယဲ့ကိုကြည့်သည်။
“ချင်းရီမင်က စစ်သည်သုံးထောင်ကိုဦးဆောင်ပြီး မိစ္ဆာတစ်သောင်းတံဆိပ်ကို ရှာဖို့ စီစဉ်ထားတယ်”
သူမက လျှို့ဝှက်ချက်ကို ချက်ချင်းထုတ်ပြောသည်။
ရှောင်ယဲ့လီက ဟန်မူယဲ့နှင့် တခြားလူများကို မိစ္ဆာတစ်သောင်းတံဆိပ်အကြောင်း အတွေးမရှိစေရန် သတိပေးနေခြင်းဖြစ်သည်။
“သူက တောင်ပိုင်းမြို့စောင့်တပ်ခေါင်းဆောင်မဟုတ်လား” ခေါင်းဆောင်တောက်ရင်က မျက်မှောင်ကြုတ်သည်။ “သူက အရာရှိကြီးဖြစ်နေပြီပဲ။ ဘာဖြစ်လို့ မိစ္ဆာတစ်သောင်းတံဆိပ်ကို လိုချင်ရတာလဲ”
ရှောင်ယွဲ့လီက စကားမပြောပေ။ ဟန်မူယဲ့က ပြောလိုက်သည်။ “သူက ကောင်းကင်ဘုံအဆင့်ကိုတက်ဖို့ ပြင်ဆင်နေတာမဟုတ်လား”
ကောင်းကင်ဘုံအဆင့်သို့ တက်ရောက်ခြင်း
အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင်သည် ကောင်းကင်ဘုံအဆင့်မရောက်သေးသောအကြောင်းကို ဟန်မူယဲ့က မသိခဲ့ပေ။
သူက ပြင်ပဘုံတွင် လုချန်နှင့်စကားပြောခဲ့ပြီး အကြောင်းအရင်းကို သိသွားသည်။
လုချန်၏သားဖြစ်သူ လုယန်သည် အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သို့သော် သူက ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ ဖြစ်သည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ တိုက်ခိုက်နိုင်စွမ်းကို ကျင့်ကြံဆင့်ဖြင့် မဆုံးဖြတ်နိုင်ပေ။
သူတို့က ဟန်မူယဲ့နှင့်တူသည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်များကြားတွင်ရှိသော ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများသည် ကိုယ်ပိုင်မဟာတာအိုကို သန့်စင်ရန်အတွက် ကျင့်ကြံခြင်းကိုဖိနှိပ်ပြီး အဆင့်မတက်ခဲ့ပေ။
အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်တာအိုသည် ကွန်ဖြူးရှပ်တာအိုကို ဦးစားပေးသည်။ သူတို့က အလယ်ပိုင်းကုန်းမြေတွင် ကောင်းကင်ဘုံအဆင့်သို့ တက်ရောက်လိုက်လျှင် ကွန်ဖြူးရှပ်တာအို၏စွန်းထင်းမှုကို ခံရလိမ့်မည်။
ထိုသို့ဆိုလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားသောအခါတွင် တိုက်ခိုက်နိုင်စွမ်းအချို့ကို ဆုံးရှုံးရလိမ့်မည်။
ကိုယ်ပိုင်ခွန်အားကိုမှီခို၍ ကိုယ်ပိုင်တာအိုကိုသန့်စင်နိုင်သော ကျင့်ကြံသူများက ကောင်းကင်ဘုံအဆင့်သို့ရောက်သွားလျှင် ပြီးပြည့်စုံသောတာအိုကို ပိုင်ဆိုင်နိုင်လိမ့်မည်။ သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားလျှင်တောင် တိုက်ခိုက်နိုင်စွမ်း လျော့နည်းသွားမည်မဟုတ်ပေ။
ခေါင်းဆောင်တောက်ရင်က ပြင်ပဘုံတွင်အဆင့်တက်ပြီး ကိုယ်ပိုင်တာအိုကို ပြီးပြည့်စုံစေခဲ့သည်။ ထို့ကြောင့် သူက တောင်ပိုင်း၏မိစ္ဆာများကို ဖိနှိပ်နိုင်သည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်များကြားတွင် ခွန်အားစုစည်းပြီး ပြီးပြည့်စုံသောတာအိုဖြင့် အဆင့်တက်သွားသောလူများသည် ပြင်ပကမ္ဘာများကို သိမ်းပိုက်ရာတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အဓိကခွန်အားဖြစ်လာသည်။
ဟန်မူယဲ့က တီးတိုးရှင်းပြခဲ့သည်။ ခေါင်းဆောင်တောက်ရင်က နားလည်သွားသည်။
ရှောင်ယွဲ့လီက ဟန်မူယဲ့ကို သိချင်စိတ်များနှင့်အတူကြည့်သည်။
“နင်က ဒီလိုလျှို့ဝှက်ချက်မျိုးကိုတောင် သိတယ်လား”
ထိုကိစ္စသည် အစစ်အမှန်လျှို့ဝှက်ချက်တစ်ခု မဟုတ်သော်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများ မသိနိုင်ပေ။
ဟန်မူယဲ့က ဆံပင်ကြားတွင်ရှိနေသော အနက်ရောင်ဓားလေးကိုညွှန်ပြပြီး ပြောသည်။ “ကျွန်တော်က အခု အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့ရဲ့ ယာယီခေါင်းဆောင်ဖြစ်နေတယ်လေ။ ဒီလိုကိစ္စတွေကို နားလည်ထားရမှာပေါ့”
‘အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့ရဲ့ ယာယီခေါင်းဆောင်လား’
ရှောင်ယွဲ့လီက အနက်ရောင်ဓားလေးကိုကြည့်ပြီး ခေါင်းညိတ်သည်။
ဟန်မူယဲ့နှင့်ခေါင်းဆောင်တောက်ရင်က မိစ္ဆာတစ်သောင်းတံဆိပ်အကြောင်းကို မပြောခဲ့ပေ။
ရှောင်ယွဲ့လီ၏အမြင်တွင် ထိုသတင်းကို ပြောပြလိုက်လျှင် လုံလောက်သည်။ ဟန်မူယဲ့က ဆက်လုပ်ရမည့်ကိစ္စကို နားလည်လိမ့်မည်။