အစားမက်သူကို ဆွဲဆောင်ခြင်း
Vol. 114 Ch. 1583
အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား ခုနစ်ယောက်၊ ဘွဲ့ထူးရစစ်နတ်ဘုရား တစ်သောင်းကျော်...
ထိုအင်အားက ဘုံကြီးများစွာကိုပင် မြေလှန်ပစ်နိုင်သည်။ သို့သော် ယနေ့ သူတို့ စုဝေးနေရသည့် ရည်ရွယ်ချက်မှာ လူတစ်ယောက်ကို သတ်ရန်သာဖြစ်သည်။ ချော်ရည်မြေရိုင်းထဲတွင် ပိတ်မိနေသူက ကျန်းရီ မဟုတ်ဘဲ တိရှအရှင် ဖြစ်နေလျှင်ပင် တိရှအရှင်သည် ဝန်းရံထားမှုကို ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ကျန်းရီသည် ဖောက်ထွက်ရန် မကြိုးစားခဲ့ခြင်းဖြစ်သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားအားလုံး ဝိုင်းတိုက်မည်ကို သူ မလိုလားပေ။ သူတို့သာ အင်အားပူးပေါင်းလိုက်လျှင် သူ သေချာပေါက် သေရပေလိမ့်မည်။ ယခုတွင် ကောင်းကင်ဘုရင်ယို တစ်ယောက်တည်းသာ မြေရိုင်းထဲ ဝင်လာခဲ့သည်။ ထိုအခြေအနေက သူ မျှော်လင့်ထားသော အကောင်းဆုံးအခြေအနေ ဖြစ်ပေသည်။
ကျန်းရီသည် ပြီးခဲ့သောလေးနာရီအတွင်း သူ ထွက်ပြေးနိုင်မည့်၊ ရှင်သန်နိုင်မည့် နည်းလမ်းတစ်ခုကို အသည်းအသန် တွေးတောခဲ့သည်။ သူက အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း ယခုအထိ အရှုံးမပေးသေးပေ။ သူ ပြန်မခုခံဘဲ သေရမည်ကို ထိုင်စောင့်နေမည် မဟုတ်ချေ။
ကျန်းရီသည် နည်းလမ်းများစွာကို တွေးတောပြီးနောက် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းက တစ်ခုသာရှိကြောင်း သိသွားသည်။ မီးဝိညာဉ်ပုလဲကိုသုံး၍ မိုးမြေထူးခြားမီးတောက်များ အနီးသို့ သွားကာ ကောင်းကင်ဘုရင်ယိုကို ဒဏ်ရာရသွားအောင် သို့မဟုတ် လန့်ကာထွက်ပြေးသွားအောင် လုပ်ရပေမည်။ ထိုနည်းနှင့်ဆိုလျှင် အားလုံးသည် သူ့နောက်သို့ လိုက်လာရန် ပိုသတိထားလာပေလိမ့်မည်။
ကျန်းရီသည် စကားအနည်းငယ်ပြော၍ ကောင်းကင်ဘုရင်ယို ဒေါသထွက်သွားအောင် ဆွလိုက်၏။ ထိုမှ ကောင်းကင်ဘုရင်ယိုက မစဉ်းစား မဆင်ခြင်နိုင်တော့ဘဲ မိုးမြေထူးခြားမီးတောက်များ အနီးသို့ လိုက်လာမည်ဖြစ်သည်။ ဤနေရာမှ မိုးမြေထူးခြားမီးတောက်များက အထက်ဘုံရှိ ထိပ်တန်းမီးတောက်ဆယ်မျိုးထဲမှ တစ်မျိုးဖြစ်ကြောင်း ကောင်းကင်ဝါးမျိုသာရဲလေးက ပြောခဲ့သည်။ ၎င်းမီးတောက်များ၏ အပူချိန်က အမှန်လည်း ကြောက်မက်ဖွယ်ကောင်းပေသည်။
ဝှစ်...
ကျန်းရီ ချော်ရည်ကန်ထဲတွင် အမြန်ဆုံး သွားနေ၏။ သူ၏ အမြန်နှုန်းက ကောင်းကင်ဘုရင်ယိုထက် အတန်ငယ်သာ ပိုနှေးသည်။ သူ မိုးမြေစွမ်းအားကို နှိုးထားသည်။ မိုးမြေစွမ်းအားက သူ့ခန္ဓာကိုယ်ထဲ လှည့်ပတ်သွားသည်နှင့် သူ၏ရုပ်ခန္ဓာနှင့် အမြန်နှုန်းက ချီချင်ချန်ကို ယှဉ်နိုင်သွားသည်။ ထို့ကြောင့် သူသည် ကောင်းကင်ဘုရင်ယို ဤမြေရိုင်းထဲ ဝင်လာပြီး ဂူသို့ မရောက်ခင်လေးမှ ထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင်ပင် ကောင်းကင်ဘုရင်ယို သူ့ထံသို့ ရောက်လာရန် ဆယ်စက္ကန့်ကျော် လိုပေလိမ့်ဦးမည်။ ထိုအချိန်က သူ ချော်ရည်ကန်အောက်ခြေသို့ ရောက်အောင် သွားနိုင်ရန် လုံလောက်ပေသည်။
“ကျန်းရီ... ခွေးကောင်၊ ဒီနေ့ ငါ မင်းကို မသတ်နိုင်ရင် ယောက်ျားဖြစ်ဖို့ မထိုက်တန်တော့ဘူး”
ကောင်းကင်ဘုရင်ယိုသည် ‘မျိုးဆက်ပြတ်သွားပြီ’ဆိုသော စကားကို ကြားလိုက်သောအခါ မျက်လုံးများ နီရဲလာ၏။ ကောင်းကင်ယန်မျိုးနွယ်မှ သိန်းချီသော မျိုးနွယ်ဝင်များနှင့် စွမ်းအားကြီး သိုင်းသမား အားလုံးနီးပါး သေသွားခဲ့ပြီဖြစ်သည်။ သူ့ရင်ထဲတွင် ဒေါသများ ထိုးတက်လာသည်။ သူ အမြန်နှုန်းကို ထပ်မြှင့်လိုက်ပြီး ကျန်းရီနောက်သို့လိုက်ကာ ချော်ရည်ကန်ထဲ ဝင်သွားလိုက်လေသည်။
“အာ...”
ချော်ရည်ကန်က ကောင်းကင်စိတ်အာရုံများကို ကန့်သတ်ထားသည်။ ကျန်းရီနှင့် ကောင်းကင်ဘုရင်ယိုတို့ ချော်ရည်ကန်ထဲ ဝင်သွားပြီးနောက်တွင် ကောင်းကင်ဘုရင်ဝူ၊ မြစ်ဖြူဘုရင်နှင့် အခြားသူများသည် ထိုနှစ်ယောက်ကို ဆက်အာရုံမခံနိုင်ကြတော့ပေ။ အဝေးမှ တိရှအရှင်နှင့် ဝိညာဉ်ဘုရင်တို့လည်း တူညီသောအရာကို တွေ့ကြုံလိုက်ရသည်။ အားလုံးသည် သူတို့၏ ကောင်းကင်စိတ်အာရုံများကို အသင့်ထုတ်ထား၍သာ စောင့်ကြည့်နေရလေသည်။
ချော်ရည်ကန်က အလွန်နက်၏။ အနည်းဆုံး ကီလိုမီတာငါးသောင်းနက်သည်။ ကျန်းရီနှင့် ကောင်းကင်ဘုရင်ယိုတို့က ကီလိုမီတာငါးထောင်အနက်လောက်အထိ ရောက်နေပြီဖြစ်သည်။ ကောင်းကင်ဘုရင်ယိုသည် ကျန်းရီနောက်ကို လိုက်ရင်း စတင်၍ မေးခွန်းထုတ်လာမိ၏။ ကျန်းရီက အဘယ်သို့ ထိုမျှမြန်နေရခြင်းနည်း။ ကျန်းရီက ပိုသန်မာလာပြီဖြစ်ကြောင်း ကောင်းကင်ဘုရင်ယို ကြားသည်။ သို့သော် သူ၏ အမြန်နှုန်းက အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ ကျန်းရီက အုပ်ချုပ်သူအဆင့်သို့ ရောက်သွားပြီလော။
‘လိုက်ကွာ...’
မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုရင်ယိုသည် ယနေ့တွင် ကျန်းရီကို သတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူ၏မျက်ဝန်းများက သားရိုင်းတစ်ကောင်၏ မျက်ဝန်းများကဲ့သို့ အေးစက်နေသည်။ သူ၏ သတ်ဖြတ်အရှိန်အဝါကလည်း အားကောင်းလွန်းသဖြင့် ဒြပ်ထည်ပင် ပေါ်လာတော့မလို ထင်ရပေသည်။ သူသည် ကျန်းရီကို ကောင်းကင်စိတ်အာရုံဖြင့် အဆက်မပြတ် အာရုံခံကာ သူနှင့် ကျန်းရီကြားမှ အကွာအဝေးကို တွက်ချက်နေသည်။ သူ့လက်ထဲမှ လှံကလည်း တောက်ပကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
ငါးကီလိုမီတာ၊ နှစ်ကီလိုမီတာခွဲ၊ တစ်ကီလိုမီတာခွဲ၊ မီတာငါးရာ...
နဂါးနက်က ကောင်းကင်ဘုရင်ယို၏ လှံနက်ကို လှည့်ပတ်ကူးခတ်နေ၏။ မီတာအနည်းငယ်သာ ဆက်ကပ်နိုင်လျှင် ကျန်းရီကို သတ်နိုင်လိမ့်မည်ဟု ကောင်းကင်ဘုရင်ယို ယုံကြည်မှုရှိပေသည်။
ရွှစ်...ရွှစ်...
သို့သော် ထိုအခိုက်တွင် ကျန်းရီက ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်လှည့်၍ ဆယ်ချီသော အနီရောင်အလင်းတန်းများ ပစ်လွှတ်လိုက်၏။ ကျန်းရီ စ၍ တိုက်ခိုက်ပေပြီ။
ကောင်းကင်ဘုရင်ယို၏ တုံ့ပြန်နိုင်စွမ်းက မည်မျှမြန်သနည်း။ သူ့အတွက် ကျန်းရီ၏ တိုက်ခိုက်နှုန်းက အလွန်နှေးပေသည်။ ကောင်းကင်ဘုရင်ယိုသည် အနီရောင်အလင်းတန်းများက မည်သည့်အရာများဖြစ်ကြောင်း မသိသော်လည်း ၎င်းတို့ကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး သူ၏လှံနက်ကို အရှေ့သို့ ထိုးချလိုက်၏။ ထိုအခါ နဂါးနက်ကြီးသည် ကျန်းရီထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။
ကျန်းရီသည် မိုးမြေစွမ်းအားကို သုံးထားသဖြင့် လျင်မြန်နေသည်။ သူသည် အကောင်းဆုံးကြိုးစား၍ နဂါးနက်ကြီးကို အောင်အောင်မြင်မြင် ရှောင်နိုင်လိုက်သည်။ သို့သော် နဂါးနက်ကြီး သယ်ဆောင်လာသော အဟုန်က သူ့ကို ရိုက်ခတ်သွားသေးသည်။ ထို့ကြောင့် သူ ဂုံနီအိတ်တစ်လုံးကဲ့သို့ လွင့်ထွက်သွားလေသည်။
‘ဟုတ်ပြီ...’
ကျန်းရီ၏ နှုတ်ခမ်းစွန်းမှနေ၍ သွေးများစီးကျလာသော်လည်း သူ့မျက်လုံးများက အရောင်လက်သွားသည်။ သူက အရင်စတိုက်လိုက်သဖြင့် ကောင်းကင်ဘုရင်ယိုသည် အသင့်မဖြစ်သေးဘဲ ပြန်တိုက်ခဲ့ရသည်။ ထိုနည်းနှင့်ဆိုလျှင် ကောင်းကင်ဘုရင်ယိုသည် သူ့ကို တိုက်ခိုက်ရန် အစွမ်းကုန် ထုတ်သုံးနိုင်မည် မဟုတ်ချေ။ ထို့ပြင် သူသည် ကောင်းကင်ဘုရင်ယို၏ တိုက်ခိုက်မှုအဟုန်ကို အသုံးချ၍လည်း ဝေးဝေးသို့ ထွက်ပြေးနိုင်ပေသည်။
သို့သော် ကျန်းရီ၏ ရင်ထဲတွင် စိုးရိမ်မှုတစ်ခု ထွက်ပေါ်လာသည်။ ချော်ရည်ကန်က အလွန်နက်လိမ့်မည် မဟုတ်ဘဲ ကန်အောက်ခြေသို့ တစ်ခဏအတွင်း ရောက်နိုင်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် အတော်ကြာပြီးသည်ပင် ကန်အောက်ခြေကို မမြင်ရသေးပေ။ သားရဲလေးပြောသည့် မြက်ခင်းပြင်မီးတောက်များ၏ အရိပ်လက္ခဏာကိုလည်း မတွေ့ရသေးချေ။
နဂါးနက်၏ တိုက်ခိုက်မှုအဟုန်ကြောင့် ကျန်းရီနှင့် ကောင်းကင်ဘုရင်ယိုတို့ကြားမှ အကွာအဝေးက ပိုဝေးသွားသည်။ ယခု သူတို့နှစ်ယောက်ကြားတွင် ငါးကီလိုမီတာကျော် ပြန်ခြားသွားပေပြီ။ ကျန်းရီကလည်း အမြန်ဆုံးအရှိန်ဖြင့် အသည်းအသန် ထွက်ပြေးနေသည်။ သူ့အနောက်တွင် ကောင်းကင်ဘုရင်ယိုက ခါးသီးစွာ အော်ဟစ်၍ လို်ကလာသည်။ သို့သော် ချော်ရည်ကန်ထဲတွင်ဖြစ်၍ သူ၏အော်သံများကိုတော့ မကြားရပါပေ။
ကန်အောက်ဘက်သို့ ရောက်လေလေ၊ အပူချိန်က ပိုမြင့်မားလာလေလေပင်။ အနည်းဆုံး ကန်မျက်နှာပြင်မှ အပူချိန်ထက် နှစ်ဆပိုမြင့်ပေလိမ့်မည်။ ကောင်းကင်ဘုရင်ယို၏ ကောင်းကင်စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးနေသည်။ အစောတွင် သူ ကျန်းရီကို အစွမ်းကုန်သုံး၍ မတိုက်နိုင်ခဲ့။ သူ၏ကောင်းကင်စွမ်းအားအချို့အဝက်ကို မီးဒဏ်ခံပုလဲစိမ်းထဲ ထည့်သွင်းနေရသည်။ မဟုတ်လျှင် အစောက တိုက်ခိုက်မှုကြောင့် ကျန်းရီ သေချာပေါက် သေသွားမည်ဖြစ်သည်။
ကောင်းကင်ဘုရင်ယိုသည် သူ၏ မီးဒဏ်ခံပုလဲစိမ်းက ကန်အောက်ခြေမှ အပူချိန်ကို ခံနိုင်လောက်၊ မခံနိုင်လောက်ကို အဆက်မပြတ် စိုးရိမ်နေရသော်လည်း ကျန်းရီက အပူချိန်ကို အရေးစိုက်ပုံ မပေါ်ချေ။ ထို့ကြောင့် ကောင်းကင်ဘုရင်ယို တွေးတောလိုက်သည်။ သိမ်းငှက်ဘုရင်လေးက ကျန်းရီကို မည်သို့သော မီးဒဏ်ခံရတနာမျိုး ပေးခဲ့ခြင်းနည်း။ အထက်ဘုံတွင် ထိုကဲ့သို့သော ရတနာမျိုး ထွက်ပေါ်လာသည်ကို သူ မကြားမိပေ။ ထိုရတနာက တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုလော။
ဝှစ်...
ကောင်းကင်ဘုရင်ယိုသည် အတော်ကြာ တွေးပြီးသည်အထိ အဖြေမရနိုင်သေးသဖြင့် ဆက်မတွေးတော့ဘဲ အောက်ဘက်သို့သာ ဆက်ကူးခတ်သွားလိုက်၏။ သို့သော် ငါးကီလိုမီတာ ဆက်ဆင်းပြီးနောက်တွင် သူ၏ မီးဒဏ်ခံပုလဲစိမ်းက ကွဲသွားတော့မလို ဖြစ်လာကြောင်း သူ သိလိုက်ရ၏။ မြင့်မားသော အပူချိန်ကလည်း အကာအရံအလွှာထဲ ဖောက်ဝင်လာသည်။ ထို့ကြောင့် သူ့တစ်ကိုယ်လုံး ပူလောင်လာသည်။ ကောင်းကင်ဘုရင်ယိုသည် သူ အရှင်လတ်လတ် မီးကင်ခံရတော့မလို ခံစားနေရပေသည်။
‘မဖြစ်တော့ဘူး... ငါ ကျန်းရီကို မြန်မြန်သတ်မှရမယ်။ မဟုတ်ရင် မကြာခင် ငါ့ အမြန်နှုန်းက သိသိသာသာ နှေးသွားတော့မယ်’
အပူချိန်က ပိုမြင့်လာလျှင် သွေးများပိုဆူပွက်လာပြီး ကောင်းကင်စွမ်းအား လှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပေသည်။ ထို့ကြောင့် တစ်ကိုယ်လုံး နာကျင်လာရပြီး နာကျင်မှုကြောင့် ကောင်းစွာတွေးတောဆင်ခြင်နိုင်တော့မည် မဟုတ်ချေ။ ကောင်းကင်ဘုရင်ယိုသည် မီးဒဏ်ခံပုလဲစိမ်း ပျက်စီးသွားရုံနှင့် မသေနိုင်သော်လည်း ကျန်းရီနောက်သို့ လျင်မြန်စွာ ဆက်လိုက်နိုင်တော့မည် မဟုတ်ချေ။ ကျန်းရီကို သတ်နိုင်ရန်လည်း ခက်ခဲသွားမည်ဖြစ်သည်။
‘မိုးမြေထူးခြားမီးတောက်တွေ...’
နောက်ဆုံးတွင် ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက တဟုန်းဟုန်းတောက်လောင်နေသော လိမ္မော်နီရောင် မီးတောက်အုပ်ကြီးကို အာရုံခံမိလိုက်သည်။ ထိုမီးတောက်များကြားထဲတွင် သူ၏သားရဲလေးနှင့် ကောင်းကင်မီးတောက်သားရဲ အကောင်နှစ်သောင်း ရှိနေကြောင်းကိုလည်း သူ အာရုံခံမိ၏။ ၎င်းတို့အားလုံးက မီးတောက်ထဲတွင် ပုန်းကွယ်နေကြပေသည်။
ဝှစ်...
ကောင်းကင်ဘုရင်ယိုက အနောက်မှနေ၍ လျင်မြန်စွာ လာနေသည်။ ကျန်းရီ ချက်ချင်းပင် သူ၏သားရဲလေးကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံ၍ အော်ပြောလိုက်၏။
“ရှောင်မုန့်... ထတော့။ ကောင်းကင်မီးတောက်သားရဲတွေကို ထိန်းချုပ်ပြီး ငါ့အတွက် လူတစ်ယောက်သတ်ပေး”
ကျန်းရီ၏ မီးဝိညာဉ်ပုလဲထဲတွင်လည်း ကောင်းကင်မီးတောက်သားရဲ အကောင်နှစ်သောင်းရှိ၏။ ပြဿနာမှာ သူက ၎င်းတို့ကို မထိန်းချုပ်နိုင်ခြင်းပင်။ ကောင်းကင်ဝါးမျိုးသားရဲလေး မရှိလျှင် ကောင်းကင်မီးတောက်သားရဲများက သတ္တဝါရိုင်းများကဲ့သို့ပင်။
သို့သော်...
ကောင်းကင်ဝါးမျိုသားရဲလေးက ပြန်မတုံ့ပြန်ချေ။ ၎င်းက အိပ်မောကျနေကြောင်း ထင်ရှားသည်။ ကောင်းကင်ဘုရင်ယိုက မီလာပေတော့သည်။ ကျန်းရီ အရှေ့သို့လည်း ဆက်မသွားဝံ့တော့။ ထိုကြောက်မက်ဖွယ်မီးတောက်များက သူ့ကို ပြာချပစ်နိုင်လောက်သည်။
ထို့ကြောင့် ကျန်းရီ အသံသာ ထပ်မံပို့လွှတ်လိုက်ရ၏။
“ရှောင်မုန့်... ထတော့၊ ငါ ထျန်းချီပန်းတွေကို ရှာတွေ့ပြီ။ ငါ့မှာ မင်းစားဖို့ အစားအသောက်ကောင်းတွေ ရှိတယ်”
ရွှီး...
အိပ်မောကျနေသော ကောင်းကင်ဝါးမျိုးသားရဲလေးက အမှန်ပင် မျက်လုံးများ ဖွင့်လိုက်၏။ စားကောင်းသောက်ဖွယ်များက အစားမက်သူများကို ဆွဲဆောင်နိုင်ပေသည်။ ကျန်းရီ လျင်မြန်စွာ အသံထပ်ပို့လွှတ်လိုက်ပြီး သူ့အနောက်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ မီးဝိညာဉ်ပုလဲကလည်း တောက်ပလာကာ ကောင်းကင်မီးတောက်သားရဲများ ထွက်လာသည်။
ကျန်းရီသည် လေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခုကို သုံး၍ လေနဂါးများကို ဖန်တီးကာ ၎င်းတို့အား ကောင်းကင်မီးတောက်သားရဲများကို ကောင်းကင်ဘုရင်ယိုဆီ ဆွဲခေါ်သွားစေလိုက်၏။
ကျီ...ကျီ...
သားရဲလေးက စူးရှစွာ အော်လိုက်သောအခါ အသေကောင်ကဲ့သို့ ဖြစ်နေသော ကောင်းကင်မီးတောက်သားရဲများ စတင်လှုပ်ရှားကြသည်။ ၎င်းတို့သည် လေနဂါးများ၏ ခေါ်ဆောင်ရာအတိုင်း အနီရောင်အလင်းတန်းများအလား ကူးတက်သွားပြီး နောက်မှလိုက်လာသည့် ကောင်းကင်ဘုရင်ယိုကို ဝန်းရံလိုက်ကြလေသည်။
ဂျွက်...
ကောင်းကင်မီးတောက်သားရဲများ နီးကပ်လာသောအခါ ကောင်းကင်ဘုရင်ယို၏ ပတ်ပတ်လည်မှ အပူချိန်က အဆများစွာ မြင့်တက်လာ၏။ နောက်ဆုံးတွင် သူ့လက်ထဲမှ ပုလဲစိမ်းက အပူချိန်ကို မခံနိုင်တော့ဘဲ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားလေတော့သည်။