တစ်ယောက်ချင်း ယှဉ်ပြိုင်ခြင်း
Vol. 114 Ch. 1586
ဝုန်း...ဝုန်း...ဝုန်း...
အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်က အင်အားပူးပေါင်း၍ ချော်ရည်မြေရိုင်းကို တိုက်ခိုက်နေကြသည်။ ပေါက်ကွဲသံကြီးများကိုလည်း အဆက်မပြတ် ကြားနေရသည်။ ထိုအသံများက ကီလိုမီတာသိန်းချီအကွာအထိ ပဲ့တင်ထပ်နေသည်။ ဟွင့်သွမ့်နတ်ဘုရားလှေ ငါးရာကျော်ထဲမှ လူများပင် ပေါက်ကွဲသံများကို ရှင်းလင်းပြတ်သားစွာ ကြားနေကြရသည်။
အားလုံး စိတ်လှုပ်ရှားနေကြသည်။ ဘွဲ့ထူးရစစ်နတ်ဘုရားများစွာသည် သူတို့၏ နတ်ဘုရားလှေများထဲမှ ပျံထွက်၍ မြေရိုင်းအနီးသို့ ကီလိုမီတာငါးရာလောက် ပျံသန်းသွားကြ၏။ ဖြစ်ပျက်နေသည်များကို သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုကြပေသည်။ တိရှအရှင်၊ ဝိညာဉ်ဘုရင်၊ ဆောင်ဥတုအရှင်နှင့် ချီချင်ချန်တို့၏ စိတ်ဓာတ်များက အောက်ဆုံးအထိ ကျဆင်းနေသည်။ ကြည့်ရပုံအရ ချော်ရည်မြေရိုင်းရှိ အက်ကြောင်းကြီးများက အလွန်နက်နေလောက်ပေပြီ။ အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်က တိုက်ခိုက်လိုက်တိုင်း အက်ကြောင်းကြီးများက ပိုကျယ်၊ ပိုနက်လာကြသည်။ မကြာခင်တွင် ချော်ရည်မြေရိုင်းက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားပေတော့မည်။
“အာ...”
ထိုအခိုက်တွင် ကောင်းကင်ဘုရင်ဝူသည် တစ်စုံတစ်ခု မှားနေကြောင်း သတိပြုမိလိုက်၏။ သူတို့ တိုက်ခိုက်လေလေ၊ သူတို့ပတ်ပတ်လည်မှ အပူချိန်က လျော့ကျလာလေလေပင်။ အစောတွင် ထိုးထွက်လာခဲ့သော မီးတောက်များပင် ပျောက်ကွယ်သွားပေပြီ။
‘ငါတို့ရဲ့ တိုက်ခိုက်မှုတွေက ချော်ရည်မြေရိုင်းတစ်ခုလုံးကို တုန်ခါ၊ အက်ကွဲလာစေတယ်။ အဲ့ဒါကြောင့် မြက်ခင်းပြင်မီးတောက်တွေရော လွင့်ပြယ်သွားတာလား’
ကောင်းကင်ဘုရင်ဝူ နားမလည်နိုင်ပေ။ ချော်ရည်မြေရိုင်း၏ အနက်ရှိုင်းဆုံး အက်ကြောင်းများထဲတွင် ချော်ရည်ပူများ ရှိနေသည် မဟုတ်ပါလား။ အဝေးမှလူများသည်လည်း မည်သည့်အရာ ဖြစ်ပျက်နေကြောင်း မပြောနိုင်ကြပေ။ အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားများက ထိုမူမမှန်မှုကို သတိပြုမိသွားပြီးနောက်တွင်လည်း သူတို့ အကြောင်းကို နားမလည်နိုင်ကြပါပေ။
တဖြည်းဖြည်းဖြင့် အက်ကြောင်းများ ပိုကျယ်၊ ပိုနက်လာသည်။ သို့သော် ပတ်ဝန်းကျင်အပူချိန်က လျော့၍ လျော့၍ လာသည်။ ငါးမိနစ်ကြာပြီးနောက်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်၏ မျက်လုံးများ အရောင်လက်လာပေသည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ချော်ရည်မြေရိုင်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားလေသည်။ ဧရာမကျောက်စကြီးများက အာကာသဟင်းလင်းပြင်ထဲ မျောလွင့်သွားသည်။ ထိုကျောက်စများကို ချော်ရည်များက လွှမ်းခြုံထားသည်။ အချို့ကျောက်စများသည် ဥက္ကာပျံများကဲ့သို့ အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်ဆီ ပျံဝင်လာကြသည်။ ထိုမြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် လူများ ရင်တုန်လာကြသည်။ အဖြစ်အပျက်များကို ကြည့်ရှုရန် အနားသို့ ကပ်လာခဲ့သော သိုင်းသမားများလည်း ကြောက်ရွံ့သွားကြလေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ကောင်းကင်ဘုရင်ဝူနှင့် အခြားသူများ တစ်ချိန်တည်း ပြန်ဆုတ်လိုက်ကြသည်။ သူတို့သည် ပျံဝင်လာသော ကျောက်စများကြောင့် ဒဏ်ရာရသွားမည်ကို စိုးရိမ်ကြပေသည်။ သူတို့သည် နောက်ပြန်ဆုတ်ရင်း ပျံဝင်လာသော ကျောက်စများကို တိုက်ခိုက်ကာ အမှုန့်ဖြစ်သွားအောင်လည်း လုပ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ကောင်းကင်စိတ်အာရုံများက ကျောက်စ၊ ကျောက်နများ၏ အလယ်သို့ ရောက်ရှိသွားသည်။
ဝှစ်...ဝှစ်...ဝှစ်...
ဆောင်းဥတုအရှင်နှင့် ချီချင်ချန်တို့သည် ဆယ်ချီသော ဆောင်းဥတုတပ်သားများကို ဦးဆောင်၍ အရှေ့သို့ ပျံသန်းလာ၏။ သူတို့အားလုံးသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ကြသည်။ တိရှအရှင်နှင့် ဝိညာဉ်ဘုရင်တို့လည်း ထို့အတူပင် လုပ်လိုက်ကြသည်။ သူတို့အားလုံး၏ ကောင်းကင်စိတ်အာရုံများက ကျောက်စ၊ ကျောက်နများအလယ်တွင် ရပ်နေသော လူတစ်ယောက်အပေါ် ကျရောက်သွားကြပေသည်။
ထိုလူက အနီရောင်ဆံပင်ရှိပြီး အနက်ရောင် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူ့လက်ထဲတွင်မူ မီးနဂါးဓားကို ကိုင်ထားသည်။ သူ့ပတ်ပတ်လည်တွင် ထူးဆန်းသော သားရဲများ အကောင်သောင်းနှင့်ချီ၍ ရှိနေသည်။ ၎င်းသားရဲများက မီးတောက်လုံးများနှင့် တူပေသည်။ ထိုလူ၏ မျက်နှာထားက တည်ငြိမ်နေသည်။ သူ့ခြေထောက်အောက်တွင် ချော်ရည်ပူများ ရှိနေသေးသည်။ သူ၏ပုံစံက တုန်လှုပ်ဖွယ်ကောင်းရာ အားလုံး ကြောက်ရွံ့သွားကြပေသည်။
“ကျန်းရီ...”
ချီချင်ချန် အော်ခေါ်လိုက်သည်။ ထိုစဉ် ဆောင်းဥတုအရှင်၏ အရှိန်အဝါက ရုတ်ခြည်း ထိုးထွက်လာကာ ချီချင်ချန်ကို ဖိနှိပ်လိုက်သည်။ ကျန်းရီသည် သူမ၏ အော်သံကို ကြားသောအခါ လှမ်းကြည့်၏။ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးသဲ့သဲ့ ထွက်ပေါ်လာသည်။ သို့သော် သူ မည်သို့မှတော့ မပြောလိုက်ပေ။
“မြက်ခင်းပြင်မီးတောက်တွေက ဘယ်မှာလဲ”
ကောင်းကင်ဘုရင်ဝူတို့သည် သူတို့၏ ကောင်းကင်စိတ်အာရုံများဖြင့် ပတ်ဝန်းကျင်ကို အာရုံခံလိုက်ကြ၏။ သို့သော် မြက်ခင်းပြင်မီးတောက်များကို ရှာမတွေ့သဖြင့် သူတို့အားလုံး အံ့အားသင့်သွားကြသည်။ ချော်ရည်မြေရိုင်း ပေါက်ကွဲထွက်သွားချိန်တွင် မြက်ခင်းပြင်မီးတောက်များလည်း ပျောက်ကွယ်သွားခဲ့ပုံပင်။ မီးစမီးန တစ်ခုပင် မကျန်ခဲ့ချေ။
“သတ်ကြ...”
အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်သည် တုံ့ဆိုင်းမနေတော့ဘဲ ကျန်းရီဆီသို့ ပျံသန်းသွားလိုက်ကြ၏။ ကျန်းရီကဲ့သို့ ပမွှားလေးတစ်ယောက်ကို သတ်ရန် သူတို့ အချိန်များစွာ ဖြုန်းတီးခဲ့ရသည်။ ဤတစ်ကြိမ်တွင် သူတို့ မည်သည်ကိုမှ အမှားခံတော့မည် မဟုတ်ချေ။ သူတို့ အင်းအားပူးပေါင်းကာ ကျန်းရီကို အပြီးတိုင် ရှင်းပစ်ရန် ပြင်ဆင်ထားပြီးပေပြီ။
“ဟားဟားဟား...”
ရုတ်တရက် ကျန်းရီက ကျယ်လောင်စွာ အော်ရယ်လိုက်၏။ သူသည် ပျံဝင်လာသည် အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်ကို မီးနဂါးဓားဖြင့် ချိန်ကာ ပြောလိုက်သည်။
“အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်လား။ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် မရှက်မိဘူးလား။ ခင်ဗျားတို့အကုန်လုံးက နှစ်ပေါင်းရာနဲ့ချီအောင် နေခဲ့ကြပြီးပြီ... တချို့ဆို နှစ်တစ်ထောင်ကျော်လောက် နေခဲ့ပြီးပြီ၊ ဒါပေမဲ့ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေကြတာပဲ။ ခင်ဗျားတို့ ခုနစ်ယောက်က အထက်ဘုံကို တက်လှမ်းလာတာ တစ်နှစ်မပြည့်သေးတဲ့ လူငယ်တစ်ယောက်ကို ဝိုင်းတိုက်ကြမလို့လား။ ခင်ဗျားတို့ ကျွန်တော်နဲ့ တစ်ယောက်ချင်း မယှဉ်ရဲဘူးလား။ ဘယ်သူ ယှဉ်ရဲလဲ”
ကျန်းရီက သူ့အသံကို ကောင်းကင်စွမ်းအားနှင့် မြှင့်တင်ထားသဖြင့် အသံက ကီလိုမီတာထောင်ကျော်အထိ ပဲ့တင်ထပ်သွားသည်။ အားလုံး သူ့စကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ရုတ်ခြည်း အားလုံး ဆူညံပွက်သွားပေပသည်။
ကောင်းကင်ဘုရင်ဝူတို့သည် ခေတ္တမျှ ဒေါသထွက်သွားပုံ ပေါ်သော်လည်း ပူးပေါင်းတိုက်ခိုက်မည်ကို ရပ်တန့်လိုက်ကြပြီး အာကာသဟင်းလင်းပြင်ထဲတွင် ရပ်နေလိုက်ကြသည်။ ထို့နောက် ကောင်းကင်ဘုရင်ဝူက အေးစက်စက်လေသံဖြင့် အော်ပြောသည်။
“ကျန်းရီ... မင်းက စစ်စည်းမျဉ်းတွေကို အရေးမထားဘဲ အပြစ်ကင်းတဲ့သူတွေကို သတ်ဖြတ်ခဲ့တယ်။ မင်းက သွေးဆာနေတဲ့ အရူးတစ်ယောက်ပဲ။ အခု သေခါနီးနေတော့ ပေါက်ကရတွေပြောပြီး ထွက်ပြေးဖို့ ကြိုးစားနေတာလား”
“ဟင်းဟင်း...”
ကျန်းရီ ခပ်သဲ့သဲ့ပြုံး၍ ပြန်ပြောလိုက်သည်။
“ခေါင်းဆောင်ဝူ... ကျွန်တော် စစ်စည်းမျဉ်းတွေကို အရေးမစိုက်ခဲ့ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ အပြစ်မဲ့တဲ့သူတွေကို သတ်တာလား၊ သွေးဆာနေတဲ့ အရူးတစ်ယောက်တဲ့လား။ ကျွန်တော် ဘယ်တုန်းက အပြစ်မဲ့တဲ့သူတွေကို သတ်ခဲ့ဖူးလို့လဲ။ ကျွန်တော်သာ အပြစ်မဲ့တဲ့သူတွေကို သတ်ချင်ခဲ့ရင် ကောင်းကင်ယန်မျိုးနွယ်မှာ တစ်ယောက်မှာ ကျန်မှာ မဟုတ်ဘူး။ လူတွေက ကျွန်တော့်ကို ရန်လာမစရင် ကျွန်တော် သူတို့ကို အရေးစိုက်နေမှာတောင် မဟုတ်ဘူး။ သူတို့ ရန်လာစရင်တော့ ကျွန်တော် သေချာပေါက် လက်စားပြန်ချေမှာပဲ...”
“ကျွန်တော် ခင်ဗျားနဲ့ အပိုတွေ ပြောမနေတော့ပါဘူး။ ကောင်းကင်ဘုရင်ယို... ခင်ဗျား ကျွန်တော်နဲ့ တစ်ယောက်ချင်း ယှဉ်ရဲလား။ ခင်ဗျားကြောက်ရင် တခြားသူတွေကို အရင်ယှဉ်ခိုင်းလို့ရပါတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို တစ်လှည့်စီ တိုက်ခိုက်လို့ရတယ်”
ကျန်းရီ ကောင်းကင်ဘုရင်ယိုကို မီးနဂါးဓားဖြင့် ချိန်၍ စိန်ခေါ်လိုက်၏။ သူ၏ဆံပင်နီများက လေထဲတွင် ဝဲလွင့်နေသည်။ ထိုအခိုက်တွင် သူ၏အရှိန်အဝါက သိမ်းငှက်ဘုရင်လေး၏အရှိန်အဝါနှင့် မကွာပေ။ လူများစွာသည် ရင်ထဲတွင် တုန်လှုပ်သွားကြသည်။
ကောင်းကင်ဘုရင်ယို၏ မီးလောင်ထားသော မျက်နှာက ရှုံ့တွသွားသည်။ ကျန်းရီက သူ့ကို ဓားဖြင့်ချိန်၍ တစ်ယောက်ချင်း ယှဉ်ရန် စိန်ခေါ်နေသည်။ လူများစွာ၏အရှေ့တွင် သူ ထိုစိန်ခေါ်မှုကို ငြင်းနိုင်ပါမည်လော။
ကျန်းရီထံတွင် ထူးဆန်းမှုများစွာ ရှိနေသော်လည်း ကောင်းကင်ဘုရင်ယို သူ၏လှံနက်ကို ထုတ်လိုက်ရတော့သည်။ ထို့နောက် သူ ဒေါသတကြီး အော်ပြောလိုက်သည်။
“သေပေတော့... မျိုးမစစ်လေး”
ဆောင်းဥတုအရှင်၊ တိရှအရှင်၊ ချီချင်ချန်နှင့် အခြားသူများအားလုံး အသက်ရှူအောင့်လိုက်ကြသည်။ သို့သော် မည်သူကမှ မလှုပ်ပေ။ သူတို့ မလှုပ်ခြင်းမှာ လှုပ်၍မရခြင်းကြောင့်ဖြစ်သလို ကျန်းရီ၏ မျက်ဝန်းများက ယုံကြည်မှုရှိကာ ခက်ထန်နေ၍လည်းပါသည်။ သူက ကောင်းကင်ဘုရင်ယိုကို သတ်နိုင်မည့် စွမ်းရည်များ ပိုင်ဆိုင်ထားသလိုပင်။
‘အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
အားလုံး တူညီသောအတွေးကို တွေးမိသွားကြ၏။ သို့သော် ထိုအတွေးက ရုတ်ခြည်းပင် ပျောက်ကွယ်သွားသည်။ ကျန်းရီမဆိုထားနှင့် ဘွဲ့ထူးရစစ်နတ်ဘုရားများနှင့် ကောင်းကင်ဘုရင်ယိုကြားမှ စွမ်းရည်အဆင့်က မိုးနှင့်မြေကဲ့သို့ ကွာခြားပေသည်။ ကျန်းရီက ကောင်းကင်ဘုရင်ယိုကို သတ်ရန်မဆိုးထားနှင့် သူတင်ကိုယ်တင်ပင် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
ဝှစ်...
ကောင်းကင်ဘုရင်ယိုသည် ကျန်းရီထံသို့ နဂါးတစ်ကောင်အလား ပျံဝင်သွား၏။ သို့သော် သူ ကျန်းရီအနားသို့ အရမ်းကပ်မသွားဝံ့ပေ။ မလှမ်းမကမ်းအကွာသို့ ရောက်သည်နှင့် သူ နဂါးနက်ကို ဆင့်ခေါ်လိုက်သည်။ ထိုနဂါးနက်က ကျန်းရီထံသို့ ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် ဦးတည်ပျံသန်းသွားပေသည်။
“မဆိုးပါဘူး...”
ကျန်းရီ မိုးမြေစွမ်းအား ထုတ်လိုက်ပြီး သူ့ရုပ်ခန္ဓာကို အဆတစ်ရာ ပိုသန်မာသွားအောင် လုပ်လိုက်၏။ ထို့နောက် သူ ဘေးသို့ လျင်မြန်စွာ ရှောင်လိုက်ပြီး မီးနဂါးဓားဖြင့် ကျောက်စတစ်စကို ရိုက်ကာ ၎င်းကျောက်စကို နဂါးနက်ကြီးဆီ ပစ်လွှတ်လိုက်သည်။
ဝုန်း...
ဧရာမကျောက်စကြီးက အမှုန့်ဖြစ်သွား၏။ ကျန်းရီက နဂါးနက်ကြီးကို အလွယ်တကူ ရှောင်နိုင်လိုက်သော်လည်း ကောင်းကင်မီးတောက်သားရဲများစွာ သေဆုံးသွားခဲ့ရသည်။ ကျန်းရီ၏ပခုံးထက်မှ ကောင်းကင်ဝါးမျိုသားရဲလေးက နှစ်ကြိမ် အော်လိုက်၏။ ထိုအခါ အာကာသဟင်းလင်းပြင်ထဲရှိ ကောင်းကင်မီးတောက်သားရဲအားလုံး ကောင်းကင်ဘုရင်ယိုဆီ ပျံဝင်သွားသည်။ ထိုအခိုက်တွင် ကျန်းရီ ပျောက်ကွယ်သွားပေသည်။ သူက ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ ကောင်းကင်ဘုရင်ယိုထံ ချဉ်းကပ်သွားလိုက်ခြင်းပင်။
“အရူး...”
ဝိညာဉ်ဘုရင် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သို့သော် သူ ကျန်းရီထံ အသံမပို့လွှတ်ဝံ့ပေ။ ကောင်းကင်ဘုရင်ဝူနှင့် အခြားသူများက ကျန်းရီကို သူတို့၏ ကောင်းကင်စိတ်အာရုံများဖြင့် အာရုံခံနေကြသည် မဟုတ်ပါလား။ အကယ်၍ ယခု သူ ကျန်းရီထံ အသံပို့လွှတ်လိုက်လျှင် သူတို့ သေချာပေါက် သိသွားပေလိမ့်မည်။
ဝိညာဉ်မျိုးနွယ်၏ ပုန်းကွယ်ခြင်းအတတ်က အမှန်ပင် ပြိုင်ဘက်ကင်းသည်။ သို့သော် ကျန်းရီ၏ ကျင့်ကြံခြင်းအဆင့်က မည်မျှသာ ရှိသနည်း။ ကောင်းကင်ဘုရင်ယိုက သူ့ကို အာရုံမခံနိုင်လောက်ဟု သူ အမှန်ပင် ထင်သလော။ သူက ကောင်းကင်ဘုရင်ယိုကို လုပ်ကြံရန် ကြိုးစားနေသည်လော။ သို့ဖြစ်ရာ သူက အရူးမဟုတ်လျှင် အဘယ်နည်း။
မြစ်ဖြူဘုရင်၊ ကောင်းကင်ကန္တာရဘုရင်နှင့် အခြားသူများသည်လည်း ဝမ်းသာသွားကြ၏။ ကောင်းကင်ဘုရင်ဝူ ခပ်ရေးရေး ပြုံးလိုက်သည်။ သို့သော် သူ အကြည့်မလွှဲဝံ့ပေ။ ကောင်းကင်ဘုရင်ယိုက ကျန်းရီကို အာရုံမခံနိုင်သကဲ့သို့ ပြုမူနေ၏။ သူသည် အနီးမှ ကောင်းကင်မီးတောက်သားရဲများကို တိုက်ခိုက်ကာ ကျန်းရီကို လှည့်ပတ်ရှာနေပေသည်။
ကောင်းကင်ဘုရင်ယိုသည် ကျန်းရီကို ရှာမတွေ့ချင်ယောင်ဆောင်၍ ကျန်းရီအနားကပ်လာမှ လှံဖြင့်ထိုးသတ်ရန် ကြံနေခြင်းဖြစ်ကြောင်း ထင်ရှား၏။
ဆောင်းဥတုအရှင် ခေါင်းခါကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ထို့နောက် အတန်ငယ်စိုးရိန်ဟန်ဖြင့် ချီချင်ချန်ကို လှည့်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေပြီး သူမ၏နှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ရှိနေကြောင်း သူ အံ့ဩတကြီး တွေ့လိုက်ရသည်။
ချီချင်ချန်သည် ကျန်းရီအကြောင်းကို ကောင်းစွာသိသည်။ သူက အရူးတစ်ယောက် မဟုတ်ပေ။ သူ ထိုသို့လုပ်ရခြင်းတွင် အကြောင်းတစ်ခု ရှိပေလိမ့်မည်။ ဤတစ်ကြိမ်တွင် ကောင်းကင်ဘုရင်ယို သေလျှင်သေ၊ မသေလျှင် အပြင်းအထန် ဒဏ်ရာရသွားလိမ့်မည်ဟု သူမ ယုံကြည်ပေသည်။