အခန်း (၄၀၀)
Vol. 29 Ch. 400
“ကျွန်တော်က ဖော်ရွေပါ့မယ် ....”
ဖော်ရွေသည်။
ဓားကျင့်ကြံသူတစ်ယောက်၏ဖော်ရွေမှုသည် ဓားတစ်လက်မှလွဲ၍ တခြားမရှိနိုင်ပေ။
ဟန်မူယဲ့က မနှိမ့်ချသလို မောက်မာမှုမရှိဘဲ ဖြစ်နေလိမ့်မည်ဟု ချင်းရီမင်က ထင်မထားခဲ့ပေ။ သူက အနည်းငယ်အံ့အားသင့်သွားပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။ “ကောင်းပြီ။ ကောင်းပြီ။ ငါက မင်းကို ယုံကြည်လိုက်ပါ့မယ်”
ထိုသို့ဖြင့် သူက ရှေ့ဆက်သွားသည်။ “ကောင်လေး၊ လျှို့ဝှက်နယ်မြေထဲမှာ မသေစေနဲ့”
“ခေါင်းဆောင်ချင်းလည်း အတူတူပါပဲ” ဟန်မူယဲ့က ပြန်ပြောသည်။
တောင်ပိုင်းကုန်းမြေ၏မိစ္ဆာများက ချင်းရီမင်ကိုရှင်းထုတ်ရန်အတွက် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကို သေချာပေါက်အသုံးပြုလိမ့်မည်။
ချင်းရီမင်က ကျယ်လောင်စွာရယ်သည်။ သူက ဂိတ်တံခါးကိုရိုက်ချလိုက်ပြီး အထဲသို့ဝင်သွားသည်။
အနက်ရောင်ချပ်ဝတ်စစ်သည်များက သူ့နောက်မှ တိတ်ဆိတ်စွာလိုက်သွားသည်။ သူတို့က ဂိတ်တံခါးထဲသို့ တစ်အုပ်စုချင်းစီဝင်ရောက်သွားခဲ့ပြီး သံချပ်ကာများ၏ထိတွေ့သံကိုပဲ ကြားနိုင်သည်။
သူတို့က အမိန့်နာခံသော သန်မာသည့်စစ်တပ်တစ်ခု ဖြစ်သည်။
ဟန်မူယဲ့က နောက်သို့လှည့်ကြည့်သည်။ အရှေ့ပင်လယ်ဓားကျင့်ကြံသူများနှင့် ရေနဂါးများ ရောက်လာသည်။
“လျှို့ဝှက်နယ်မြေထဲကိုရောက်သွားရင် ဂိုဏ်းတူတပည့်တွေအချင်းချင်း စုစည်းလိုက်တာအကောင်းဆုံးပဲ။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ တာအိုရောင်းရင်းတို့ လျှို့ဝှက်နယ်မြေထဲမှာ အချင်းချင်းမတိုက်ခိုက်ဘဲ တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးကြမယ်လို့ မျှော်လင့်ပါတယ်”
ထိုသို့ဖြင့် ဟန်မူယဲ့က ဟွမ်ကျစ်ဟူ၏လက်ကို ဆွဲထားပြီး ဂိတ်တံခါးထဲသို့ ဖြည်းဖြည်းချင်းဝင်သွားသည်။
သူက လက်တင်လိုက်သောအခါတွင် သွေးစွမ်းအင်အချို့ ထုတ်ယူခံလိုက်ရသည်။ ထို့နောက် လေဟာနယ်စွမ်းအားများက ဟန်မူယဲ့၊ ဟွမ်ကျစ်ဟူနှင့် အဖြူရောင်မြေခွေးလေးကို လွှမ်းခြုံသွားသည်။
သူတို့နောက်တွင်ရပ်နေသော ရှန့်လင်းရွှမ်းက လျင်မြန်စွာရှေ့တက်လာပြီး ဂိတ်တံခါးပေါ်တွင် လက်တင်လိုက်သည်။
ချီစွမ်းအင်အလင်းများက သူ့ကိုလည်း လွှမ်းခြုံသွားသည်။
ဟန်မူယဲ့က သွေးမျိုးဆက်စွမ်းအားမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာသော လေဟာနယ်စွမ်းအားများကို ခံစားနိုင်သည်။
တည်နေရာရွှေ့ပြောင်းလိုက်သောအခါတွင် ဟန်မူယဲ့က နှလုံးခုန်မှားသွားသည်။ လေဟာနယ်စွမ်းအားများက သူ၏ သွေးမျိုးဆက်စွမ်းအားနောက်သို့ ပါမလာပေ။ သူ့ခန္ဓာကိုယ်ထဲမှ လေဟာနယ်စွမ်းအားများပေါ်ထွက်လာပြီး ဟွမ်ကျစ်ဟူ၊ မြေခွေးဖြူလေးနှင့် သူ့ကို ဆွဲခေါ်သွားသည်။
သူတို့က အစိမ်းရောင်ချုံပုတ်များဖြင့်ပြည့်နေသော တောအုပ်ထဲသို့ ရောက်လာသည်။
ဟွမ်ကျစ်ဟူက မြေခွေးဖြူလေးကို ပွေ့ထားသည်။ ဆင်ကလန်၏လူငယ် ရှန့်လင်းရွှမ်းက သူမ၏နောက်တွင်ရှိနေပြီး ပြုံးလိုက်သည်။
အဝေးတစ်နေရာတွင် ပုံရိပ်များလှုပ်ရှားသွားသည်။
လူသားများမဟုတ်ဘဲ နားရွက်ချွန်များရှိသော သန်မာသည့်မိစ္ဆာများဖြစ်သည်။
ဤနေရာသည် လူသားများ၏နယ်မြေမဟုတ်ဘဲ မိစ္ဆာများ၏နယ်မြေ ဖြစ်နေသည်။
ဟန်မူယဲ့က ရှန့်လင်းရွှမ်းနှင့် မြေခွေးဖြူလေးတို့၏ သွေးမျိုးဆက်စွမ်းအားကိုအသုံးပြုပြီး ဦးတည်ချက်ပြောင်းခဲ့သည်။ ထို့ကြောင့် မိစ္ဆာများ၏နယ်မြေသို့ ရောက်လာသည်။
ဟန်မူယဲ့၏ကိုယ်ပေါ်တွင်ရှိသော လေဟာနယ်စွမ်းအားများက တုန်ခါသွားသည်။ သူက ဝိညာဉ်စွမ်းအားကို ထုတ်ဖော်သည်။
နတ်အာရုံနှင့် လေဟာနယ်စွမ်းအားများက လှည့်ပတ်သွားပြီး ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်။
“ဒါက မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေလား။ အထင်ကြီးစရာပဲ”
ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ရေရွတ်သည်။
လျှို့ဝှက်နယ်မြေတွင် လေဟာနယ်ကို ဖိနှိပ်ထားပြီး တခြားစွမ်းအားများ အလွန်နည်းပါးသည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ မဝင်ရောက်ချင်သည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။
အားကောင်းသောသွေးမျိုးဆက်နှင့် မိစ္ဆာများအတွက် ဤလျှို့ဝှက်နယ်မြေတွင် အားသာချက်ရှိသည်။
လျှို့ဝှက်နယ်မြေအတွင်း၌ အခွင့်အရေးအများအပြားရှိသောကြောင့် တောင်ပိုင်းကုန်းမြေ၏မိစ္ဆာများက လျှို့ဝှက်နယ်မြေကို ဝေမျှခဲ့ခြင်းဖြစ်သည်။
ဤနေရာတွင်ရှိသော သဘာဝစွမ်းအင်သည် ကြွယ်ဝပြီးကြမ်းတမ်းသောကြောင့် မိစ္ဆာများကျင့်ကြံရန်အတွက် သင့်တော်သည်။
လျှို့ဝှက်နယ်မြေ၏ပတ်ဝန်းကျင်သည် ခွန်အားကို ပြောင်းလဲပေးရုံတင်မကဘဲ အချိန်ကုန်ဆုံးမှုကိုလည်း ပြောင်းလဲပေးသည်။
ဟန်မူယဲ့က အချိန်ကုန်ဆုံးမှုအား ပြောင်းလဲနိုင်သော လျှို့ဝှက်နယ်မြေကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးလိုက်သည်။
ရှေးခေတ်ဂိုဏ်းများမှဆင်းသက်လာသော လျှို့ဝှက်နယ်မြေနှစ်ခုဖြစ်သည့် မူလမီးတောက်ကမ္ဘာနှင့် ကောင်းကင်ကြိုးကြာလျှို့ဝှက်နယ်မြေတို့သည် အချိန်ကုန်ဆုံးမှုကို မပြောင်းလဲနိုင်ပေ။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် မိစ္ဆာများ၏ မြင့်မြတ်နယ်မြေအဖြစ် လူသိများသည်။ ဤနယ်မြေသည် ထိုဂုဏ်ပုဒ်နှင့် အမှန်တကယ်ထိုက်တန်သည်။
လျှို့ဝှက်နယ်မြေအတွင်း၌ အချိန်ကုန်ဆုံးမှုသည် ပြင်ပလောကထက် ဆယ်ဆခန့်ပိုနှေးသည်။
လျှို့ဝှက်နယ်မြေအတွင်း၌ တစ်နှစ်သည် တောင်ပိုင်းကုန်းမြေတွင် ဆယ်နှစ်ဖြစ်သည်။
အချိန်ကုန်ဆုံးမှုပြောင်းလဲခြင်းတွင် ကောင်းကင်တာအိုပါဝင်နေသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုလျှင်ပင် အချန်ကုန်ဆုံးမှုပြောင်းလဲသွားစေရန် မလုပ်ဆောင်နိုင်ပေ။
ဤနယ်မြေအတွင်း၌ရှိသော အချိန်ကုန်ဆုံးမှုကို မိစ္ဆာဘုရင်သွမ်ကျိုးရှောင်က ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု သူတွေးမိသည်။
အချိန်ကုန်ဆုံးမှု ဆယ်ဆနှေးကွေးနေသောကြောင့် ပြင်ပလောကတွင် နှစ်တစ်ရာသည် လျှို့ဝှက်နယ်မြေတွင် နှစ်တစ်ထောင်ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ကျွမ်းကျင်သူအများအပြား ပေါ်ထွက်လာလိမ့်မည်။
သို့သော် ကျွမ်းကျင်သူများကို ထောက်ပံ့ပေးရန်အတွက် ကုန်ဆုံးသွားသော ကောင်းကင်တာအိုစွမ်းအားကို စိတ်ကူးမကြည့်နိုင်ပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ထိုသို့ ကြွယ်ဝသော ကောင်းကင်တာအိုစွမ်းအား မရှိပေ။
ထို့ကြောင့် ဤလောကသည် တစ်နေရာမှ စွမ်းအားစုပ်ယူနိုင်လိမ့်မည်။
ဟန်မူယဲ့က သက်ပြင်းချသည်။
သူ၏ ချီစွမ်းအင်ကျင့်ကြံခြင်းသည် ကမ္ဘာမြေအဆင့်တွင်ရှိနေသော်လည်း ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအားသည် အလွန်သန်မာသည်။ သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှင့်လည်း တိုက်ခိုက်ဖူးသည်။
သို့သော် သူက ကျင့်ကြံခြင်းလောက၏ မရေမတွက်နိုင်လောက်သော အားကောင်းသည့်နည်းစနစ်များကို အလုံးစုံမသိခဲ့ပေ။
ထိုအရာသည် ကျင့်ကြံခြင်းလောက၏ စိတ်လှုပ်ရှားဖွယ်ကောင်းသော အပိုင်းဖြစ်သည်။ ဖော်ထုတ်ခံရရန် စောင့်ဆိုင်းနေသော ဖုံးကွယ်ထားသည့်လျှို့ဝှက်ချက်များကို ဘယ်သောအခါမှ မသိနိုင်ပေ။
“ဝှစ်!”
ဟန်မူယဲ့ဆီသို့ ပုံရိပ်တစ်ခုတိုးဝင်လာသည်။ ထိုပုံရိပ်က လက်ထဲတွင်ရှိသော အနက်ရောင်အလင်းဖြင့် ထိုးချလိုက်သည်။ သူ့လှုပ်ရှားမှုများက လျင်မြန်သည်။
ဟွမ်ကျစ်ဟူက မသိစိတ်အလျောက် လည်ပင်းကျုံ့သည်။ သူမလက်ထဲတွင်ရှိနေသော မြေခွေးဖြူလေးက မျက်လုံးမှေးလိုက်သည်။
နောက်တွင်ရပ်နေသော ရှန့်လင်းရွှမ်းက မျက်လုံးပြူးသွားပြီး ရှေ့တက်လာသည်။
“ဘန်း!”
မြေပြင်က တုန်ခါသွားသည်။ ထိုပုံရိပ်က ဟန်မူယဲ့နှင့် ပေသုံးဆယ်အကွာတွင်ရပ်တန့်သွားသည်။ သူ့တစ်ကိုယ်လုံးက တုန်ခါနေပြီး ပါးစပ်ထဲမှ သွေးများစီးကျလာသည်။
ထိုပုံရိပ်က ပိန်ပါးပြီး နားရွက်ချွန်များရှိသော ငါးပေခန့်ရှိသည့် မိစ္ဆာတစ်ယောက်ဖြစ်သည်။ သူက မီးခိုးရောင်နှင့် အဝါရောင်သန်းနေသော တိရစ္ဆာန်သားရေကို ဝတ်ဆင်ထားသည်။ ဆံပင်ကို ဆူးနွယ်များဖြင့် ချည်နှောင်ထားသည်။ သူက အစိမ်းရင့်ရောင်ဓားတစ်လက်ကို ကိုင်ထားပြီး ထိတ်လန့်နေသောမျက်နှာထားဖြင့် ရပ်နေသည်။
သိပ်မဝေးသောနေရာတွင် တူညီသောပုံစံဖြင့် မိစ္ဆာဆယ်ယောက်ကျော်က ဓားတိုများကိုင်ထားပြီး သတိထား၍ သူတို့ကို ဝိုင်းရံထားသည်။
“မင်း၊ မင်းက ဘယ်သူလဲ”
အသံက အနည်းငယ်ထူးဆန်းပြီး ကြောင်အော်သံနှင့် ဆင်တူသည်။
ဟန်မူယဲ့က ဝိညာဉ်တုန်ခါမှုမှတစ်ဆင့် အဓိပ္ပာယ်ကို ခန့်မှန်းနိုင်သည်။
“မွေးစားအဖေ၊ သမီးတို့ကို ဘယ်သူလဲလို့ မေးနေတယ်” ဟွမ်ကျစ်ဟူက ဟန်မူယဲ့ကိုမော့ကြည့်ပြီး မျက်လုံးများမှေးသွားအောင် ပြုံးသည်။
“အစ်မရှောင်ပိုင်က သမီးကို ပြောပြတာ”
သူမက မြေခွေးဖြူလေးကို တင်းကျပ်စွာဖက်လိုက်သည်။
‘အဲ့ဒီလိုလား’
ဟန်မူယဲ့က မြေခွေးဖြူလေးကိုငုံ့ကြည့်ပြီး ပြုံးသည်။
ရှန့်လင်းရွှမ်းက ရှေ့တက်လာပြီး လက်သီးဆုပ်၍ ဟိန်းဟောက်သည်။
ထိုအသံသည် ဆင်အော်သံကဲ့သို့ ရှည်လျားပြီးကြမ်းတမ်းသည်။
ဓားတိုများကိုင်ထားသောမိစ္ဆာများက ထိတ်လန့်စွာနောက်ဆုတ်သွားသည်။
အဝေးတစ်နေရာတွင် မိစ္ဆာများ၏ဟိန်းဟောက်သံကို ကြားနိုင်သည်။
ထို့နောက် ပုံရိပ်အများအပြား စုဝေးလာသည်။
သူတို့အားလုံးသည် နားရွက်ချွန်ပြီး အရပ်ပုသည်။ လက်ထဲတွင် အရှည်မတူညီသောဓားများကို ကိုင်ထားသည်။
“သတ် ....”
နက်ရှိုင်းသောအော်သံတစ်သံ ထွက်လာသည်။ မိစ္ဆာများအားလုံးက ရှန့်လင်းရွှမ်းဆီသို့ ပြေးဝင်လာကြသည်။
ထိုမိစ္ဆာများက အလွန်လျင်မြန်ပြီး လေထုကို ဖြတ်သန်းလာသည်။
ရှန့်လင်းရွှမ်းက ဆယ်ပေရှည်သောအရပ်ဖြင့် တောင်တစ်လုံးသဖွယ် ခိုင်မာစွာရပ်နေသည်။ သူက လက်သီးဆုပ်ထားပြီး အော်ဟစ်သည်။၊ “အချိန်ကိုက်ပဲ”
သူ့ပတ်ပတ်လည်တွင် ငွေရောင်သံချပ်ကာတစ်ခုကဲ့သို့ ငွေရောင်အလင်းတစ်ခု ပေါ်ထွက်လာသည်။
သူ့ခြေထောက်အောက်တွင် ငွေရောင်အလင်းက လင်းစက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရှန့်လင်းရွှမ်းတွင် ရှေးခေတ်သွေးမျိုးဆက်ရှိနေသည်။ ဟန်မူယဲ့က ငွေရောင်စက်ကွင်းကို မြင်လိုက်ရသောကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။
ရှေးခေတ် အမွေးရှည်ဆင်မျိုးနွယ်စုသည် ကမ္ဘာမြေစွမ်းအားကိုအသုံးပြု၍ ကြယ်များအားဖျက်ဆီးနိုင်သည့်စွမ်းအားကို ထုတ်ဖော်နိုင်သည်။ သူက ထိုအကြောင်းကို ရှေးခေတ်စာအုပ်များထဲတွင် ဖတ်ဖူးခဲ့သည်။
“ဘန်း!”
ရှန့်လင်းရွှမ်းက မိစ္ဆာတစ်ယောက်ကို လက်သီးထိုးချသည်။
ထိုမိစ္ဆာက ပေရာချီအထိလွင့်စင်သွားပြီး မြေပြင်ပေါ်တွင် လိမ့်သွားသည်။
ထိုလက်သီးချက်ကြောင့် ပြေးဝင်လာသောမိစ္ဆာများအားလုံး အံ့အားသင့်သွားသည်။
သို့သော် မြေပြင်ပေါ်တွင်လိမ့်သွားသောမိစ္ဆာက ပြန်ထလာပြီး ခန္ဓာကိုယ်ကို ထိကြည့်သည်။ သူ့မျက်နှာထားက ကြောက်ရွံ့မှုမှ အံ့အားသင့်မှုအဖြစ် ပြောင်းသွားသည်။
သူက ခပ်အုပ်အုပ်အော်ဟစ်သည်။
ကျန်မိစ္ဆာများက ပျော်ရွှင်စွာအော်ဟစ်လိုက်ပြီး ရှန့်လင်းရွှမ်းဆီသို့ ပြေးဝင်လာသည်။
ဟန်မူယဲ့က ခေါင်းခါသည်။
ဆင်မျိုးနွယ်သည် အတော်လေးငြိမ်းချမ်းပြီး စိတ်ရှိတိုင်းမသတ်ဖြတ်ပေ။
သူ့လက်သီးချက်သည် ပြိုင်ဘက်မိစ္ဆာကို တစ်ချက်တည်းနှင့်ဖောက်ခွဲပစ်ပြီး ကျန်မိစ္ဆာများအားလုံးကို ခြောက်လှန့်သင့်သည်။
တစ်ယောက်ကိုသတ်ဖြတ်ပြီး လူတစ်ရာကို သတိပေးရမည်။
နှမြောစရာပင်ဖြစ်သည်။
မြေခွေးဖြူလေးက ဟန်မူယဲ့ဆီမှအကာအကွယ်ရရန် ရှန့်လင်းရွှမ်းကို ခေါ်လာခဲ့သည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။
ထိုလူငယ်၏စိတ်ထားအရ လျှို့ဝှက်နယ်မြေမှ အသက်ရှင်လျက်ပြန်ထွက်လာရန် မဖြစ်နိုင်ပေ။
“ထွက်သွားစမ်း ....”
ရှန့်လင်းရွှမ်းက ဟိန်းဟောက်လိုက်ပြီး လက်နှင့်ခြေထောက်များကိုလှုပ်ရှား၍ ပတ်ဝန်းကျင်တွင်ရှိသောမိစ္ဆာများကို ကန်ထုတ်ခဲ့သည်။
သို့သော် သူက သူတို့ကို မသတ်ပေ။ လွင့်ထွက်သွားသောမိစ္ဆာများသည် ဒဏ်ရာအပြင်းအထန်မရခဲ့ပေ။ သူတို့က ပိုမိုကြမ်းတမ်းသောပုံစံဖြင့် ထပ်မံပြေးဝင်လာသည်။
သူတို့လက်ထဲတွင်ရှိသော ဓားတိုများသည် ရှန့်လင်းရွှမ်း၏ခန္ဓာကိုယ်ကို ထိုးစိုက်လိုက်သည်။ သို့သော် ငွေရောင်အချို့ပဲ ထွက်လာသည်။
အဆုံးမရှိသောအနှောင့်အယှက်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသည်။
ရှန့်လင်းရွှမ်းက ဒေါသတကြီးဟိန်းဟောက်သည်။ သို့သော် မိစ္ဆာများက နောက်ဆုတ်မသွားပေ။
ဟန်မူယဲ့က ခေါင်းခါသည်။
သူက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။