မကောင်းသော နောက်ခံ
Vol. 42 Ch. 579
ချင်မူ အလျင်အမြန် ဓားပြန်ရုတ်၍ အရှေ့ရှိ ကြံ့ကြံ့ခိုင်ခိုင်အဘိုးအိုကို အံ့ဩဝမ်းသာစွာ ကြည့်လိုက်မိကာ ရွှင်မြူးစွာ အော်လိုက်တော့သည်။ “ဘိုးဘိုးသားသတ်သမား”
သူ စကားပင် မဆုံးသေးခင် ကျန်သမင်များလည်း နှစ်ခြမ်းကွဲသွားပြီး လူရိပ်များက နတ်ဘုရားစန်းယဲ့ဆီသို့ တရှိန်ထိုးသွားနေသော တျန်းဖုန်းကောအား ကြားဖြတ်တိုက်ရန် ကောင်းကင်ယံသို့ ပျံတက်သွားကြ၏။
တျန်းဖုန်းကောမှာ ဓားရောင်ကို ရှေ့သို့ ထိုးစိုက်လိုက်ပြီးဖြစ်သည့်အတွက် သိုင်းကွက်အား ပြောင်းလဲချိန်မရတော့ပေ။
လှံရှည်တစ်လက်က အနက်ရောင်နဂါးအသွင် ပြောင်း၍ ဓားရောင်ကို ဟန့်တားလိုက်သည်။ တျန်းဖုန်းကော၏ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် လှုပ်ခါသွား၏။ အနက်ရောင်နဂါးက သူမဓားကွက်များ၏ ဗဟိုချက်များကို ချိန်ရွယ်တိုက်ခိုက်ရင်း မှော်စွမ်းအင်အား အဆက်မပြတ် ဖြိုခွဲနေသောကြောင့် သူမအတွက် မှော်စွမ်းအင်ထုတ်လွှန်ရန် ခက်ခဲနေသည်။
တျန်းဖုန်းကောသည် ထူးချွန်သော ဓားသမားတစ်ယောက် ဖြစ်သည့်အပြင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံတစ်ခုလုံး၌ နံပါတ်တစ် သို့မဟုတ် နံပါတ်နှစ်ဟုပင် သတ်မှတ်နိုင်သည်။ မှန်သည်၊ ချင်မူ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအကြား တံတားမဆောက်ပေးခင်အခါက ဖြစ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားပညာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ရောက်လာသည့်အချိန်တွင် သူမ၏ဓားကွက်များမှာ ထိပ်တန်းမဟုတ်တော့ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် သူမထက် ထူးချွန်သော ဓားသိုင်းပညာရှင် များပြားလွန်းသည် မဟုတ်ပါ၏လော။
အနက်ရောင်လှံက အားသိပ်မပါသော်လည်း သူမ၏ဓားကွက်ကို ဖြိုခွဲနိုင်လိုက်သဖြင့် တျန်းဖုန်းကော ထိတ်လန့်သွားသည်။
ထိုအချိန်တွင် ကောာင်းကင်ယံ၌ ကြယ်တာရာများ လင်းဖြာသွားပြီး မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းကို ဖွဲ့တည်လိုက်၏။ သူမနှင့် အနက်ရောင်လှံ နောက်တစ်ကြိမ် တိုက်ခိုက်သောအခါ လက်ဝါးချက်က သူမရင်ဘတ်ပေါ်သို့ ရောက်လာသည်။
ဤသည်မှာ ကြယ်နက္ခတ်များကို သိုင်းကွက်တစ်ကွက်အဖြစ် အဆန်းတကြယ် အသုံးပြုထားသော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်သည်။
ကောင်းကင်နတ်သိုင်းအရာ၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းများက ထိုက်ဧကရာဇ်ကောင်းကင်ဘုံထက် များစွာအဆင့်မြင့်ချေသည်။
တျန်းဖုန်းကော သွေးအန်လျက် အလျင်အမြန် နောက်ဆုတ်လိုက်ရသည်။ ရုတ်တရက် သူမနှလုံးသားနေရာမှ အေးခနဲ ခံစားလိုက်ရ၏။ ဓားမဖြင့် အဘိုးအိုက သူမအနောက်၌ ရောက်နေခဲ့ချေသည်။ နောက်ဆုတ်လိုက်ခြင်းဖြင့် သူ၏ဓားမဆီသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသလို ဖြစ်သွားရာ ဓားမက သူမနောက်ကျောမှ ရှေ့သို့ ဖောက်ထွက်လာသည်။
ဓားမအားက သိပ်မပြင်းထန်သဖြင့် ကြမ်းတမ်းသောရုပ်သွင်ရှိသည့် အဘိုးအိုသည် နောက်ကျောမှ တိုက်ခိုက်ရာတွင်သာ ကျွမ်းကျင်လိမ့်မည်။ ကောင်းကင်နတ်သိုင်းများ မထုတ်လွှတ်နိုင်ဟန်တူ၏။
တျန်းဖုန်းကော ဓားကို နောက်သို့ ဝိုက်ဆွဲလိုက်သော်လည်း အနောက်ရှိ အဘိုးအိုဆီ ဓားရောင်မရောက်ခင် မီးဖိုကြီးတစ်လုံး လွယ်ထားသော အဘိုးအိုတစ်ယောက်က တူကြီးတစ်လက်ဖြင့် သူမအား ထုလိုက်သည်။
သူ့ကျောပေါ်ရှိ မီးဖိုမှ မီးတောက်မီးလျှံများ ထတောက်လာ၏။ ရိုက်ချက်ကား ပြိုင်ဘက်ကင်းလောက်အောင် လေးလံလှသလို ပြင်းအားကလည်း ကြောက်မက်ဖွယ်ရာကောင်းသည်။ ရိုက်ချက်လေးတစ်ချက်ကြောင့် တျန်းဖုန်းကော၏ အရိုးအရွတ်များ ကျိုးကြေသွားပြီး သူမမှာ မြေပေါ် လဲကျကာ ဒလိမ့်ခေါက်ခွေး လိမ့်ထွက်သွား၏။
တျန်းဖုန်းကောသည် နတ်ဘုရားစန်းယဲ့ထက်ပင် သန်မာအားကောင်းသဖြင့် မသေသေးပေ။ အခြေအနေမဟန်တော့မှန်း သိ၍ လိမ့်ထွက်သွားသောအရှိန်ကို အားပြုကာ မိုင်တစ်ရာအကွာသို့ ခုန်ကျော်လိုက်သည်။ သူမ နောက်လှည့်ကြည့်လိုက်သည့်အခါ အလွန်အရပ်အမောင်းမြင့်မားသော အဘိုးအိုတစ်ယောက်က လက်ဝါးမြှောက်ကာ ကောင်းကင်အား လိပ်နေသည်ကို မြင်လိုက်ရ၏။
တျန်းဖုန်းကော မှင်သက်သွား၏။ ထိုအဘိုးက သံနားရွက်တစ်စုံကို ပိုင်ဆိုင်ထားပြီး အစစ်အမှန်နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများထက်ပင် အရပ်ရှည်သည်။ သူက သူမ ရှိနေသော ဟင်းလင်းပြင်ကို လိပ်ခေါက်နေလေသည်။
‘သူ့မှာ ဒီလောက်ကြောက်စရာကောင်းတဲ့ မှော်စွမ်းအင် ရှိနေတာ မဖြစ်နိုင်ဘူး...’
သူမ ထိုသို့တွေးနေသည့်အချိန်မှာပဲ သံနားရွက်အဘိုးက ဟင်းလင်းပြင်ကို လိပ်ခေါက်နေခြင်းမဟုတ်မှန်း သဘောပေါက်လိုက်သည်။ သူမကား မီးဖိုကြီးဖြင့် အဘိုးအိုကြောင့် ဒဏ်ရာအပြင်းအထန် ရပြီးနောက် ပန်းချီကားတစ်ချပ်ထဲ ပြုတ်ကျလာခဲ့ခြင်း ဖြစ်ချေသည်။
သူမ ထွက်ပြေးနေသည်မှာလည်း ပန်းချီကားထဲတွင် ထွက်ပြေးနေခြင်း ဖြစ်နေ၏။
တျန်းဖုန်းကော ဓားကို မြှောက်၍ ဟင်းလင်းပြင်အား ပိုင်းဖြတ်လိုက်သည့်အခါ ပန်းချီကားမှာ တမုဟုတ်ချင်း နှစ်ခြမ်းကွဲသွားသည်။ ဓားရောင်တစ်ချက်က သံနားရွက်အဘိုးအို၏မျက်နှာဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
သံနားရွက်အဘိုးအိုသည် မနှိုင်းသာလောက်အောင် အရပ်မြင့်မားပြီး အင်အားကြီးမားသယောင် ထင်ရသော်လည်း သူ့တွင်လည်း ဟာကွက်ရှိနေသည်။ ဓားရောင် ပြေးဝင်လာသည်ကို မြင်လျှင် သူက မခုခံနိုင်မှန်းသိ၍ လှည့်ရှောင်လိုက်၏။
အနက်ရောင်နဂါးလှံက ရုတ်တရက် ရှေ့သို့ထိုးစိုက်လိုက်ကာ တျန်းဖုန်းကော၏ ဓားကွက်ကို ဖြိုခွဲပေးလိုက်သည်။
တျန်းဖုန်းကော ပန်းချီကားထဲမှ ခုန်ထွက်လိုက်သည့်အခါ အစိမ်းရောင်နွားသိုးကြီးကို စီးလျက် သားမွေးအပေါ်ထပ်အင်္ကျီ ဝတ်ထားသော ထောင်ထောင်မောင်းမောင်းလူတစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသည်။ သူ၏ဓားမကွက်များက ပြိုင်ဘက်ကင်းပြီး ရှုပ်ထွေးဆန်းပြား၏။ မှော်အစီအရင်တို့က ဓားချက်များထဲ၌ သိုဝှက်ပုန်းကွယ်လျက် လိုက်ပါလာတတ်ရာ သူမမှာ ထိုကဲ့သို့ဓားမကွက်များအား တစ်ခါမှ မမြင်ခဲ့ဖူးပေ။
အထင်သေးမိလိုက်သည်နှင့် တမုဟုတ်ချင်း အရေးနိမ့်သွားတော့သည်။ ဓားမရောင်တစ်ချက် ဖျက်ခနဲ လက်သွားသည့်အခါ ပြင်းထန်သော ဓားလှိုင်းကြောင့် ဓားဆုပ်ကိုင်ထားသော သူမ၏ညာလက် ဒဏ်ရာရသွားပြီး သွေးများ ရဲခနဲ ဖြာထွက်သွားသည်။
တျန်းဖုန်းကော ညည်းတွားပြီး ဘယ်လက်ဖြင့် ဓားကို ပြောင်းကိုင်လိုက်သည်။ အစိမ်းရောင်နွားသိုးကြီး စီးထားသော လူကို သူမ ဓားဖြင့် ထိုးစိုက်တော့မည့်အချိန်မှာပဲ ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးတစ်ယောက် လက်ဝါးအား စုလိုက်သည်ကို မြင်လိုက်ရ၏။ သူမ၏လှုပ်ရှားမှုနှင့်အတူ ဟင်းလင်းပြင်မှာ ကျုံ့သွားသည်။ တျန်းဖုန်းကောမှာ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ လက်ဝါးဆီသို့ ပျံသန်းသွားလေသည်။
ဘုန်း
ထိုအချိန်တွင် မီးဖိုနှင့်အဘိုးအိုက အပြေးရောက်ချလာကာ သူ၏တူကြီးဖြင့် သူမဦးခေါင်းအား လွှဲရိုက်လိုက်၍ တျန်းဖုန်းကော မှင်သက်သွားသည့်အချိန် အရပ်ပုပုအဘိုးအိုက အနက်ရောင်လှံဖြင့် သူမ၏ဓားကွက်များအား ရိုက်ထုတ်လိုက်သည်။ ဓားရောင်များက ထူးဆန်းစွာ လှည့်လာပြီး သူမရင်ဘတ်ထဲ စိုက်ဝင်သွားကြသည်။
ဖြန်း
ပြိုင်ဘက်ကင်းအလှပိုင်ရှင်၏ လက်ဝါး သူမမျက်နှာကို ဖြတ်ရိုက်လိုက်သည့်အခါ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း ပေါ်ထွက်လာသဖြင့် မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်သွား၏။
မိန်းမလှ၏လက်ဟန်နည်းစနစ်များက သူမခန္ဓာကိုယ်တစ်လျှောက် လျင်မြန်စွာ ရွေ့လျားသွားရင်း မူလဝိညာဉ်ကို ချုပ်လိုက်ချေပြီ။
တျန်းဖုန်းကော မြေပြင်ပေါ် လဲကျသွားသည်။
ယခုထက်ထိ အသက်မထွက်သေးသော်လည်း သူမအကြည့်မှာ မှေးမှိန်နေ၏။ ထိုအခိုက်အတန့်တွင် ကြေးမျက်နှာဖုံးနှင့်လူတစ်ယောက်က သူမအနား ဖျတ်ခနဲ ရောက်လာပြီး သူမခန္ဓာကိုယ်ထဲသို့ ငွေအပ်များ စိုက်လိုက်သည်။ “ငါရှိနေသရွေ့ သူ မသေစေရဘူး... ငါတို့ သူ့ဝိညာဉ်ကိုပဲ ချုပ်ထားလိုက်ပြီး နောက်မှ စစ်ဆေးမေးမြန်းကြတာပေါ့”
နတ်ဘုရားစန်းယဲ့မှာ မတ်တပ်မေ့နေပြီး မည်သို့ဖြစ်ပျက်သွားမှန်း မသိပေ။ သူ တျန်းဖုန်းကောကို မတိုက်ခိုက်ရသေးခင်မှာပင် ထူးဆန်းသောလူတစ်စုက သူမအား ဖမ်းချုပ်လိုက်ပြီး ဖြစ်သည်။
တျန်းဖုန်းကောသည် အတိုင်းထက်အလွန် အင်အားကြီးမားသည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်၏။ အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် ယှဉ်လျှင် အတန်ငယ် နိမ့်ကျပါသော်လည်း အကွာကြီးတော့ မဟုတ်ပေ။ စန်းယဲ့အနေဖြင့် သူမကို မယှဉ်နိုင်။
စန်းယဲ့သည် အချိန်မရွေး သူ့ကိုယ်သူ စတေးရန် အသင့်ရှိသော်လည်း ချင်မူလည်း သူနှင့်အတူ သေရနိုင်ခြေရှိ၍ ဘေးကြပ်နံကြပ်ဖြစ်နေခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ဤလူထူးဆန်းတစ်စုက မည်သည့်နေရာကမှန်းမသိ ဘွားခနဲ ထွက်လာခဲ့ပြီး ဖရိုဖရဲ တိုက်ခိုက်ကာ တျန်းဖုန်းကောကို ဖမ်းချုပ်နိုင်ခဲ့သည်။
သူတို့ကြောင့်မဟုတ်လျှင် သူနှင့် ချင်မူ သေသွားလောက်ပြီဖြစ်၏။
ဘေးရှိ ချင်မူမှာ သူ့လည်ပင်းဘေးရှိ ဓားမကြီးအား ဂရုတစိုက် တွန်းလိုက်သည်။ သားသတ်သမားက နှာခေါင်းရှုံ့လိုက်ပြီး ဓားမကြီးမှာ နေရာမှမရွေ့ပေ။
ချင်မူ တွန်းလိုက်ပြန်သော်လည်း သားသတ်သမားက နေရာမှရွေ့ခွင့်မပေးပေ။ သားသတ်သမား ဒေါသထွက်နေသေးကြောင်း ထင်ရှားသည်။
“ဘိုးဘိုးသားသတ်သမား၊ ဘိုးဘိုးက သမင်အရေခြုံထားတဲ့အပြင် ဘွားဘွားရဲ့ အစီအရင်ကလည်း သိပ်အနုစိတ်နေတော့ ကျွန်တော် ဘိုးဘိုးမှန်း မသိလိုက်လို့ပါ... သိရင် ဘိုးဘိုးလည်ပင်းကို ဓားနဲ့ ရွယ်ပါ့မလား... “ ချင်မူ အရိပ်တကြည့်ကြည့် ပြောလိုက်သည်။
“ဆင်ခြေတွေ လာမပေးနဲ့” သားသတ်သမားက အေးစက်စက် ပြောသည်။ “ငါ့မှာတော့ မင်းကို မျက်စိအောက်က အပျောက်မခံဘဲ ထိန်းပေးခဲ့ရတာ... မင်းကတော့ မင်းဖင်ကို ခေါင်းနဲ့ တိုက်မိတာလေးအတွက်နဲ့ ငါကို သတ်ချင်တယ်တဲ့... ရင်ဘတ်တွေပါ နာတယ်”
သူ့အနောက်တွင် ဟွေ့ချလော့၏ လက်ချောင်းငါးချောင်းမှာ ရုတ်တရက် ညီညီညာညာ ပြတ်တောက်သွားပြီး တိုင်လုံးကြီးများသဖွယ် မြေပြင်ပေါ် ပြုတ်ကျလာသည်။
“လော့...”
ဟွေ့ချလော့၏ လည်ချောင်းမှ ထူးဆန်းသောအသံတစ်သံ ထွက်လာသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ရီနေသော်လည်း ဟွေ့ချလော့သည် ဟန်ချက်ထိန်းရင်း လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ရုတ်ကာ လည်ပင်းအား ထိရန် ကြိုးစားနေ၏။
သို့သော် သူ လည်ပင်းအား မထိနိုင်ခင် သူ့ဦးခေါင်းကား ဟန်ချက်ပျက်သွားပြီး ဘေးသို့ရွေ့ကျလာသည်။
ဟွေ့ချလော့လက်နှစ်ဖက်က ဦးခေါင်းကို လျင်မြန်စွာ ကိုင်လိုက်သည်။
ဘုန်း
လက်ဝါးနှစ်ဖက်က တုံးတိပြတ်နေသော လည်ပင်းထက်၌ ထိတိုက်သွား၏။ သူ့ဦးခေါင်းမှာ ဘေးသို့ပြုတ်ကျသွားခဲ့ပြီး သွေးများက လည်တိုင်ဆီမှ ပန်းထွက်လာရာ လက်နှစ်ဖက်လုံး ချင်းချင်းနီ သွားတော့သည်။
“မြန်လိုက်တဲ့ဓားမ....”
ဟွေ့ချလော့၏ ဦးခေါင်းမှာ ကျယ်လောင်သောအသံကြီး ထွက်လာပြီး မြေကြီးပေါ်၌ နှစ်ပတ်လိမ့်သွားသည်။ နောက်ဆုံးတွင် သူ့မျက်လုံးထဲရှိ မီးတောက်များ ငြိမ်းသက်သွား၏။
ချင်မူမှာ မနာလိုစွာဖြင့် ချီးကျူးမိလိုက်သည်။ “ဘိုးဘိုးသားသတ်သမားရဲ့ ကောင်းကင်ဓားမက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီပဲ.... ကျွန်တော် လိုက်မမှီနိုင်ဘူး”
“ဖားမနေနဲ့” သားသတ်သမားက သုန်မှုန်နေပြီး သူ့လက်ကလည်း အနည်းငယ်မျှ မရွေ့သေးပေ။ ချင်မူ့လည်ပင်းနား၌ ဓားမကို တေ့ထားသေး၏။ “မင်းက မျက်နှာလိုက်တယ်... ငါ့ကို မချစ်ဘူး... ရွှေအ၊ ထော့ကျိုးနဲ့ မျက်ကန်း အဲဒီသူတောင်းစားသုံးယောက်ကိုပဲ မင်း ချစ်တာပါ... သူတို့ မင့်ဖင်ကို ခေါင်းနဲ့ တိုက်ရင်း သဘောကျနေကြတာတွေ့လို့ ငါလည်း တစ်ခါလေး ပြေးတိုက်ကြည့်မိပါတယ်... မင်းက ငါ့ကို သတ်ပစ်မယ်တဲ့လေ”
“ညီလေး” ပါ့ရှန်က နွားသိုးစိမ်းကြီး၏ကျောပေါ်မှ ခုန်ဆင်းကာ ဝမ်းသာအားရ ပြေးချလာသည်။ “ညီလေး၊ မင်း ဆရာကို ဒေါသထွက်အောင် လုပ်မိတာလား... ဆရာက ငါ့ကို တပည့်အဖြစ် ပြန်လက်ခံပေးဖို့ သဘောတူခဲ့ပေမယ့် စကားကျယ်ကျယ် မပြောဖို့ ,စကားမများဖို့ ကန့်သတ်ထားတယ်
“အားလုံး မင်းကို လိုက်ရှာနေကြတယ်ဆိုတုန်းက ငါ့ညီလေးက တော်လွန်းလို့ ဘယ်တော့မှ ဒုက္ခရောက်မှာမဟုတ်ဘူးလို့တောင် ငါ ကြွားခဲ့သေးတယ်... အခုလည်း ကြည့်လေ၊ ဘာမှမဖြစ်ဘူးမလား... ဆရာကောင်းကင်ဓားမ၊ ဘာလို့ ညီလေးလည်ပင်းကို ဓားနဲ့ တေ့ထားတာလဲ... မြန်မြန်ချလိုက်ပါ၊ ကျွန်တော်တို့က မိသားစုပဲလေ... အချင်းချင်း ပြေရာပြေကြောင်း ပြောကြတာပေါ့...”
သားသတ်သမားက ဓားမကို လွှဲလိုက်ရာ ဓားမက ပါမောက္ခချုပ်ပါ့ရှန်၏ ပခုံးပေါ် ရောက်သွားသည်။ ပါ့ရှန် ပါးစပ်ပိတ်သွား၏။ သူ့မှာ ပြောချင်သည့်စကားများကို အောင့်ထားရသဖြင့် မျက်နှာတစ်ပြင်လုံး နီရဲနေလေသည်။
“အစ်ကိုကြီးပါ့ရှန်၊ ဘိုးဘိုးသားသတ်သမားက သေချင်ယောင်ဆောင်ပြီး ဇာတ်မြှုပ်နေခဲ့တာမဟုတ်လား... အစ်ကိုကြီးကိုလည်း တပည့်အဖြစ်က မထုတ်ခဲ့ဘူးလေ... ဘာလို့ သူ့တပည့်ပြန်လုပ်စရာ လိုနေတာလဲ” ချင်မူ ဇဝေဇဝါ မေးလိုက်မိသည်။
ပါ့ရှန်မှာ သဘောပေါက်သွားသဖြင့် ဓားမကို တွန်းဖယ်လိုက်၏။ သူက ဒေါသထွက်လာပြီး နှစ်ဆသုံးဆကျယ်သော အသံကြီးဖြင့် အော်ဟစ်လိုက်သည်။ “အဘိုးကြီး ကျုပ်ကို လှည့်စားတယ်”
အသံလှိုင်းကြောင့် သားသတ်သမား၏ နားရွက်များပင် တုန်ခါသွားသည်။ သူက ချင်မူ့ကို အမဲဖြတ်တော့မည့်အလား ကြည့်သည်။
ချင်မူမှာ ထုံကျင်နေသေးသော တင်ပါးနှစ်ဖက်ကို ပွတ်လိုက်မိသည်။
မျက်ကန်း၊ ရွှေအနှင့် ထော့ကျိုးတို့က အမှန်တကယ် ရက်စက်လွန်းပါသည်... သူ့တင်ပါးနှစ်ခုလုံး ရွဲ့စောင်းစုတ်ပြတ်နေပြီ ထင်ရ၏။
‘ဒီသမင်တွေ ငါ့ကို ဆက်တိုက်ဝင်ဆောင့်နေကတည်းက ငါ ရိပ်မိသင့်တယ်... ဘိုးဘိုးရွှေအ၊ ဘိုးဘိုးမျက်ကန်းနဲ့ ဘိုးဘိုးထော့ကျိုးက တော်တော်ဆိုးတာပဲ... ဘိုးဘိုးသားသတ်သမားတောင် သူတို့ကြောင့် စိတ်ယိုင်သွားတယ်...’
မျက်ကန်းက အနက်ရောင်လှံရှည်ဖြင့် လျှောက်လာပြီး ချင်မူ့အနား ရောက်လျှင် သွားဖြဲပြုံးပြ၏။ ချင်မူက သူ့ကို မှင်သေသေ ကြည့်ကာ အဘွားစစ်အား သွားရှာသည်။ မျက်ကန်းမှာ ခေါင်းကုတ်ပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ “သားသတ်သမား ၊ မင်း ငါ့ကို သစ္စာဖောက်တယ်”
သားသတ်သမားက မလုံမလဲဖြင့် ခေါင်းကုတ်နေသည်။ “ဘယ်တုန်းက သစ္စာဖောက်လို့တုန်း.... မျက်ကန်း အခြေအမြစ်မရှိဘဲ မစွပ်စွဲနဲ့”
နားကန်းက လျှောက်လာကာ ပြော၏။ “ငါ အကုန်ကြားတယ်... မင်းက မျက်ကန်း၊ ရွှေအနဲ့ ထော့ကျိုးကိုတောင် သစ္စာဖောက်ခဲ့သေးတယ်”
“မင်းက နားကန်းနေတာမဟုတ်ဘူးလား... ဘာကို ကြားမှာတုန်း” သားသတ်သမားက ဒေါသများဖြင့် တဟားဟား ရယ်လိုက်သည်။
ရွှေအ၏ တူကြီးက ဓားစက်လုံးများအသွင် ပြောင်း၍ စီးဆင်းနေသော ရေအလျဉ်ကဲ့သို့ သေတ္တာထဲ ပြန်ဝင်သွားသည်။ သူက သေတ္တာကြီး မ,လာကာ ပြော၏။ “အာဘာ အာဘာ”
“အပြောကောင်းတယ်” ထော့ကျိုးက လက်ခုပ်လက်ဝါး တီးလိုက်သည်။ “သားသတ်သမားရဲ့ ပါးစပ်မှာ သော့မပါဘူး”
သားသတ်သမား စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်ကာ ပါမောက္ခပါ့ရှန်၏ လည်ပင်းဆီမှ ဓားမကြီးကို ပြန်ရုတ်ကာ ချိုချိုသာသာ ပြောလိုက်၏။ “တပည့်လေး ပါ့ရှန်၊ ဒီအဘိုးကြီး သူတို့ကို ဖက်ပြီး ရန်မဖြစ်နိုင်ဘူး... လာ ရန်ကူဖြစ်ပေးပါဦး”
ပါရှန့်က လက်နှစ်ဖက်အား ဖျိုးဖျိုးဖျစ်ဖျစ် မြည်သည့်တိုင်အောင် လက်သီးဆုပ်ပြီး ခြေလှမ်းကြဲကြဲများဖြင့် အားလုံး၏အရှေ့သို့ လျှောက်သွားသည်။ သူ ချောင်းဟန့်ကာ စကားပြောတော့မည့်အချိန် နတ်ဘုရားစန်းယဲ့က ပြောလိုက်၏။ “နောင်တော်တို့က ကောင်းကင်နတ်ဘုံကလား”
“နောင်တော်ဟုတ်လား... ကောင်းကင်နတ်ဘုံဟုတ်လား” မျက်ကန်းက နတ်ဘုရားကို ခေါင်းမော့ကြည့်ပြီး ခွီးခနဲ ရယ်ချလိုက်၏။ “ငါတို့က မဟာမြို့ပျက်ကပါ ကောင်းကင်နတ်ဘုံက မဟုတ်ဘူး... အရင်ဆုံး နောင်တော်က အသက် ဘယ်နှနှစ်လဲ မေးပါရစေ”
နတ်ဘုရားစန်းယဲ့က ပြုံးပြလိုက်သည်။ “မဟာမြို့ပျက်က တစ်ချိန်တုန်းက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံပါ... ကျွန်တော်က အသက် နှစ်သောင်းရှစ်ဆယ့်လေးနှစ် ရှိပါပြီ”
မျက်ကန်းက လှံကို မှီလိုက်၏။ “ကျွန်တော်က ငါးရာ့ခြောက်ဆယ့်နှစ် နှစ်...”
အားလုံး ဆယ်ကျော်သက်အရွယ် ပြန်ရောက်သွားပြီး ဖလန်းဖလန်း ဖြစ်လာသကဲ့သို့ ခံစားလိုက်ကြရသည်။
ချင်မူ အဘွားစစ်အနား ရောက်သည့်အခါ တျန်းဖုန်းကောအား မှော်စွမ်းအင်ဖြင့် ပင့်မြှောက်ထားကြောင်း မြင်လိုက်ရသည်။ သူမက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲရှိ မှော်အစီအရင်များဖြင့် တျန်းဖုန်းကော၏ မူလဝိညာဉ်ကို စစ်ဆေးမေးမြန်းရန် ဆွဲထုတ်နေ၏။
ဘေးတွင် ဆေးဆရာက တျန်းဖုန်းကော၏ ခုခံနိုင်စွမ်း လျေ့ာနည်းသွားအောင် ဝိညာဉ်မေ့ဆေး ဖော်နေသည်။
မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာတွင် အတိုင်းအထက်အလွန် ထူးဆန်းသော မှော်အစီအရင်များစွာ ရှိ၏။ တစ်ချက်တစ်ချက် မိစ္ဆာလမ်းစဉ် အောက်လမ်းအစီအရင်များဟု မြင်ရတတ်သော်လည်း သမာသမတ်လမ်းစဉ်နှင့်အညီ သုံးနိုင်သည်။ ချင်မူ ဤနယ်ပယ်ကို လေ့လာခဲ့ဖူးသည်။
နတ်ဘုရားစန်းယဲ့ လှမ်းကြည့်လိုက်သည့်အခါ အဘွားစစ်၏ မှော်အစီအရင်များကို မြင်လိုက်ပြီး စိတ်နှလုံးတုန်လှုပ်သွား၏။ ‘ကောင်းကင်နတ်ဘုံက ဒီမိတ်ဆွေတွေကြည့်ရတာ မကောင်းတဲ့နောက်ခံတွေ ရှိကြပုံပဲ.... မိစ္ဆာလမ်းစဉ် အောက်လမ်းအစီအရင်တွေကိုတောင် ကျွမ်းကျင်ကြတယ်... အမ် ဂိုဏ်းသခင်ချင်ကလည်း မကောင်းတဲ့နောက်ခံ ရှိနေသလိုပါလား....”