← Chapters

ဘုံတစ်သောင်းလုံးတွင် ကျော်ကြားသူ

Vol. 114 Ch. 1589

ဘုံတစ်သောင်းလုံးတွင် ကျော်ကြားသူ

Vol. 114 Ch. 1589

အထက်ဘုံ၏ လွန်ခဲ့သော နှစ်အနည်းအငယ်အတွင်းရှိ အကြီးအမားဆုံးတိုက်ပွဲများထဲမှ တစ်ခုသည် ထူးဆန်းသော ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ဦး ရောက်ရှိလာမှုနှင့် သူမ၏ စွမ်းအားကြီး တိုက်ခိုက်မှုကြောင့် အဆုံးသတ်ခဲ့သည်။

ကောင်းကင်ဘုရင်ဝူက သူ၏လူများကို ခေါ်၍ မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်သွားခဲ့သည်။ အခြား အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများလည်း သူတို့၏ဘုံအသီးသီးသို့ ပြန်သွားကြသည်။ ချီချင်ချန်ကလည်း ကျန်းရီကိုခေါ်ကာ မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်သွားသည်။ အခြေအနေများက ငြိမ်သက်လာပြီဖြစ်သော်လည်း အထက်ဘုံတစ်ခွင်လုံးတွင် ထိုအကြောင်းကို နောက်ထပ်လဝက်လောက် ကြာသည်အထိ ဆက်လက်ပြောဆိုနေခဲ့ပေသည်။

အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်နှင့် ထောင်ချီသော သခင်လေးများ အသတ်ခံခဲ့ရသည်။ ကောင်းကင်ယန်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားအားလုံးနီးပါး သေသွားခဲ့ပြီး နှစ်တစ်ရာကျော် အင်အားပြန်တည်ထောင်နေခဲ့သော ကောင်းကင်ယန်မျိုးနွယ်သည် ကျန်းရီ၏ တစ်ကိုယ်တော် ဖျက်ဆီးခြင်းကို ခံလိုက်ရပေသည်။

ယိုဖုန်း သေဆုံးသွားခြင်းနှင့် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေ၏ တည်နေရာ ပေါ်သွားခြင်းက ကောင်းကင်ယန်မျိုးနွယ်အတွက် ပြဿနာများ ဖြစ်လာစေသည်။ အတိတ်တွင် ကောင်းကင်ယန်မျိုးနွယ်သည် မျိုးနွယ်ကြီးများစွာကို အပြစ်ပြုမိခဲ့သည်။ ယခု ကောင်းကင်ယန်ဆန်းကြယ်နယ်မြေ၏ တည်နေရာ ပေါ်သွားပြီဖြစ်ရာ လက်စားချေလိုသူများက သေချာပေါက် ရောက်လာကြတော့မည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် ကောင်းကင်ယန်မျိုးနွယ်သည် ကျရောက်လာတော့မည့် ကပ်ဘေးကြီးကို ရှောင်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ ဘုံတစ်သောင်းပြိုင်ပွဲက ကျန်းရီကို ဘုံများစွာတွင် ကျော်ကြားသွားစေခဲ့သည်ဆိုလျှင် ယခုတိုက်ပွဲက သူ့ကို ဘုံတစ်သောင်းလုံးတွင် ကျော်ကြားသွားစေပေသည်။ အထက်ဘုံတွင် ကျော်ကြားသော အုပ်ချုပ်သူအဆင့် သိုင်းသမားများ သိပ်မရှိပေ။ အများစုသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို အယောက်နှစ်ဆယ်ထက် ပိုမသိကြချေ။ ကျန်းရီက ထိုထဲမှတစ်ယောက်ကို သတ်ခဲ့သည်။

အရေးအကြီးဆုံးမှာ ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်၏ ဝန်းရံမှုကို ခံခဲ့ရပြီးနောက် ရှင်သန်ခဲ့ခြင်းပင်။ ကောင်းကင်ဘုရင်ဝူသည် ထိုတိုက်ပွဲအကြောင်း အသေးစိတ်ကို မထုတ်ဖော်ရန် အမိန့်ပေးထားသော်လည်း ထိုကဲ့သို့သော ကိစ္စမျိုးကို မည်သို့ ဖုံးကွယ်ထားနိုင်ပါမည်နည်း။

သတင်းအရင်းအမြစ်များစွာမှနေ၍ သတင်းများ စတင် ပေါက်ကြားခဲ့သည်။ ကောလာဟလများလည်း ပျံ့နှံ့လာသည်။ သို့ဖြင့် ထိုကိစ္စ တစ်စထက်တစ်စ ရေပန်းစားလာပေသည်။ ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားအချို့၏ တိုက်ခိုက်စွမ်းအားထက်ပင် သာလွန်သွားပြီဆိုသော ကောလာဟလများလည်း အထက်ဘုံတစ်ခွင်လုံး၌ ပွထနေလေသည်။

အနိမ့်ဘုံမှ တက်လာသူတစ်ယောက်...

ကျန်းရီက အနိမ့်ဘုံမှ တက်လှမ်းလာသူတစ်ယောက် ဖြစ်ပြီး အထက်ဘုံသို့ ရောက်သည်မှာ တစ်နှစ်မပြည့်သေးပေ။ ထို့ပြင် အထက်ဘုံအချိန်နှင့်ဆိုလျှင် သူက အလွန်ငယ်ရွယ်သေးသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် သူသည် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို သတ်နိုင်ခဲ့ပြီး ကောင်းကင်ဘုရင်ဝူပါဝင်သော အခြား အုပ်ချုပ်သူအဆင့် သိုင်းသမား ခြောက်ယောက်ကို ခုခံနိုင်ခဲ့သည်။ ၎င်းအုပ်ချုပ်သူအဆင့် သိုင်းသမားများက အသက်ရာကျော်ရှိကြသူများပင်။ ထိုအသက်ရာကျော်မှာလည်း အထက်ဘုံအချိန်နှင့်ဖြစ်သည်။

ဒုတိယ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်...

သမိုင်းတစ်လျှောက်တွင် အနိမ့်ဘုံမှ တက်လှမ်းလာခဲ့သူများအနက် စွမ်းအားအကြီးဆုံးမှာ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ဖြစ်သည်။ ယခု ကျန်းရီက ဒုတိယ ဖြစ်လာပေပြီ။

အတိတ်တွင် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားက အလွန်စွမ်းအားကြီးခဲ့သည်။ သူသည်လည်း ကျန်းရီကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် တက်လှမ်းလာခဲ့သူဖြစ်ပြီး အထက်ဘုံအနှံ့တွင် အခက်အခဲများ၊ တိုက်ပွဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ နောက်ဆုံးတွင် သူသည် သူ့လမ်းသူဖောက်ကာ အထက်ဘုံ၏ နံပါတ်တစ် ဖြစ်လာခဲ့သည်။

အထက်ဘုံ၏ နံပါတ်တစ် ဖြစ်ပြီးနောက်တွင် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်သည် ကောင်းကင်ဘုံသို့ တက်လှမ်းကာ အမည်တစ်လုံးတွင်အောင် တိုက်ခိုက်ခဲ့သည်။ ထို့နောက်တွင် သူသည် ငါးယောက်မြောက် မဟာဧကရာဇ်ဖြစ်လာကာ မိစ္ဆာသတ်ဖြတ်စံအိမ်ကို တည်ထောင်ခဲ့သည်။ သို့‌သော် ကံဆိုးစွာပင် နောက်ဆုံး၌ သူ တမလွန်ဘုံဧကရာဇ်ကိုယ်တိုင်၏ သတ်ဖြတ်မှုကို ခံခဲ့ရပေသည်။

ကျန်းရီ၏ ဂုဏ်သတင်းက သိမ်းငှက်ဘုရင်လေးနှင့် ချီချင်ချန်တို့၏ ဂုဏ်သတင်းကို ကျော်တက်သွားပေပြီ။ ယခု သူက အထက်ဘုံ၏ နံပါတ်တစ် လူငယ်ပါရမီရှင်ဖြစ်နေပြီဖြစ်ကြောင်းကို မည်သူမှ မငြင်းနိုင်တော့ပေ။ ချီချင်ချန်သာ ကောင်းကင်ဘုရင်ယိုနှင့် တိုက်ခိုက်မည်ဆိုလျှင် သေချာပေါက် သေသွားမည် မဟုတ်ပါလား။ သိမ်းငှက်ဘုရင်လေးကမူ ချီချင်ချန်ထက်ပင် ပိုအားနည်းပေသေးသည်။

ကျန်းရီက နံပါတ်တစ် လူငယ်ပါရမီရှင်ဆိုသော အချက်ကို လက်မခံလိုသူများအား အဘယ်ကြောင့် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကို သတ်ရန်မကြိုးစားကြည့်ရသနည်း၊ အုပ်ချုပ်သူအဆင့် သိုင်းသမား ခုနစ်ယောက်၏ ဝန်းရံမှုကို ခံရပြီးနောက် ရှင်သန်နိုင်ပါမည်လော။ လူများစွာကို သတ်ပြီးနောက် မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် ဆက်နေနိုင်ပါမည်လောဟူ၍သာ ပြောရပေလိမ့်မည်။

***

“ဟင်းဟင်း...”

မီးဖီးနစ်တပ်ထဲတွင် အဖြူရောင် ဝတ်စုံကိုဝတ်ဆင်ထားသော ချီချင်ချန်တစ်ယောက် လက်ဖက်ရည်သောက်နေ၏။ သူမသည် ထောင့်တစ်နေရာတွင် တိတ်တဆိတ် ထိုင်နေသော ကျန်းရီကို ကြည့်၍ ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

“ကျန်းရီ... အခု ရှင့်ရဲ့ ဂုဏ်သတင်းက ကျွန်မရဲ့ဂုဏ်သတင်းကိုတောင် ကျော်သွားပြီ။ ကျွန်မ ရှင့်ကို စစ်သူကြီးရာထူး လွှဲပေးသင့်လား”

ကျန်းရီ ချီချင်ချန်ကို ပြန်ကြည့်လိုက်ပြီး မျက်နှာသေဖြင့် ပြန်ပြောလိုက်၏။

“နောက်မနေပါနဲ့တော့။ ကျွန်တော်က စစ်သူကြီးရာထူးကို လိုချင်ရင်တောင် ဘာလို့ စစ်သူကြီးရဲ့နေရာကို ယူရမှာလဲ။ ကျွန်တော်သာ စစ်သူကြီးဖြစ်ချင်ရင် ခေါင်းဆောင်လုံကို အကြောင်းကြားလိုက်တာနဲ့ အချိန်မရွေး ကောင်းကင်ခွင်းတပ်ရဲ့ စစ်သူကြီး ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကျွန်တော့်ကို ကောင်းကင်ခွင်းတပ်ရဲ့ စစ်သူကြီး လုပ်ဖို့ ကမ်းလှမ်းကြတယ်။ ဒါပေမဲ့ ကျွန်တော် လူစေလွှတ်ပြီး ကျွန်တော့်ကိုယ်စား ငြင်းခိုင်းလိုက်ပြီ”

“ဪ...”

ချီချင်ချန်သည် သူမ၏ ဖြူဝင်းသော လက်ကလေးဖြင့် ကျန်းရီအတွက် ကိုယ်တိုင် လက်ဖက်ရည်ငှဲ့ပေးလိုက်၏။ သူမက အရှေ့သို့ အတန်ငယ် ကိုင်းနေရာ သူမ၏ရင်နှစ်မွှာကို အနည်းငယ် မြင်ရပေသည်။ ကျန်းရီ အားနာမနေဘဲ ငေးကြည့်လိုက်သည်။ ယင်းက သူ့ကို အလွန်ဆွဲဆောင်နေသည်။ ချီချင်ချန်သည် ကျန်းရီက သူမ၏ရင်နှစ်မွှာအား ငေးကြည့်နေသည်ကို သတိမပြုမိပုံဖြင့် စကားဆက်ပြောလိုက်၏။

“ဘာကြောင့် ရှင်က စစ်သူကြီး မလုပ်ချင်ရတာလဲ။ ရှင် စစ်သူကြီး ဖြစ်လာရင် အာဏာပိုရှိလာမှာ။ ကောင်းကင်ခွင်းတပ်မှာ စစ်သူကြီး လုပ်ရတာက ကျွန်မတပ်မှာ ကြီးကြပ်စစ်သူကြီး လုပ်ရတာထက် သေချာပေါက် ပိုကောင်းမှာပဲ”

“ဟင်းဟင်း...”

ကျန်းရီ အကြည့်လွှဲလိုက်ပြီး ခပ်သဲ့သဲ့ပြုံးကာ ပြန်ပြောလိုက်သည်။

“တခြားဘာအကြောင်းရှိရဦးမှာလဲ။ ကျွန်တော်က စစ်သူကြီးနဲ့ မခွဲနိုင်လို့ပေါ့”

“ဟွန်း...”

ချီချင်ချန် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူမ တစ်စုံတစ်ခုကို တွေးမိသွားပြီး ရှက်သွေးဖြာသွားသည်။

“ကျန်းရီ... ပေါက်ကရတွေ တွေးမနေနဲ့တော့။ အသက်အရွယ်ဝါစဉ်နဲ့ ကြည့်မယ်ဆိုရင် ရှင် ကျွန်မကို ဒေါ်လေးလို့တောင် ခေါ်သင့်တယ်။ ကျွန်မက ရှင့်အမေနဲ့ အရမ်းရင်းနှီးတယ်။ အရင်တစ်ခေါက်က ကျွန်မခမည်းတော် ပြောခဲ့တာက... ဟန်ပြသက်သက်ပဲ။ သူက ရှင့်ကို စိတ်အားတက်လာအောင် တမင်ပြောလိုက်တာ... တကယ်မဟုတ်ဘူး”

“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကျန်းရီက မျက်လုံးပြူးကာ ခပ်သွက်သွက် ပြန်ပြော၏။

“ဆောင်းဥတုအရှင်က ဘယ်သူမို့လို့လဲ။ သူရဲ့စကားက ရွှေထက်တန်ဖိုးရှိတယ်။ ပြီးတော့ ထွက်ပြီးဆင်စွယ် ပြန်ဝင်ရိုးမရှိဘူး။ သူက ဘယ်လိုလုပ် ဟန်ပြသက်သက် ပြောမှာလဲ။ ဦးလေး ပြန်သွားပြီလား။ မပြန်သေးရင် ကျွန်တော် သူ့ကို ဒီကိစ္စ သွားမေးရမယ်”

“ထိုင်နေ...”

ကျန်းရီက ထရပ်တော့မည်ကို တွေ့လိုက်သောအခါ ချီချင်ချန် အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်၏။

“ရှင် ဘာပြဿနာ ရှာဦးမလို့လဲ။ ရှင် အဲ့လိုဆက်လုပ်နေရင် ကျွန်မ ရှင့်ကို မီးဖီးနစ်တပ်ထဲက ‌မောင်းထုတ်ပစ်မယ်”

“ဟီးဟီး...”

ယခုတွင် ချီချင်ချန်က အာဏာပြလာပြီဖြစ်ရာ ကျန်းရီ သူမကို ထပ်မစရဲတော့ပေ။ သူ ရွှင်ပြစွာပြုံး၍သာ ပြောလိုက်သည်။

“ကျွန်တော်က စတာပါ... ဘာလို့ စစ်သူကြီးက စိတ်ဆိုးနေရတာလဲ။ ကျွန်တော်က စစ်သူကြီးနဲ့ မခွဲနိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား။ ကျွန်တော် မီးဖီးနစ်တပ်ထဲမှာ ဆက်နေတာက တိုက်ပွဲအမှတ်တွေ ပိုရနိုင်လို့ပဲ။ ပြီးတော့ ကျွန်တော့်ကို အလကားကူညီပေးမဲ့သူလည်း ရှိတယ်လေ။ အဲ့ဒါကို ကျွန်တော်က ဘာလို့ ကောင်းကင်ခွင်းတပ်ကိုသွားပြီး သူတို့ရဲ့အရှုပ်တွေကို ရှင်းပေးရမှာလဲ။ ကျွန်တော်က အရူးမဟုတ်ဘူး”

“ကျွန်မက ရှင့်ရဲ့ အလကားကူညီပေးမဲ့သူလား”

ချီချင်ချန်၏ မျက်နှာထားက ပို၍အေးစက်သွား၏။

“ဒီတော့ ရှင့်ရဲ့အကြံက အဲ့လိုကိုး၊ ကောင်းပြီ... အခုကစပြီး ကျွန်မ တာဝန်တွေမှာ ကိုယ်တိုင်မလိုက်တော့ဘူး။ ရှင့်ဘာသာ တပ်သားတွေခေါ်ပြီး တာဝန်သွားထမ်းဆောင်ပါ”

“မလုပ်ပါနဲ့...မလုပ်ပါနဲ့... ကျွန်တော်မျိုးကြီး မှားပါတယ်။ ကျေနပ်ပါပြီလား”

ကျန်းရီသည် ဝမ်းနည်းသော မျက်နှာထားပြု၍ တောင်းပန်လိုက်၏။ မိန်းမတစ်ယောက်နှင့် ငြင်းခုန်ရာတွင် သူ မည်သည့်အခါတွင်မှ မနိုင်နိုင်ပါပေ။ ထို့နောက် သူ ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ဟုတ်သား.. စစ်သူကြီး.. စစ်သူကြီး လူတစ်ယောက်စေလွှတ်ပြီး သိမ်းငှက်ဘုရင်လေးကို ဆက်သွယ်ပေးနိုင်မလား”

“ကျွန်မ ဆက်သွယ်ပြီးသွားပြီ”

ချီချင်ချန်က မျက်မှောင်ကြုတ်ကာ ပြန်ပြောသည်။

“သိမ်းငှက်စိမ်းဘုရင်က သိမ်းငှက်ဘုရင်လေးကို မင်ရည်တောင်ပံဆန်းကြယ်နယ်မြေဆီ ပြန်ခေါ်သွားတယ်။ ကျွန်မ ခမည်းတော်ကို အကူအညီအတောင်ပြီး အဲ့ကသတင်းကို စုံစမ်းခိုင်းခဲ့တာ။ ကျွန်မ ရထားတဲ့သတင်းအရ သိမ်းငှက်ဘုရင်လေးက အခန်းပိတ်ခံထားရတယ်တဲ့... သူ အုပ်ချုပ်သူအဆင့်ကို ရောက်မှ အပြင်ထွက်ခွင့်ရလိမ့်မယ်။ ရှင့်ရဲ့ ဇနီးသုံးယောက်၊ တိလင်အာ၊ မိုဟွိုက်စန်းနဲ့ အဆိပ်ဝိညာဉ်တို့က အခု သူနဲ့အတူ ရှိနေမှာပေါ့။ မင်ရည်တောင်ပံမျိုးနွယ်က ကျွန်မတို့ကို အဲ့လောက်ပဲ ပြောပြတယ်။ ကျန်တဲ့အကြောင်းတွေကို ကျွန်မလည်း မသိဘူး”

“...”

ကျန်းရီသည် ချီချင်ချန်အား ရီချန်တို့ကို ပြန်ခေါ်ပေးရန် အကူအညီတောင်းလိုခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ ထိုသတင်းကို ကြားလိုက်သောအခါ သူ မည်သို့ပြောလိုက်ရမည်မသိ ဖြစ်သွားသည်။ သူမတို့က မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲတွင် လုံခြုံလောက်ပေသည်။ သိမ်းငှက်စိမ်းဘုရင်က အားနည်းသော အမျိုးသမီးအနည်းငယ်ကို အခက်ကြုံအောင် မလုပ်လောက်ပေ။ ထို့ပြင် သူမတို့ထဲမှတစ်ယောက်က တိရှအရှင်၏ မြေးဖြစ်ပြီး ကျန်တစ်ယောက်က တိမင်၏ မြေးဖြစ်သည်။

ကျန်းရီသည် အခြေအနေများကို သုံးသပ်ပြီးနောက် သူမတို့ကို ပြန်ခေါ်ပေးရန် တိရှအရှင်အား အကူအညီတောင်းခြင်းက ပိုကောင်းလိမ့်မည်ဟု တွေးလိုက်၏။ ထို့ကြောင့် သူ ချီရွယ်ကို ရွက်ဖျင်တဲထဲ ဝင်လာစေလိုက်ပြီး မိုချန်ဟဲထံ သတင်းပို့ရန် ညွှန်ကြားလိုက်သည်။ မိုဟွိုက်စန်းက မိုချန်ဟဲ၏သမီး ဖြစ်သည်။ သို့ဖြစ်ရာ သူလည်း သူ၏သမီးကို ပြန်ခေါ်လိုနေလောက်မည် မဟုတ်လော။

ပြီးခဲ့သော ရက်ပိုင်းအတွင်း ကျန်းရီသည် မီးဖီးနစ်တပ်ထဲတွင်သာ ကုပ်နေခဲ့သည်။ အခြေအနေများ တည်ငြိမ်သွားအောင် စောင့်ပြီးမှ သူ တာဝန်ထမ်းဆောင်ရန် အပြင်ထွက်လိုသည်။ ယခု သူ အပြင်ထွက်သွားပါက အကြည့်များစွာကို ခံရပေလိမ့်မည်။ ထိုအကြည့်များက သူ့ကို စိတ်မသက်မသာ ဖြစ်စေပေသည်။

“ဟင်းဟင်း...”

ချီချင်ချန်သည် ခပ်ရွဲ့ရွဲ့ရယ်၍ သိပ်သဘောမကျသော လေသံဖြင့် ပြောလိုက်၏။

“ကျန်းရီ... ရှင်က အရမ်းကံကောင်းတဲ့ပုံပဲ။ ရှင့်ရဲ့ဇနီးသုံးယောက်က ထိပ်တန်းအလှပဂေးလေးတွေလို့ ကျွန်မကြားတယ်။ ရှင်တို့ယောက်ျားတွေအကုန်လုံးက အတူတူချည်းပဲ။ ရှင်တို့က တဏှာရူးတွေပဲ”

“အဲ့လို မဟုတ်ပါဘူး...”

ကျန်းရီ ခေါင်းခါကာ ပြောလိုက်သည်။

“စစ်သူကြီး နားမလည်ပါဘူး။ အဲ့ဇနီးသုံးယောက်က ကျွန်တော်နဲ့အတူ အခက်အခဲတွေကို အေးအတူ၊ ပူအမျှ ဖြတ်သန်းခဲ့တဲ့သူတွေပါ။ ကျွန်တော်တို့ကြားမှာ နက်ရှိုင်းခိုင်မာတဲ့ သံယောဇဉ်ရှိတယ်။ ကျွန်တော်တို့က တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်ကြဘူး။ အထက်ဘုံမှာ ကျွန်တော် မိန်းမမပွေရှုပ်ခဲ့တာကလည်း သူတို့ နာကျင်ရမှာစိုးလို့ပါ။ ကျွန်တော်က အထက်ဘုံကို တက်လှမ်းလာကတည်းက ကျွန်တော့်ရဲ့ နှလုံးသားကို ချိပ်ပိတ်ထားလိုက်ပါပြီ။ ကျွန်တော့်နှလုံးသားကို သူတို့အတွက်ပဲ ပြန်ဖွင့်ပေးမှာပါ။ စစ်သူကြီးက ကျွန်တော့်ကို တဏှာရူးလို့ ပြောရင်လည်း ကျွန်တော် ဝန်ခံပါတယ်။ ကံကြမ္မာဆိုတာ ကောင်းကင်ရဲ့အလိုပဲလေ။ ယောက်ျားတစ်ယောက်က သူအကြွေးတင်နေတဲ့ မိန်းမလှတစ်ယောက်အပေါ် ဘယ်လိုလုပ် အရာအားလုံး မပေးဘဲ နေနိုင်မှာလဲ”

ကျန်းရီသည် စကားပြောပြီးနောက် မျက်လုံးမှိတ်ကာ ခပ်ရေးရေးပြုံးလိုက်၏။ သူ အတွေးနက်သွားပုံ ပေါ်သည်။ သူ တွေးနေသည်များမှာလည်း ရီချန်တို့အကြောင်းသာ ဖြစ်ပေလိမ့်မည်။ ချီချင်ချန်သည် ကျန်းရီ၏ မျက်နှာထားကို တွေ့သောအခါ အတန်ငယ် မှင်တက်သွားပြီး ကျန့်ရှဆန်းကြယ်နယ်မြေထဲမှ အဖြစ်ကို ပြန်တွေးမိသွား၏။ ကျန်းရီက သူမအတွက် ယိုထျန်းနီကို သတ်လိုခဲ့ပြီး ကောင်းကင်ဘုရင်ယိုကို သူသေကိုယ်သေ တိုက်ခိုက်ရန် စိန်ခေါ်ခဲ့စဉ်ကလည်း ထိုမျက်နှာထားနှင့်ပင် ရှိနေခဲ့သည်။ ကျန်းရီ၏ ထိုမျက်နှာထားက သူမကို ရင်ခုန်စေပေသည်။

‘ငါ မွေးတဲ့အချိန်မှာ သူ မမွေးသေးဘူး၊ သူ မွေးတဲ့အချိန်မှာ ငါက အသက်အရွယ်ရနေခဲ့ပြီ။ ဘဝဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်နိုင်ပါလား...’

ချီချင်ချန် သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ကျန်းရီက သံယောဇဉ်ကြီးသူတစ်ယောက်ဖြစ်၏။ မိန်းမများကလည်း ထိုအရာကိုပင် သဘောကျကြခြင်းပင်။ သူမတို့၏ အသက်အရွယ်ကွာခြားမှုကြောင့်သာ မဟုတ်လျှင် ချီချင်ချန်သည် ကျန်းရီနှင့် လက်ထပ်ရန် အမှန်ပင် စဉ်းစားမိမည်ဖြစ်ပေသည်။

All Chapters