ချီချင်ချန်၏ အစီအစဉ်
Vol. 114 Ch. 1584
‘ဟာ..သွားပြီ...’
ကောင်းကင်ဘုရင်ယို ရင်ထိတ်သွား၏။ မီးဒဏ်ခံပုလဲစိမ်း ပျက်စီးသွားလျှင် မြင့်မားသော အပူချိန်ကို သူ၏ရုပ်ခန္ဓာနှင့်သာ တောင့်ခံရတော့မည်ဖြစ်သည်။ သူ၏ရုပ်ခန္ဓာက အလွန်သန်မာသော်လည်း ဤမျှမြင့်မားသော အပူချိန်ကို ခံနိုင်လိမ့်မည် မဟုတ်ချေ။
မျှော်လင့်ထားသလိုပင်...
မီးဒဏ်ခံပုလဲစိမ်း ကွဲအက်ပျက်စီးသွားပြီးနောက် အစိမ်းရောင်အကာအရံအလွှာလည်း ပျောက်ကွယ်သွားသည်။ ထိုအခါ အလွန်ပူပြင်းသော အပူချိန်က ကောင်းကင်ဘုရင်ယိုကို လွှမ်းခြုံသွား၏။ ကောင်းကင်ဘုရင်ယို၏ သွေးများ စတင်ဆူပွက်လာပြီး သူ့ကောင်းကင်စွမ်းအားလည်း အပြင်းအထန် နှောင့်ယှက်ခံလိုက်ရသည်။
ကောင်းကင်ဘုရင်ယိုသည် ရှေးဦးဝိညာဉ်ရတနာ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း အလွန်နာကျင်ခံစားလိုက်ရသေးသည်။ သူသည် သူ့ထံ ကူးခတ်လာသော ကောင်းကင်မီးတောက်သားရဲများကို ကြည့်ကာ အတန်ငယ် ချီတုံချတုံဖြစ်သွား၏။
ကျန်းရီက အရှေ့တွင် ရှိနေသည်။ သူသာ အစွမ်းကုန်သုံး၍ တိုက်ခိုက်လိုက်မည်ဆိုလျှင် ကျန်းရီကို သတ်နိုင်လောက်သည်။ ကျန်းရီကို မသတ်နိုင်လျှင်ပင် မြက်ခင်းပြင်မီးတောက်များထဲ ရောက်သွားအောင် တွန်းပို့နိုင်ပေလိမ့်မည်။ ကျန်းရီ၏ မီးဒဏ်ခံရတနာက ထိုကြောက်မက်ဖွယ်မီးတောက်များ၏ အပူချိန်ကို ခံနိုင်လိမ့်မည်ဟု ကောင်းကင်ဘုရင်ယို မယုံပေ။
သို့သော် ကျန်းရီကို တိုက်ခိုက်မည်ဆိုလျှင် ကောင်းကင်ဘုရင်ယိုလည်း ကောင်းကင်မီးတောက်သားရဲများ၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်သည်။ သူ ဤနေရာမှာပင် သေသွားနိုင်လောက်သည်။ သူ တစ်ခဏမျှ ရင်ထဲတွင် လွန်ဆွဲနေပြီးနောက် စွန့်စားရန် ဆုံးဖြတ်လိုက်လေသည်။
ရွှစ်...
နဂါးနက်သည် လှံနက်မှနေ၍ အရှေ့သို့ ကူးခတ်သွား၏။ အနက်ရောင်အလင်းကလည်း ပေတစ်သိန်းပတ်လည်အတွင်း လင်းလက်သွားသည်။ ထို့နောက် ကောင်းကင်ဘုရင်ယိုသည် ကျန်းရီထံသို့ ဒေါသတကြီး ကူးခတ်သွားလိုက်လေသည်။ သို့သော် ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်က တုန်ခါသွား၏။ သူ တုံ့ဆိုင်းမှုမရှိတော့ဘဲ အထက်သို့ အသည်းအသန် ကူးခတ်သွားလိုက်သည်။
အောက်ဘက်ရှိ မြက်ခင်းပြင်မီးတောက်များထဲမှနေ၍ နီညိုရောင်သားရဲလေးတစ်ကောင်က ကောင်းကင်မီးတောက်သားရဲ အကောင်နှစ်သောင်းကို ခေါ်၍ အပြင်သို့ ထွက်လာ၏။ ထိုအခါ ပတ်ဝန်းကျင်အပူချိန်က ပို၍ပင် မြင့်မားလာသည်။ ထိုသားရဲလေးနှင့် ထပ်ထွက်လာသော ကောင်းကင်မီးတောက်သားရဲများသာ သူ့အနားသို့ ရောက်လာလျှင် သူ ဤနေရာမှာပင် သေသွားမည်ဖြစ်ကြောင်း ကောင်းကင်ဘုရင်ယို သိပေသည်။
သေရေးရှင်ရေး အခြေအနေတွင် ကောင်းကင်ဘုရင်ယိုသည် ယာယီ ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ချော်ရည်မြေရိုင်းအပြင်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမား ခြောက်ယောက် ရှိနေသေးသည်။ ကျန်းရီ ဤမြေရိုင်းထဲမှ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကောင်းကင်ဘုရင်ယိုသည် အခြားသူများနှင့် ဆွေးနွေးကာ အခြားနည်းလမ်းတစ်ခု ရှာနိုင်ပေသေးသည်။
“အား...အား...”
ကောင်းကင်ဘုရင်ယို၏ တုံ့ပြန်မှုက အလွန်လျင်မြန်၏။ သို့သော် သူ တစ်စက္ကန့်မျှ တုံ့ဆိုင်းမိခဲ့၍ ယခု သူ့အရည်ပြားက မီးလောင်ကျွမ်းလာပေပြီ။ သူ၏ ကောင်းကင်စွမ်းအားက နှောင့်ယှက်ခံနေရသဖြင့် သူ့အမြန်နှုန်းကလည်း နှေးသွားသည်။ သူ့အရည်ပြားများက မီးကျွမ်းလာရာ ကောင်းကင်ဘုရင်ယို ချော်ရည်ကန်ထဲမှာပင် ညှော်နံ့တစ်ခုကို ရလာလေသည်။
ဝှစ်...
အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများတွင် ခိုင်မာသော အခြေခံအုတ်မြစ်ရှိကြ၏။ သူတို့က သာမန် စွမ်းအားကြီး သိုင်းသမားများကဲ့သို့ မဟုတ်ပေ။ ကောင်းကင်ဘုရင်ယိုသည် တိုင်းတာ၍ပင် မရနိုင်သော နာကျင်မှုကို အံတု၍ အထက်သို့ လျင်မြန်စွာ ဆက်ကူးခတ်သွားလိုက်၏။ မကြာခင်မှာပင် သူ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံ ရောက်နိုင်သော အကွာအဝေးအပြင်သို့ ရောက်သွားလေတော့သည်။
ဗွမ်း...
ကောင်းကင်ဘုရင်ယိုသည် ချော်ရည်ကန်အပြင်သို့ ရောက်သည်နှင့် အလင်းတန်းတစ်ခုအလား ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်သွား၏။ ရုတ်ခြည်းပင် သူ့အပေါ်သို့ မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများ ကျရောက်လာသည်။ သူ၏အရေပြားများက မီးကျွမ်းနေပြီး သူ၏မျက်နှာက မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြောင်း သိလိုက်ရသောအခါ လူများ အုတ်အော်သောင်းနင်းဖြစ်သွားသည်။
“ဒါက...”
မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တရာဘုရင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သို့လုပ်ရမည်မသိ ဖြစ်သွားကြ၏။ ခြင်္သေ့ဝါဘုရင်ကမူ ကျန်းရီကို သူ့ဘာသာ သွားမသတ်မိခဲ့သည့်အတွက် ဝမ်းမြောက်မိသွားသည်။ မဟုတ်လျှင် ယခု ရုပ်ပျက်ဆင်းရုပ် ဖြစ်ရသူမှာ သူ ဖြစ်နေပေလိမ့်မည်။ သူ၏အင်အားက ကောင်းကင်ဘုရင်ယို၏အင်အားထက် များစွာပိုအားနည်းသည် မဟုတ်ပါလား။
“အာ...”
အဝေးရှိ တိရှအရှင်နှင့် ဝိညာဉ်ဘုရင်တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ကြောင်း သူတို့ မသိကြပေ။ ကောင်းကင်ဘုရင်ယိုက ကျန်းရီကို သတ်ချင်မှသတ်နိုင်လိမ့်မည်ဟု သူတို့ တွေးမိကြသည်။ သို့သော် ကျန်းရီက ကောင်းကင်ဘုရင်ယိုကို ထိုအခြေအနေအထိ ဖြစ်သွားအောင် လုပ်နိုင်လိမ့်မည်ဟုတော့ သူတို့ ထင်မထားပေ။ ကောင်းကင်ဘုရင်ယို၏ ဒေါသခိုးများဝေနေသော မျက်ဝန်းများကို ကြည့်ရုံဖြင့် သူက ကျန်းရီကို မသတ်နိုင်ခဲ့ကြောင်း ထင်ရှားပေသည်။
“အဲ့ကောင်လေးက တိရှအရှင် ပြောသလို တကယ်ပဲ ဧကရာဇ်အဆင့်ကို ရောက်နိုင်မှာလား’
ဝိညာဉ်ဘုရင် သူ့ဘာသာ ရေရွတ်လိုက်၏။ လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်မှလွဲ၍ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို ထိုမျှထိခိုက်သွားအောင် လုပ်နိုင်သူ တစ်ယောက်မှ မပေါ်ထွက်ခဲ့ပေ။
“ယိုဖုန်း... ဘာဖြစ်ခဲ့တာလဲ”
တစ်ဘက်တွင် ကောင်းကင်ဘုရင်ယိုက ဟွင့်သွမ့်နတ်ဘုရားလှေတစ်စီးအတွင်း ရောက်နေပြီဖြစ်သည်။ ကောင်းကင်ဘုရင်ဝူက သူ့ကို ချက်ချင်းမေးလိုက်သည်။
“ခင်ဗျား ကျန်းရီကို သတ်နိုင်ခဲ့လား”
“ဟင့်အင်း...”
ကောင်းကင်ဘုရင်ယို၏ မျက်နှာက မီးကျွမ်းကာ မည်းတူးနေပေပြီ။ သူ၏မျက်ဝန်းများထဲတွင်လည်း ဒေါသခိုးများဝေနေသည်။ သူ အံကြိတ်ကာ ဆက်ပြောလိုက်သည်။
“အဲ့ကောင်စုတ်ရဲ့ မီးဒဏ်ခံရတနာက အရမ်းစွမ်းတယ်။ အောက်ဘက်က မီးတောက်တွေက ထိပ်တန်းမီးတောက်ဆယ်မျိုးထဲက မြက်ခင်းပြင်မီးတောက်တွေ ဖြစ်ရမယ်။ ကျုပ်ရဲ့ မီးဒဏ်ခံရတနာက အဲ့မီးတောက်တွေကို မခံနိုင်ဘူး။ ကျုပ် အဲ့မျိုးမစစ်ကောင်ကို သတ်တော့မဲ့အချိန်မှာ ပုလဲလုံးက ကွဲသွားတာပဲ။ အဲ့ဒါနဲ့ ကျုပ်လည်း ရွေးချယ်စရာ မရှိတော့ဘဲ ပြန်ပြေးလာခဲ့ရတာ”
ကောင်းကင်ဘုရင်ယိုသည် အရာအားလုံးကို မီးဒဏ်ခံပုလဲစိမ်းအပေါ် အပြစ်တင်လိုက်သည်။ သူ၏အသံကလည်း ကျယ်လာသဖြင့် အနီးရှိ ဟွင့်သွမ့်နတ်ဘုရားလှေများမှ လူများအားလုံးလည်း ကြားလိုက်ရ၏။ သူက သူ့သိက္ခာမကျရစေရန် ခပ်ကျယ်ကျယ် အော်ပြောခဲ့ခြင်းဖြစ်သည်။ သူက ပမွှားကျန်းရီကို သွားသတ်ခဲ့ခြင်း ဖြစ်သော်လည်း ကျန်းရီကို မသတ်နိုင်ခဲ့သည့်အပြင် ယခုကဲ့သို့ အခြေအနေနှင့် ပြန်လာခဲ့ရသည် မဟုတ်ပါလား။ အကယ်၍ ထိုအကြောင်းများသာ သတင်းပျံ့သွားလျှင် တစ်လောကလုံးက သူ့ကို လှောင်ပြောင်ကြပေလိမ့်မည်။
“မြက်ခင်းပြင်မီးတောက်တွေလား”
အားလုံး မျက်နှာပျက်သွားကြ၏။ အထက်ဘုံ၏ နေရာတော်တော်များများတွင် မြက်ခင်းပြင်မီးတောက်များ ရှိကြသည်။ ၎င်းမီးတောက်များက တစ်လောကလုံးတွင်ဆိုလျှင် နံပါတ်တစ်ဆယ်မြောက် စွမ်းအားအကြီးဆုံး မီးတောက်များဖြစ်ပြီး အထက်ဘုံတွင်မူ ဒုတိယဖြစ်သည်။ ဤနေရာရှိ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားအားလုံးထဲတွင် ကောင်းကင်ဘုရင်ဝူတစ်ယောက်သာ ထိုမြက်ခင်းပြင်မီးတောက်များအနီးသို့ ကပ်နိုင်စွမ်းရှိလောက်သည်။ အခြားသူများသာ ထိုမီးတောက်များအနား ကပ်မည်ဆိုလျှင် သေလျှင်သေ၊ မသေလျှင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေသည်။
“ကျုပ်တို့ဘာလုပ်ကြမလဲ လောင်ဝူ...”
အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားများက ကောင်းကင်ဘုရင်ဝူကို ကြည့်လိုက်ကြ၏။ သူတို့၏ ရည်ရွယ်ချက်က ရှင်းသည်။ ကောင်းကင်ဘုရင်ဝူက မိစ္ဆာချေဖျက်စစ်တပ်၏ နံပါတ်တစ်ခေါင်းဆောင်ဖြစ်ပြီး ဤနေရာမှလူများထဲတွင်လည်း အသန်မာဆုံးဖြစ်ရာ ယခုမှ သူ၏တာဝန်ကို ခေါင်းရှောင်လို၍ မရတော့သည် မဟုတ်လော။
ကောင်းကင်ဘုရင်ဝူက မျက်နှာသေဖြင့် ရှိနေသော်လည်း ဝမ်းထဲမှကြိတ်၍ပြုံးနေ၏။ ထိုလူများက မည်သို့ကြံနေကြောင်း သူ ကောင်းကောင်းသိပေသည်။ သူက အမှန်ပင် မိစ္ဆာချေဖျက်စစ်တပ်၏ နံပါတ်တစ်ခေါင်းဆောင် ဖြစ်သော်လည်း ကျန်းရီက ဝူမျိုးနွယ်ဝင်တစ်ယောက်ကိုမှ မသတ်ခဲ့ပေ။ ဆိုရလျှင် သူ ကျန်းရီကို အတန်ငယ် လေးစားမိသေးသည်။ သို့ဖြစ်ရာ အဘယ်ကြောင့် သူက ကျန်းရီကို သွားသတ်ရပါမည်နည်း။
“ဘာတွေလောနေကြတာလဲ။ တခြားတစ်ခုခု စဉ်းစားကြသေးတာပေါ့”
ကောင်းကင်ဘုရင်ဝူသည် အားလုံး၏ အကြည့်များကို လျစ်လျူရှုလိုက်ပြီး မျက်လုံးမှိတ်ကာ စတင်တွေးတောလိုက်၏။ သူက မလောပေ။ အခြားသူများက လောလျှင် သူတို့ဘာသာ ကျန်းရီကို သွားသတ်နိုင်သည်။ ကောင်းကင်ဘုရင်ယိုသည် လှေဝမ်းထဲတွင် တင်ပျဉ်ခွေထိုင်၍ သူ၏ဒဏ်ရာများကို စတင်ကုသလိုက်၏။ မြစ်ဖြူဘုရင်၊ ကောင်းကင်ကန္တာရဘုရင်နှင့် အခြားသူများလည်း ကျန်းရီကို သွားသတ်ရန် ရှေ့ထွက်မလာကြပေ။ သူတို့အားလုံးသည် နေရာတစ်ခုရှာ၍ တင်ပျဉ်ခွထိုင်လိုက်ကြ၏။ သူတို့က ကျန်းရီကို သတ်နိုင်မည့် နည်းလမ်းများကို တွေးနေကြပုံ ပေါ်သော်လည်း သူတို့ ဘာတွေးနေသည်ကို သူတို့သာ သိကြပေလိမ့်မည်။
အုပ်ချုပ်သူအဆင့် သိုင်းသမားများက မလှုပ်ရှားသဖြင့် ရာချီသော နတ်ဘုရားလှေများ ဆူညံပွက်သွားသည်။ အားလုံး အခြေအနေကို စတင် ဆွေးနွေးလိုက်ကြသည်။ သို့သော် နတ်ဘုရားလှေတိုင်းကို အကာအရံများက ကာထားကြသဖြင့် သူတို့၏အသံများကို အပြင်မှ မကြားနိုင်ကြပေ။ လူများစွာသည် အုပ်ချုပ်သူအဆင့် သိုင်းသမားခုနစ်ယောက်ထံတွင် မည်သည့်အစီအစဉ်မှ မရှိသလို မည်သူကမှလည်း ကျန်းရီကို မသတ်နိုင်ကြဟု စတင်တွေးတောလာကြပေသည်။
အချိန်အတော်ကြာပြီးနောက် မြစ်ဖြူဘုရင်နှင့် အခြားသူများသည် မျက်လုံးဖွင့်၍ ကောင်းကင်ဘုရင်ဝူကို ကြည့်လိုက်ကြ၏။ သူတို့ ကောင်းကင်ဘုရင်ဝူကို စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။ သူက ကောင်းကင်ဘုရင်ယို၏ ဒဏ်ရာများ ပျောက်သွားမည့်အချိန်ကို စောင့်နေခြင်းဖြစ်မည်။ ပြီးမှ သူ ကောင်းကင်ဘုရင်ယိုကို ထပ်မံကြိုးစားခိုင်းပေလိမ့်မည်။
နှစ်နာရီကြာပြီးသည်အထိ ကောင်းကင်ဘုရင်ဝူ မျက်လုံးများ ပြန်ဖွင့်မလာသေးပေ။ ထိုစဉ် အရှေ့ဘက်မှနေ၍ လေခွင်းသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ အားလုံး၏ ကောင်းကင်စိတ်အာရုံများက ပျံသန်းရောက်ရှိလာသော ဟွင့်သွမ့်နတ်ဘုရားလှေတစ်စီးအပေါ် ကျရောက်သွားသည်။ သူတို့ထဲမှအချို့သည် ထိတ်လန့်၍ပင် နေကြသည်။ ဝိညာဉ်ဘုရင်နှင့် တိရှအရှင်တို့ ရောက်ရှိလာခြင်းလော။
ရွှီး...
နတ်ဘုရားလှေ၏တံခါး ပွင့်သွားပြီး ရီဇူဝင်လာ၏။ ထို့နောက် သူ တင်ပြလိုက်သည်။
“အရှင်တို့... ဆောင်းဥတုအရှင်နဲ့ စစ်သူကြီးချီတို့ ရောက်လာပါတယ်”
“သူတို့က ဘာလို့ရောက်လာတာလဲ”
ကောင်းကင်ဘုရင်ဝူ မျက်လုံးဖွင့်ကာ မျက်ခုံးပင့်လိုက်၏။ ယခုတွင်ပင် အခြေအနေက အလွန်ရှုပ်ထွေးနေပြီဖြစ်သည်။ အဘယ်ကြောင့် ထိုနှစ်ယောက်က ထပ်ရောက်လာရသနည်း။ သို့သော် ဆောင်းဥတုအရှင်က အထက်ဘုံတစ်ခွင်လုံးရှိ ထိပ်သီးစွမ်းအားကြီးသိုင်းသမားများထဲမှ တစ်ယောက်ဖြစ်ပြီး ကောင်းကင်ဘုံသို့ သွားတော့မည်သူတစ်ယောက်လည်းဖြစ်သည်။ ထို့ကြောင့် အားလုံးသည် ရွေးချယ်စရာမရှိတော့ဘဲ သူ့ကို လက်ခံတွေ့ဆုံရလေသည်။
ဝှစ်...
အသစ်ရောက်လာသော နတ်ဘုရားလှေက ခပ်လှမ်းလှမ်းတွင် ရပ်သွားပြီး ၎င်းလှေထဲမှနေ၍ ဆောင်းဥတုအရှင်နှင့် ချီချင်ချန်တို့ ပျံထွက်လာကြသည်။ သူတို့နှစ်ယောက်သည် ကောင်းကင်ဘုရင်များ ရှိသော နတ်ဘုရားလှေဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်၏။ လှေထဲရောက်သောအခါ ဆောင်းဥတုအရှင်က အားလုံးကို လက်ဆုပ်နှုတ်ဆက်၍ ပြောလိုက်သည်။
“အားလုံးပဲ... အခြေအနေ ဘယ်လိုရှိပါသလဲ။ အာ... ယိုဖုန်း.. ခင်ဗျား ဘာဖြစ်တာလဲ”
ကောင်းကင်ဘုရင်ယို၏ ပြန်ကောင်းနေပြီဖြစ်သော မျက်နှာက ပြန်မည်းမှောင်သွားသည်ကို တွေ့လိုက်သောအခါ ကောင်းကင်ဘုရင်ဝူနှင့် အခြားသူများ ကြိတ်ရယ်လိုက်ကြသည်။ ကောင်းကင်ဘုရင်ယိုသည် နှာမှုတ်ကာ ဆောင်းဥတုအရှင်၏ မေးခွန်းကို လျစ်လျူရှုလိုက်သည်။ ချီချင်ချန်သည် လှေထဲသို့ မျက်နှာသေဖြင့် ဝင်လာ၏။ မည်သူကမှ သူမခမည်းတော်၏မေးခွန်းကို ပြန်မဖြေကြောင်း တွေ့လိုက်သောအခါ သူမ လက်ဆုပ်ကာ ဝင်ပြောလိုက်သည်။
“ခေါင်းဆောင်ဝူ... ကျန်းရီကို ဖမ်းမိပါပြီလား”
“မမိသေးဘူး”
ကောင်းကင်ဘုရင်ဝူက သက်ပြင်းသဲ့သဲ့ချကာ ပြန်ပြောသည်။
“ချော်ရည်ကန်အောက်ခြေမှာ မြက်ခင်းပြင်မီးတောက်တွေ ရှိနေတယ်။ အခု ကျန်းရီက အဲ့မီးတောက်တွေနားမှာ ပုန်းနေတာပဲ။ ငါတို့ သူ့ကို ဖမ်းနိုင်မဲ့နည်းလမ်းတစ်ခု တွေးနေကြတာ”
“ဟင်...”
ချီချင်ချန်၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူမ ထိတ်လန့်ဟန်ဖြင့် ပြောလိုက်သည်။
“မြင်ခင်းပြင်မီးတောက်တွေလား... ကျွန်မသိသလောက်ဆို အဲ့မီးတောက်တွေက အထက်ဘုံမှာ အဆင့်နံပါတ်နှစ်ရှိတဲ့ မီးတောက်တွေမလား။ ကျန်းရီရဲ့ မီးဓာတ်စည်းမျဉ်းတွေအပေါ် သိမြင်နားလည်မှုက အဲ့အဆင့်ကိုတောင် ရောက်သွားပြီလား။ သူက မြက်ခင်းပြင်မီးတောက်တွေကိုတောင် မကြောက်မှတော့ ကျွန်မတို့ဘက်က လုပ်ရကိုင်ရခက်မှာပဲ။ ကျွန်မတို့ အောက်ကိုဆင်းသွားရင် သူက မြက်ခင်းပြင်မီးတောက်တွေကိုသုံးပြီး ကျွန်မတို့ကို သတ်လောက်တယ်။ ကျွန်မအမြင်ကို ပြောရရင်... အားလုံး အရင်ဆုံး ပြန်သွားလိုက်ကြပါလား။ ကျွန်မ ကျွန်မရဲ့တပ်သားတွေကိုခေါ်ပြီး သူ ထွက်မပြေးနိုင်အောင် ဒီမှာ စောင့်ကြပ်နေပါမယ်။ အဲ့မြေရိုင်းထဲမှာ ဘာမိုးမြေဝိညာဉ်စွမ်းအင်မှ မရှိပါဘူး။ သူ အဲ့ထဲမှာ ဘယ်လောက်ကြာကြာ နေနိုင်မှာမို့လဲ”