ဒီတစ်ခေါက် မင်း ဘယ်လိုထွက်ပြေးဦးမလဲဆိုတာ ကြည့်သေးတာပေါ့
Vol. 114 Ch. 1581
ကျန်းရီသည် ကောင်းကင်မီးတောက်သားရဲ အကောင်နှစ်သောင်းကို မီးဝိညာဉ်ပုလဲထဲ ထည့်လိုက်၏။ ထို့နောက် သူ ပတ်ဝန်းကျင်ကို ရှင်းလင်းကာ သူ၏ဗျပ်စောင်းနှင့် ကျန့်ရှမျိုးနွယ်ဝင်များကို ချော်ရည်ကန်ထဲ စွန့်ပစ်လိုက်သည်။ စွမ်းအားကြီး သိုင်းသမားများက သူတို့၏ ကောင်းကင်စိတ်အာရုံများနှင့် အာရုံခံလျှင် ထိုအရာများအား တွေ့သွားမည်ကို သူ စိုးရိမ်ပေသည်။
“တမုန့်... ငါ ထပ်သွားကြည့်လိုက်ဦးမယ်”
သားရဲလေးသည် ကောင်းကင်မီးတောက်သားရဲများကြောင့် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ခဲ့သော်လည်း ၎င်း၏အစာမက်သည့်စိတ်ကို မထိန်းချုပ်နိုင်သေးပေ။ ယခု ကျန်းရီက ကောင်းကင်မီးတောက်သားရဲများကို ဖိနှိပ်ပေးနိုင်ကြောင်း သိသွားပြီးနောက်တွင် ၎င်း ချော်ရည်ကန်ထဲသို့ ပြန်သွားလိုနေသည်။ ၎င်းသည် ကျန်းရီထံ အသံပို့လွှတ်ပြီးသည်နှင့် ချော်ရည်ကန်ဆီသို့ ထပ်မံသွားလိုက်လေသည်။
သားရဲလေးသည် သင်ခန်းစာရခဲ့ပြီးဖြစ်သည်။ ၎င်းသည် ကျန်းရီ မသိမ်းနိုင်ခဲ့သည့် ထိန်းချုပ်ပြီးထားသော ကောင်းကင်မီးတောက်သားရဲများကို ၎င်းနှင့်အတူ ခေါ်ကာ ချော်ရည်ကန်ထဲသို့ တိုက်ရိုက်ပျံသန်းသွားလိုက်သည်။ ကျန်းရီ ခါးသက်သက် ပြုံးလိုက်ပြီး ၎င်းကို ဂရုမစိုက်တော့ပေ။ အစောတွင် သားရဲလေးက ကောင်းကင်မီးတောက်သားရဲများကို နိုးထလာစေခဲ့ပြီးဖြစ်သည်။ အကယ်၍ ချော်ရည်ကန်ထဲတွင် အခြားသားရဲများ ရှိနေသေးလျှင် အစောကတည်းက ထွက်လာခဲ့လောက်ပေပြီ။ ယခုတွင် ချော်ရည်ကန်တစ်ကန်လုံး တည်ငြိမ်နေသည်။ ထို့ကြောင့် ကန်ထဲတွင် ကော်းကင်မီးတောက်သားရဲများမှလွဲ၍ အခြားသားရဲများ မရှိလောက်ဟု ကျန်းရီ ကောက်ချက်ချပေသည်။
မျှော်လင့်ထားသကဲ့သို့ပင်...
ငါးမိနစ်ကြာပြီးနောက် သားရဲလေး ပြန်ရောက်လာသည်။ ၎င်း၏ မျက်လုံးများက တောက်ပနေသည်။ ၎င်းသည် အဝေးကတည်းမှနေ၍ ကျန်းရီထံ အသံလှမ်းပို့လွှတ်၏။
“တမုန့်.. ထူးခြားမီးတောက်တွေက အရမ်းစွမ်းအားကြီးတာပဲ။ အဲ့မီးတောက်တွေက ငါ့မှတ်ဉာဏ်ထဲမှာ ရှိနေတယ်။ အဲ့မီးတောက်တွေက စွမ်းအားအကြီးဆုံး မိုးမြေမီးတောက်ဆယ်မျိုးထဲက နံပါတ်တစ်ဆယ်မြောက်မီးတောက်တွေပဲ.... မြက်ခင်းပြင်မီးတောက်လို့ ခေါ်တယ်။ တမုန့်... ငါ အဲ့မီးတောက်တွေရဲ့အလယ်မှာ စိမ်ချင်တယ်... ဒီတစ်ခေါက်က တော်တော်တော့ ကြာလိမ့်မယ်။ မင်း ဒီနေရာကနေ ထွက်သွားမှာလား”
“အာ...”
ကျန်းရီ ခေတ္တမျှ တွေးတောလိုက်၏၊ တော်တော်ကြာမည်ဆိုသည်မှာ မည်မျှကြာမည်နည်း။ သူ ဤနေရာမှ ထွက်သွားရပေမည်။ ထွက်မသွားလျှင် သူ ဘာလုပ်နေရမည်နည်း။ သေရန် စောင့်နေရမည်လော။ ဤနေတွင် မည်သည့် မိုးမြေဝိညာဉ်စွမ်းအင်မှ မရှိပေ။
ကျန်းရီ သားရဲလေးကို အသေးစိတ် မေးမြန်းလိုက်၏။ သို့သော် သားရဲလေးသည် အသေးစိတ် ပြန်မဖြေနိုင်ဘဲ ၎င်းက မီးတောက်များအလယ်၌ အနည်းဆုံး ဆယ်ရက် သို့မဟုတ် လဝက်လောက် နေရန် လိုအပ်ကြောင်းသာ ပြောနိုင်သည်။ ကျန်းရီ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“အဲ့ဒါဆိုလည်း သွားပါ။ တကယ်လို့ ငါ မဖြစ်မနေ ထွက်သွားခဲ့ရရင် မင်း ဒီမှာပဲ စောင့်နေပါ.. ဘယ်ကိုမှ လျှောက်မသွားနဲ့။ ငါ မင်းကို ပြန်လာခေါ်မယ်”
“ကောင်းပြီ... ကောင်းပြီ...”
သားရဲလေးသည် ကျန်းရီကို အလေးအနက် ကြည့်လိုက်ပြီးနောက် ချော်ရည်ကန်ထဲ ငုပ်ဝင်သွားလိုက်၏။ ကျန်းရီလည်း စွန့်စားရကောင်းနိုး တွေးလိုက်သည်။ နောက်ဆုံးတွင်မူ သူ မစွန့်စားရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် စွန့်စားစရာအကြောင်း မရှိပေ။ သူ့တွင် လုပ်စရာများစွာ ရှိနေသေးသည်။
ကျန်းရီ ပုန်းကွယ်ခြင်းအတတ် ပြန်သုံးကာ စိတ်ငြိမ်အောင် လုပ်လိုက်သည်။ သူ အနှစ်သာရကို သိမြင်နားလည်လိုနေသည်။ သူ့လက်ထဲတွင် နတ်ဘုရားသစ်ရွက် တစ်ရွက် ထွက်ပေါ်လာ၏။ ဤနေရာတွင် မိုးမြေဝိညာဉ်စွမ်းအင် မရှိပေ။ သို့သော် ယင်းက အရေးမကြီးချေ။ သူ့လက်ထဲတွင် နတ်ဘုရားသစ်ရွက်ကို ကိုင်ထားလျှင် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲတွင် ကျင့်ကြံနေသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် သူ မည်သည့်နေရာတွင် ရှိနေခြင်းက အရေးမကြီးတော့ပေ။
ပတ်ဝန်းကျင်က ပြန်၍ တိတ်ဆိတ်လာ၏။ ကောင်းကင်ဝါးမျိုသားရဲလေးက ချော်ရည်ကန်ထဲ ဝင်သွားပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် ၎င်းသည် အစောကကဲ့သို့ အော်ဟစ်၍ အကူအညီမတောင်းတော့ပေ။ နှစ်နာရီကြာပြီးနောက် ကျန်းရီ အပြည့်အဝ စိတ်တည်ငြိမ်လာပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ အနှစ်သာရကို လေ့လာရာတွင်သာ အာရုံအပြည့် စိုက်လိုက်လေသည်။
***
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ငါးရက် ကုန်သွားသည်။
အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား ခုနစ်ယောက်၊ ဘွဲ့ထူးရစစ်နတ်ဘုရား နှစ်သောင်းနီးပါးနှင့် မရေမတွက်နိုင်သော ထောက်လှမ်းရေးများသည် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေနှင့် အနီးတစ်ဝိုက်ကို သုံးကြိမ် ရှာဖွေခဲ့ကြသည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကိုပင် နှစ်ကြိမ် စေ့စေ့စပ်စပ် ရှာဖွေခဲ့သည်။
သို့သော် မည်သည်ကိုမှ ရှာမတွေ့သေးပေ။ သူတို့ သဲလွန်စတစ်ခုမှလည်း ရှာမတွေ့ချေ။ ကျန်းရီက လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင်။ စွမ်းအားကြီး သိုင်းသမားတစ်စုသည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲရှိ အကာအရံအစီအရင်ထဲတွင် စုဝေး၍ အခြေအနေကို ဆွေးနွေးကြ၏။ အချို့သည် သိမ်းငှက်စိမ်းဘုရင်နှင့် သိမ်းငှက်ဘုရင်လေးတို့က ကျန်းရီကို ခေါ်သွားပြီဟု သံသယရှိနေကြသည်။
ငါးရက် ကုန်သွားခဲ့ပေပြီ။ ယခုလောက်ဆို သိမ်းငှက်စိမ်းဘုရင်နှင့် သိမ်းငှက်ဘုရင်လေးတို့က မင်ရည်တောင်ပံဆန်းကြယ်နယ်မြေသို့ ပြန်ရောက်သွားလောက်ပြီဖြစ်သည်။ ထို့ကြောင့် သူတို့ အင်အားပူးပေါင်းကာ သွားတိုက်ခိုက်မည်ဆိုလျှင်ပင် ထိုဆန်းကြယ်နယ်မြေထဲတွင် ရှာဖွေခွင့်ရလိမ့်မည် မဟုတ်ချေ။ လူများစွာ စိတ်ဓာတ်ကျလာကြ၏။ သူတို့သည် ပြီးခဲ့သော ရက်အနည်းငယ်ကို ဖြုန်းတီးပစ်လိုက်မိသည်ဟု ခံစားနေကြရသည်။ ယခု သူတို့ ကိုယ့်လမ်းကိုယ် သွားလိုနေကြပြီဖြစ်သည်။
“အားလုံးပဲ...”
ကောင်းကင်ဘုရင်ဝူသည် စိတ်ဓာတ်ကျနေသော လူအုပ်ကို ကြည့်၍ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ကျုပ်ကို ယုံပါ။ ကျန်းရီက သိမ်းငှက်စိမ်းဘုရင်နဲ့ ပါမသွားပါဘူး။ သူ တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူ ပုန်းနေတဲ့ နေရာက ကျုပ်တို့ မထင်မှတ်ထားတဲ့နေရာတစ်ခု ဖြစ်နေပုံပဲ။ အားလုံးပဲ တစ်ကြိမ်လောက် ထပ်သွားရှာကြပါ။ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့နေရာတွေကို ပိုပြီး စေ့စေ့စပ်စပ် ရှာကြပါ။ ကျုပ် သိမ်းငှက်စိမ်းဘုရင်နဲ့အတူ တိုက်ပွဲတွေအများကြီး တိုက်ခဲ့ဖူးပါတယ်။ အရင်တုန်းက ကျုပ်က သူ့ရဲ့လက်ထောက်ပေါ့။ သူ့ရဲ့အကျင့်စရိုက်ကို ကျုပ် ကောင်းကောင်းသိတယ်။ သူက သေချာပေါက် ကျန်းရီကို ခေါ်သွားမှာ မဟုတ်ဘူး”
“အဲ့ဒါဆိုလည်း ကောင်းပါပြီ”
ကောင်းကင်ဘုရင်ဝူက ထိုသို့ပြောနေပြီဖြစ်၍ လူအုပ်သည် ရွေးချယ်စရာ မရှိတော့ဘဲ နောက်တစ်ကြိမ်ထပ်၍ သွားရှာရပေတော့မည်။ ကောင်းကင်ဘုရင်ဝူသည် ခေတ္တမျှ တွေးတောကာ အဖွဲ့များ ထပ်ခွဲပေးလိုက်သည်။ ထိုအဖွဲ့များ တာဝန်ယူရသော အပိုင်းဒေသများကလည်း ယခင်ကနှင့် ကွဲပြားသွားပြီဖြစ်သည်။ အဖွဲ့များသည် ၎င်းတို့တာဝန်ယူရသည့် အပိုင်းဒေသများကို အပြန်အလှန်လဲလှယ်ရ၏။ ထိုမှ လူများက ပို၍ဂရုစိုက်ကြမည်ဖြစ်ပြီး တစ်ခုခုကို လွတ်သွားနိုင်ခြေလည်း နည်းသွားမည်ဖြစ်သည်။
မကြာခင်မှာပင် အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်သွားကြသည်။ ဤတစ်ကြိမ်တွင် ကောင်းကင်ခွင်းတပ်သားနှစ်သိန်းလည်း သူတို့အတူ ရှာဖွေမည်ဖြစ်သည်။ ဟွင့်သွမ့်နတ်ဘုရားလှေက အစီးငါးရာကျော်ရှိရာ တပ်သားနှစ်သိန်းမှာ များသောအရေအတွက် ဖြစ်သော်လည်း အဖွဲ့များနှင့်အတူ လိုက်ပါနိုင်ကြပေသည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အလွန်အန္တရာယ်များသည်။ သူတို့ ဤဆန်းကြယ်နယ်မြေထဲရှိ အကာအရံအစီအရင်ထဲတွင် အမြဲနေနိုင်မည် မဟုတ်ပေ။ သူတို့ ကြာကြာနေလေလေ၊ မိစ္ဆာဓာတ်၏ လွှမ်းမိုးမှုကို ပိုခံရလေလေပင်။
ဤတစ်ခေါက်တွင် ချော်ရည်မြေရိုင်းရှိသည့် အပိုင်းဒေသကို ရှာရသည့်အဖွဲ့မှာ အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏အဖွဲ့ ဖြစ်သည်။ ထို အုပ်ချုပ်သူအဆင့် သိုင်းသမားမှာ ခြင်္သေ့ဝါဘုရင်ပင်။ သူက ခြင်္သေ့ဝါဘုံမှ ဘုံအရှင်ဖြစ်သည်။
ခြင်္သေ့ဝါဘုရင်၏ ဤရှာဖွေမှုအပေါ်ထားသည့် သဘောထားမှာလည်း မြစ်ဖြူဘုရင်၏ သဘောထားနှင့် အတူတူပင်။ သူက စိတ်မရှည်ပေ။ သို့သော် သူ၏ဂုဏ်သတင်းအတွက် သူက ပထမဆုံးထွက်သွားသည့်သူ အဖြစ်ခံနိုင်ပါချေ။ သို့သော် သူသည် ကိုယ်တိုင်လိုက်မရှာဘဲ သူ၏လက်အောက်ငယ်သားများကိုသာ ရှာခိုင်း၍ သူက အာကာသဟင်းလင်းပြင်တစ်နေရာမှနေ၍ ရှာဖွေမှုတစ်ခုလုံးကို ကြည့်နေပေသည်။
ဤတစ်ကြိမ်တွင်မူ ကောင်းကင်သည် ကျန်းရီအပေါ် သဘောမကောင်းတော့ပေ။
ခြင်္သေ့ဝါဘုံတွင် ထူးခြားမျိုးနွယ်တစ်ခုရှိသည်။ ထိုမျိုးနွယ်မှ လူများက အလွန်အနံ့ခံကောင်းကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေထဲသို့ ရောက်သွားပြီး သွေးနံ့တစ်ခုရခဲ့၏။ သူသည် ထိုသွေးနံ့နောက်ကို လိုက်ရင်း ကျန်းရီက ယိုထျန်းနီကို သတ်ခဲ့သောနေရာဖြစ်သည့် ဂူသို့ ရောက်သွားလေသည်။
ထိုဂူမှာ သဘာဝပုံရိပ်ယောင်အစီအရင်တစ်ခုထဲတွင် ရှိနေသော်လည်း အစီအရင်က သွေးနံ့ကိုတော့ ဖုံးကွယ်မပေးနိုင်ချေ။ ရက်အနည်းငယ် ကြာခဲ့ပြီဖြစ်၍ သွေးများက ခြောက်နေပြီဖြစ်သော်လည်း ထိုထူးခြားသောမျိုးနွယ်မှ လူက သွေးနံ့ကို ရခဲ့သေးသည်။ သူသည် ထိုသွေးနံ့ထွက်လာရာ နေရာကိုလည်း ခြေရာခံနိုင်လိုက်ပေသည်။
ထိုလူသည် လူတစ်စုကိုခေါ်၍ ဂူထဲဝင်သွားလိုက်ရာ တိုက်ပွဲလက္ခဏာများကို အလွယ်တကူ ရှာတွေ့သွား၏။ ထို့နောက် မြေပြင်ပေါ်ရှိ ခြောက်နေပြီဖြစ်သော သွေးကွက်များနှင့် လူဦးနှောက်အပိုင်းအစများကိုလည်း တွေ့လိုက်သည်။
ထိုလူ ၎င်းအကြောင်းများကို သတင်းပြန်ပို့လိုက်သောအခါ ခြင်္သေ့ဝါဘုရင် ချက်ချင်း ရောက်ရှိလာပေသည်။ တိုက်ပွဲလက္ခဏာများအရ ကျန်းရီက ယိုထျန်းနီနှင့် ရန်ထျန်းဖန်တို့ကို ဤနေရာတွင် သတ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှား၏။ သူတို့က ဤနေရာတွင် အသတ်ခံရခဲ့ခြင်းဆိုလျှင် အဘယ်ကြောင့် သူတို့၏အလောင်းများက အနောက်တောင်ဘက်ရှိ ဆန်းကြယ်နယ်မြေတစ်ခုထဲ ရောက်နေရသနည်း။ အဘယ်ကြောင့် သိမ်းငှက်ဘုရင်လေးကလည်း ထိုဘက်တွင် ရှိနေခဲ့သနည်း။ အဘယ်ကြောင့် သူတို့ အခင်းနေရာအသစ်တစ်ခုကို ဖန်တီးရသနည်း။
အဖြေမှာ ထင်ရှားသည်။
သိမ်းငှက်ဘုရင်လေးက အမှန်ပင် ကျန်းရီကို ဖွက်ကာ သူတို့ကို အာရုံလွှဲရန် လုပ်ခဲ့ခြင်းဖြစ်သည်။ ကျန်းရီက အရှေ့ဘက်သို့ ထွက်သွားခဲ့ခြင်း ဖြစ်နိုင်သည်။ သူ အရှေ့ဘက်ရှိ ဆန်းကြယ်နယ်မြေတစ်ခုခု သို့မဟုတ် မြေရိုင်းတစ်ခုခုထဲတွင် ပုန်းအောင်းနေလောက်ပေသည်။
ခြင်္သေ့ဝါဘုရင်သည် ကောက်ချက်ချပြီးနောက် စိတ်အားတက်ကြွလာ၏။ ထို့နောက် သူ အရှေ့ဘက်ရှိ ဆန်းကြယ်နယ်မြေတိုင်းနှင့် မြေရိုင်းတိုင်းကို ကိုယ်တိုင် လိုက်ရှာတော့သည်။ ရှာဖွေရာတွင် သူ ချော်ရည်မြေရိုင်းကိုလည်း မချန်ခဲ့ပေ။ သူကိုယ်တိုင် ချော်ရည်မြေရိုင်းအနီးသို့ သွားကာ ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ အကြိမ်ကြိမ် အာရုံခံခဲ့သည်။
ချော်ရည်မြေရိုင်းက မြို့ပျက်ကြီးတစ်မြို့ကဲ့သို့ပင်။ ထိုမြေရိုင်းထဲ၌ မည်သည့်အသက်လက္ခဏာမှ ရှိမနေပေ။ ကျန်းရီကလည်း မည်သည့်သဲလွန်စမှ ချန်မထားချေ။ ထို့ပြင် သူက ပုန်းကွယ်အတတ်ကိုလည်း သုံးထားသဖြင့် အသက်မရှိသော အရာဝတ္ထုတစ်ခုကဲ့သို့ ရှိနေပေသည်။ သူ့ပတ်ပတ်လည်တွင် မည်သည့်အသက်လက္ခဏာမှ မရှိချေ။ ထို့ကြောင့် ခြင်္သေ့ဝါဘုရင်သည် အတော်ကြာ အာရုံခံပြီးနောက် သူ၏ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေတော့သည်။
“အန်...”
ထိုအခိုက်တွင် ကျန်းရီ လန့်သွား၏။ ကောင်းကင်စိတ်အာရုံတစ်ခုက သူ့အပေါ်မှ ဖြတ်သွားသည်ကို သူ ခံစားမိလိုက်သည်။ သို့သော် ထိုကောင်းကင်စိတ်အာရုံက သူ့အနီးတွင် ကြာကြာမနေခဲ့ပေ။ ယင်းမှာ ချော်ရည်မြေရိုင်းထဲကို ရှာဖွေနေသည့် စွမ်းအားကြီး သိုင်းသမားက သူ့ကို ရှာမတွေ့သွားဟူသော အဓိပ္ပာယ်ပင်။
‘တစ်ခုခုတော့ မှားနေပြီ...’
မကြာခင်မှာပင် စွမ်းအားကြီး ကောင်းကင်စိတ်အာရုံက ကျန်းရီအပေါ်မှ ထပ်မံဖြတ်သွားပြန်၏။ ကျန်းရီ ရင်တုန်သွားပြီး အံ့ဩတကြီး မျက်လုံးဖွင့်လိုက်သည်။ သူ့ကို ရှာတွေ့သွားပြီလော။ ထိုကောင်းကင်စိတ်အာရုံက သူ့အပေါ်မှ နှစ်ကြိမ်ဖြတ်သွားခဲ့သည်။
‘အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘာက ပြဿနာလဲ’
ကျန်းရီ ဝေ့ဝဲကြည့်လိုက်၏။ မည်သည့်အရာကြောင့် သူ ပေါ်သွားခြင်းနည်း။ ထိုအုပ်ချုပ်သူအဆင့်က သူ့ကို မည်သို့ရှာတွေ့သွားခြင်းနည်း။
‘မီးဝိညာဉ်ပုလဲ...’
ကျန်းရီ မီးဝိညာဉ်ပုလဲကို ကြည့်ကာ ခါးသက်သက် ပြုံးလိုက်၏။ သူ တစ်ခုကို မေ့သွားခဲ့သည်။ မီးဝိညာဉ်ပုလဲက မီးတောက်များကို စုပ်ယူနိုင်သည်။ သူ့ပတ်ပတ်လည်တွင် မီးတောက်များ ရှိမနေသော်လည်း မီးတောက်များက သူ့အောက်မှနေ၍ ထိုးတက်နေကြသည်။ လေထဲတွင်လည်း မီးပွားများ ရှိနေသည်။ မီးဝိညာဉ်ပုလဲက ထိုမီးပွားများကို စုပ်ယူနေခဲ့ခြင်းပင်။
“ဟားဟားဟား...”
ကျန်းရီ၏ ခေါင်းထဲတွင် အသံပို့လွှတ်မှုတစ်ခု ထွက်ပေါ်လာ၏။
“ကျန်းရီ... မင်းက ကောင်းကောင်းပုန်းနေတာပဲ။ ငါ့ရဲ့ စွမ်းအားကြီး ကောင်းကင်စိတ်အာရုံကြောင့်သာ မဟုတ်ရင် ငါတို့ မင်းကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။ ဒီတစ်ခေါက် မင်း ဘယ်လိုထွက်ပြေးဦးမလဲဆိုတာ ကြည့်သေးတာပေါ့”