အခန်း (၄၀၄)
Vol. 29 Ch. 404
“ရှောင်ပိုင်ပြောတာမှန်တယ်။ အစ်ကိုဟန်က နေရာတိုင်းမှာ သန်မာနေတာပဲ” ရှန့်လင်းရွှမ်းက မည်းမှောင်နေသောမျက်နှာထားဖြင့် ရေရွတ်လိုက်ပြီး အရှိန်နှေးသည်။
“အစ်ကိုဟန်၊ မိစ္ဆာတွေက ဘာဖြစ်လို့ အချင်းချင်းသတ်ဖြတ်နေတာလဲ” ရှန့်လင်းရွှမ်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
သူက ကြောင်မြီးတိုကလန်နှင့်လိုက်သွားပြီး ကြောင်ကတိုးကလန်ကိုသတ်ဖြတ်၍ သွေးမျိုးဆက်စွမ်းအားများလုယူနေသော တိုက်ပွဲကို စောင့်ကြည့်ခဲ့ရသည်။
ရှန့်လင်းရွှမ်း၏အမြင်တွင် သူတို့က အဆင့်နိမ့်ကလန်နှစ်ခုဖြစ်သောကြောင့် အချင်းချင်းကူညီသင့်သည်။
ကလန်ငယ်များအချင်းချင်း အဘယ်ကြောင့်သတ်ဖြတ်နေသနည်း။
“မိစ္ဆာတွေက ဘယ်လိုမျိုးဖြစ်သင့်တယ်လို့ မင်းထင်လဲ” ဟန်မူယဲ့က နောက်သို့လှည့်မကြည့်ဘဲ တည်ငြိမ်စွာမေးသည်။
‘မိစ္ဆာတွေက ဘယ်လိုမျိုးဖြစ်နေသင့်လဲ’
ဟွမ်ကျစ်ဟူက ခေါင်းလေးစောင်းလိုက်သည်။ သူမလက်ထဲတွင်ရှိသော မြေခွေးဖြူလေးက မျက်လုံးများမှေးကျဉ်းသည်။
ရှန့်လင်းရွှမ်းက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။ “တောင်ပိုင်းကုန်းမြေရဲ့မိစ္ဆာတွေကလည်း အချင်းချင်းသတ်ဖြတ်နေကြတယ်”
“မိစ္ဆာတွေက အချင်းချင်း သင့်မြတ်နေသင့်တယ်။ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေစရာမလိုဘူး”
ဆင်မျိုးနွယ်သည် ထိုသို့ဖြစ်နေနိုင်သည်။
ဟန်မူယဲ့က ရှန့်လင်းရွှမ်းကို လှည့်ကြည့်သည်။ “မင်းတို့ ဆင်မျိုးနွယ်က အစားကြီးတယ်။ အစားအစာတွေ လုံလုံလောက်လောက်မရှိရင် ဘာလုပ်မှာလဲ”
ဟန်မူယဲ့၏စကားကို ကြားလိုက်သောအခါတွင် ရှန့်လင်းရွှမ်းက ပြုံးသည်။ “ကျွန်တော်တို့က အတူတူစားသောက်ကြတယ်။ နည်းနည်းလေးရှိရင်တောင် ဝေမျှကြတယ်”
“ဝေမျှပြီးမစားနိုင်ရင်ရော ဘယ်လိုလုပ်မှာလဲ” ဟန်မူယဲ့၏စကားထဲတွင်ပါနေသော ခံစားချက်များကြောင့် ရှန့်လင်းရွှမ်း၏နှလုံးသားက တုန်ခါသွားသည်။
“အဲ့ဒီစားစရာက ကောင်းကင်ဘုံအဆင့်နဲ့ ပိုမြင့်တဲ့အဆင့်တွေကို ရောက်သွားစေနိုင်တယ်။ ပြီးတော့ တစ်ယောက်စာပဲရှိတယ်။ မင်းက အဲ့ဒီအတွက် တိုက်ခိုက်မှာလား”
‘တိုက်ခိုက်မှာလား’
ရှန့်လင်းရွှမ်းက ခေါင်းညိတ်သည်။
“တိုက်ခိုက်မှာပေါ့ ဒါပေမဲ့ ....”
ဟန်မူယဲ့က ဖြတ်ပြောသည်။ “တိုက်ခိုက်မယ်ဆိုမှတော့ အနိုင်ရတဲ့လူရှိလာလိမ့်မယ်။ တိုက်ပွဲက အဆပေါင်းတစ်ထောင်လောက်ကြီးမားသွားရင် သေဆုံးတာတွေ ရှိလာလိမ့်မယ်”
“ကလန်တွေက ကလန်တစ်ခုရဲ့ရှင်သန်မှုနဲ့သက်ဆိုင်တဲ့ အခွင့်အရေးတစ်ခုအတွက် တိုက်ခိုက်နေတာပဲ။ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းတွေ ရှိလာလိမ့်မယ်”
ရှန့်လင်းရွှမ်းက စကားမပြောပေ။
ဟန်မူယဲ့က သူမြင်ခဲ့ရသော ကြောင်မျိုးနွယ်များ၏တိုက်ပွဲအကြောင်းကို ပြောနေသည်။
ထို့ကြောင့် သူက ထိတ်လန့်ဖွယ်ကောင်းသည်ဟု ခံစားရပြီး ဖြေရှင်းရန် နည်းလမ်းမရှိခြင်းဖြစ်သည်။
ဟန်မူယဲ့၏စကားများသည် မှန်သည်။
“မင်းက ငါပြောတာကို ယုံတယ်လား” ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
ရှန့်လင်းရွှမ်းက ကြောင်အသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် ခေါင်းခါသည်။ “မင်းမြင်ခဲ့ရတဲ့အရာတိုင်းက အပေါ်ယံပဲ”
“ရှေးခေတ်မိစ္ဆာတွေက မိစ္ဆာမျိုးနွယ်ရှင်သန်မယ်လို့ တွေးပြီး စည်းကမ်းတွေချမှတ်ခဲ့တဲ့အတွက် မိစ္ဆာကလန်တွေက အသန်းအသည်တိုက်ခိုက်နေတာပဲ”
“မင်းက ဒါကို ကစားပွဲတစ်ခုအဖြစ် မြင်နိုင်တယ်။ စည်းကမ်းတွေကို တစ်ယောက်ယောက်က ပြုလုပ်ခဲ့တယ်”
“စည်းကမ်းချမှတ်ခဲ့တဲ့လူတွေက ကစားပွဲမှာပါဝင်တဲ့ မိစ္ဆာတွေရဲ့ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘူး”
“သူတို့က နောက်ဆုံးရလဒ်ကိုပဲ စိတ်ဝင်စားတယ်”
ဟန်မူယဲ့က ရပ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ “မင်းက စည်းကမ်းတွေကို ပြောင်းလဲချင်လား”
‘စည်းကမ်းတွေကို ပြောင်းလဲရမှာလား’
ရှန့်လင်းရွှမ်း၏မျက်နှာက ရှုပ်ထွေးနေသည်။ အချိန်အတော်ကြာသောအခါတွင် သူက ခေါင်းညိတ်သည်။ “ကျွန်တော်က တစ်ယောက်နဲ့တစ်ယောက် မသတ်ဖြတ်တာကို လိုချင်တယ်”
“မင်းက စည်းကမ်းကို ပြောင်းလဲချင်ရင် အရင်ဆုံး သတ်ဖြတ်ဖို့သင်ယူရမယ်” ဟန်မူယဲ့က ရှန့်လင်းရွှမ်း၏မျက်နှာကို ကြည့်သည်။
ဆင်သားရဲလူငယ်က မသက်မသာဖြစ်နေပြီး ဟန်မူယဲ့ကို မကြည့်ရဲပေ။ သူက လက်မြှောက်ပြီး ဟွမ်ကျစ်ဟူ၏ခြေထောက်ကို ညင်သာစွာဖိသည်။ ထို့နောက် ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး လေပြေလေညင်းတစ်ခုအဖြစ် ပြောင်းသွားသည်။
လူတစ်ယောက်၏သွေးမျိုးဆက်ထဲတွင် နက်ရှိုင်းစွာရှိနေသော အယူအဆများကို မပြောင်းလဲနိုင်ပေ။
ကြောင်မြီးတိုများကလည်း အတူတူပင်ဖြစ်သည်။ ဟန်မူယဲ့က သူတို့၏သွေးမျိုးဆက်မှတ်ဉာဏ်များကို ပြောင်းလဲပေးခဲ့သော်လည်း သူတို့၏ သတိကြီးသောစိတ်ကို မပြောင်းနိုင်ပေ။
စန်းရှန်၏အပြုအမူများသည် သွေးမျိုးဆက်ကြောင့် ဖြစ်ပေါ်လာခဲ့သည်။
ဆင်မျိုးနွယ်၏ နူးညံ့ညင်သာမှုသည်လည်း ထိုသို့ပင်ဖြစ်သည်။
ရှန့်လင်းရွှမ်းက ပြောင်းလဲချင်လျှင် အခွင့်အရေးတစ်ခုလိုအပ်သည်။
ဟန်မူယဲ့နှင့်ရှန့်လင်းရွှမ်းက အချိန်အတော်ကြာသည်အထိ ပြေးလွှားခဲ့သည်။
မိုင်တစ်သောင်းခန့် ခရီးသွားပြီးသောအခါတွင် ဟွမ်ကျစ်ဟူက ရှန့်လင်းရွှမ်း၏ပခုံးပေါ်မှတစ်ဆင့် ကောင်းကင်ကြိုးကြာ၏နောက်ကျောပေါ်သို့ ရောက်သွားပြီး နှစ်ခြိုက်စွာအိပ်နေသည်။
မြေခွေးဖြူလေးသည် တောက်ပနေသောမျက်လုံးများဖြင့် ရှန့်လင်းရွှမ်း၏ပခုံးပေါ်တွင် ရပ်နေသည်။
“အီအီ ....”
မြေခွေးဖြူလေးက အသံပြုလိုက်သည်။
ရှန့်လင်းရွှမ်းက ရပ်တန့်လိုက်ပြီး တီးတိုးပြောသည်။ “အစ်ကိုဟန်၊ မြေခွေးကလန်ရဲ့နယ်မြေကို ရောက်လာပြီလို့ ရှောင်ပိုင်က ပြောတယ်”
သူတို့က မိုင်ထောင်ချီခရီးသွားပြီး မြေခွေးကလန်၏နယ်မြေသို့ ရောက်လာသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များ လှုပ်ရှားလာသည်။
မြေခွေးကလန်သည် မိစ္ဆာတစ်သောင်းကလန်များကြားတွင် အားကောင်းသောကလန်တစ်ခု မဟုတ်ပေ။ သို့သော် သူတို့က အားမနည်းပေ။
သူတို့ရှေ့တွင်ရှိသော မြေခွေးများသည် အတော်လေးသန်မာသည်။
အဆုံးမရှိသော ရွှံ့အိမ်နှင့် ကျောက်တုံးအိမ်များကိုမြင်နိုင်ပြီး အတော်လေးကြီးမားသော ဈေးတန်းတစ်ခုလည်း ရှိနေသည်။
ဟန်မူယဲ့တို့ရောက်လာသောအခါတွင် ပုံရိပ်များပျံသန်းလာသည်။
“ဆင်သားရဲလား”
“လူသားလား”
“အမ်၊ ဒါက .... သန့်စင်လိုက်တဲ့သွေးမျိုးဆက်ပဲ”
ပုံရိပ်တချို့က ပေတစ်ရာအကွာတွင်ရပ်လိုက်ပြီး ရှန့်လင်းရွှမ်း၏ပခုံးကို စိုက်ကြည့်နေသည်။
မြေခွေးဖြူလေးက မျက်လုံးများမှေးကျဉ်းလိုက်ပြီး သွေးမျိုးဆက်စွမ်းအားအချို့ကို ထုတ်ဖော်သည်။
ထိုသွေးမျိုးဆက်စွမ်းအားကြောင့် မျက်နှာချင်းဆိုင်တွင်ရပ်နေသောပုံရိပ်က အနည်းငယ်တုန်ခါသွားသည်။
အစိမ်းဖျော့ရောင်သန်းနေသော နားရွက်များနှင့် မီးခိုးရောင်ဝတ်စုံကိုဝတ်ထားသော မြေခွေးမိစ္ဆာဖြစ်သည်။
အစိမ်းရောင်မြေခွေးကလန်သည် အားနည်းသော သွေးမျိုးဆက်ကလန်တစ်ခု ဖြစ်သည်။
မြေခွေးများကြားတွင် အမြီးကိုးချောင်းကောင်းကင်မြေခွေးများသည် အမြင့်မြတ်ဆုံးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။
သူတို့သည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သည်။
ဟန်မူယဲ့က ရှန့်လင်းရွှမ်း၏ပခုံးပေါ်တွင်ရှိနေသော မြေခွေးဖြူလေးကို လှည့်ကြည့်သည်။
မြေခွေးဖြူလေး၏ဘိုးဘေးများသည် ကောင်းကင်မြေခွေးဖြစ်သည်။
ထိုကောင်းကင်မြေခွေးများသည် အမြီးခြောက်ချောင်းရှိပြီး သွေးမျိုးဆက်အမွေအနှစ်သည် အလွန်အားကောင်းသည်။
အစိမ်းရောင်မြေခွေးကလန်ဝင်အချို့သည် သွေးမျိုးဆက်ဖိအားကို တောင့်မခံနိုင်သောကြောင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
ထိုအရာသည် မိစ္ဆာသွေးမျိုးဆက်များ၏ ကြောက်မက်ဖွယ်ကောင်းသောအချက်ဖြစ်သည်။
သွေးမျိုးဆက်ဖိအားသည် တစ်ခါတလေတွင် အကျိုးအကြောင်းမသင့်ပေ။
အမှန်အတိုင်းပြောရလျှင် လူသားများတွင် သွေးမျိုးဆက်ဖိအားမရှိသော်လည်း ဂိုဏ်းများ၊ မိသားစုကြီးများနှင့် တိုင်းပြည်များ ချမှတ်ထားသော စည်းကမ်းအမျိုးမျိုးသည် သွေးမျိုးဆက်ဖိအားထက် ပိုမိုဆိုးဝါးသည်။
အဝေးတစ်နေရာတွင် ပုံရိပ်များပြေးဝင်လာသည်။
ရှန့်လင်းရွှမ်းက မြေခွေးဖြူလေးကိုသယ်ထားပြီး ရှေ့ဆက်လျှောက်သွားသည်။
အစိမ်းရောင်မြေခွေးကလန်ဝင်များက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်သည်။
လူတချို့က တီးတိုးရေရွတ်သည်။ တချို့က စိတ်လှုပ်ရှားစွာအော်ဟစ်သည်။
အိပ်ယာနိုးလာသောဟွမ်ကျစ်ဟူက ကောင်းကင်ကြိုးကြာ၏နောက်ကျောပေါ်တွင်နေ၍ ပတ်ဝန်းကျင်ကို စပ်စုနေသည်။
“မြေခွေးဖြူလား”
ရှေ့တွင် မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဆယ်ပေရှည်သော တောင်ဝှေးတစ်ချောင်းနှင့် မတ်တပ်ရပ်နေသည်။
လူအိုကြီးက လောဘအချို့နှင့်အတူ မြေခွေးဖြူလေးကိုကြည့်သည်။
“မြင့်မြတ်တဲ့အရှင်၊ ကျေးဇူးပြုပြီး ယဇ်ပလ္လင်ဆီကို သွားပေးပါ”
လူအိုကြီးက နောက်သို့ခြေတစ်လှမ်းဆုတ်ပြီး ဦးညွှတ်၍ ရှေ့သို့ညွှန်ပြသည်။
ရှန့်လင်းရွှမ်းက ရှေ့မှလျှောက်သွားသည်။ ဟန်မူယဲ့နှင့် တောင်ပံခတ်နေသောကောင်းကင်ကြိုးကြာက နောက်မှလိုက်လာသည်။
မီးခိုးရောင်ဝတ်စုံနှင့်လူအိုကြီးက ခေါင်းငုံ့ထားပြီး ရှန့်လင်းရွှမ်းကိုကြည့်သည်။ ထို့နောက် ဟန်မူယဲ့နှင့် ကောင်းကင်ကြိုးကြာကို လှည့်ကြည့်သည်။
သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အကြိမ်ရေအနည်းငယ် လှုပ်ရှားလိုက်သည်။
ဟန်မူယဲ့က နောက်သို့လှည့်မကြည့်ဘဲ တည်ငြိမ်သောမျက်နှာထားဖြင့် ရှေ့ဆက်လျှောက်သွားသည်။
သူတို့က ဈေးလမ်းသို့ ရောက်လာသောအခါတွင် အစိမ်းရောင်မြေခွေးမိစ္ဆာများအားလုံးက မြေပြင်ပေါ်တွင် ဒူးထောက်ထားသည်။
သူတို့၏ရှေ့တွင် ကျယ်ဝန်းသောရင်ပြင်တစ်ခုရှိသည်။ ရင်ပြင်၏အလယ်တွင် အစိမ်းရောင်၊ အဖြူရောင်ကျောက်တုံးများနှင့် ပြုလုပ်ထားသော ပေငါးဆယ်မြင့်မားသည့် ယဇ်ပလ္လင်တစ်ခုရှိနေသည်။
ယဇ်ပလ္လင်ထက်တွင် အဝါဖျော့ရောင်မီးလုံးတစ်လုံး ရှိနေသည်။
မီးတောက်သည် တိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက ပုံရိပ်ယောင်ဆန်သည်။
ဤကလန်သည် ခွန်အားနှင့်အရေအတွက်တွင် ကြောင်မြီးတိုကလန်ထက် အဆပေါင်းများစွာသန်မာသည်။
သွေးမျိုးဆက်မီးတောက်စွမ်းအားသည်လည်း ပိုမိုသန်မာနေသည်။
ရှန့်လင်းရွှမ်းက ကျောက်တုံးပြာရင်ပြင်ပေါ်တွင် ရပ်တန့်လိုက်သည်။ သူ့ပတ်ပတ်လည်တွင် ဒူးထောက်နေသောမိစ္ဆာများရှိသည်။
ရှန့်လင်းရွှမ်၏ပခုံးပေါ်တွင် မြေခွေးဖြူလေးက ထရပ်လိုက်ပြီး ခုန်ထွက်သွားသည်။
“ဝီ!”
ယဇ်ပလ္လင်၏နောက်မှ လေဓားသွားတစ်ခုပေါ်ထွက်လာပြီး မြေခွေးဖြူလေးကို ခုတ်ချသည်။
ရှန့်လင်းရွှမ်းက မျက်လုံးပြူးသွားပြီး လက်သီးဆုပ်၍ ထိုးချလိုက်သည်။
“ဘန်း!”
လက်သီးချက်မှထွက်ပေါ်လာသော လေပြင်းများသည် လေဓားသွားကို ပျက်စီးသွားစေသည်။
သို့သော် နေရာအနှံ့မှ ဒါဇင်ချီနေသောလေဓားသွားများ ချက်ချင်းပေါ်ထွက်လာသည်။
အစိမ်းရောင်ချပ်ဝတ်နှင့်လူများက သူ့ကို ဝိုင်းထားသည်။
တောင်ဝှေးများကိုင်ထားသော အစိမ်းရောင်မြေခွေးကလန်မှ အကြီးအကဲငါးဦး၏ သွေးနှင့်ချီများသည် လေးလံလာသည်။ သူတို့က အလင်းလွှာတစ်ခုကိုဖန်တီးပြီး မြေခွေးဖြူလေး၏ရှေ့တွင်ရှိသော ယဇ်ပလ္လင်ကို ကာကွယ်ထားသည်။ ထို့နောက် ပုံရိပ်ယောင်ဆန်သောလက်တစ်စုံရောက်လာပြီး မြေခွေးဖြူလေးကို ဖမ်းဆွဲသည်။
လက်များကြားသို့ရောက်သွားလျှင် မြေခွေးဖြူလေး၏ခန္ဓာကိုယ်သည် ချက်ချင်းပေါက်ကွဲသွားနိုင်သည်။
မြေခွေးဖြူလေးသည် အစိမ်းရောင်မြေခွေးကလန်၏ သွေးမျိုးဆက်စွမ်းအားကို လိုချင်သည်။ အစိမ်းရောင်မြေခွေးကလန်ကလည်း သူမကို လိုချင်နေသည်။
မြေခွေးများ၏ တော်ဝင်မျိုးနွယ်ဖြစ်သော ကောင်းကင်မြေခွေးသွေးမျိုးဆက်သည် အလွန်အဖိုးတန်သည်။
အစိမ်းရောင်မြေခွေးကလန်၏ အကြီးအကဲငါးဦးက ပျော်ရွှင်သွားသည်။
အားနည်းသောကောင်းကင်မြေခွေးတစ်ကောင်ကို မြင်လိုက်ရသောကြောင့် သွေးမျိုးဆက်စွမ်းအားကိုထုတ်ယူရန် တွေးမိခဲ့သည်။
အစိမ်းရောင်မြေခွေးကလန်သည် တိုးတက်လာတော့မည်။
ရှန့်လင်းရွှမ်းက ဒေါသထွက်နေပုံပေါ်သည်။ သူက ခုံးပေါ်တွင်လွယ်ထားသောလေးကို ဖြုတ်ယူလိုက်သည်။
ဟွမ်ကျစ်ဟူက လက်ထဲတွင် ဆေးလုံးတစ်လုံးကိုင်ထားပြီး မြေခွေးဖြူလေးကို စိုးရိမ်စွာစောင့်ကြည့်နေသည်။
ဟန်မူယဲ့က ခေါင်းခါသည်။
မသတ်ဖြတ်ရဲသောရှန့်လင်းရွှမ်းက တိုက်ခိုက်နိုင်စွမ်းကို ထုတ်မပြနိုင်ပေ။
သူက လေထုထဲတွင်ရပ်တန့်နေသော မြေခွေးဖြူလေးကိုကြည့်သည်။
မြေခွေးဖြူလေးက သူ့အကူအညီကို လိုချင်သည့်အတွက် သူ့ကို လာရှာခဲ့သည်။