သူသေကိုယ်သေတိုက်ရမည်
Vol. 114 Ch. 1582
ကျန်းရီကို ရှာတွေ့သွားပေပြီ။
ထိုသတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး လိုက်ရှာနေသူအားလုံး၏ နားသို့ ရောက်သွား၏။ အားလုံး စိတ်အားတက်လာပြီး သူတို့၏ ဓားများကို စတင်သွေးကြလေသည်။ သို့သော် ကျန်းရီက ချော်ရည်မြေရိုင်းထဲတွင် ပုန်းနေခြင်းဖြစ်ကြောင်း သိလိုက်သောအခါ လူများစွာ အံ့အားသင့်သွား၏။ ထိုနေရာက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ကျန်းရီက မည်သို့ ဝင်သွားခဲ့သနည်း။ သူ ထိုမြေရိုင်းထဲတွင် ရက်ပေါင်းမည်မျှ ပုန်းအောင်းနေနိုင်မည်နည်း။
နောက်ဆုံးတွင် အားလုံးသည် ကျန်းရီက သိမ်းငှက်ဘုရင်လေး၏ အကူအညီနှင့် မီးဒဏ်ခံ မူလရတနာတစ်ခုကို ရခဲ့ခြင်းဖြစ်ရမည်ဟု ကောက်ချက်ချလိုက်ကြသည်။ မဟုတ်လျှင် ကျန်းရီကဲ့သို့ အနိမ့်ဘုံမှ တက်လှမ်းလာသည့် ပမွှားလေးတစ်ယောက်က မီးဒဏ်ခံရတနာတစ်ခုကို ရပါမည်နည်း။ သူက မီးဓာတ်စည်းမျဉ်းများကို ကျင့်ကြံလျှင်ပင် ချော်ရည်မြေရိုင်း၏ မြင့်မားသော အပူချိန်ကို မခံနိုင်လောက်ပါပေ။
ရာချီသော ဟွင့်သွမ့်နတ်ဘုရားလှေများက ချော်ရည်မြေရိုင်းဆီသို့ စတင် ပျံသန်းလာကြ၏။ မူလတွင် နတ်ဘုရားလှေ တော်တော်များများသည် ကောင်းကင်ခွင်းတပ်မှ အသက်ရှင်ကျန်ခဲ့သော တပ်သားများကို ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေဆီသို့ အရင်ဆုံး လိုက်ပို့ရန် ကြံရွယ်ထားကြသည်။ ထိုမျှ ၎င်းတပ်သားများ မိစ္ဆာချေဖျက်တောင်ကြားသို့ တည်နေရာပြောင်းရွှေ့နိုင်မည်ဖြစ်သည်။ ယခုတွင်မူ ထိုနတ်ဘုရားလှေအားလုံးသည် လမ်းကြောင်းပြောင်းကာ ချော်ရည်မြေရိုင်းဆီသို့ ဦးတည်လိုက်ကြလေသည်။
“ကျန်းရီကို ရှာတွေ့ပြီလား။ သူက ချော်ရည်မြေရိုင်းထဲမှာလား”
အားလုံး မသိကြသည်မှာ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲရှိ တောင်လေးတစ်လုံးပေါ်တွင် အဘိုးအိုနှစ်ဦး ထိုင်နေခြင်းပင်။ ထိုနှစ်ဦးသည် ဝိညာဉ်မျိုးနွယ်မှ ထောက်လှမ်းရေးတစ်ယောက်၏ တင်ပြချက်ကို ကြားလိုက်သောအခါ အံ့အားသင့်သွားကြ၏။ ပို၍ရှေးရိုးဆွဲဆန်သော အဘိုးအိုက နှုတ်ခမ်းတွန့်၍ ပြောလိုက်သည်။
“အဲ့ကောင်လေးက ပုန်းတဲ့နေရာမှာ တော်တော် တော်တာပဲ။ သူက ချော်ရည်မြေရိုင်းထဲတောင် ဝင်ပုန်းနေလိုက်သေးတယ်။ ကျုပ်တို့ သူ့ကို ရှာမတွေ့တာ မထူးဆန်းတော့ပါဘူး။ ကျုပ်တို့သာ သူ့ကို အရင်ရှာတွေ့ခဲ့ရင် သူ့ကို ကူညီနိုင်မှာပဲ။ တိရှအရှင်... အခု ကျုပ်တို့ ဘာလုပ်ကြမလဲ။ အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်နဲ့ တိုက်ခိုက်ရမှာဆိုရင်တော့ ကျုပ် ဝင်ပါမှာ မဟုတ်ဘူး... ခင်ဗျားဘာသာ သွားတိုက်ခိုက်ပေတော့...”
“အာ...”
တိရှအရှင်သည် မျက်လုံးပင့်၍ ပြန်ပြောလိုက်၏။
“ဝိညာဉ်ဘုရင်... ကျုပ် ကိစ္စတစ်ခုကိုတော့ ရှင်းအောင် ပြောရဦးမယ်။ ကျန်းရီက ခင်ဗျားရဲ့မြေးနော်... ကျုပ်ရဲ့မြေး မဟုတ်ဘူး”
ဝိညာဉ်ဘုရင် ပြန်၍ခွန်းတုံ့ပြန်၏။
“ပေါက်ကရတွေ... ကျုပ်က သူ့ကို ဘယ်တုန်းက မြေးအဖြစ် အသိအမှတ်ပြုခဲ့လို့လဲ။ သူက မျိုးမစစ်တစ်ယောက်ပဲ။ ကျုပ် ဒီအထိ လာခဲ့တာက ကျုပ်သမီး ခံစားရမှာကို မကြည့်ရက်လို့ပဲ”
တိရှအရှင်သည် ဝိညာဉ်ဘုရင်က ဒေါသထွက်လာကြောင်း တွေ့လိုက်သောအခါ ဝိညာဉ်ဘုရင် ဤကိစ္စတွင် မကူညီတော့မည်ကို စိုးရိမ်သွား၏။ ထို့ကြောင့် သူ ခါးသက်သက်ပြုံး၍ ပြန်ပြောလိုက်ရသည်။
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... သူက ခင်ဗျားရဲ့မြေး မဟုတ်ပါဘူး၊ ကျုပ်ရဲ့မြေးပါ ဟုတ်ပြီလား။ အရင်ဆုံး အခြေအနေတွေကို သွားကြည့်ကြတာပေါ့။ အခွင့်အရေးရရင် ခင်ဗျား အားလုံးကို အာရုံလွှဲထားလိုက်၊ ကျုပ်က ကျန်းရီကို အဝေးကို ခေါ်ထုတ်သွားမယ်။ အဲ့ဒါက မခက်လောက်ဘူးမလား”
“ဘာကိုကြည့်ပြီး မခက်လောက်ဘူး ပြောနေတာလဲ”
ဝိညာဉ်ဘုရင်က တိရှအရှင်ကို စိုက်ကြည့်၍ ပြောလိုက်၏။
“ခင်ဗျားတွေးပုံက မလွန်လွန်းဘူးလား။ ကျုပ်က အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်ကို မျှားခေါ်သွားရမယ်၊ ခင်ဗျားကတော့ ကျန်းရီကိုခေါ်ပြီး ထွက်ပြေးမယ်ပေါ့။ မရဘူး... သူတို့ကို ခင်ဗျား မျှားခေါ်သွား၊ ကျုပ်က ကျန်းရီကို ကယ်မယ်”
“အဲ့ဒါလည်း အဆင်ပြေပါတယ်”
တိရှအရှင် သဘောတူလိုက်၏။ ထို့နောက် သူ အာကာပြင်ကို စုတ်ဖြဲကာ ဝိညာဉ်ဘုရင်နှင့်အတူ အာကာသထဲဝင်သွားလေသည်။ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲရှိ ကောင်းကင်ယန်မျိုးနွယ်ဝင်များသည် အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်က သူတို့၏ နယ်မြေထဲ၌ ရက်အနည်းငယ် ပုန်းအောင်းနေခဲ့ကြောင်းကို မသိခဲ့ပါပေ။
***
ယခုတွင် ချော်ရည်မြေရိုင်းအပြင်ဘက်၌ အလွန်စည်ကားနေ၏။ ခြင်္သေ့ဝါဘုရင်က မြေရိုင်းထဲ သူ့ဘာသာ ဝင်မသွားခဲ့ပေ။ သူ၏အတွေးက မြစ်ဖြူဘုရင်၏အတွေးနှင့် အတူတူပင်ဖြစ်သည်။ ကျန်းရီကို ကိုင်တွယ်ရန် ကောင်းကင်ဘုရင်ယို ရှိနေရာ သူတို့ အသက်ကိုရင်း၍ စွန့်စားရန် မလိုပေ။ ချော်ရည်မြေရိုင်းက အလွန်ပူပြင်းသည်။ သူသည် အထဲတွင် မသေနိုင်လောက်သော်လည်း စွန့်စားလိုစိတ် မရှိပါပေ။
အနီးရှိ နတ်ဘုရားလှေများက လျင်မြန်စွာ ရောက်လာကြပြီး ချော်ရည်မြေရိုင်းကို ဝန်းရံ၍ ကျန်းရီ ထွက်မပြေးနိုင်အောင် ကာလိုက်ကြသည်။ ခြင်္သေ့ဝါဘုရင်၏ ကောင်းကင်စိတ်အာရုံကလည်း ကျန်းရီကို မပြတ်အာရုံခံနေသည်။ ကျန်းရီ ထွက်ပြေးသွားမည်ကို သူတို့ စိုးရိမ်ကြပေသည်။
ဤတစ်ခေါက်တွင် ကောင်းကင်ဘုရင်ဝူက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေတွင် ရှာဖွေမနေသဖြင့် ခပ်လှမ်းလှမ်းတွင် ရှိနေခဲ့သည်။ ထို့ကြောင့် သူ ချက်ချင်း ရောက်လာခဲ့သည်။ သို့သော် သူလည်း သူ့ဘာသာ ဝင်မသွားခဲ့ဘဲ ကျန်သူများ ရောက်လာမည်ကို စောင့်နေခဲ့ပေသည်။
လေးနာရီအတွင်းမှာပင် ဘုရင်ခုနစ်ပါး လူစုံသွားသည်။
ဝိညာဉ်ဘုရင်နှင့် တိရှအရှင်တို့လည်း ရောက်လာသည်။ သို့သော် သူတို့နှစ်ယောက်က အနီးသို့ မကပ်ဝံ့ပေ။ ဝိညာဉ်ဘုရင်က ဆန်းကြယ်သော ပုလဲလုံးတစ်လုံးကို ကိုင်ထားသည်။ သူတို့သည် အနီးနားတွင် ပုန်းနေခြင်းဖြစ်သော်လည်း မိစ္ဆာချေဖျက်စစ်တပ်မှ ထောက်လှမ်းရေးများက သူတို့ကို မတွေ့ကြချေ။
“ဘယ်သူ့ဆီမှာ စွမ်းအားကြီး မီးဒဏ်ခံရတနာတစ်ခု ရှိလဲ”
ကောင်းကင်ဘုရင်ယိုသည် ရောက်လျှင်ရောက်ချင်း ကျန်းရီကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံ၍ မေးလိုက်သည်။ ကောင်းကင်ဘုရင်ဝူက ခေါင်းခါ၏။ မြစ်ဖြူဘုရင်နှင့် အခြားသူများကလည်း သူတို့ထဲတွင် မရှိကြောင်း ပခုံးတွန့်ပြကြသည်။
ထိုခုနစ်ယောက်စလုံးက ဘုံအရှင်များ၊ ခေါင်းဆောင်များ ဖြစ်ကြရာ အဘယ်သို့ သူတို့ထံတွင် စွမ်းအားကြီး မီးဒဏ်ခံရတနာများ မရှိဘဲ နေပါမည်နည်း။ ယင်းမှာ မဖြစ်နိုင်ပေ။ ကောင်းကင်ဘုရင်ယိုထံတွင်လည်း မီးဒဏ်ခံရတနာတစ်ခု ရှိသည်။ သူက သူအသုံးပြုနိုင်ရန် ပိုအစွမ်းထက်သည့် မီးဒဏ်ခံရတနာကို ရလိုခဲ့ခြင်းသာ။ သို့သော် အားလုံး၏ တုံ့ပြန်ပုံကို မြင်လိုက်သောအခါ သူတို့က သူတို့၏ မီးဒဏ်ခံရတနာကို သူ့အား မငှားလိုကြကြောင်း သူ သိသွားသည်။
ထို့ကြောင့် ကောင်းကင်ဘုရင်ယို အံကြိတ်ကာ ပြောလိုက်သည်။
“အပြင်မှာ စောင့်ပေးထားပါ။ ကျုပ် ကျန်းရီကို သွားသတ်မယ်”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။ မြစ်ဖြူဘုရင်က သူ့ရင်ဘတ်ကိုပုတ်၍ ဆိုသည်။
“အစ်ကိုယို... အစ်ကို အစွမ်းကုန်ထုတ်သုံးနိုင်ပါတယ်။ ကျုပ်တို့ ရှိနေရင် ကျန်းရီ ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့တောင် ဝင်ပါရမှာ မဟုတ်ပါဘူး... အစ်ကိုယို တိုက်ခိုက်လိုက်ပြီဆိုတာနဲ့ အဲ့မျိုးမစစ်က ဘယ်လိုလုပ် ထွက်ပြေးနိုင်တော့မှာလဲ”
“ဟုတ်ပါတယ်”
ခြင်္သေ့ဝါဘုရင်ကလည်း ဝင်ပြောသည်။
“သူက စစ်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်။ အစ်ကိုယိုသာ တိုက်ခိုက်လိုက်ရင် သူ့ကို သေချာပေါက် သတ်နိုင်မှာပဲ။ ပြီးမှ အစ်ကိုယိုရဲ့ အောင်မြင်မှုအတွက် ကျုပ်တို့ စားသောက်ပွဲကြီးတစ်ခု ကျင်းပပေးပါမယ်”
ယိုဖုန်းသည် မျက်နှာထားပြောင်းမသွားသော်လည်း စိတ်ထဲမှ ဒေါသတကြီး ဆဲဆိုနေသည်။ ကျန်းရီကိုသာ ထိုမျှအလွယ်တကူ သတ်နိုင်မည်ဆိုလျှင် ခြင်္သေ့ဝါဘုရင်က သူရောက်လာသည်အထိ စောင့်နေပါမည်လော။ စောင့်မည်မဟုတ်။ အစောကတည်းက ကျန်းရီကို သတ်လိုက်လောက်ပြီဖြစ်သည်။
အခြားနေရာတွင်ဆိုလျှင် ယိုဖုန်း မည်သို့မှ ပြောမည်မဟုတ်ပေ။ သို့သော် ချော်ရည်မြေရိုင်းထဲမှ အပူချိန်က အလွန်မြင့်သည်။ ထို့ကြောင့် မတော်တဆမှုများ အလွယ်တကူ ဖြစ်ပွားနိုင်သည်။ ကျန်းရီက ထိုမြေရိုင်းထဲတွင် ဘေးကင်းလုံခြုံစွာ ထိုင်နေရာ မြင့်မားသော အပူချိန်က သူ့အပေါ် မသက်ရောက်နိုင်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် ကောင်းကင်ဘုရင်ယိုသည် သူ အောင်မြင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်အဝ မရှိပေ။
ဝှစ်...
လေးကြိုးတင်ပြီးသည့် မြားကို မပစ်လွှတ်ဘဲနေ၍ မရပေ။
ကောင်းကင်ဘုရင်ယို သူ၏နတ်ဘုရားလှေထဲမှ ပျံထွက်ကာ လက်ထဲတွင် ပုလဲစိမ်းတစ်လုံးကိုကိုင်၍ ချော်ရည်မြေရိုင်းဆီသို့ ပျံသန်းသွားလိုက်သည်။ သူ ပုလဲထဲသို့ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်ရာ ပုလဲက လင်းလက်လာပြီး သူ့ပတ်ပတ်လည်တွင် ကျောက်စိမ်းရောင်အကာအရံလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းနောက် သူ အလင်းတန်းတစ်တန်းအလား ပျံဆင်းသွားလေတော့သည်။
“ဝိညာဉ်ဘုရင်... ယိုဖုန်းက စလှုပ်ရှားနေပြီ။ ကျုပ်တို့လည်း လှုပ်ရှားကြတော့မလား”
အာကာသဟင်းလင်းပြင်ထဲတွင် ပုန်းနေသော တိရှအရှင်က အေးစက်စက် မျက်ဝန်းများဖြင့် ဝိညာဉ်ဘုရင်ထံ အသံပို့လွှတ်လိုက်၏။
“ကျုပ်တို့ အခုတိုက်ခိုက်ကြတော့မလား”
“ဘာတွေလောနေတာလဲ”
ဝိညာဉ်ဘုရင်က ခပ်ရွဲ့ရွဲ့ပြုံး၍ အသံပြန်ပို့လွှတ်၏။
“အဲ့ကောင်လေးက ဧကရာဇ်အဆင့်ကို ရောက်မှာလို့ ခင်ဗျားပြောတယ် မဟုတ်လား။ သူက ယိုဖုန်းကိုတောင် မယှဉ်နိုင်ရင် ဘယ်လိုလုပ် ဧကရာဇ်အဆင့်ကို ရောက်နိုင်မှာလဲ...”
“ပြီးတော့ အဲ့ကောင်လေးမှာ ထိပ်တန်းအဆင့် မီးဒဏ်ခံရတနာတစ်ခု ရှိနေတယ်။ သူက မီးတောက်တွေကို လုံးဝမကြောက်ဘူး။ ယိုဖုန်းက သေချာပေါက် တစ်ပန်းနိမ့်နေမှာပဲ။ အရင်ဆုံး စောင့်ကြည့်ကြတာပေါ့။ လောင်ဝူနဲ့ တခြားသူတွေ မလှုပ်ရှားကြသေးပါဘူး။ ကျုပ်တို့ စလှုပ်ရှားလိုက်ရင် သူတို့ပါ ဝင်ပါကြလိမ့်မယ်။ အကုန်လုံး ဒေါသထွက်လာရင် တိရှဘုံမှာ ဘုံအရှင် အပြောင်းအလဲတွေ ဖြစ်ကုန်ပါလိမ့်မယ်”
“သူက အသက်ဘယ်လောက်ပဲ ရှိသေးလဲ။ သူ့အသက်အရွယ်နဲ့ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို ယှဉ်နိုင်မှာတဲ့လား”
တိရှအရှင် နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။ သို့သော် သူ မလှုပ်ရှားလိုက်ပေ။ ဝိညာဉ်ဘုရင်၏စကားက မှန်သည်။ ကျန်းရီက လူများစွာကို ဒေါသထွက်သွားစေခဲ့သည်။ ယခု သူတို့နှစ်ယောက် လှုပ်ရှားလိုက်လျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံရနိုင်သည်။ ဤတစ်ခေါက်တွင် ကောင်းကင်ဘုရင်ယိုက အမှန်တကယ် ဒေါသထွက်နေသည်။ အကယ်၍ သူတို့နှစ်ယောက်သာ ဤနေရာတွင် သေသွားမည်ဆိုလျှင် တိရှဘုံနှင့် သူတော်စင်ဝိညာဉ်ဘုံတွင် ဘုံအရှင် အပြောင်းအလဲ ဖြစ်သွားပေလိမ့်မည်။
တစ်ဘက်တွင် ကောင်းကင်ဘုရင်ယိုက ချော်ရည်မြေရိုင်းနှင့် ကီလိုမီတာငါးဆယ်သာ ကွာတော့သည်။ သူ၏အမြန်နှုန်းက နှေးလာပြီး သူ ပုလဲစိမ်းထဲသို့ ကောင်းကင်စွမ်းအား ထပ်ထည့်ကာ အပူဒဏ်ကို ကာကွယ်လိုက်သည်။
‘သိမ်းငှက်ဘုရင်လေးက အဲ့မျိုးမစစ်ကို ဘယ်လိုမီးဒဏ်ခံရတနာမျိုး ပေးထားတာလဲ။ ဒီက အပူချိန်က အရမ်းမြင့်တာတောင် သူက လုံးဝသက်ရောက်မခံရဘူးပေါ့လေ”
ကောင်းကင်ဘုရင်ယိုသည် သူ၏ ကောင်းကင်စွမ်းအားက လျင်မြန်စွာ ကုန်ဆုံးလာသည်ကို ခံစားရင်း တွေးတောလိုက်၏။ ဤနေရာမှ မိုးမြေထူးခြားမီးတောက်များက တစ်လောကလုံးရှိ စွမ်းအားအကြီးဆုံး မီးတောက်များထဲမှ တစ်မျိုးဖြစ်သည်။ ပုလဲစိမ်းသာ ရှိမနေလျှင် သူ အပူဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ချေ။
ဝှစ်...
ကောင်းကင်ဘုရင်ယို အောက်ဘက်သို့ ဆက်ဆင်းနေ၏။ သူ ချော်ရည်ကုန်းမြေနှင့် ငါးကီလိုမီတာအကွာသို့ ရောက်သောအခါ ရုတ်တရက် အရှိန်မြှင့်ကာ ဂူထဲသို့ ပျံဝင်သွားလိုက်သည်။ သူ၏ လှံနက်လည်း ထွက်ပေါ်လာပြီး အနက်ရောင်အလင်း တောက်ပလာသည်။ ထို့နောက် နဂါးနက်ကြီးတစ်ကောင်က အရှေ့သို့ ပျံထွက်သွား၏။ ၎င်း၏ ကြောက်မက်ဖွယ်အရှိန်အဝါကလည်း ကျန်းရီအပေါ် ရုတ်ခြည်း ကျရောက်သွားသည်။
“ကောင်းကင်ဘုရင်ယို... မျိုးဆက်ပြတ်သွားတဲ့ ခံစားချက်က ဘယ်လိုလဲ။ အဲ့ဒါက ကျွန်တော့်ကို လာရှုပ်တဲ့အတွက် ပြန်ပေးရတဲ့ တန်ကြေးပဲ”
ကျန်းရီသည် ပြီးခဲ့သောလေးနာရီအတွင်း မလှုပ်ခဲ့သော်လည်း ယခု လှုပ်ရှားလိုက်ပေပြီ။ သူ ခနဲ့တဲ့တဲ့ ပြောလိုက်ပြီးနောက် ငါးတစ်ကောင်အလား ချော်ရည်ကန်ထဲ ခုန်ဆင်းလိုက်၏။ ထို့နောက် သူ ရယ်ကာ ဆက်ပြောလိုက်သည်။
“ခင်ဗျား သေရမှာကို မကြောက်ရင် ကျွန်တော့်နောက် လိုက်ခဲ့”
ချော်ရည်ကုန်းမြေတစ်ခုလုံး ဝန်းရံခံထားရပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီ ထွက်မပြေးနိုင်တော့ဘဲ သူသေကိုယ်သေသာ တိုက်ခိုက်ရတော့ပေမည်။ သူ တိုက်ခိုက်ရတော့မည်ဖြစ်ရာ မိုးမြေထူးခြားမီးတောက်များအနီးတွင် တိုက်ခိုက်လိုသည်။ ထိုနည်းနှင့်ဆိုလျှင် သူ၏ရှင်သန်နိုင်ခြေက ပိုမြင့်ပေလိမ့်မည်။