ရန်ငြိုးများကို မြှပ်နှံခြင်း
Vol. 114 Ch. 1590
မိုချန်ဟဲက အမှန်ပင် စိုးရိမ်နေသည်။ ကျန်းရီ၏ တင်ပြချက်ကို ရရှိပြီးနောက် သူ ချက်ချင်းပင် တိရှအရှင်ထံသို့ သတင်းလှမ်းပို့လိုက်သည်။ ကျန်းရီ၏ဇနီးသုံးယောက်ကလည်း မင်ရည်တောင်ပံဆန်းကြယ်နယ်မြေသို့ ခေါ်သွားခံခဲ့ရရာ တိရှအရှင်သည် ထိုကိစ္စကို အတော်လေး အရေးကြီးသောကိစ္စအဖြစ် မြင်၏။ ထို့ကြောင့် သူ သိမ်းငှက်စိမ်းဘုရင်ထံ လူစေလွှတ်၍ သူ၏သဘောထားကို ပြောလိုက်သည်။
မည်သူသိမည်နည်း...
သိမ်းငှက်စိမ်းဘုရင်က မင်ရည်တောင်ပံဆန်းကြယ်နယ်မြေသို့ ရောက်လျှင်ရောက်ချင်း အခန်းအောင်း သွားခဲ့သည်။ သူက အမှန်ပင် အခန်းအောင်းကျင့်ကြံနေခြင်းလော သို့မဟုတ် ဟန်ဆောင်နေခြင်းလောကိုမူ မည်သူမှ မသိပေ။ မည်သို့ပင်ဖြစ်စေ မည်သူမှ သိမ်းငှက်ငယ်တောင်ကြားထဲ မဝင်ရန်ဟု သူကိုယ်တိုင် အမိန့်ပေးထားခဲ့သည်။ သိမ်းငှက်ဘုရင်လေးက သိမ်းငှက်ငယ်တောင်ကြားထဲတွင် ရှိနေပြီး ရန်ချန်တို့က သူနှင့်အတူရှိနေကြရာ မည်သူတစ်ယောက်မှ အပြင်မထွက်နိုင် ဖြစ်နေပေသည်။
သိမ်းငှက်ဧကရီသည် သိမ်းငှက်ငယ်တောင်ကြားထဲမှ လူများက အလွန်အဆင်ပြေပြေနှင့် လျင်မြန်စွာ ကျင့်ကြံနေနိုင်သည်ဟု အကြောင်းကြားကြောင်း ကိုယ်တိုင် သတင်းပြန်ပို့လိုက်၏။ သူမသည် တိရှအရှင်ကို မစိုးရိမ်ရန်လည်း ပြော၏။ သိမ်းငှက်စိမ်းဘုရင် အခန်းအောင်းရာမှ ထွက်လာသည်နှင့် သူမသည် သူ့ထံ ထိုကိစ္စကို ချက်ချင်း တင်ပြကာ အားလုံးကို ပြန်ပို့ပေးမည်ဖြစ်သည်။
သိမ်းငှက်ဧကရီကိုယ်တိုင် ထိုသို့ပြောလိုက်ပြီဖြစ်၍ တိရှအရှင် မည်သို့မှ ဆက်မပြောနိုင်တော့ပေ။ သိမ်းငှက်ငယ်တောင်ကြားက မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲရှိ မိုးမြေဝိညာဉ်စွမ်းအင် အသိပ်သည်းဆုံးနေရာဖြစ်ကြောင်း သူသိသည်။ ထိုတောင်ကြားထဲတွင် သဘာဝဆန်းကြယ်နယ်မြေနှစ်ခုလည်း ရှိနေသည်။ ယင်းက ကျန်းရီ၏ဇနီးများ၊ တိလင်အာ၊ မိုဟွိုက်စန်းနှင့် အဆိပ်ဝိညာဉ်တို့အတွက် ရှားပါးသော အခွင့်အရေးတစ်ခုပင်။
ကျန်းရီသည် သတင်းရသောအခါ မည်သို့ပြန်ပြောလိုက်ရမည်မသိ ဖြစ်သွား၏။ သို့သော် သူ ဘာလုပ်နိုင်မည်နည်း။ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲ အတင်းဝင်သွားရမည်လော။ သို့သော် မင်ရည်တောင်ပံဆန်းကြယ်နယ်မြေက မည်သည့်နေရာတွင်ရှိကြောင်း သူမသိပေ။ ထို့ကြောင့် သူ ခံစားချက်များကို မျိုသိပ်ထားပြီး သိမ်းငှက်စိမ်းဘုရင် အခန်းအောင်းရာမှ ပြန်ထွက်လာမည်ကိုသာ စောင့်ရပေတော့မည်။
ဤတစ်ကြိမ်တွင် ကျန်းရီသည် မီးဖီးနစ်တပ်ထဲတွင် ကုပ်နေခဲ့ပြီး အပြင်သို့ မထွက်ခဲ့ချေ။ ချီချင်ချန်သည်လည်း လက်တလောအတွင်း မည်သည့်တာဝန်ကိုမှ လက်မခံဘဲ သူမ၏တပ်ကို အနားပေးကာ ကျင့်ကြံစေရန် ဆုံးဖြတ်ခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း မီးဖီးနစ်တပ်က တာဝန်များစွာ လက်ခံခဲ့သည်။ ထို့ကြောင့် တပ်သားတိုင်း မဆိုးလှသော တိုက်ပွဲအမှတ်များ ရခဲ့သည်။ သူတို့သည် ထိုတိုက်ပွဲအမှတ်များကို အသုံးပြု၍ အဆတစ်သောင်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများ၊ အဆတစ်သိန်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများ သို့မဟုတ် ဆန်းကြယ်နယ်မြေများသို့သွား၍ ကျင့်ကြံနိုင်ပေသည်။
ကျန်းရီသည်လည်း အချိန်တစ်ခုအထိ ကျင့်ကြံရန် အခန်းအောင်းလိုက်သည်။ သို့သော် မိစ္ဆာချေဖျက်တောင်ကြားထဲတွင် ကောင်းကင်စွမ်းအား ကျင့်ကြံရခြင်းက အလွန်နှေးကြောင်း သူသိလိုက်သည်။ သူသည် နတ်ဘုရားသစ်ပင်အောက်တွင် ကျင့်ကြံခဲ့ရချိန်ကို ပြန်အမှတ်ရနေမိလျက် နတ်ဘုရားသစ်ပင် ရှိသေး၊ မရှိသေးကို ကြည့်ရန် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ ပြန်သွားလိုစိတ် ပေါက်နေပေသည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ ထပ်သွားနိုင်မည်ဆိုလျှင် လက်စနှင့် မိစ္ဆာမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားကိုလည်း ရှာနိုင်မည်ဖြစ်သည်။
အသက်ဝင်လာသော သစ်ပင်များ၊ တက်လှမ်းလာသော မိစ္ဆာသားရဲများ၊ ဟွင့်သွမ့်သားရဲများနှင့် ကျင့်ကြံခြင်းအစွမ်း ရရှိထားသော မိစ္ဆာဝိညာဉ်များအားလုံးကို မိစ္ဆာမျိုးနွယ်ဟုခေါ်သည်။ အတိတ်တွင် မိစ္ဆာမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် ပဋိပက္ခများ ဖြစ်ခဲ့သည်။ သို့သော် တမလွန်ဘုံက စတင်ကျူးကျော်သောအခါ ထိုမျိုးနွယ်နှစ်ခုသည် အင်အားပူးပေါင်း၍ တမလွန်ဘုံကို ခုခံခဲ့သည်။
သို့သော် တမလွန်ဘုံက အလွန်အင်အားကြီးသည်။ မူလတွင် ကောင်းကင်ဘုံ၏ ဘုံအများစုကို လူသားမျိုးနွယ်က ထိန်းချုပ်ခဲ့သည်။ ယခုတွင်မူ ထိုဘုံများကို တမလွန်ဘုံက ထိန်းချုပ်ထားပြီဖြစ်ပြီး ထိန်းချုပ်မခံရသေးသောဘုံ တစ်ဘုံသာ ကျန်ရစ်သည်။ မိစ္ဆာမျိုးနွယ်၏ ဘုံက အပြီးတိုင် ဖျက်ဆီးခံခဲ့ရပြီး မိစ္ဆာမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားအားလုံး တိုက်ပွဲတွင် သေဆုံးခဲ့ရသည်။ တစ်ယောက်မှ ရှင်မကျန်ခဲ့ပေ။
အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ၏ တည်နေရာပြောင်းရွှေ့အစီအရင်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ယခုတွင် ထိုနယ်မြေသို့ တည်နေရာမပြောင်းရွှေ့နိုင်သေးပေ။ ကျန်းရီသည် အာကာပြင်ကို မည်သို့စုတ်ဖြဲရမည်ကို မသိချေ။ သူ့ကို အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ ခေါ်သွားပေးဖို့ ကောင်းကင်ဘုရင်လုံကိုလည်း သွားတောင်းဆို၍ မရပေ။ ထို့ကြောင့် ကျန်းရီသည် နောင်တွင် အခွင့်အရေးပေါ်လာမည်ကိုသာ စောင့်နေရတော့သည်။
‘ထားလိုက်ပါတော့... ငါ ရှေးဦးဆန်းကြယ်နယ်မြေကို သွားမယ်’
ယခင်တွင် ကျန်းရီသည် ရှေးဦးဆန်းကြယ်နယ်မြေအတွင်း နောက်တစ်ကြိမ်ဝင်ခွင့် ရခဲ့သည်။ ယင်းမှာ သူ ဘုံတစ်သောင်းပြိုင်ပွဲတွင် အနိုင်ရခဲ့သဖြင့် မိစ္ဆာသတ်ဖြတ်စံအိမ်က ချီးမြှင့်သောဆု ဖြစ်သည်။ သူ ထိုဆုကို သုံးရန် ဆုံးဖြတ်လိုက်သည်။ ယခု သူက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်ပြီး အနှစ်သာရ၏ ကနဦးအဆင့်သို့လည်း ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ ရှေးဦးဆန်းကြယ်နယ်မြေထဲ ဝင်ခြင်းက အခွင့်အရေးကို ဖြုန်းတီးခြင်း မဟုတ်တော့ပေ။
ကျန်းရီ ချီချင်ချန်ကို အကြောင်းကြာပြီးနောက် မီးဖီးနစ်တပ်စခန်းထဲမှ အပြင်သို့ ထွက်သွားလိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီ ထွက်လာသည်နှင့် အကြည့်များစွာက သူ့အပေါ် ကျရောက်လာသည်။ အားလုံးက သူ့ကို မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။ ကျန်းရီ ထိုအကြည့်များကို သဘောမကျပေ။ သူ စောစောထွက်မလာမိသည့်အတွက်လည်း တော်သေးသည်ဟု တွေးမိသည်။ မဟုတ်လျှင် သူ ပို၍ စိတ်ကျဉ်းကြပ်ရမည်ဖြစ်သည်။
“အရှင်...”
ပင်မရဲတိုက်သို့ရောက်သောအခါ မိစ္ဆာချေဖျက်တပ်သားတစ်စုက လေးလေးစားစား ဒူးထောက်၍ နှုတ်ဆက်လိုက်ကြ၏။ ကျန်းရီသည် ထိုသို့နှုတ်ဆက်ခံရခြင်းနှင့် အသားမကျသေးရာ အိုးတိုးအန်းတန်းနှင့် လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“ကျွန်တော် ရှေးဦးဆန်းကြယ်နယ်မြေကို ဘယ်လိုသွားလို့ရမလဲ။ တစ်ယောက်ယောက် ကျွန်တော့်ကို လမ်းပြပေးပါ”
“ဒီဘက်ကိုကြွပါ အရှင်”
လက်ထောက်တပ်မှူးတစ်ယောက်က အရှေ့သို့ ခပ်သွက်သွက် လျှောက်သွားရာ ကျန်းရီသည် နောက်မှလိုက်၍ ဒုတိယထပ်သို့ သွားလိုက်၏။ စင်္ကြံလမ်းတစ်လမ်းကို လျှောက်ပြီးနောက် သူတို့ ခန်းမတစ်ခုထဲ ရောက်သွားကြသည်။ ကျန်းရီသည် ခန်းမထဲဝင်၍ လှည့်ပတ်ကြည့်လိုက်၏။ ထို့နောက် သူ အေးစက်စက်မျက်နှာထားဖြင့် လက်ထောက်တပ်မှူးကို ပြောလိုက်သည်။
“ခင်ဗျား သေချင်နေတာလား”
ထိုခန်းမထဲတွင် မည်သည့်အရာမှ ရှိမနေရာ ထိုနေရာက ရှေးဦးဆန်းကြယ်နယ်မြေသို့သွားရာလမ်း မဟုတ်ကြောင်း ထင်ရှားသည်။
ကျန်းရီ၏စကားက လက်ထောက်တပ်မှူးကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားစေ၏။ သူ ချက်ချင်း ဒူးထောက်ချကာ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ အရှင်။ တပ်မှူးပိုင်နဲ့ တပ်မှူးချိုးတို့က အရှင့်ကို ဒီနေရာကို ခေါ်လာဖို့ ကျွန်တော့်ကို ခိုင်းခဲ့လို့ပါ။ သူတို့က အရှင့်ကို ကိုယ်တိုင်တွေ့ပြီး တောင်းပန်ချင်လို့ပါတဲ့”
“ဪ...”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ခန်းမထဲရှိ ထိုင်ခုံများထဲမှ အလယ်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူ လက်ထောက်တပ်မှူးကို ကြည့်ကာ ပြောလိုက်သည်။
“သူတို့ကို မြန်မြန်လာခိုင်းလိုက်”
ရှပ်...ရှပ်...ရှပ်...
အပြင်ဘက်မှ ခပ်သွက်သွက် လျှောက်လာသော ခြေသံများကို ကြားလိုက်ရပြီး ပိုင်တိထျန်းနှင့် ချိုးရန်တို့ ခပ်ကုပ်ကုပ် ဝင်လာကြသည်။ သူတို့သည် အလွန်ရှိုးတိုးရှန်းတန်း ဖြစ်နေဟန်ပေါ်ပြီး ခန်းမ၏တံခါးကိုလည်း မပိတ်ဝံ့ကြပေ။ သူတို့ ကျန်းရီအရှေ့သို့ ရောက်သောအခါ အသက်ပြင်းပြင်းရှူသွင်း၍ ကျန်းရီ၏ ရေခဲတမျှအေးစက်နေသော မျက်နှာကို ကြည့်လိုက်ကြပြီး အံကြိတ်ကာ ဒူးထောက်လိုက်ကြသည်။ ထို့နောက် ပိုင်တိထျန်းက ပြောသည်။
“ကျန်းရီ... အရင်က ငါတို့ မှားခဲ့ပါတယ်။ မင်း ငါတို့ကို ရိုက်နှက်ချင်ရင်၊ အပြစ်ပေးချင်ရင်လည်း ငါတို့ ဘာမှပြောစရာ မရှိပါဘူး။ မင်း ပြီးခဲ့တာတွေကို ပြီးပါစေလို့ သဘောထားနိုင်ဖို့ပဲ ငါတို့ မျှော်လင့်ပါတယ်”
ကျန်းရီသည် အေးစက်စက်မျက်ဝန်းများဖြင့် ဆက်ကြည့်နေပြီး မည်သို့မှ မပြောသေးပေ။ သူသည် အခြေအနေကို ခေတ္တမျှ တွေးတောလိုက်ပြီးနောက် မည်သည့်အရာ ဖြစ်ပျက်နေကြောင်း နားလည်သွားသည်။
မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့က ထိုသခင်လေးနှစ်ယောက်ကို သူတို့ဘုံသို့ ပြန်ခေါ်မသွားခဲ့ခြင်းမှာ သူတို့ကို ကျန်းရီထံ သွားရောက်တောင်းပန်စေလိုခဲ့၍ဖြစ်မည်။ မိစ္ဆာမျိုးနွယ်မဟာဧကရာဇ်က ကျန်းရီကို ဆယ်နှစ် ကာကွယ်ပေးမည်ဟု ပြောခဲ့သည်။ ထိုဆယ်နှစ်အတွင်း သူ့ကို မည်သူမှ ထိဝံ့တော့မည် မဟုတ်ချေ။ သို့သော် ကျန်းရီကမူ အခြားသူများကို ထိနိုင်သည်။ ထို့ကြောင့် ယခုတွင် မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့က ထိတ်လန့်နေကြခြင်း ဖြစ်ပေမည်။
ကျန်းရီ လုပ်ဆောင်ခဲ့သည်များအရ ထိုဘုရင်နှစ်ပါးသည် ကျန်းရီက သေချာပေါက် လက်စားချေလိမ့်မည်ဟု တွက်ထားကြ၏။ အကယ်၍ ကျန်းရီသာ မြစ်ဖြူဘုံနှင့် ကောင်းကင်ကန္တာရဘုံတို့တွင် လာရောက်သတ်ဖြတ်လျှင် သူတို့ အဆုံးသတ်သွားပေလိမ့်မည်။
ရန်ငြိုးများက ပိုင်တိထျန်းနှင့် ချိုးရန်တို့ကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်ရာ ရန်ငြိုးများကို ဖြေရှင်းရန် သူတို့နှစ်ယောက်သာ ဆောင်ရွက်သင့်ပေသည်။ သူတို့နှစ်ယောက်ကလည်း အလွန်ဉာဏ်ကောင်းသည်။ သူတို့သည် ကျန်းရီကို မီးဖီးနစ်တပ်ထဲတွင် သွားမရှာခဲ့ပေ။ ထိုတပ်ထဲသို့ သွားရှာလျှင် ကျန်းရီက ဒေါသအလျောက် သူတို့ကို ချက်ချင်း သတ်ပစ်လိုက်နိုင်သည် မဟုတ်ပါလား။ ဤရဲတိုက်ထဲတွင်မူ စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည်။ ကောင်းကင်ဘုရင်နှစ်ပါးကလည်း ဤရဲတိုက်အနောက်ရှိ ရဲတိုက်တစ်လုံးထဲတွင် နေသည်။ သို့ဖြစ်ရာ ကျန်းရီက ဤနေရာတွင် သူတို့နှစ်ယောက်ကို မသတ်နိုင်လောက်သည် မဟုတ်လော။
အမှန်တွင်...
ကျန်းရီသည် သူတို့သာ ထွက်ပေါ်မလာလျှင် သူတို့ကို မေ့သွားမည်ဖြစ်သည်။ ပြီးခဲ့သော လအတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ ထို့ပြင် ရီချန်တို့ကို ဘေးကင်းကင်နှင့် ကယ်နိုင်ခဲ့ပြီဖြစ်ပြီး ကောင်းကင်ဘုရင်ယိုကိုလည်း သတ်ခဲ့ပြီးပေပြီ။ ထို့ကြောင့် ကျန်းရီ၏ဒေါသက အနည်းနှင့်အများဆိုသလို လျော့ကျသွားပြီဖြစ်သည်။
ကျန်းရီသည် ထိုနှစ်ယောက်က အသက်ရှင်နေသေးကြောင်းကို မေ့ပင်မေ့နေခဲ့သည်။ သူတို့သာ သူတို့၏ဘုံများသို့ ပြန်သွားခဲ့မည်ဆိုလျှင် ကျန်းရီ လုံးဝပြဿနာထပ်ရှာတော့မည် မဟုတ်ပေ။ သူသည် ပြဿနာစရှာတတ်သူ မဟုတ်သလို ရန်ငြိုးအသေးလေးများအတွက်နှင့် လက်စားချေတတ်သူလည်း မဟုတ်ပေ။
သို့သော် ထိုနှစ်ယောက်က သူတို့ဘာသာ ဒူးလာထောက်နေကြပြီဖြစ်ရာ ကျန်းရီသည် သူတို့ကို အလွယ်တကူ အလွှတ်ပေးတော့မည် မဟုတ်ချေ။ သူ မည်သို့မှ မပြောသေးဘဲ ထိုနှစ်ယောက်ကို အေးစက်စက် ဆက်ကြည့်နေလိုက်သည်။ သခင်လေးနှစ်ယောက်သည် အတော်ကြာအောင် ဒူးထောက်နေရသဖြင့် ခြေထောက်များ ထုံလာ၏။ သူတို့၏ မျက်နှာများလည်း ဖြူဖျော့လာသည်။ သို့သော် ကျန်းရီက စကားပြောမည့်ပုံ မပေါ်သေးပေ။
နာရီဝက်၊ တစ်နာရီ... တစ်နာရီခွဲ...
အနီးအပါး ခန်းမများမှ လူများသည် ဤခန်းမထဲ၌ တစ်စုံတစ်ခု ဖြစ်ပျက်နေကြောင်းကို သတိပြုမိထားကြပြီဖြစ်၍ ကောင်းကင်စိတ်အာရုံများ ပို့လွှတ်ကာ အာရုံခံနေကြသည်။ ကောင်းကင်စိတ်အာရုံများ ပို၍ ပို၍ ရောက်ရှိလာသောအခါ ပိုင်တိထျန်းနှင့် ချိုးရန်တို့ သေချင်စိတ်ပင် ပေါက်လာကြသည်။ သူတို့သည် ကျန်းရီက သူတို့အား တိုက်ခိုက်မည်ကို ကြောက်သဖြင့် ခန်းမတံခါး ပြန်မပိတ်ခဲ့ကြခြင်းပင်။ ထိုအခိုက်တွင်မူ ကျန်းရီက သူတို့ကို ရိုက်ပါစေဟု မျှော်လင့်မိသွားကြပေသည်။
နောက်ထပ်တစ်နာရီ ထပ်ကြာပြီးနောက်မှ ကျန်းရီ အရေးမစိုက်ဟန်ဖြင့် စကားစပြောလိုက်သည်။
“မင်းတို့ကို အပြစ်ပေးရမှာလား။ ကောင်းပြီလေ... ဘယ်လိုအပြစ်မျိုး ပေးသင့်လဲဆိုတာ မင်းတို့ပဲ အကြံပြုပါ။ ငါ့ကို ညှာတာမှုမရှိဘူးလို့တော့ မပြောနဲ့”
ပိုင်တိထျန်းနှင့် ချိုးရန်တို့ သူတို့၏နဖူးများမှ ဇောချွေးများကို ခပ်သွက်သွက် သုတ်လိုက်ကြ၏။ ကျန်းရီက ထိုသို့ပြောလိုက်ပြီဖြစ်ရာ ဤကိစ္စကို ဆွေးနွေးနိုင်တော့မည့် အဓိပ္ပာယ်ပင်။ ကျန်းရီက သူတို့ကို မသတ်သ၍ အရာအားလုံးကို ညှိနှိုင်းနိုင်ပေသည်။ မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့က သူတို့နှစ်ယောက်အား ရန်ငြိုးများကို ရအောင်ဖြေရှင်းရန် မှာခဲ့ပေသည်။
ပိုင်တိထျန်းသည် တွေးတောလိုက်ပြီး ချိုးရန်ထံ အသံပို့လွှတ်ကာ ခေတ္တမျှ တိုင်ပင်ပြီးနောက် အံကြိတ်၍ ပြောလိုက်လေသည်။
“နတ်ဘုရားအမြစ်သန်းတစ်ရာနဲ့ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်ဆယ်ခု။ ကျန်းရီ... ဒီတစ်ခေါက် မင်း ငါတို့ကို ချမ်းသာပေးဖို့ ငါတို့ မျှော်လင့်ပါတယ်”
“အန်...”
ကျန်းရီ မျက်ခုံးပင့်လိုက်၏။ ထိုနှစ်ယောက်က သေချာပေါက်ပေါက် ပစ္စည်းကောင်းများ ပေးလိမ့်မည်ဖြစ်ကြောင်း ကျန်းရီသိသည်။ သို့သော် နတ်ဘုရားအမြစ်တစ်သန်း၊ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်ဆယ်ခုတို့နှင့် စတင်လိမ့်မည်ဟုတော့ သူ မျှော်လင့်မထားပေ။ ထိုမျိုးနွယ်နှစ်ခုက ထိုမျှကြွယ်ဝသည်လော။
ကျန်းရီသည် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ငြင်းမည် မဟုတ်ပေ။ ကျန်းရီ၏ လက်စွပ်က လင်းလက်သွားပြီး လှံနက်တစ်ချောင်း ထွက်ပေါ်လာသည်။ သူသည် လှံနက်ကို ညင်သာစွာ ပွတ်သပ်၍ အေးစက်စက်ပြောလိုက်၏။
“ငါ့မှာ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်တွေ ရှားပါးနေတဲ့ပုံ ပေါ်လို့လား။ ဒီလှံရှည်က အရမ်းစွမ်းအားကြီးတယ်... ငါသာ ဒီလှံနဲ့ မင်းတို့ကို ထိုးလိုက်မယ်ဆိုရင် လှံက မင်းတို့ရဲ့ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်တွေကို ဖောက်နိုင်မယ်လို့ ထင်လား”