← Chapters

သလင်းစွယ်သားရဲ

Vol. 114 Ch. 1592

သလင်းစွယ်သားရဲ

Vol. 114 Ch. 1592

ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေက အထက်ဘုံတွင် အလွန်ကျော်ကြားသည်။ ထိုနယ်မြေက မီးဓာတ်စည်းမျဉ်းများကို ကျင့်ကြံသူများအတွက် မြင့်မြတ်သောနယ်မြေတစ်ခုပင်။ သို့သော် ထိုမှမီးတောက်များက အလွန်အားကောင်းရာ သာမန်သိုင်းသမားများအနေဖြင့် ၎င်းနယ်မြေထဲဝင်လိုက်သည်နှင့် သေသွားမည်ဖြစ်သည်။ ထို့ပြင် ထိုနေရာ၌ မီးဓာတ်ဟွင့်သွမ့်သားရဲများစွာလည်း ရှိနေသည်။ တမလွန်ဘုံမှ ထူးခြားသောမိစ္ဆာတစ်မျိုးကလည်း ထိုရောထဲတွင် မကြာမကြာဆိုသလို ပုန်းအောင်းနေတတ်သည်။ ထို့ကြောင့် ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေက အလွန်အန္တရာယ်များသည်။ ၎င်းသည် ကြောက်မက်ဖွယ်အကောင်းဆုံး ဆန်းကြယ်နယ်မြေဆယ်ခုထဲတွင် နံပါတ်လေးချိတ်ပေသည်။

“မီးမှင်စာတွေလား... သူတို့က ပုံသဏ္ဌာန်လည်းမရှိ၊ ကြမ်းကြုတ်မီးတောက်တွေထဲမှာလည်း ပုန်းအောင်းနိုင်ပြီး ကြမ်းကြုတ်မီးတောက်တွေကို ထိန်းချုပ်နိုင်တာလား။ သူတို့က ကြမ်းကြုတ်မီးတောက်တွေရဲ့ အပူချိန်ကိုလည်း ဆယ်ဆမြှင့်တင်နိုင်သေးတယ်ပေါ့”

ကျန်းရီသည် ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေထဲရှိ တောင်မြင့်တစ်လုံပေါ်တွင် ရပ်၍ တာဝန်အသေးစိတ်ကိုဖတ်ကာ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူ ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေထဲတွင် ပုန်းအောင်းနေတတ်သည့် တမလွန်ဘုံမိစ္ဆာများ၏ အချက်အလက်များကို ဆက်ဖတ်လိုက်သည်။

“သလင်းစွယ်သားရဲ... တမလွန်ဘုံမီးတောက်တွေကနေပြီး မွေးဖွားလာတဲ့ သားရဲတွေ။ သူတို့က မီးတောက်တွေကို ခံနိုင်ရည်ရှိတယ်။ အဲ့ဒါကြောင့် ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေထဲဝင်လာပြီး ကြမ်းကြုတ်မီးတောက်တွေထဲမှာ ပုန်းအောင်းနေခဲ့တာပေါ့လေ။ ပြီးတော့ သူတို့က မီးမှင်စာတွေကိုလည်း ထိန်းချုပ်နိုင်တာလား။ တကယ်ပဲ မီးမှင်စာတွေကိုတောင် ထိန်းချုပ်နိုင်တယ်ပေါ့လေ...”

“ဟုတ်တယ်... ဒီတာဝန်က တော်တော်အန္တရာယ်များတယ်။ မီးမှင်စာတွေနဲ့ သလင်းစွယ်သားရဲတွေက သူတို့ဘာသာဆို ကြောက်စရာမကောင်းပေမဲ့ သူတို့ အတူပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် တော်တော်လေး ကြောက်ဖို့ကောင်းတယ်။ တခြားတပ်ဖွဲ့တွေက အဲ့တာဝန်ကို ခက်လို့ဆိုပြီး လက်မခံခဲ့ကြတာ”

ချီချင်ချန်သည် အဝေးမှ အနီရောင်အလင်းပြင်ကြီးကို လှမ်းကြည့်၍ မျက်နှာထားတည်တည်ဖြင့် ပြောလိုက်၏။

“ဒီတစ်ခေါက် တိုက်ပွဲက ခက်ခဲလိမ့်မယ်။ ကျွန်မတို့ မီးမှင်စာနဲ့ သလင်းစွယ်သားရဲ အကောင်နှစ်သန်းကို ရှင်းပစ်ရမှာ။ သလင်းစွယ်သားရဲတွေက တမလွန်ဘုံမီးတောက်တွေကိုလည်း မှုတ်နိုင်တယ်။ တမလွန်ဘုံမီးတောက်တွေက အထက်ဘုံက မီးတောက်တွေနဲ့ ကွာခြားတယ်။ အဲ့မီးတောက်တွေက ပုံသဏ္ဌာန်မဲ့ရုံတင်မကဘူး အရမ်းလည်းပူတယ်။ မီးတောက်ထဲမှာလည်း တမလွန်ဘုံအရှိန်အဝါပါတယ်။ ခဏနေကျရင် ကျွန်မ ရှေ့ဆုံးက ဦးဆောင်သွားမယ်.. ရှင်က တပ်သားတွေကြားမှာနေပြီး တပ်သားတွေကို ကာကွယ်ပေးပါ”

“မရဘူး...”

ကျန်းရီ ပြတ်သားစွာ ပြောလိုက်သည်။

“ကျွန်တော်က ရှေ့ဆုံးက ဦးဆောင်သွားမယ်... စစ်သူကြီးက တပ်သားတွေနဲ့အတူ နေခဲ့ပါ။ ကျွန်တော့်ရဲ့ မီးဒဏ်ခံပုလဲက စစ်သူကြီးရဲ့ပုလဲထက် အများကြီးပိုပြီး စွမ်းအားကြီးပါတယ်။ ကြမ်းကြုတ်မီးတောက်တွေက ကျွန်တော့်ကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး”

“ဒီလိုဆိုဘယ်လိုလဲ”

ချီချင်ချန်သည် ခေတ္တမျှတွေးတောကာ ခေါင်းညိတ်၍ ပြန်ပြောသည်။

“ကျွန်မ ရှင့်နောက်က လိုက်ခဲ့မယ်လေ၊ တပ်ကို‌တော့ ကျွန်မတို့နောက် ပေတစ်သောင်းအကွာကနေ လိုက်ခဲ့ဖို့ ပြောလိုက်မယ်။ ကျွန်မတို့နှစ်ယောက်အတူ အရှေ့ကနေ လမ်းရှင်းကြတာပေါ့။ အဲ့လိုဆိုရင် ကျွန်မတို့ဘက်က အဆုံးအရှုံးက သိသိသာသာ နည်းသွားမှာပဲ”

“သွားကြစို့...”

ကျန်းရီသည် မည်သို့မှ ဆက်ပြောမနေတော့ဘဲ ခုန်ကာ တောင်ထိပ်မှနေ၍ အဝေးသို့ ပျံသန်းသွားလိုက်သည်။ ထိုတောင်ထိပ်က တည်နေရာပြောင်းရွှေ့အစီအရင်ရှိသောနေရာ ဖြစ်သည်။ ထိုတည်နေရာပြောင်းရွှေ့အစီအရင်ကို အဘိုးအိုသုံးယောက်က စောင့်ကြပ်နေကြသည်။

ဝှစ်...ဝှစ်...ဝှစ်...

မီးဖီးနစ်တပ်က အင်အားများလာပြီဖြစ်သည်။ ယခုတွင် စုစုပေါင်း တပ်သားတစ်ထောင်ကျော် ရှိနေပေပြီ။ ထိုတပ်သားအားလုံးက စစ်နတ်ဘုရားအဆင့် စွမ်းအားကြီး သိုင်းသမားများပင်။ သူတို့၏ ပေါင်းစည်းတိုက်ခိုက်စွမ်းအားအရ မီးဖီးနစ်တပ်က မိစ္ဆာချေဖျက်စစ်တပ်၏ တပ်ဖွဲ့ဆယ့်တစ်ဖွဲ့ထဲတွင် စွမ်းအားအကြီးဆုံးတပ်ဖွဲ့ ဖြစ်နေပေပြီ။

တောင်ထိပ်အပြင်သို့ ရောက်သောအခါ ပတ်ဝန်းကျင်အပူချိန်က အဆဆယ်နှင့်ချီ၍ တိုးလာ၏။ အားလုံး အလွန်ပူလောင်နေကြပြီး ချွေးတပြိုက်ပြိုက်ကျနေသည်။ ထို့ပြင် အတန်ငယ်လည်း မွန်းကြပ်လာကြသည်။

ကျန်းရီသည် ယခုအထိ မီးဝိညာဉ်ပုလဲကို မထုတ်သေးပေ။ သူ ဤနေရာမှ အပူချိန်ကို ခံစားကြည့်လိုသည်။ ချီချင်ချန်ကမူ မခံနိုင်တော့သဖြင့် ပုလဲပြာတစ်လုံးကို ထုတ်လိုက်၏။ သူမ၏ရုပ်ခန္ဓာက အပူဒဏ်ခံကို မခံနိုင်ခြင်း မဟုတ်ပေ။ သူမ၏အဝတ်များက ချွေးရွှဲလာလျှင် သူမပုံစံက မလှမပဖြစ်သွားမည်ကို သူမ စိုးရိမ်ခြင်းသာ။

“သွားကြမယ်...”

ကျန်းရီသည် လက်ဝှေ့ယမ်းကာ အရှေ့သို့ ပျံသန်းသွား၏။ ချီချင်ချန်က သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။ သူတို့အနောက်မှ တပ်သားတစ်ထောင်ကမူ အတန်ငယ် အရှိန်လျှော့ကာ အနောက်တွင် ကျန်ခဲ့ကြသည်။ ချီရွယ်နှင့် ချီရှားတို့သည် တပ်သားအနည်းငယ်ကို ဦးဆောင်၍ အထူးအစီအရင်တစ်ခု ဆင်ကာ အစိမ်းရောင်ပူဖောင်းတစ်လုံး ဖန်တီးလိုက်၏။ ထိုပူဖောင်းက တပ်သားတစ်ထောင်လုံးကို အုပ်ပိတ်လိုက်သည်။ ၎င်းဒိုင်းကာက အပူဒဏ်ကို အပြည့်အဝ မကာပေးနိုင်သော်လည်း အပူချိန် သိသိသာသာ လျော့သွားအောင်တော့ ကူညီပေးနိုင်သည်။ အနည်းဆုံးတော့ ၎င်းထဲမှ တပ်သားအားလုံး ချွေးပြိုက်ပြိုက် ကျမနေကြတော့ပေ။

ဤကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေက မကြီးချေ။ ကီလိုမီတာရာကျော် ပျံသန်းပြီးနောက် ကျန်းရီသည် အနီရောင်အလင်း ထွက်လာနေသော နေရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အတန်ကြာ လှမ်းကြည့်ပြီးနောက် ကျန်းရီနှင့် ချီချင်ချန်တို့၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူတို့အရှေ့တွင် မီးပင်လယ်တစ်စင်း ရှိနေပေသည်။

အရှေ့တွင် ဧရာမလျှိုကြီးတစ်ခု ရှိနေပြီး ၎င်းလျှိုက အဆုံးမဲ့သကဲ့သို့ပင်။ လျှိုတစ်ခုလုံးတွင် မီးတောက်များ ပြည့်နှက်နေပြီး မီးစုန်းရောင်တောက်ပနေသည်။ ထိုမြင်ကွင်းက အလွန်လှပပေသည်။ လေပြင်းများ မရှိသကဲ့သို့ မီးတောက်များက တည်ငြိမ်နေကြ၏။ ထိုမီးတောက်များမှာ ချော်ရည်မြေရိုင်းထဲမှ မီးတောက်များကဲ့သို့ မဟုတ်ဘဲ အရုဏ်ဦးအချိန်မှ ကြက်သွေးရောင်တိမ်တိုက်လုံးများကဲ့သို့ဖြစ်သည်။ ၎င်းတို့က အလွန်လှပကာ မျက်စိပသာဒရှိပေသည်။

ကျန်းရီနှင့် ချီချင်ချန်တို့သည် ထိုမီးတောက်များကို အတန်ကြာ လှမ်းကြည့်နေကြ၏။ ၎င်းမီးတောက်များထဲတွင် ကြောက်မက်ဖွယ်ရာများစွာ ရှိကြောင်း တွေးမိသောအခါ သူတို့သည် ၎င်းတို့က လှပသည်ဟု မခံစားရတော့ပေ။ သူတို့ လေထဲတွင် ရပ်တန့်လိုက်ပြီး ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်ကာ အကြိမ်ကြိမ် အာရုံခံလိုက်ကြ၏။ သို့သော် နှစ်ယောက်စလုံး မည်သည်ကိုမှ ရှာမတွေ့ပေ။ မီးတောက်များထဲ၌ မည်သည့်အရာမှ ရှိမနေချေ။ ၎င်းတို့က ကြက်သွေးရောင်တိမ်တိုက်လုံးကြီးများကဲ့သို့ ထင်ရသည်။

“ကျွန်မ သွားပြီး စစ်ဆေးကြည့်လိုက်မယ်”

ချီချင်ချန်သည် ခေတ္တမျှတွေးတောပြီးနောက် ပြောလိုက်၏။ ကျန်းရီက ခေါင်းခါကာ ပြန်ပြောသည်။

“နောက်ဆုတ်နေပါ။ ကျွန်တော် ကောင်းကင်မီးတောက်သားရဲ နည်းနည်းလောက် လွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါမယ်”

“အာ... ကောင်းပြီလေ”

ချီချင်ချန်သည် ကောင်းကင်မီးတောက်သားရဲများက မည်သည်ဖြစ်ကြောင်း မသိပေ။ သို့သော် အနောက်သို့ ပေတစ်သိန်းဆုတ်လိုက်သည်။ ထို့နောက် ကျန်းရီ၏ မီးဝိညာဉ်ပုလဲက အရောင်တလက်လက်နှင့် ထွက်ပေါ်လာပြီး ၎င်းထဲမှနေ၍ ကောင်းကင်ဝါးမျိုသားရဲလေးနှင့် ကောင်းကင်မီးတောက်သားရဲတစ်အုပ် ပျံထွက်လာသည်။ သားရဲလေးသည် အပြင်သို့ ခေါ်ထုတ်ခံရ၍ အတန်ငယ် မကျေနပ်ဟန်ဖြင့် အသံပို့လွှတ်လိုက်၏။

“တမုန့်... အခု ငါ မြက်ခင်းပြင်မီးတောက်တွေကို စားနေတာ။ မင်း ဘာလို့ ငါ့ကို ခေါ်ထုတ်ရတာလဲ”

“စားစား... မင်းက စားဖို့ပဲသိတယ်။ အခု မင်း အလုပ်လုပ်ရမဲ့အချိန် ရောက်ပြီ”

ကျန်းရီက သားရဲလေးကိုကြည့်ကာ အမိန့်ပေးလိုက်သည်။

“ကောင်းကင်မီးတောက်သားရဲတွေကို ထိန်းချုပ်ပြီး အရှေ့က မီးတောက်တွေကို သွားစစ်ဆေးခိုင်းလိုက်ပါ”

ကျီ...ကျီ...

သားရဲလေးသည် အရှေ့မှ မီးပင်လယ်ကို မြင်သောအခါ မျက်လုံးလေးများ အရောင်လက်သွား၏။ ၎င်းသည် မည်သည့်မီးတောက်ကိုမဆို သဘောကြပေသည်။ မီးတောက်များက ၎င်းအတွက် အဟာရဖြစ်စေသည့် စားကောင်းသောက်ဖွယ်များပင်။ ၎င်းသည် မီးတောက်များကို စားရန် ချက်ချင်းပင် အရှေ့သို့ ပျံသန်းသွားလိုက်သည်။

“ပြန်လာခဲ့”

ကျန်းရီ အော်ပြောလိုက်၏။ သားရဲလေး ရပ်တန့်သွားပြီး နားမလည်နိုင်ဟန်ဖြင့် အသံပြန်ပို့လွှတ်လိုက်သည်။

“တမုန်... ဘာဖြစ်လို့လဲ”

“အဲ့မီးတောက်တွေထဲမှာ မိစ္ဆာတွေအများကြီး ပုန်းအောင်းနေတယ်။ သူတို့စားတာ မခံရအောင် သတိထားပါ။ အရင်ဆုံး ကောင်းကင်မီးတောက်သားရဲတွေကို သွားစစ်ဆေးခိုင်းလိုက်ပါ”

ကျန်းရီ စိုးရိမ်ဟန်ဖြင့် ပြောလိုက်သည်။ သူ့အနောက်မှ ချီချင်ချန်က သားရဲလေးကို စိတ်ဝင်တစား လှမ်းကြည့်၏။ သူမသည် ကောင်းကောင်းကြည့်ပြီးနောက် အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... ရှင့်ရဲ့ သားရဲလေးက အရမ်းချစ်စရာကောင်းတာပဲ။ အဲ့ဒါ ဘာသားရဲမျိုးလဲ”

“သူက ကျွန်တော် ရှေးဦးဆန်းကြယ်နယ်မြေထဲက ရခဲ့တဲ့ ရှေးဦးဝိညာဉ်ရတနာပါ”

ကျန်းရီ ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။ ချီချင်ချန် ပို၍ စိတ်ဝင်စားလာ၏။ ရှေးဦးဝိညာဉ်ရတနာနှင့် တာအိုကောင်းကင်ဝိညာဉ်ရတနာတို့က အသက်ရှိခဲပေသည်။ ကျန်းရီမှာ အမှန်ပင် အလွန်ကံကောင်းသူပင်။ ကျန်းရီက ဆက်ရှင်းပြလိုပုံမပေါ်၍ သူမသည် ဆက်မမေးတော့ဘဲ အဝေးမှနေ၍သာ လေ့လာနေလိုက်လေသည်။

သားရဲလေးသည် မီးပင်လယ်ထဲတွင် မိစ္ဆာများရှိကြောင်း ကြားလိုက်သောအခါ အနားသို့ ဆက်ကပ်မသွားဝံ့တော့ဘဲ ကောင်းကင်မီးတောက်သားရဲများကို ထိန်းချုပ်၍သာ မီးတောက်များဆီသို့ ပျံသန်းသွားစေလိုက်၏။ ထိုကောင်းကင်မီးတောက်သားရဲများက မြင်ခင်းပြင်မီးတောက်များမှနေ၍ မွေးဖွားလာခြင်းဖြစ်သည်။ မြက်ခင်းပြင်မီးတောက်က ကြမ်းကြုတ်မီးတောက်ထက် အဆများစွာ ပိုအားကောင်းရာ ကောင်းကင်မီးတောက်သားရဲများသည် ကြမ်းကြုတ်မီးတောက်များအနီးသို့ ပြဿနာတစ်စုံတစ်ရာ မရှိဘဲ ကပ်သွာနိုင်ပေသည်။

ရှီး...ရှီး...

ကောင်းကင်မီးတောက်သားရဲများ နီးကပ်လာသောအခါ မီးပင်လယ်က ရုတ်ခြည်း လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ မရေမတွက်နိုင်သော မီးတောက်များက မီးလျှာများကဲ့သို့ တွန်သံပြုလိုက်ကြ၏။ မီးတောက်များကလည်း စတင် လှည့်ပတ်ရစ်ခွေ၍ မီးနဂါးများအဖြစ် ပေါင်းစည်းကာ ကောင်းကင်မီးတောက်သားရဲများထံ ထိုးပျံသွားသည်။

မျှော်လင့်ထားသလိုပင်...

ကျန်းရီနှင့် ချီချင်ချန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သလင်းစွယ်သားရဲများက မီးမှင်စာများကို ထိန်းချုပ်နိုင်ပြီး မီးမှင်စာများက ကြမ်းကြုတ်မီးတောက်များကို ထိန်းချုပ်နိုင်သည်။ ထိုကြမ်းကြုတ်မီးတောက်များက မီးနဂါးများအဖြစ် ပေါင်းစည်းသွားသောအခါ ပို၍စွမ်းအားကြီးသွားသည်။ ယခုတွင် ကျန်းရီတို့သည် မီးနဂါးတစ်ကောင်စီအတွင်းရှိ မီးမှင်စာများနှင့် သလင်းစွယ်သားရဲများကို အာရုံခံနိုင်နေပြီဖြစ်သည်။ သို့သော် ၎င်းတို့၏ အရှိန်အဝါက အလွန်ဖျော့တော့သဖြင့် အာရုံခံနိုင်ရန် ခက်ခဲသေးပေသည်။

အဝေးရှိ မီးဖီးနစ်တပ်သားများသည် သန်းချီသော မီးနဂါးများ ပျံထွက်လာသည်ကို တွေ့လိုက်သောအခါ မျက်နှာပျက်သွားကြ၏။ ထိုမြင်ကွင်းက သူတို့ကို အလွန်တုန်လှုပ်စေပေသည်။

သို့သော် ကျန်းရီနှင့် ချီချင်ချန်တို့၏ မျက်နှာထားက မပြောင်းလဲပေ။ သူတို့သည် တည်ငြိမ်စွာ ရပ်နေကြပြီး သူတို့၏ အဖြူရောင်ဝတ်စုံနှင့် အနက်ရောင်ဝတ်စုံတို့က လေထဲတွင် တဖျပ်ဖျပ်ခတ်နေကြသည်။

“စစ်သူကြီး... ကျွန်တော် အဲ့မိစ္ဆာတွေကို သွားရှင်းလိုက်ပါမယ်”

ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အကြိမ်အနည်းငယ် အာရုံခံပြီးနောက် ယုံကြည်မှုရှိရှိ ပြောလိုက်၏။ ထို့နောက် သူ မီးနဂါးဓားကို ထုတ်လိုက်ပြီး သန်းချီသော မီးနဂါးများထံ အကြောက်အရွံ့မရှိ ပျံသန်းသွားလိုက်သည်။ သေးငယ်သော လူသားတစ်ယောက်က သန်းချီသော ဧရာမမီးနဂါးများနှင့် ရင်ဆိုင်ရန် ပျံသန်းသွားသော မြင်ကွင်းကို ထိုနေရာရှိလူအားလုံး တစ်သက်မေ့နိုင်တော့မည် မဟုတ်ပေ။

All Chapters