ကောင်းကင်ဘုရင်ယို၊ သေပြီ
Vol. 114 Ch. 1587
ဆယ့်ခြောက်ကီလိုမီတာ၊ ရှစ်ကီလိုမီတာ၊ တစ်ကီလိုမီတာခွဲ...
ကောင်းကင်ဘုရင်ယိုသည် ကျန်းရီ စေလွှတ်လိုက်သော သောင်းချီသည့် ကောင်းကင်မီးတောက်သားရဲများ၏ တစ်ဝက်ကျော်ကို သတ်ပြီးသွားပေပြီ။ ထိုသားရဲများ၏ မီးတောက်များက ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်းတို့၏ ခံနိုင်ရည်မှာ ကောင်းကင်ဘုရင်ယို၏ တိုက်ခိုက်မှုများနှင့် ယှဉ်လျှင် အလွန်အားနည်းပေသည်။ သူ ၎င်းသားရဲများကို အလွယ်တကူ အစိတ်စိတ်အမွှာမွှာ ဖောက်ခွဲပစ်နိုင်လေသည်။
ကောင်းကင်ဘုရင်ယိုသည် လှည့်ပတ်ပျံသန်းရင်း ကျန်းရီ၏ တည်နေရာကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံရန် ကြိုးစားနေသည်။ သူ၏ကောင်းကင်စိတ်အာရုံက ကျန်းရီကို အကြိမ်များစွာ အာရုံခံမိခဲ့သည်။ သို့သော် သူ ကျန်းရီကို မတွေ့သလိုသာ ဆက်ဟန်ဆောင်နေသည်။ ကျန်းရီ သူ့အနားကို ပိုကပ်လာအောင် သူ မျှားခေါ်လိုပေသည်။
ကျန်းရီက မည်သည်ကို လုပ်လိုခြင်းဖြစ်ကြောင်း ကောင်းကင်ဘုရင်ယို မသိပေ။ ကျန်းရီက တမင် ကိုယ်ဖျောက်ထားခြင်း ဖြစ်မည်ဟု သူ စတင် သံသယဝင်မိလာသည်။ သို့သော် ကျန်းရီက သူ့ကို သတ်နိုင်လိမ့်မည်ဟုတော့ သူ မယုံကြည်ချေ။ ကျန်းရီထံတွင် ထိုကောင်းကင်မီးတောက်သားရဲများ ရှိနေလျှင်လည်း ဘာအရေးနည်း။ မြက်ခင်းပြင်မီးတောက်များ မရှိလျှင် ကောင်းကင်မီးတောက်သားရဲများက သူ့ကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် ကျန်းရီကို သူ့အနားကပ်လာခွင့် ပြုလိုက်လျှင် သူ ကျန်းရီကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ပေလိမ့်မည်။
‘မြက်ခင်းပြင်မီးတောက်တွေ...’
ကောင်းကင်ဘုရင်ယိုသည် မြက်ခင်းပြင်မီးတောက်များအကြောင်းကို တွေးမိသောအခါ အခြားတစ်ခုကို အမှတ်ရသွား၏။ အစောတွင် သူတို့ ချော်ရည်မြေရိုင်းကို တိုက်ခိုက်နေခဲ့စဉ်၌ ပတ်ဝန်းကျင်အပူချိန်က လျော့ကျလာခဲ့သည်။ နောက်ဆုံးတွင် ချော်ရည်မြေရိုင်း ပေါက်ကွဲထွက်သွားပြီး မြက်ခင်းပြင်မီးတောက်များ ပျောက်ကွယ်သွားခဲ့သည်။ မူလတွင် သူတို့သည် မြက်ခင်းပြင်မီးတောက်များက ထိန်းပေးထားမည့် ချော်ရည်မြေရိုင်းမရှိတော့သဖြင့် လွင့်ပြယ်ကာ ငြိမ်းသွားခြင်းဖြစ်မည်ဟု တွေးခဲ့ကြသည်။ သို့သော် ယခုတွင်မူ တစ်စုံတစ်ခု မှားနေကြောင်း ကောင်းကင်ဘုရင်ယို သဘောပေါက်လာလေသည်။
‘မကောင်းတော့ဘူး...’
ကောင်းကင်ဘုရင်ယို ရင်တုန်စိတ်လှုပ်ရှားလာသည်။ ရုတ်ခြည်းပင် သူသည် သူနှင့်နီးကပ်လာပြီဖြစ်သော ကျန်းရီထံသို့ လှံဖြင့် ထိုးစိုက်လိုက်၏။ သူ စတင် တိုက်ခိုက်ပေပြီ။
“နောက်ကျသွားပြီ အရူး...”
ကျန်းရီ ပြုံးလိုက်၏။ သူ ဟင်းလင်းပြင်ထဲတွင် ရုတ်ခြည်း ပြန်ပေါ်လာသည်။ မီးနဂါးဓားထဲမှ မီးဝိညာဉ်ပုလဲကလည်း တောက်ပလာသည်။ ထို့နောက် လိမ္မော်ရောင်မီးတောက်လုံးများ တစ်လုံးပြီးတစ်လုံး ထွက်လာလေသည်။ ကျန်းရီသည် မီးနဂါးဓားကို ဝှေ့ယမ်း၍ လေဓာတ်တာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်လိုက်၏။ ဆယ်ချီသော လေနဂါးများက လိမ္မော်ရောင်မီးတောက်လုံးများကို သယ်ဆောင်၍ ကောင်းကင်ဘုရင်ယိုထံ ပျံသန်းသွားကြသည်။ ပတ်ဝန်းကျင်အပူချိန်ကလည်း မြင့်တက်လာလေသည်။
“ဟာ... သွားပြီ”
ကောင်းကင်ဘုရင်ဝူနှင့် အခြားသူများ စိုးရိမ်သွားကြ၏။ သူတို့က ကျန်းရီနှင့် ကီလိုမီတာငါးရာအကွာတွင် ရှိနေကြသော်လည်း မြင့်မားသည့် အပူချိန်ကို ခံစားရနေသေးသည်။ ကောင်းကင်ဘုရင်ယိုက ကျန်းရီနှင့် မီတာနှစ်ရာ့ငါးဆယ်လောက်သာ ဝေးသည်။ ထိုနေရာမှ အပူချိန်က မည်မျှပြင်းမည်နည်း။ တွေးကြည့်၍ပင် မရနိုင်ပေ။
“တကယ်ပဲ...”
ချီချင်ချန် ရွှင်ပြစွာ ပြုံးလိုက်၏။ သူမ၏ မျက်နှာက ပွင့်လန်းခါစ ပန်းကလေးတစ်ပွင့်ကဲ့သို့ ဝင်းပသွားသည်။ ဆောင်းဥတုအရှင်လည်း အံ့အားသင့်နေသည်။ ပုန်းအောင်းနေကြသော ဝိညာဉ်ဘုရင်နှင့် တိရှအရှင်တို့လည်း စိတ်ထဲမှ အောင်ပွဲခံလိုက်ကြသည်။ ဝိညာဉ်ဘုရင်သည် မီးနဂါးဓားကို အာရုံခံရင်း အံ့ဩနေ၏။ တိရှအရှင်ကမူ တီးတိုးရေရွတ်လိုက်သည်။
“သူ့ဓားက အစွမ်းမနိမ့်နိုင်ဘူးဆိုတာ ငါ သိသားပဲ”
“အား...”
အာကာသဟင်းလင်းပြင်ထဲတွင် ဝက်ပေါ်သံတစ်သံ ပဲ့တင်ထပ်သွားသည်။ ကောင်းကင်ဘုရင်ယိုက ချက်ချင်းထွက်ပြေးလိုသော်လည်း သူ၏ကောင်းကင်စွမ်းအားမှာ အပြင်းအထန် နှောင့်ယှက်ခံလိုက်ရပြီဖြစ်သည်။ ရုတ်ခြည်းအတွင်းမှာပင် သူ မြက်ခင်းပြင်မီးတောက်များ၏ ပြန်ဆွဲခေါ်မှုကို ခံလိုက်ရလေသည်။
အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ ရုပ်ခန္ဓာက အလွန်သန်မာကြောင်း ကျန်းရီ ဝန်ခံရ၏။ ထို့ပြင် ကောင်းကင်ဘုရင်ယိုက ရှေးဦးဝိညာဉ်ရတနာ စစ်ချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားသေးသည်။ ထို့ကြောင့် လောကထဲမှ နံပါတ်တစ်ဆယ်မြောက် စွမ်းအားအကြီးဆုံး မီးတောက်များသည်ပင် သူ့ကို ရုတ်ခြည်းပြာချမပစ်နိုင်ပေ။ ကောင်းကင်ဘုရင်ယိုသည် သေရန် ငြင်းဆန်၍ ဟင်းလင်းပြင်ထဲတွင် ဆက်လူးလိမ့်နေသည်။
“ကျန်းရီ ရပ်လိုက်...”
ကောင်းကင်ဘုရင်ဝူနှင့် အခြားသူများ အော်ပြောလိုက်ကြ၏။ ကျန်းရီ၏ မျက်လုံးများ တောက်ပလာသည်။ သို့သော် သူ မရပ်တန့်ဘဲ ကောင်းကင်ဘုရင်ယိုထံ ဦးတည်ပျံသန်းသွားလိုက်သည်။ သူ အနားသို့ ရောက်သည်နှင့် ခြောက်ရောင်ခြယ် မီးတောက်လုံးတစ်လုံးကို ထုတ်၍ ကောင်းကင်ဘုရင်ယိုထံ ပစ်လွှတ်လိုက်သည်။
ထိုခြောက်ရောက်ခြယ်မီးတောက်လုံးက ကျန်းရီ၏ နဝမမြောက်ကြယ်စက်လုံးအတွင်းရှိ ပေါင်းစည်းမီးတောက်ဖြစ်ကြောင်း ထင်ရှားသည်။ မီးဝိညာဉ်ပုလဲက အလွန်စွမ်းအားကြီးသည်။ အစောတွင် မြက်ခင်းပြင်မီးတောက်များကို သူ့ကို လွှမ်းခြုံသွားသော်လည်း သူ အကောင်းအတိုင်း ရှိနေခဲ့သည်။ ထို့နောက် မီးဝိညာဉ်ပုလဲက မီးတောက်များကို အလွန်လျင်မြန်သောနှုန်းဖြင့် စတင်စုပ်ယူခဲ့ပေသည်။ ထို့ကြောင့် အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်က ပတ်ဝန်းကျင်အပူချိန် လျော့ကျလာသည်ကို ခံစားခဲ့ရခြင်းပင်။ နောက်ဆုံးတွင် မီးဝိညာဉ်ပုလဲသည် မြက်ခင်းပြင်မီးတောက်အားလုံးကို စုပ်ယူပြီးသွားသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများသည် မီးတောက်များကို မတွေ့သောအခါ ၎င်းတို့က လွင့်ပြယ်၍ ငြိမ်းသွားခဲ့ခြင်းဟုသာ တွေးခဲ့ကြပေသည်။
အချိန်က အနည်းငယ်သာ ရှိခဲ့၍ ကျန်းရီသည် သူ၏ နဝမမြောက်ကြယ်စက်လုံးအတွင်းသို့ မြက်ခင်းပြင်မီးတောက်အနည်းငယ်သာ ပို့နိုင်ခဲ့ပြီး ထိုမီးတောက်များကို ငါးရောင်ခြယ်မီးတောက်များနှင့် ပေါင်းစည်းခဲ့သည်။ ထိုအခါ ခြောက်ရောင်ခြယ်မီးတောက်လုံးတစ်လုံးကို ရလာလေသည်။ ထိုမီးတောက်က တစ်လုံးတည်း ရှိသေးသော်လည်း ကောင်းကင်ဘုရင်ယိုကိုသတ်ရန် လုံလောက်ပေပြီ။
ခြောက်ရောင်ခြယ်မီးတောက်လုံးက မြက်ခင်းပြင်မီးတောက်များထက် ပို၍အားကောင်းကြောင်း ထင်ရှားသည်။ ကောင်းကင်ဘုရင်ယို၏ တစ်ကိုယ်လုံး မီးလောင်ကျွမ်းလာသည်။ အားလုံး၏ မျက်စိအရှေ့မှာပင် သူ၏ အသားများက ပြာကျလာသည်။ ထို့ကြောင့် ကောင်းကင်ဘုရင်ဝူနှင့် အခြားသူများ တုန်လှုပ်သွားကြလေသည်။
ရွှီး...
ကောင်းကင်ဘုရင်ယို ပြာကျသွားပြီး သူ၏သိုလှောင်လက်စွပ်လည်း ပျက်စီးသွားသည်။ သို့သော် သူ၏လက်နက်နှင့် စစ်ချပ်ဝတ်တို့က ရှေးဦးဝိညာဉ်ရတနာများဖြစ်၍ မီးထဲတွင် ပျက်စီးမသွားကြပေ။
ကျန်းရီ ပျံသန်းသွားပြီး လှံနှင့် ငွေရောင်စစ်ချပ်ဝတ်တို့ကို သိမ်းယူကာ ကောင်းကင်ဘုရင်ဝူတို့ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
“ဟားဟား... ဒါက ပစ္စည်းကောင်းတွေပဲ။ ခင်ဗျားတို့မှာ ဒီလိုရတနာမျိုးတွေ ရှိလား။ ဘာလို့ ကျွန်တော့်ကို တစ်ခု၊ နှစ်ခုလောက် မပေးတာလဲ”
“...”
နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကျန်းရီက သူ့ဘေးမှ မီးတောက်များကို မီးဝိညာဉ်ပုလဲထဲ ပြန်စုပ်ယူလိုက်သည်ကို တွေ့လိုက်သောအခါ အားလုံး တုန်လှုပ်သွားကြသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် အသတ်ခံရသည်ကို သူတို့ မတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းမည်မျှရှိခဲ့ပြီနည်း။ ဤတစ်ကြိမ်တွင် အားလုံး ထိုမြင်ကွင်းကို မြင်ခဲ့ရပေပြီ။ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က အထက်ဘုံသို့ တက်လှမ်းလာသည်မှာ တစ်နှစ်မပြည့်သေးသော လူငယ်တစ်ယောက်၏ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။
ပို၍အရေးကြီးသည်မှာ ကျန်းရီ၏ မျက်နှာထားက အရေးမစိုက်သည့်ပုံ ရှိနေခြင်းပင်။ သူသည် ပုရွက်ဆိတ်တစ်ကောင်ကို ဖိသတ်ခဲ့သလိုမျိုး အေးအေးလူလူ ရှိနေ၏။ ကျန်နေသေးသော ကောင်းကင်မီးတောက်သားရဲများက သူ့ကိုလှည့်ပတ်၍ ပျံသန်းနေသည်ကို ကြည့်ရင် အားလုံး ကြောက်ရွံ့လာကြသည်။
မှန်၏။ သူတို့ ကြောက်ရွံ့လာကြသည်။
ကျန်းရီနေရာတွင် သိမ်းငှက်စိမ်းဘုရင် ဖြစ်နေလျှင် သူတို့ ဤမျှအံ့အားသင့်လိမ့်မည် မဟုတ်ချေ။ သို့သော် သူတို့အတွက် ကျန်းရီက အလွယ်တကူ ဖိချေနိုင်သော ပမွှားလေးတစ်ယောက် ဖြစ်ခဲ့သည်။ သူက အနိမ့်ဘုံမှ တက်လှမ်းလာသည့် နိမ့်ကျသူတစ်ယောက်သာ။
သို့သော် ယခုတွင် မည်သူမှ မလှုပ်ဝံ့တော့ပေ။
သိုင်းသမားများသည် ပို၍စွမ်းအားကြီးလာလေလေ၊ သေရမည်ကို ပိုကြောက်လာလေလေပင်။ သူတို့တွင် ကာကွယ်ရမည့် မျိုးနွယ်များ ရှိသည်။ ထို့ကြောင့် သူတို့ အသေမခံနိုင်ကြပေ။ ကျန်းရီက ကောင်းကင်ဘုရင်ယိုကိုပင် အလွယ်တကူ သတ်ပစ်ခဲ့သည်။ သို့ဖြစ်ရာ ကောင်းကင်ဘုရင်ဝူမှလွဲ၍ ကျန်လူများအားလုံးလည်း အလွယ်တကူ အသတ်ခံရနိုင်ပေသည်။ သူတို့ အရှေ့သို့ ပျံထွက်သွားလျှင် ကျန်းရီကို သူတို့၏ရတနာများ သွားပေးသလိုသာ ဖြစ်နေပေလိမ့်မည်။
ဆောင်းဥတုအရှင်၊ တိရှအရှင်နှင့် ဝိညာဉ်ဘုရင်တို့လည်း မလှုပ်ကြပေ။ အစောတွင် သူတို့သည် ဝင်မပါရန် ရွေးချယ်ခဲ့သဖြင့် ယခုတွင်လည်း ဝင်ပါမည် မဟုတ်ဘဲ ဖြစ်ပျက်လာမည်များကို ဘေးမှနေ၍သာ ကြည့်နေကြမည်ဖြစ်သည်။ သူတို့အားလုံး ကောင်းကင်ဘုရင်ဝူကို ကြည့်လိုက်ကြသည်။ ကောင်းကင်ဘုရင်ဝူတစ်ယောက် ဤအခြေအနေကို မည်သို့ ကိုင်တွယ်မည်နည်း။
ကောင်းကင်ဘုရင်ဝူ၏ မျက်လုံးများ တလက်လက်တောက်ပနေသည်။ သူ ရင်ထဲတွင် လွန်ဆွဲနေပေသည်။ ရိုးရိုးသားသား ဆိုရလျှင် သူ ကျန်းရီ၏ပါရမီကို တန်ဖိုးထား အသိအမှတ်ပြုသည်။ သို့သော် သူ့ကဲ့သို့ စည်းမျဉ်းများကို အလေးထားသူတစ်ယောက်အတွက် ကျန်းရီ လုပ်ခဲ့သည်များက လက်မခံနိုင်စရာများပင်။ ယနေ့တွင် ကျန်းရီသည် ကောင်းကင်ဘုရင်ယိုကို လူများစွာ၏ အရှေ့တွင် သတ်ပစ်ခဲ့သည်။ သူ လူအုပ်ကို နောက်ဆုတ်ရန် ပြောလိုက်လျှင် မိစ္ဆာချေဖျက်စစ်တပ်က မည်သို့ လေးစားခံရတော့မည်နည်း။ အထက်ဘုံတွင် စည်းမျဉ်းစည်းကမ်းများကို မည်သို့ ထိန်းသိမ်းနိုင်တော့မည်နည်း။ ဤတစ်ခေါက်တွင် သူ ကျန်းရီကို မသတ်လျှင် အထက်ဘုံတစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားပေလိမ့်မည်။ ကျန်းရီက သတ်ဖြတ်စက်တစ်ခုကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ သူသည် သူကြိုက်ရာလူကို သတ်ပစ်နိုင်ပေပြီ။
ကောင်းကင်ဘုရင်ဝူ၏ အကြည့်များ တဖြည်းဖြည်း ခက်ထန်လာသည်။ သူ၏အရှိန်အဝါလည်း ထိုးထွက်လာသည်။ နောက်ဆုံးတွင် သူ ဒေါသတကြီး အော်ပြောလိုက်လေသည်။
“အားလုံး အတူပူးပေါင်းကြပါ။ ကျန်းရီကို အနားကပ်လာမခံပါနဲ့။ သူ့ကို အဝေးကနေ သတ်ဖို့ ကြိုးစားကြပါ။ ကျုပ်တို့ ဒီနေ့ ကျန်းရီကို မသတ်ရင် အထက်ဘုံတစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားလိမ့်မယ်...”
“သတ်ကြ...”
ကောင်းကင်ဘုရင်ဝူ၏ နောက်ဆုံးစကားက လူအုပ်တစ်ခုလုံးကို သွေးဆူသွားစေသည်။ ကျန်အုပ်ချုပ်သူအဆင့် သိုင်းသမားငါးယောက်စလုံး ကျန်းရီထံသို့ တစ်ချိန်တည်း ဦးတည်ပျံသန်းသွားလိုက်ကြသည်။ သူတို့၏လက်ထဲမှ လက်နက်များကလည်း တောက်ပလာသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်အရှိန်အဝါများ ကျန်းရီအပေါ် ကျဆင်းသွားပေသည်။
“လောင်ဝူ... သက်ညှာပါဦး”
တိရှအရှင် ဆက်ကြည့်မနေနိုင်တော့ပေ။ သူ ပုန်းနေရာမှ ထွက်လာပြီး အော်ပြောလိုက်သည်။
“ခင်ဗျား ကျန်းရီကို သတ်လို့မဖြစ်ဘူး”
ဝိညာဉ်ဘုရင်လည်း မျက်နှာထွက်ပြကာ အော်ပြောလိုက်သည်။
“လောင်ဝူ... ရပ်လိုက်”
တစ်ချိန်တည်းမှာပင် ချီချင်ချန် ဆောင်းဥတုအရှင်ကို ကြည့်လိုက်သည်။ ထိုအခါ ဆောင်းဥတုအရှင် သက်ပြင်းချကာ ဝင်ပြောလိုက်ရတော့သည်။
“လောင်ဝူ... အခု ဘာမှ မလုပ်ပါနဲ့ဦး”
“သတ်ကြ...”
ထိပ်သီးသိုင်းသမားသုံးယောက် ထွက်ပေါ်လာသော်လည်း ကောင်းကင်ဘုရင်ဝူ၏ သတ်ဖြတ်အရှိန်အဝါက ရပ်တန့်၍ မရတော့ပေ။ သူသည် သံမဏိကဲ့သို့ မာကြောသော အကြည့်ဖြင့် အော်ပြောလိုက်သည်။ သူ့လက်ထဲတွင်လည်း ဧရာမသတ္တုတုတ်ကြီးတစ်ချောင်း ထွက်ပေါ်လာသည်။ ၎င်းတုတ်ကြီးက စက္ကန့်နှင့်အမျှလည်း ကြီးထွားနေသည်။ မကြာခင်မှာပင် ၎င်းက ကီလိုမီတာသုံးဆယ် ရှည်သွားသည်။ ကောင်းကင်ဘုရင်ဝူသည် ကျန်းရီကို ထိုတုတ်ကြီးဖြင့် ရိုက်ချလိုက်သည်။ တုတ်ကြီးသည် အဖျက်အရှိန်အဝါတစ်ခုကို သယ်ဆောင်၍ ကျန်းရီအပေါ် ကျဆင်းသွားလေသည်။
“သတ်ကြ...”
ဝိညာဉ်ဘုရင်နှင့် တိရှအရှင်တို့ ထွက်မပေါ်လာခင်က အရာအားလုံး အဆင်ပြေခဲ့သည်။ သို့သော် သူတို့ ထွက်ပေါ်လာသည်နှင့် မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့ လုံးဝဒေါသထွက်သွားကြသည်။ ထိုနှစ်ယောက်က ကျန်းရီကို ကာကွယ်ပေးရန် ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ဤတစ်ကြိမ်တွင်သာ ကျန်းရီ မသေလျှင် နောင်၌ သူတို့ သူ့ကို သတ်နိုင်တော့မည် မဟုတ်ပေ။
ရွှီး...ရွှီး...
ထိုအခိုက်တွင် အာကာသဟင်းလင်းပြင်က မျက်စိကျိန်းလောက်ဖွယ် အဖြူရောင်အလင်း လင်းလက်လာ၏။ အလင်းတန်းတစ်တန်းက ကောင်းကင်ဘုရင်ဝူ၏ သတ္တုတုတ်ဆီသို့ ပျံဝင်သွားသည်။ အလွန်အားကောင်းသော အရှိန်အဝါတစ်ခုကလည်း သူတို့အားလုံးအပေါ် ဖိနှိပ်လိုက်သည်။ မြစ်ဖြူဘုရင်နှင့် အခြားသူများသည်ပင် နှေးသွားပြီး ထိန်းမနိုင်သိမ်းမရ တုန်ယင်လာကြလေသည်။
“အာ...”
ကျန်းရီသည် သူ၏ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ရုတ်တရက် သူ တောင့်တင်းသွားပြီး အံ့ဩတကြီး မျက်လုံးပြူးသွားသည်။ ထိုအဖြူရောင်အလင်းတန်းက သစ်ကိုင်းတစ်ကိုင်းပင်။ ထိုသစ်ကိုင်းက ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲမှ သစ်ကိုင်းနှင့် တစ်ပုံစံတည်း တူညီပေသည်။