← Chapters

ဆယ်နှစ်

Vol. 114 Ch. 1588

ဆယ်နှစ်

Vol. 114 Ch. 1588

ဝုန်း...

သစ်ကိုင်းသည် ကောင်းကင်ဘုရင်ဝူ၏ သတ္တုတုတ်ကြီးကို တည့်မတ်စွာ ထိမှန်သွား၏။ ထိုအခါ အားကောင်းသော စွမ်းအင်လှိုင်းတစ်လှိုင်း ပြန့်ထွက်သွားသည်။ ကောင်းကင်ဘုရင်ဝူ၏ လက်ဝါးထဲမှ အရိုးအားလုံး ကျိုးသွားပြီး သတ္တုတုတ်ကြီးက အဝေးသို့ လွင့်ထွက်သွား၏။ ၎င်း လွင့်ထွက်သွားသော အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် အားလုံး ကြောက်ရွံ့သွားကြသည်။ ၎င်းသည် ကီလိုမီတာငါးထောင်ကျော် လွင့်သွားကာ ဟွင့်သွမ့်နတ်ဘုရားလှေတစ်စီးကို ပြင်းထန်စွာ ဝင်ဆောင့်လေသည်။ ဝင်ဆောင့်ခံရသော နတ်ဘုရားလှေသည်လည်း ကီလိုမီတာအနည်းငယ် ထပ်လွင့်သွားပေသည်။

“ဖူး...”

စွမ်းအင်လှိုင်းက ကောင်းကင်ဘုရင်ဝူ၏ ကိုယ်တွင်းအင်္ဂါများကို တုန်ခါသွားစေခဲ့၍ သူ သွေးအန်လိုက်ရသည်။ သူ့မျက်နှာကလည်း အလွန်ဖြူဖျော့လာသည်။ သူ ဖြူဖျော့လာခြင်းမှာ သူ၏ဒဏ်ရာများကြောင့် မဟုတ်ဘဲ သူ အမှန်တကယ် ကြောက်ရွံ့သွား၍ဖြစ်သည်။ သူ့မျက်ဝန်းများထဲတွင် အကြောက်တရား ပြည့်နှက်နေပေသည်။

ကောင်းကင်ဘုရင်ဝူသာမဟုတ် ဝိညာဉ်ဘုရင်အပါအဝင် ထိုနေရာရှိ စွမ်းအားကြီး သိုင်းသမားအားလုံးလည်း ကျောစိမ့်သွားကြသည်။ သစ်ကိုင်းလေးတစ်ကိုင်းက ကောင်းကင်ဘုရင်ဝူ၏ သတ္တုတုတ်ကြီးကို လွင့်ထွက်သွားစေပြီး ကောင်းကင်ဘုရင်ဝူကို သွေးအန်သွားစေခဲ့သည်လော။ သိမ်းငှက်စိမ်းဘုရင်ပင် ထိုသို့လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုအဖြစ်အပျက်အတွက် တစ်ခုတည်းသော ရှင်းပြချက်မှာ တိုက်ခိုက်လိုက်သူက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သည်ဟူ၍ပင်။

ဝှစ်...ဝှစ်...ဝှစ်...

အုပ်ချုပ်သူအဆင့် သိုင်းသမားအချို့၏ တုံ့ပြန်မှုက အလွန်လျင်မြန်ခဲ့သည်။ သူတို့သည် ချက်ချင်း ဒူးထောက်ကာ အော်ပြောလိုက်ကြသည်။

“နှုတ်ခွန်းဆက်ပါတယ် အရှင်”

သူတို့သိသော ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများက လေးယောက်သာ ရှိသည်။ ထိုလေးယောက်မှာ ကောင်းကင်ဘုံ၏ မဟာဧကရာဇ်လေးပါးပင်။ လွန်ခဲ့သော နှစ်များအတွင်း အထက်ဘုံတွင် ဧကရာဇ်အဆင့် သိုင်းသမား တစ်ယောက်မှ ထွက်ပေါ်မလာခဲ့ပေ။ ထို့ကြောင့် အားလုံးသည် မဟာဧကရာဇ်လေးပါးထဲမှ တစ်ပါးပါးက အထက်ဘုံသို့ ဆင်းသက်လာခဲ့ခြင်းဖြစ်ရမည်ဟု တွေးလိုက်ကြခြင်းဖြစ်သည်။

ကောင်းကင်ဘုံမှ မဟာဧကရာဇ်များက လူသားမျိုးနွယ်တစ်ခုလုံး၏ စွမ်းအားအကြီးဆုံး သိုင်းသမားများဖြစ်ကြပြီး အနိမ့်ဘုံ၊ အထက်ဘုံနှင့် ကောင်းကင်ဘုံတို့၏ ကာကွယ်သူများလည်း ဖြစ်ကြသည်။ သို့ဖြစ်ရာ သူတို့ရှေ့တွင် မည်သူက ဒူးမထောက်ဘဲ နေဝံ့ပါမည်နည်း။

ကြည့်နေသူများအားလုံးလည်း ခပ်သွက်သွက် ဒူးထောက်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက အဆက်မပြတ် တုန်ယင်နေကြပေသည်။ သူတို့က အမှန်ပင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်မှုကို တွေ့လိုက်ရခြင်းလော။ သူတို့ ကျန်းရီကို တစ်ချိန်လုံး လိုက်ရှာနေခဲ့ရသည်မှာ တန်သွားပေပြီ။ သို့သော် လူများစွာသည် ကျန်းရီက မည်သူနည်းဟု တွေးလိုက်ကြ၏။ အဘယ်ကြောင့် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကပင် သူ့ကို ကူညီနေရသနည်း။

နေရာတစ်ခွင်လုံး တိတ်ဆိတ်နေသည်။ ကျန်းရီပင် တိတ်သွားသည်။ သို့သော် သူက ဒူးမထောက်ဘဲ အာကာသဟင်းလင်းပြင်ထဲသို့သာ အံ့ဩဟန်ဖြင့် ကြည့်နေသည်။ သူသည် ခေတ္တမျှ ခေါင်းရှုပ်သွားသော်လည်း ထိုသစ်ကိုင်းကို သူ မြင်ဖူးကြောင်း ခံစားလာရသည်။

“သူ့လို ရိုးရှင်းတဲ့ ကလေးတစ်ယောက်ကို ဒီအခြေအနေအထိ ရောက်လာအောင် ဖိအားပေးခဲ့တဲ့သူတွေက ရှင်တို့လား”

အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက အထက်မှ ထွက်ပေါ်လာခြင်းဟု ထင်ရသလို အားလုံး၏ပတ်ပတ်လည်မှ ထွက်ပေါ်လာခြင်းဟုလည်း ထင်ရသည်။ လူများစွာသည် သူတို့၏ ကောင်းကင်စိတ်အာရုံများကို ထုတ်၍ သူတို့၏အထက်နှင့် ပတ်ပတ်လည်ကို အာရုံခံလိုက်ကြသည်။ သို့သော် မည်သူ၏အရှိန်အဝါကိုမှ အာရုံမခံမိပေ။

အုပ်ချုပ်သူအဆင့် သိုင်းသမားများကမူ သူတို့၏ ကောင်းကင်စိတ်အာရုံကို ထုတ်ပင်မထုတ်လွှတ်ဝံ့ကြပေ။ သူတို့ ထိုစွမ်းအားကြီး သိုင်းသမားကို ပိုဒေါသထွက်သွားအောင် လုပ်မိမည်ကို စိုးရိမ်ပေသည်။ သူတို့ထဲမှ အချို့သည် ထွက်ပေါ်လာသော အသံကို ကြားလိုက်သည်နှင့် ရောက်ရှိလာသူက ချီလင်းဧကရီ ဖြစ်ရမည်ဟု တွေးမိသွားကြသည်။ ထိုအသံက အမျိုးသမီးအသံဖြစ်သည်။ မဟာဧကရာဇ်လေးပါးထဲတွင် အမျိုးသမီးတစ်ယောက်သာပါသည်။ အားလုံးသည် သူမ၏ စကားကို ပြန်တွေးရင်း ခါးသက်သက် ပြုံးမိလိုက်ကြသည်။

ရိုးရှင်းသည်လော။

ကျန်းရီကို ရိုးရှင်းသည်ဟု ဆိုခြင်းက အတန်ငယ် ရယ်စရာကောင်းမနေသလော။ တိရှအရှင်ပင် အိုးတိုးအန်းတန်းဖြင့် နှာခေါင်းကုတ်လိုက်မိသည်။ အထက်ဘုံတွင်ဖြစ်စေ၊ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ဖြစ်စေ ကျန်းရီသည် မည်သည့်အခါကမှ မရိုးရှင်းခဲ့ပေ။ သူ့လက်တွင် လူများစွာ၏ သွေးများ စွန်းထင်းနေပေသည်။

သို့သော် တိရှအရှင်သည် ကျန်းရီကို နားလည်၏။ ကျန်းရီက ပြဿနာစရှာတတ်သူတစ်ယောက် မဟုတ်ပေ။ သူသည် အသေးအမွှားကိစ္စလေးများကိုလည်း အရေးမစိုက်ပေ။ သို့သော် သူ့ကို ရန်သွားစမိပြီဆိုလျှင်တော့ သူက ရန်လာစသူကို အစွမ်းကုန်တုံ့ပြန်မည်ဖြစ်သည်။ ကျန်းရီသည် ပြဿနာစမရှာသော်လည်း ပြဿနာကိုကြောက်သူတစ်ယောက် မဟုတ်ပေ။ သူ့ကို ပြဿနာလာရှာသူက ကောင်းကင်ဘုရင်တစ်ပါး၏ သားတော် ဖြစ်နေမည်ဆိုလျှင်ပင် သူသည် ထိုသူကို တုံ့ဆိုင်းမှုမရှိဘဲ သတ်ပစ်ပေလိမ့်မည်။

တိရှအရှင်သည် တွေးတောကြည့်ရင်းမှာ ‘ရိုးရှင်းသည်’ဟူသော စကားက မည်သည်ကို ဆိုလိုကြောင်း သဘောပေါက်လာသည်။ အကယ်၍ ကျန်းရီက ပါရမီပါသူတစ်ယောက် မဟုတ်လျှင် မြို့ငယ်လေးတစ်မြို့တွင်သာ သေသည်အထိ အေးအေးချမ်းချမ်းနေထိုင်သွားပေလိမ့်မည်။ သို့သော် သူက အလွန်ပါရမီထူးနေသဖြင့် အမျိုးသမီးများစွာ၏ စိတ်ဝင်စားမှုနှင့် သခင်လေးများစွာ၏ မနာလိုမှုကို ခံရသည်။ ထို့ကြောင့်လည်း သူ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရပြီး ဤအခြေအနေအထိ ရောက်လာခြင်း ဖြစ်ပေသည်။

သာမန်လူတစ်ယောက်သည် မနာလိုမှုများကို ခံရမည် မဟုတ်ပေ။ သို့သော် ပါရမီရှိကာ ထူးချွန်သူများ၏ ဘဝလမ်းခရီးက အမြဲ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ စမ်းသပ်ချက်များနှင့် ပြည့်နှက်နေပေသည်။ ထိုကဲ့သို့သော ပါရမီရှင်များသည် ဓားဆွဲကိုင်၍ အရှေ့သို့ လျှောက်လှမ်းလျှင် လျှောက်လှမ်း၊ မဟုတ်လျှင် အခက်အခဲများကြားတွင် သေသွားမည်ဖြစ်သည်။ သူတို့တွင် အခြားရွေးချယ်စရာ မရှိချေ။

ပါရမီထူးသူများ၏ ကံကြမ္မာက ထိုသို့သာဖြစ်သည်။ မျိုးနွယ်ငယ်တစ်ခုမှ ပါရမီထူးသူတစ်ယောက်က အထက်သို့ တက်လှမ်းလိုလျှင် သန်းချီသောအလောင်းများကို လှေကားလုပ်၍မတက်ဘဲနှင့် အထက်သို့ရောက်နိုင်ပါမည်လော။

ထိုစဉ် နူးညံ့သော အမျိုးသမီးအသံ ထပ်မံထွက်ပေါ်လာသဖြင့် တိရှအရှင်၏ အတွေးစ ပြတ်တောက်သွား၏။

“ထိပ်သီးလူသားသိုင်းသမားတစ်စု... သင်္ချိုင်းကုန်းကို ခြေတစ်ဘက်လှမ်းနေတဲ့ အဘိုးကြီးတစ်စု... ရှင်တို့က တကယ်ပဲ ကလေးတစ်ယောက်ကို ဝိုင်းတိုက်ကြမှာပေါ့လေ။ ရှင်တို့ မရှက်ကြဘူးလား။ အဲ့ကလေးက အသက်ဘယ်လောက်ပဲ ရှိသေးလဲ။ ရှင်တို့ အဲ့လို ပါရမီရှင်တစ်ယောက်ကို တန်ဖိုးထား မစောင့်ရှောက်ပေးဘူး ဆိုရင်တောင် သူ့အတွက် ခက်ခဲအောင် မလုပ်သင့်ဘူး။ ရှင်တို့ လူသားမျိုးနွယ်က အင်အားနည်းလာပြီး တမလွန်ဘုံရဲ့ ရှင်းပစ်တာကို ခံရတော့မလို ဖြစ်နေတာ မထူးဆန်းတော့ပါဘူး”

“အာ...”

ထိုစကားများက လူများစွာကို မှင်တက်သွားစေ၏။ ထိုအမျိုးသမီးက လူသားမျိုးနွယ်ဟု ထပ်ခါထပ်ခါ ပြောနေသည်။ သူမက လူသားမဟုတ်သည်လော။ သူမက လူသားမဟုတ်လျှင် မိစ္ဆာလော။ သို့သော် လွန်ခဲ့သော နှစ်ထောင်ချီကတည်းက မိစ္ဆာမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမား အားလုံးကို တမလွန်ဘုံက ရှင်းပစ်ခဲ့ပြီဖြစ်သည်။ မိစ္ဆာသန်းထောင်ချီရှိသော ဘုံကြီးတစ်ဘုံလုံး ဖျက်ဆီးပစ်ခံခဲ့ရသည်။ သို့ဖြစ်ရာ ထို ဧကရာဇ်အဆင့် သိုင်းသမားက မည်သည့်နေရာမှ ထွက်ပေါ်လာခဲ့ခြင်းနည်း။

ထိုသူက ချီလင်းဧကရီဖြစ်စေ သို့မဟုတ် မိစ္ဆာမျိုးနွယ်မှ ဧကရီတစ်ပါး ဖြစ်စေ အရေးမကြီးပေ။ အရေးအကြီးဆုံးမှာ သူမက အလွန်စွမ်းအားကြီးခြင်းပင်။ ဤလောကထဲတွင် အင်အားက အမှန်တရားဖြစ်သဖြင့် သူမ၏စကားများက အမှန်တရား ဖြစ်လာသည်။ ထို့ကြောင့် ကောင်းကင်ဘုရင်ဝူ ခါးသက်သက်ပြုံး၍ လက်ဆုပ်ကာ ပြန်ပြောလိုက်ရသည်။

“အရှင်မရဲ့ စကားတွေက မှန်ပါတယ်။ အခု ကျုပ်တို့ ကျုပ်တို့ရဲ့အမှားကို သိပါပြီ”

“ကျွန်မက ရှင်တို့ လူသားတွေရဲ့ အတွင်းရေးကိစ္စတွေမှာ ဝင်စွက်ဖက်နေတယ်လို့ မပြောနဲ့။ ကျွန်မ အဲ့ကလေးကို ဆယ်နှစ်ကာကွယ်ပေးမယ်။ ဆယ်နှစ်နောက်ပိုင်းမှာ ရှင်တို့ သူ့ကို သတ်မယ်ဆိုရင်တောင် ကျွန်မ ဝင်ပါမှာ မဟုတ်ဘူး”

အသံက ဆက်ပြောသည်။

“ဆယ်နှစ်အတွင်းမှာ သူ့ကို တစ်ယောက်ယောက်က လာရန်ပြုမယ်ဆိုရင်တော့ အဲ့လူရဲ့ တစ်မျိုးနွယ်လုံးကို ရှင်းပစ်မယ်”

နောက်ဆုံးစကားက ဟင်းလင်းပြင်ထဲ ပဲ့တင်ထပ်သွား၏။ အတော်ကြာပြီးနောက် အသံက အရှေ့တောင်ဘက်တွင် ပျောက်ကွယ်သွားသည်။ သူမ ထွက်သွားပြီဖြစ်ကြောင်း ထင်ရှားပေသည်။ ကျန်းရီသည် ထိုဘက်သို့ ကြည့်၍ မျက်မှောင်ကြုတ်ကာ တွေးတောလိုက်၏။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အရှေ့တောင်ဘက်တွင် ရှိသည် မဟုတ်လော။

‘နတ်ဘုရားသစ်ပင်’

နောက်ဆုံးတွင် ကျန်းရီသည် သစ်ကိုင်းကို မည်သည့်နေရာတွင် တွေ့ခဲ့ဖူးခြင်းဖြစ်ကြောင်း မှတ်မိသွား၏။ ထိုသစ်ကိုင်းက နတ်ဘုရားသစ်ပင်၏ သစ်ကိုင်းများနှင့် တစ်ပုံစံတည်း တူပေသည်။ ထိုနတ်ဘုရားသစ်ပင်က အမှန်ပင် အသက်ဝင်နေပြီး ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပင် ဖြစ်လာသည်လော။

သို့သော် အဘယ်ကြောင့် သူမက သူ့ကို ကူညီရသနည်း။

ကောင်းကင်စမ်းရေစည်းချက်ကြောင့်လော။ ကျန်းရီသည် သူ ကောင်းကင်စမ်းရေစည်းချက်အတိုင်း ဗျပ်စောင်းတီးခတ်ခဲ့စဉ်တွင် ထိုနတ်ဘုရားသစ်ပင်က တေးသွားကို သဘောကျစွာ နားဆင်နေသကဲ့သို့ ယိမ်းထိုးနေခဲ့ပုံကို ပြန်တွေးလိုက်၏။ သို့သော် ထိုမျှအတွက်နှင့် သူမက သူ့ကို ဝင်မကူလောက်ပေ။ သူမက အထက်ဘုံတစ်ခွင်လုံးတွင် ပြိုင်ဘက်ကင်းဖြစ်သဖြင့် သူ့ကို ကယ်တင်ရန်မှာ သူမတွက် အလွန်လွယ်ကူလောက်သော်လည်း သူမသည် မိစ္ဆာမျိုးနွယ်မှ ဖြစ်ပေသည်။ သူမ၏လုပ်ရပ်က လူသားများ၏ အရေးကိစ္စများတွင် ဝင်ရှုပ်ခြင်း ဖြစ်သဖြင့် ကောင်းကင်ဘုံမှ ဧကရာဇ်များ ဒေါသထွက်သွားနိုင်သည်။

ကျန်းရီသည် အ‌တော်ကြာအောင် တွေးတောလိုက်သော်လည်း သူမက အဘယ်ကြောင့် သူ့ကို ကူညီရကြောင်း နားမလည်နိုင်သေးပေ။ ထို့ကြောင့် သူ ဆက်မတွေးတော့ဘဲ သူမနှင့် ထပ်တွေ့မှ အကျိုးအကြောင်းမေးရန်သာ ဆုံးဖြတ်လိုက်သည်။

ထို့နောက် ကျန်းရီ ကောင်းကင်ဘုရင်ဝူ၊ မြစ်ဖြူဘုရင်၊ ကောင်းကင်ကန္တာရဘုရင်နှင့် အခြားသူများကို လှမ်းကြည့်လိုက်၏။ ထိုသူများသည် ကျန်းရီ၏အကြည့်ကို ခံရသောအခါ တုန်ယင်သွားကြ၏။ ယခုတွင် ကျန်းရီက ထိ၍မရသော မီးခဲတစ်ခဲ ဖြစ်လာပေပြီ။ သူ့ကို ရန်ပြုလိုသူတိုင်း ဆယ်နှစ်စောင့်ရပေမည်။ ဆယ်နှစ်အတွင်းတွင်တော့ သူ့ကို မည်သူမှ ထိဝံ့တော့မည် မဟုတ်ချေ။ အကယ်၍ မလိုက်နာပါက မိမိ၏မျိုးနွယ်တစ်ခုလုံး ဖျက်ဆီးခံရမည်ဖြစ်သည်။

အုပ်ချုပ်သူအဆင့် သိုင်းသမားများ ကျဉ်းထဲကြပ်ထဲ ကျရောက်နေ၏။ သူတို့ အလွန်စိတ်မသက်မသာ ဖြစ်နေကြပေသည်။ အကယ်၍ ကျန်းရီကသာ လက်စားချေလိုလျှင် သူတို့၏မျိုးနွယ်များ အဆုံးသတ်သွားပေလိမ့်မည်။ သူတို့အားလုံး ကျန်းရီနှင့်အတူ ပျက်စီးရမည်ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်နေသည်။ မည်သူကမှ စကားတစ်ခွန်း မပြောကြပေ။ ထို့ကြောင့် အခြေအနေက ပို၍ အိုးတိုးအန်းတန်းဖြစ်လာသည်။ နောက်ဆုံးတွင် တိရှအရှင် မနေသောတော့ဘဲ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ရသည်။

“အားလုံးပဲ... ကျုပ်တို့ သွားပါတော့မယ်။ ကျန်းရီ... မင်း ငါနဲ့အတူ တိရှဘုံကို ပြန်လိုက်ခဲ့နိုင်တယ်”

“ကျွန်တော် မပြန်တော့ဘူး”

ကျန်းရီသည် တွေးတော၍ ချီချင်ချန်ဆီ လှမ်းကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် စစ်သူကြီးနဲ့အတူ မိစ္ဆာချေဖျက်စစ်တပ်ကို ပြန်သွားချင်တယ်။ ကျွန်တော် တာဝန်တွေ ဆက်ထမ်းဆောင်ပြီး တိုက်ပွဲအမှတ်တွေ စုချင်တယ်။ ဒါပေမဲ့ ခေါင်းဆောင်ဝူက ကျွန်တော့်လိုလူတစ်ယောက်ကို လက်ခံချင်ပါ့မလားဆိုတာ ကျွန်တော် မသိဘူး”

ကောင်းကင်ဘုရင်ဝူ၏ မျက်နှာက နီတစ်ခါ၊ ဖြူတစ်လှည့် ဖြစ်သွား၏။ သူ တွေးတောကာ အေးစက်စက် ပြန်ပြောလိုက်သည်။

“ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က မင်းကို ကာကွယ်ပေးနေမှတော့ ငါ ဘာမှ လုပ်လို့မရတော့ဘူးပေါ့။ ဒါပေမဲ့ မင်း ပြဿနာထပ်ရှာရင်တော့ ငါ အသက်ပေးရမယ်ဆိုရင်တောင် မင်းကို သတ်ပစ်မယ်”

“ဟင်းဟင်း...”

ကျန်းရီ ပခုံးတွန့်ကာ ပြောလိုက်သည်။

“ကျွန်တော့်မှာ ပြစ်ချက်တွေအများကြီး ရှိတယ်ဆိုပေမဲ့ ကောင်းကွက်တစ်ကွက်လည်း ရှိတယ်။ ကျွန်တော့်ကို ပြဿနာလာမရှာသ၍ ကျွန်တော်က ဘယ်သူ့ကိုမှ ပြဿနာရှာမှာ မဟုတ်ဘူး။ တခြားသူတွေ ပြဿနာလာရှာရင်တော့ ကျွန်တော်နဲ့ မဆိုင်ဘူး”

“ဟားဟား...”

ကောင်းကင်ဘုရင်ဝူသည် ရယ်ကာ အဝေးသို့ ပျံသန်းသွားလိုက်သည်။ မြစ်ဖြူဘုရင်နှင့် အခြားသူများသည်လည်း သူတို့၏ ဟွင့်သွမ့်နတ်ဘုရားလှေများဆီ ပျံသန်း၍ စကားတစ်ခွန်းမှမပြောဘဲ အနီးရှိ ဆန်းကြယ်နယ်မြေများဆီသို့ ထွက်သွားကြသည်။

“ငါ အရင်ပြန်သွားတော့မယ်။ ကျန်းရီ... မင်း အားရင် လာလည်ပေါ့”

တိရှအရှင်လည်း ခပ်ရေးရေးပြုံး၍ပြောကာ ထွက်ခွာသွားသည်။ ဝိညာဉ်ဘုရင်ကမူ ကျန်းရီကို အလွန်ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်၍ မည်သို့မှမပြောဘဲ ထွက်သွားလေသည်။

ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် ချလိုက်၏။ ထို့နောက် သူ ချီချင်ချန်ကို ကြည့်ကာ ပြောလိုက်သည်။

“စစ်သူကြီး မတွေ့တာကြာပြီ”

ချီချင်ချန်သည် လှပစွာပြုံးကာ ခေါင်းညိတ်၍ နူးညံ့သော လေသံဖြင့် ပြန်ပြောလိုက်၏။

“ပြန်လည်ကြိုဆိုပါတယ် ကြီးကြပ်စစ်သူကြီး”

All Chapters