← Chapters

ကောင်းကင်မီးတောက်သားရဲများ

Vol. 114 Ch. 1580

ကောင်းကင်မီးတောက်သားရဲများ

Vol. 114 Ch. 1580

“အဲ့ဒါဘာလဲ”

ကျန်းရီ ချက်ချင်းထရပ်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်၏။ သူ ကောင်းကင်စိတ်အာရုံ ထပ်မံထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ မကြာခင်မှာပင် ကောင်းကင်ဝါးမျိုသားရဲ ပြောသည့် ကောင်းကင်မီးတောက်သားရဲများကို သူ အာရုံခံမိလိုက်သည်။

ချော်ရည်များက ပွက်ပွက်ထနေပြီး အနီရောင်အစက်ကလေးများက မိကျောင်းများကဲ့သို့ လှုပ်ရှားနေကြ၏။ ထို့နောက် ၎င်းတို့က ထက်ရှသောဓားများအလား အထက်သို့ ပျံတက်လာကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းတို့က အနည်းဆုံး အရေအတွက်သောင်းချီကြောင်း ကျန်းရီသိလိုက်သည်။ ထိုကောင်းကင်မီးတောက်သားရဲများက လက်သီးဆုပ်လောက်သာကြီးပြီး အနီရောင်ဖြစ်သည်။ ၎င်းတို့က ခန္ဓာကိုယ်အစစ် ရှိသည်ဟု မထင်ရဘဲ မီးတောက်လုံးများဟုသာ ထင်ရသည်။ သို့သော် ထိုမီးတောက်လုံးများ၏ အလယ်တွင် ကြည်လင်မည်းနက်သော အေးစက်စက် မျက်ဝန်းများ ရှိနေပေသည်။ ၎င်းတို့က ချော်ရည်ထဲတွင်ပင် ရှင်သန်နိုင်ရာ မိုးမြေထူးခြားမီးတောက်များကိုလည်း ထုတ်လွှတ်နိုင်လောက်သည်။

ဗွမ်း...ဗွမ်း...ဗွမ်း...

ချော်ရည်ကန်ထဲမှနေ၍ ကောင်းကင်မီးတောက်သားရဲများ တစ်ကောင်ပြီးတစ်ကောင် ပျံထွက်လာ၏။ ထို့ကြောင့် ကျန်းရီ တွေးတောနေရန် အချိန်များစွာ မရပေ။ သူ ချက်ချင်းပင် ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲ၌ ဗျပ်စောင်းအိုတစ်လက် ထွက်ပေါ်လာသည်။ ကျန့်ရှမျိုးနွယ်ဝင်များက ကောင်းကင်မီးတောက်သားရဲများကို မတားနိုင်လျှင် သူ့ဗျပ်စောင်းကလည်း အသုံးဝင်မည် မဟုတ်ချေ။ ထိုအခါ သူ ပြဿနာအကြီးကြီး တက်ပေလိမ့်မည်။

ကျန့်ရှမျိုးနွယ်ဝင်များက သက်ရှိများ မဟုတ်ဘဲ ရုပ်သေးရုပ်များသာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က မြင့်မားသော အပူချိန်ကို မကြောက်ကြပေ။ ကျန်းရီသည် ၎င်းတို့ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်၏။ ကျန့်ရှမျိုးနွယ်ဝင်များသည် ထွက်လာချင်းချင်း မီးလောင်ကျွမ်းမသွားကြပေ။ ယင်းမှာ ၎င်းတို့က မြင့်မားသော အပူချိန်ကို ခံနိုင်သည်ဆိုသော အဓိပ္ပာယ်ပင်။

ဝှစ်...ဝှစ်...ဝှစ်...

ကျန့်ရှမျိုးနွယ်ဝင်များသည် တစ်ကောင်ပြီးတစ်ကောင် အရှေ့သို့ ပျံသန်းသွား၏။ ၎င်းတို့သည် ချော်ရည်ကန်ထဲမှ ပျံထွက်လာကြသော ကောင်းကင်မီးတောက်သားရဲများကို ဆူးချွန်များနှင့် ပစ်လိုက်ကြသည်။ ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင် နှစ်သောင်းလောက်သာ ထုတ်လိုက်သော်လည်း ဆူးချွန်နှစ်သိန်းနီးပါး ပျံထွက်သွားပေသည်။

သို့သော် ဆက်၍ဖြစ်လာသော အဖြစ်အပျက်က ကျန်းရီကို စိတ်ဓာတ်ကျသွားစေသည်။

ဆူးချွန်များသည် ကောင်းကင်မီးတောက်သားရဲများကို မထိမှန်နိုင်သေးခင်မှာပင် အရည်ပျော်သွားကြသည်။ ၎င်းတို့က မတိုက်ခိုက်နိုင်ခဲ့ရုံသာမက သားရဲများ အနားကိုပင် မကပ်နိုင်ခဲ့ချေ။ ထိုဆူးချွန်များက အသုံးမဝင်ကြောင်း ထင်ရှားသွားပေပြီ။ ထို့ကြောင့် ကျန့်ရှမျိုးနွယ်ဝင်များကို အရှေ့သို့ ဆက်သွားခိုင်းလျှင်လည်း ဘာအကျိုးမှ ရှိတော့မည် မဟုတ်ပေ။

တန်...တောင်...

ကျန်းရီ ဗျပ်စောင်းကို ခပ်ကြမ်းကြမ်း တီးခတ်လိုက်၏။ ထိုဗျပ်စောင်းက မဆိုးပေ။ အနည်းဆုံးတော့ ၎င်းက အရည်ပျော်မသွားချေ။ ကျန်းရီ စောင်ကြိုးကို တီးခတ်လိုက်သည်နှင့် စောင်းသံက ပတ်ဝန်းကျင်တစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားပေသည်။

ဤတစ်ခေါက်တွင် အတန်ငယ် အသုံးဝင်ခဲ့သည်။

ကောင်းကင်မီးတောက်သားရဲများ၏ ရေခဲတမျှ အေးစက်သော မျက်ဝန်းများထဲတွင် အနီရောင်သန်းလာ၏။ ၎င်းတို့ အတန်ငယ် နှေးသွားကြသည်။ သို့သော် ကျန်းရီထံသို့ ပျံဝင်လာနေဆဲပင်။ ကောင်းကင်မီးတောက်သားရဲများ နီးကပ်လာသောအခါ ကျန်းရီ ရပ်နေသော နေရာမှ အပူချိန်ကလည်း မြင့်တက်လာ၏။ ဗျပ်စောင်းသည် အပူဒဏ်ကို ဆက်မခံနိုင်တော့ဘဲ မီးလောင်သွားသည်။ ကျန်းရီတွင် ကျန်သည့် တစ်လက်တည်းသော ဗျပ်စောင်းက ယခုတွင် ပျက်စီးသွားပေပြီ။

ရွှီး...

ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာ၏။ ထို့နောက် ကျန်းရီ အော်ပြောလိုက်သည်။

“ကျန့်ရှဘုရင် ပေါင်းစည်းလိုက်”

ရွှစ်...

ကျန့်ရှဘုရင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မီးနဂါးဓားထဲ ပျံဝင်သွားသည်။ ယခု ကျန်းရီသည် သူ၏ နောက်ဆုံးဆန်းကြယ်စွမ်းရည်ကို အသုံးပြုပေတော့မည်။ ၎င်းကလည်း အသုံးမဝင်သေးလျှင် ဤတစ်ခေါက် သူနှင့် သားရဲလေးတို့ သေရပေလိမ့်မည်။

ကျန်းရီ ကျောက်စွန်းကို ခြေတစ်ဘက်ဖြင့် ဆောင့်၍ မြားတစ်စင်းအလား အထက်သို့ ခုန်တက်လိုက်၏။ အနီးတွင် ကျန့်ရှမျိုးနွယ်ဝင်များစွာ ရှိနေသည်။ ကောင်းကင်မီးတောက်သားရဲများက ၎င်းတို့အား ဖျက်ဆီးပစ်မည်ကို သူမလိုလားချေ။ ဆောင်းဥတုပုလဲထဲ၌ ကျန့်ရှမျိုးနွယ်ဝင်များ သိပ်မကျန်တော့ပေ။

ရွှီး...

မီးနဂါးဓားပေါ်မှ နဂါးပုံ လေးပုံက စတင်ရွေ့လျားလာပြီး သွေးနီရောင် လင်းလက်လာ၏။ ၎င်းတို့၏ မကောင်းသောအရှိန်အဝါက တိပ်နီတစ်အုပ်အဖြစ် စုစည်းသွားပြီး ရာချီသော ကောင်းကင်မီးတောက်သားရဲများကို လွှမ်းခြုံလိုက်၏။

“ကောင်းတယ်...”

ကောင်းကင်မီးတောက်သားရဲများ၏ မျက်လုံးများက နီရဲလာကြောင်း ကျန်းရီ တွေ့လိုက်၏။ ရုတ်ခြည်း သူ ဝမ်းမြောက်စွာဖြင့် လေထဲတွင် လှည့်ပတ်လိုက်၏။ သူသည် လှည့်ပတ်ရင်း မီးနဂါးဓားမှ မကောင်းသောအရှိန်အဝါကို ဆက်ထုတ်ကာ သူ့အရှေ့မှ ကောင်းကင်မီးတောက်သားရဲများကို မကောင်းသောအရှိန်အဝါနှင့် လွှမ်းခြုံလိုက်သည်။

ကျန်းရီ၏ ခန့်မှန်းချက်က မှန်ခဲ့သည်။ အစောတွင် သူ ဗျပ်စောင်းတီးလိုက်စဉ်၌ ကောင်းကင်မီးတောက်သားရဲများ မျက်လုံးအနီရောင်သန်းလာကာ နှေးသွားခဲ့၏။ ယင်းမှာ နတ်ဘုရားအသံစည်းမျဉ်းများက ၎င်းတို့အပေါ် သက်ရောက်နိုင်သည်ဆိုသော အဓိပ္ပာယ်ပင်။ ထို့ကြောင့် မကောင်းသောအရှိန်အဝါကလည်း ၎င်းတို့အပေါ် သက်ရောက်နိုင်ပေလိမ့်မည်။ သူ့မီးနဂါးဓားထဲမှ မကောင်းသောအရှိန်အဝါက သူ့ဂီတထဲမှ မကောင်းသောအရှိန်အဝါထက် ပိုအားကောင်းပေသည်။

“တမုန့်... မင်းက စွမ်းလိုက်တာ”

ကောင်းကင်ဝါးမျိုသားရဲသည် ထောင့်တစ်နေရာတွင် ထိုင်ကာ ကျန်းရီ ကောင်းကင်မီးတောက်သားရဲများအား ဖိနှိပ်သည်ကို ကြည့်နေ၏။ ၎င်းသည် ကျန်းရီထံသို့ လျင်မြန်စွာ အသံပို့လွှတ်၍လည်း ပြောလိုက်သည်။

“မြန်မြန်... သူတို့ကို ဆက်ဖိနှိပ်ထား။ မကြာခင် ငါ သူတို့ကို ငါ့ရဲကျွန်တွေ ဖြစ်သွားအောင် လုပ်နိုင်တော့မယ်”

“တကယ်လား”

ကျန်းရီ ထပ်မံ၍ ဝမ်းသာသွား၏။ သားရဲလေးသည်ပင် ထိုကောင်းကင်ဝါးမျိုသားရဲများကို မယှဉ်နိုင်ခဲ့ပေ။ ၎င်းသားရဲများက မိုးမြေထူးခြားမီးတောက်များမှ ပေါက်ဖွားလာခြင်းပင်။ ကျန့်ရှမျိုးနွယ်ဝင်များ၏ ဆူးချွန်များကလည်း ၎င်းတို့အနား မကပ်နိုင်ခင်မှာပင် အရည်ပျော်သွားခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က အလွန်စွမ်းအားကြီးကြပေလိမ့်မည်။ အကယ်၍ သားရဲလေးကသာ ၎င်းသားရဲများကို ထိန်းချုပ်နိုင်မည်ဆိုလျှင် သူ၏တိုက်ခိုက်စွမ်းအားက များစွာတိုးတက်လာမည်ဖြစ်သည်။

ရွှီး...ရွှီး...

ထိုအခိုက်တွင် မီးနဂါးဓားက မကောင်းသောအရှိန်အဝါများကို လျင်မြန်သောနှုန်းဖြင့် ထုတ်လွှတ်နေသည်။ ကောင်းကင်မီးတောက်သားရဲများ၏ မျက်လုံးများက စက္ကန့်နှင့်အမျှ နီရဲလာ၏။ ၎င်းတို့ လေထဲတွင် ယိမ်းထိုးနေကြသည်။ စူးရှစွာလည်း အော်ဟစ်နေကြသည်။ မကောင်းသောအရှိန်အဝါများက ၎င်းတို့ကို အပြည့်အဝ ဖိနှိပ်ထားနိုင်ပုံပင်။

ဝှစ်...

ကောင်းကင်ဝါးမျိုသားရဲသည် ကျန်းရီထံသို့ ပျံသန်းသွားလိုက်၏။ ၎င်း၏ဦးခေါင်းထိပ်ရှိ ရွှေရောင်ဦးချိုကလည်း တောက်ပလာသည်။ ဦးချိုမှ ရွှေရောင်အလင်းက ၎င်းအရှေ့ရှိ ကောင်းကင်မီးတောက်သားရဲများအပေါ် ဖြာကျသွား၏။ တဖြည်းဖြည်းဖြင့် ကောင်းကင်မီးတောက်သားရဲများ၏ မျက်လုံးများထဲမှ နီရဲမှုက ပျောက်ကွယ်လာသည်။ ထိုအခါ သားရဲလေးက ကျန်းရီထံ အသံပို့လွှတ်လိုက်၏။

“ရပြီ... အဲ့ကောင်းကင်မီးတောက်သားရဲတွေကို ထိန်းချုပ်ပြီးပြီ။ သူတို့ကို မတိုက်ခိုက်နဲ့တော့”

“ဟုတ်ပြီကွ...”

ကျန်းရီ အောင်ပွဲခံလိုက်၏။ သူ အရှေ့မှ ကောင်းကင်မီးတောက်သားရဲများကို ဆက်မဖိနှိပ်တော့ဘဲ သူ့ထံသို့ ပျံသန်းလာနေကြသည့် အနောက်မှ သားရဲများကို အာရုံစိုက်လိုက်သည်။ သူ ထိုသို့လုပ်နေစဉ်တွင် ကောင်းကင်ဝါးမျိုသားရဲက ထိန်းချုပ်ပြီးသော ကောင်းကင်မီးတောက်သားရဲများက ၎င်းအနောက်တွင် သွားရပ်နေစေလိုက်၏။

ကျန်းရီသည် သူ့အနောက်ရှိ ကောင်းကင်မီးတောက်သားရဲတပ်ကြီးကို လှည့်ကြည့်လိုက်၏။ သူ စိတ်အေးလာပေပြီ။ တဖြည်းဖြည်းဖြင့် သူ့အနောက်တွင် ကောင်းကင်မီး‌တောက်သားရဲများ ပိုများလာသည်။ အပူချိန်ကလည်း အလွန်မြင့်တက်လာရာ ကျန့်ရှမျိုးနွယ်ဝင်များ စတင် မီးလောင်လာကြ၏။ ကျန်းရီ ၎င်းတို့ကို အရေးမစိုက်တော့ပေ။ ကျန့်ရှမျိုးနွယ်ဝင်အားလုံး မီးလောင်သွားမည်ဆိုလျှင်လည်း ရှိစေတော့။

ငါးမိနစ်ကြာပြီးနောက် ချော်ရည်ကန် ပြန်တည်ငြိမ်လာသည်။ ကန်ထဲမှနေ၍ ကောင်းကင်မီးတောက်သားရဲများ ထပ်ထွက်မလာတော့ပေ။ ကျန်းရီအနောက်ဘက်တွင် သားရဲများ ပြည့်နှက်နေသည်။ ၎င်းတို့သည် သဲဝါပိုးကောင်အုပ်ကြီးကဲ့သို့ စုဝေးနေကြသည်။ ၎င်းတို့က အနည်းဆုံး အကောင်ရေ သုံးသိန်းကျော် လေးသိန်းလောက် ရှိပေလိမ့်မည်။

ဟူး...

ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် ချလိုက်၏။ သူ့ရင်ထဲမှ အလုံးကြီးတစ်လုံး ကျသွားပေပြီ။ မီးနဂါးဓားထဲမှ မကောင်းသောအရှိန်အဝါက ကောင်းကင်မီးတောက်သားရဲများကို ဖိနှိပ်နိုင်ခဲ့၍ တော်သေးပေသည်။ မဟုတ်လျှင် သူရော ကောင်းကင်ဝါးမျိုသားရဲလေးပါ စုတ်ဖြဲပစ်ခံခဲ့ရမည်ဖြစ်သည်။

ကျန်းရီသည် အနီးကပ်ကြည့်သောအခါ ကောင်းကင်မီးတောက်သားရဲများ၌ ရုပ်ခန္ဓာရှိကြောင်း တွေ့လိုက်ရ၏။ သို့သော် ၎င်းတို့၏ ခန္ဓာကိုယ်က မီးတောက်လောင်နေသဖြင့် ၎င်းတို့ကို မီးတောက်လုံးတစ်လုံးနှင့် တူနေစေပေသည်။ ထိုသားရဲများ၏ ပါးစပ်က အနီရောင်ဖြစ်ပြီး ပါးစပ်ထဲတွင် သွားသေးသေးလေးများ ရှိသည်။ ၎င်းတို့ကိုသာ သူ့အား ဝိုင်းကိုက်စေလိုက်လျှင် ထိုသွားလေးများက သူ၏အရိုးများကို ကိုက်ဝါးပစ်နိုင်လိမ့်မည်လောဟု ကျန်းရီ တွေးလိုက်၏။

ကျန်းရီ ခေတ္တမျှ ငြိမ်နေပြီးနောက် မေးလိုက်သည်။

“ရှောင်မုန့်... မင်း အဲ့ကောင်းကင်မီးတောက်သားရဲတွေကို မယှဉ်နိုင်ဘူးလား။ မီးတောက်တွေကလွဲလို့ သူတို့မှာ တခြားဘာတိုက်ခိုက်နည်းတွေ ရှိသေးလို့လဲ။ ဟုတ်သား... သူတို့အကုန်လုံးက မိုးမြေထူးခြားမီးတောက်တွေထဲက ထွက်လာခဲ့တာမလား”

“ငါ မသိဘူး”

သားရဲလေးက မျက်တောင်ပုတ်ခတ်၍ အသံပို့လွှတ်ကာ ပြန်ပြောလိုက်၏။

“ငါ့ သူတို့ကို မတိုက်ခိုက်တာ ငါ့ရင်ထဲမှာ သူတို့ကို ငါ မနိုင်လောက်ဘူးလို့ ခံစားနေရလို့။ သူတို့က ချော်ရည်ကန်ထဲက ထွက်လာတာပဲ။ ငါ မင်းပြောတဲ့ မိုးမြေထူးခြားမီးတောက်တွေကို တွေ့တောင်မတွေ့ဘူး”

“ဪ.. ဟုတ်လား...”

ကျန်းရီ ကောင်းကင်မီးတောက်သားရဲများကို ခေတ္တမျှ ဆက်လေ့လာစူးစမ်းလိုက်၏။ ၎င်းတို့၏ တိုက်ခိုက်စွမ်းရည်များက မည်မျှစွမ်းအားကြီးကြောင်း သူ မသိပေ။ သူ မဟာဇင်ပုလဲကို ထုတ်လိုက်ပြီး ကောင်းကင်မီးတောက်သားရဲများကို သိမ်းရန် ထိုပုလဲထဲမှ သဲဝါပိုးကောင်အားလုံးကို သတ်ပစ်ရန် ဟန်ပြင်လိုက်သည်။

‘မဟုတ်ဘူး..နေဦး...’

ကျန်းရီ ခေတ္တမျှ တွေးတောပြီးနောက် သူ့ကိုယ်သူ တားလိုက်သည်။ ထိုကောင်းကင်မီးတောက်သားရဲများကို စွမ်းအားကြီး မီးတောက်များက လွှမ်းခြုံထားသည်။ ၎င်းတို့က သာမန် လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်မည်ဆိုလျှင် ၎င်းအသုံးအဆောင်က ပြာကျမသွားနိုင်သလော။

ကျန်းရီသည် ကောင်းကင်မီးတောက်သားရဲ နှစ်ကောင်လောက်ကို မဟာဇင်ပုလဲထဲ စမ်းထည့်ကြည့်လိုက်၏။ အမှန်ပင် ပုလဲမှနေ၍ အစိမ်းရောင်မီးခိုးများ ထွက်လာသည်။ ပုလဲထဲမှ နေရာကလည်း လုံးဝပျက်စီးသွားသည်။ ထိုအခါ သဲဝါပိုးကောင်အားလုံးလည်း သေဆုံးသွားသည်။

‘ငါ သူတို့ကို မီးဝိညာဉ်ပုလဲထဲမှာ သိမ်းမှပဲ ရမယ်’

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်၏။ မီးဝိညာဉ်ပုလဲထဲတွင် မီးတောက်အမျိုးမျိုးကို သိမ်းနိုင်သည်။ ကောင်းကင်မီးတောက်သားရဲများကို မီးဝိညာဉ်ပုလဲထဲ ထည့်လိုက်မည်ဆိုလျှင်လည်း ကောင်းကင်ဝါးမျိုသားရဲလေးက ပုလဲထဲတွင် ရှင်သန်နိုင်လောက်သေးသည်။ တစ်ခုတည်းသော ပြဿနာမှာ မီးဝိညာဉ်ပုလဲထဲတွင် နေရာကျယ်ကျယ်မရှိခြင်းပင်။ ထိုပုလဲထဲတွင် အလွန်ဆုံးမှ ကောင်းကင်မီးတောက်သားရဲ အကောင်တစ်သောင်းကျော် နှစ်သောင်းလောက်သာ သိမ်းနိုင်လိမ့်မည်ဟု ကျန်းရီ ခန့်မှန်းပေသည်။

All Chapters