ဟုတ်၍ကျော်သည်
Vol. 114 Ch. 1593
မမြင်နိုင်သော အန္တရာယ်က အမြဲပင် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ သို့သော် အန္တရာယ်ကို မြင်လိုက်ရသည်နှင့် ကြောက်ဖို့မကောင်းတော့ပေ။
ကြမ်းကြုတ်မီးတောက်များက ကျန်းရီအတွက် ဘာမှမဟုတ်ဘဲ မီးမှင်စာများကလည်း ကြမ်းကြုတ်မီးတောက်များမှ မွေးဖွားလာသော မိစ္ဆာဝိညာဉ်များသာ ဖြစ်ကြသည်။ ၎င်းတို့တွင် ရုပ်ခန္ဓာမရှိပေ။ ၎င်းတို့က မီးတောက်များကို ထိန်းချုပ်နိုင်ခြင်းသာ။ ထိုမျှလောက်မှာ အန္တရာယ် မဟုတ်ချေ။ တစ်ခုတည်းသော အန္တရာယ်မှာကား သလင်းစွယ်သားရဲများဖြစ်သည်။ ၎င်းတို့က ကျန်းရီ မမြင်ဖူးသော တမလွန်ဘုံမီးတောက်များကို မှုတ်နိုင်သည်ဟု ဆိုသည်။
ထိုအခိုက်တွင် ကျန်းရီသည် ထိုမီးတောက်များကို ကိုယ်တိုင်မြည်းစမ်းကြည့်လိုနေသည်။ သူ၏မီးဝိညာဉ်ပုလဲက ချီချင်ချန်၏ မီးဒဏ်ခံပုလဲထက် သိသိသာသာ ပိုအစွမ်းထက်သည်။ ထို့ပြင် သူ့၌ တမလွန်ဘုံအရှိန်အဝါကို ဖယ်ရှားပေးနိုင်သော တံဆိပ်စာလုံးများ ရှိသည်။ ထို့ကြောင့် သန်းချီသော မီးနဂါးများက ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသော်လည်း ကျန်းရီအတွက် အန္တရာယ်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ကျန်းရီ သတိလက်မလွတ်ပါချေ။ သူသည် သားရဲလေးအား ကောင်းကင်မီးတောက်သားရဲများကို ထိန်းချုပ်၍ ၎င်းတို့ကို မီးနဂါးအချို့၏ကိုယ်ထဲ ဝင်ကာ သလင်းစွယ်သားရဲများနှင့် မီးမှင်စာများအနား ကပ်စေလိုက်ဖို့ ခိုင်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ကောင်းကင်စိတ်အာရုံက မီးနဂါးအနည်းငယ်ကို အာရုံခံကာ မီးမှင်စာနှင့် သလင်းစွယ်သားရဲများက မည်သို့တိုက်ခိုက်မည်ကို စောင့်ကြည့်လိုက်သည်။
ကောင်းကင်မီးတောက်သားရဲများက မြက်ခင်းပြင်မီးတောက်များမှ မွေးဖွားလာသော သားရဲများဖြစ်၍ အမှန်ပင် စွမ်းအားကြီးကြသည်။ ၎င်းတို့သည် မီးနဂါးများ၏ကိုယ်ထဲသို့ အခက်အခဲမရှိ ဝင်၍ အထဲရှိ မီးမှင်စာများကို ကြောက်ရွံ့တကြီး နောက်ဆုတ်သွားစေလိုက်သည်။ မီးမှင်စာများက အကောင်အထည်မရှိဘဲ ကြယ်အလင်းရောင်နှင့်တူသည်။ တစ်ခါတရံတွင်မူ မိစ္ဆာမျက်နှာတစ်မျိုးကို တွေ့ရသည်။ ကောင်းကင်မီးတောက်သားရဲများ၏ မီးတောက်များက ထိုမီးမှင်စာများ၏ မီးတောက်များထက် ပိုအားပြင်းပုံပေါ်၏။ ထို့ကြောင့် မီးမှင်စာများသည် ကောင်းကင်မီးတောက်သားရဲများ နီးကပ်လာမည်ကို မလိုလားဘဲ နောက်ဆုတ်၍သာ နေကြလေသည်။
ဝှစ်...
မီးမှင်စာအနည်းငယ်မှနေ၍ အနီရောင်အလင်းတန်းအချို့ ပျံထွက်လာ၏။ ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သလင်းစွယ်သားရဲများက တိုက်ခိုက်ပြီလော။
သလင်းစွယ်သားရဲများ၏ အရွယ်အစားက သာမန်သွားအရွယ်အစားသာ ရှိသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များက ပိုးစုန်ကြူးများကဲ့သို့ တောက်ပနေသည်။ သလင်းစွယ်သားရဲတစ်ကောင်သည် ကောင်းကင်မီးတောက်သားရဲများအနီသို့ လျင်မြန်စွာ ချဉ်းကပ်လာပြီး ပါးစပ်ထဲမှနေ၍ မီးပွားတစ်စ မှုတ်ထုတ်လိုက်၏။ ထိုစဉ် အဝေးမှ ချီချင်ချန်က ရုတ်တရက် အော်ပြောလိုက်သည်။
“ကျန်းရီ... ပြန်ဆုတ်၊ အဲ့တမလွန်မီးတောက်က အရမ်းအားကောင်းတယ်”
တမလွန်မီးတောက် ထွက်ပေါ်လာသည်နှင့် ချီချင်ချန်သည် သူမပတ်ပတ်လည်မှ အပူချိန်က အဆများစွာ တိုးလာပြီး သူမ၏ ကောင်းကင်စွမ်းအားက ရေစီးသကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးလာကြောင်း ရုတ်ခြည်းခံစားလိုက်ရ၏။ သူမ ထိုအပူချိန်ကို တောင့်ခံနိုင်သေးသော်လည်း အန္တရာယ်တစ်ခုကိုတော့ ထင်ထင်ရှားရှား ခံစားလိုက်ရပေသည်။
သို့သော် ကျန်းရီက ပြန်မဆုတ်ပေ။ ယခုတွင် သူ အမှန်ပင် မည်သည့်အပူကိုမှ ခံစားမနေရချေ။ မီးဝိညာဉ်ပုလဲက တမလွန်ဘုံမီးတောက်များကိုလည်း ခံနိုင်ရည်ရှိကြောင်း ထင်ရှားသည်။ သို့သော် ကောင်းကင်မီးတောက်သားရဲများက တမလွန်ဘုံမီးတောက်များ၏ လွှမ်းခြုံမှုကို ခံထားရသဖြင့် သူ မျက်နှာထားပြောင်းသွားပေသည်။
တမလွန်ဘုံမီးတောက်များက ကောင်းကင်မီးတောက်သားရဲများကို လောင်ကျွမ်းမပစ်နိုင်ပေ။ သို့သော် ၎င်းမီးတောက်များထဲရှိ တမလွန်ဘုံအရှိန်အဝါက ကောင်းကင်မီးတောက်သားရဲများကို ထိန်းချုပ်နိုင်သည်။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်မီးတောက်သားရဲများက တမလွန်ဘုံ၏ ရုပ်သေးရုပ်များ ဖြစ်သွားပြီး ကျန်းရီထံသို့ ပျံသန်းလာလေသည်။
ဝှစ်...ဝှစ်...
စက္ကန့်ပိုင်းအတွင်း ကျန်းရီ ထုတ်လွှတ်ထားသော ကောင်းကင်မီးတောက်သားရဲ အကောင်ရာကျော်သည် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံလိုက်ရကာ ကျန်းရီကို ပြန်ရန်ပြုရန် လုပ်နေကြသည်။ ကျန်းရီ၏ မီးနဂါးဓားက တောက်ပလာပြီး နဂါးပုံလေးပုံ ရွေ့လျားကာ အနီရောင်အလင်းတန်းများ ပျံထွက်သွားသည်။
ထိုအနီရောင်အလင်းတန်းများက မကောင်းသောအရှိန်အဝါများပင်။ ထိုအရှိန်အဝါများက လွှမ်းခြုံလိုက်သောအခါ ကျန်းရီထံ ပျံသန်းလာနေကြသော ကောင်းကင်မီးတောက်သားရဲများ မလှုပ်နိုင်ကြတော့ချေ။ ထို့နောက် ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ တံဆိပ်စာလုံးများ ထွက်လာပြီး ကောင်းကင်မီးတောက်သားရဲများကို လှည့်ပတ်လိုက်ကြသည်။ မကြာခင်မှာပင် ၎င်းတို့က သားရဲလေး၏ကျွန်များ ပြန်ဖြစ်သွားကြပေသည်။
ဟူး...ဟူး...
သန်းချီသော မီးနဂါးများက အရှေ့သို့ ဆက်ပျံသန်းလာကြကာ ကျန်းရီကို ဝန်းရံလိုက်ကြသည်။ ယင်းနောက် မီးနဂါးများ၏ကိုယ်ထဲမှနေ၍ သလင်းစွယ်သားရဲများ တစ်ကောင်ပြီးတစ်ကောင် ပျံထွက်လာကြပြီး ကျန်းရီကို မီးပွားများဖြင့် မှုတ်လိုက်ကြ၏။ ၎င်းတို့က ကျန်းရီအား တမလွန်ဘုံမီးတောက်များဖြင့် မီးရှို့ပစ်ကာ တမလွန်ဘုံအရှိန်အဝါဖြင့် ထိန်းချုပ်ရန် လိုက်လိုက်ခြင်းပင်။
“သေပေတော့...”
ကျန်းရီ အော်လိုက်ပြီး မီးနဂါးဓားကို ဝှေ့ယမ်းကာ သလင်းစွယ်သားရဲတစ်ကောင်ကို ခုတ်ချလိုက်သည်။ မကောင်းသောအရှိန်အဝါကလည်း အရှေ့သို့ ထွက်သွားသည်။ ထိုသလင်းစွယ်သားရဲက ထွက်ပြေးလိုသော်လည်း လေထဲတွင်ပင် ရပ်တန့်သွားပြီး မီးနဂါးဓားက ၎င်းအပေါ် ကျဆင်းလာသည်ကို ကြည့်၍သာနေလိုက်ရလေသည်။
ဝုန်း...
မီးနဂါးဓားက ကျန့်ရှဘုရင်နှင့် ပေါင်းစည်းထားရာ ရှေးဦးဝိညာဉ်ရတနာတစ်ခုလောက် စွမ်းအားကြီးနေသည်။ ကျန်းရီ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် သလင်းစွယ်သားရဲက ရုတ်ခြည်း အမှုန့်ဖြစ်သွားသည်။ သို့သော် ၎င်း အသတ်ခံလိုက်ရပြီးနောက်တွင် ၎င်းကိုယ်ထဲတွင်ရှိခဲ့သော တမလွန်ဘုံအရှိန်အဝါက ကျန်းရီကို စတင်လွှမ်းခြုံလာသည်။
“ဟွန်း...”
ယခုတွင် ကျန်းရီသည် စိတ်အေးကာ ယုံကြည်မှုရှိနေပြီဖြစ်သည်။ သလင်းစွယ်သားရဲများက ဘွဲ့ထူးရစစ်နတ်ဘုရားများကိုပင် ခြိမ်းခြောက်နိုင်လောက်သော်လည်း သူ့အတွက်မူ ပမွှားလေးများသာဖြစ်သည်။ သူသည် ပတ်ပတ်လည်မှ မီးတောက်များကို မှုစရာမလိုသလို တမလွန်ဘုံအရှိန်အဝါက သူ့အား ထိန်းချုပ်သွားမည်ကိုလည်း စိုးရိမ်စရာမလိုပေ။ သူ့တွင် မီးဝိညာဉ်ပုလဲနှင့် တံဆိပ်စာလုံးများ ရှိပေသည်။
ရွှီး...
ကျန်းရီ မိုးမြေစွမ်းအားကို ထုတ်သုံးလိုက်ရာ ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်လာပြီး အမြန်နှုန်း တိုးလာသည်။ ထို့နောက် သူသည် နဂါးတစ်ကောင်အလား သန်းချီသော မီးနဂါးများအကြား လှည့်ပတ်ပျံသန်းကာ သလင်းစွယ်သားရဲများကို မီးနဂါးဓားဖြင့် တိုက်ခိုက်လိုက်သည်။ မီးမှင်စာများကိုမူ သူ လုံးဝလျစ်လျူရှုထားသည်။ သူ ၎င်းတို့ကို မည်သို့တိုက်ခိုက်ရမည်ကိုလည်း မသိပေ။ ထို့ပြင် သလင်းစွယ်သားရဲများက ချီချင်ချန်နှင့် အခြားတပ်သားများအတွက် အန္တရာယ်အကြီးဆုံးဖြစ်သဖြင့် ၎င်းတို့ကိုသာ အရင်ဆုံးရှင်းရန် သူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ဘယ်လိုတောင် စွမ်းအားကြီးတာလဲ...”
အဝေးမှ မီးဖီးနစ်တပ်သည် ကျန်းရီက သန်းချီသော မီးနဂါးများနှင့် ရင်ဆိုင်နေသည်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်ကြ၏။ မီးဖီးနစ်တပ်ထဲ နောက်မှဝင်ခဲ့ကြသော တပ်သားများစွာသည် ကျန်းရီ တိုက်ခိုက်သည်ကို မတွေ့ဖူးကြသဖြင့် မီးဖီးနစ်တပ်ထဲရှိ ကျန်းရီနှင့်ပတ်သတ်သော ဇာတ်လမ်းများကို မယုံကြည်ခဲ့ကြပေ။ ယခုတွင်မူ သူတို့သည် ကျန်းရီ၏တိုက်ခိုက်စွမ်းအားကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ပြီဖြစ်၍ ကျန်းရီထံတွင် လက်အောက်ခံရန် အဆင်သင့်ဖြစ်သွားကြသည်။ ကျန်းရီက အမှန်ပင် ဟုတ်၍ကျော်သူတစ်ယောက် ဖြစ်ပေသည်။
ကျန်းရီ၏ မီးတောက်များနှင့် တမလွန်ဘုံအရှိန်အဝါတို့ကို မကြောက်ရွံ့မှု၊ အလွန်လျင်မြန်သောအမြန်နှုန်း၊ ဓားတစ်ချက်လျှင် သလင်းစွယ်သားရဲတစ်ကောင်ကို သတ်နိုင်နေခြင်းတို့က သူတို့အတွက် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
“အားလုံး လူဖြန့်ပြီး မီးမှင်စာတွေကို စတိုက်ကြပါ။ မှတ်ထားပါ... ကျန်းရီကို မထိခိုက်ပါစေနဲ့”
ချီချင်ချန်သည် ကျန်းရီက မီးနဂါးများကြားထဲ ရောက်သွားသည်ကို တွေ့လိုက်သောအခါ လျင်မြန်စွာ အမိန့်ပေးလိုက်သည်။ သူမတို့က ဤသို့ ပွဲကြည့်ရန် လာခဲ့ခြင်း မဟုတ်ပေ။ သူမ ကျန်းရီကို တစ်ယောက်တည်း ခက်ခဲစွာ တိုက်ခိုက်ခွင့် မပေးနိုင်ချေ။ သူမသည် အနီရောင်ဓားပျော့ကိုထုတ်၍ မီးနဂါးများထဲရှိ မီးမှင်စာများထံသို့ အနီရောင်အလင်းတန်းများ ပစ်လွှတ်လိုက်လေသည်။
‘ငါ... ငါ့ရဲ့ တိုက်ခိုက်မှုတွေက အလုပ်မဖြစ်ဘူးလား’
အနီရောင်အလင်းတန်းများက မီးမှင်စာများကို ဖောက်ထွင်းသွားသော်လည်း ၎င်းတို့အား မည်သည့်ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။ ချီချင်ချန် ခေတ္တမျှတွေးတောလိုက်ပြီးနောက် သဘောပေါက်သွား၏။ ၎င်းတို့ကိုသာ တိုက်ခိုက်နိုင်မည်ဆိုလျှင် ကျန်းရီက ၎င်းတို့ကို အစောကတည်းက သတ်ခဲ့လောက်ပြီးဖြစ်သည်။ သူမ ထိုသို့တွေးလိုက်ပြီးနောက် စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်၏။ သူမ၏မျက်ခုံးနှစ်ခုကြားတွင် အဖြူရောင်အလင်းလက်သွားသည်။
ချီချင်ချန်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက စွမ်းအားကြီးသည်ဟု မဆိုသာသော်လည်း သူမက အုပ်ချုပ်သူအဆင့် ဖြစ်ပေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ စိတ်ဝိညာဉ်က သန်မာရာ သူတို့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများမှာလည်း ရေမြင့်၍ ကြာတင့်ရလေသည်။ အဖြူရောင်အလင်းက ဆက်၍ လင်းလက်နေသည်။ မီးမှင်စာတစ်ကောင်လည်း စူးရှစွာ အော်ဟစ်လာ၏။ ထို့နောက် ၎င်းသည် အနီရောင်အခိုအငွေ့များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။ ၎င်းဝင်နေခဲ့သည့် မီးနဂါးသည်လည်း ကြမ်းကြုတ်မီးတောက်များအဖြစ် ပြန်ပြိုကွဲသွားကာ မီးတောက်များ အောက်ဘက်သို့ ကျဆင်းသွားပေသည်။
“ဟုတ်ပြီ...”
ချီချင်ချန် ဝမ်းသာသွားပြီး အော်ပြောလိုက်သည်။
“အနားကို မကပ်ကြနဲ့။ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေ ထုတ်ပြီး တိုက်ခိုက်ကြ။ မီးမှင်စာတွေမှာ အကောင်အထည်မရှိဘူး... စည်းမျဉ်းဆန်းကြယ်စွမ်းရည်တွေက သူတို့အပေါ် သက်ရောက်မှု မရှိဘူး”
ရွှီး...ရွှီး...ရွှီး...
ဝှစ်...ဝှစ်...ဝှစ်...
မီးဖီးနစ်တပ်သားတစ်ထောင်စလုံးက စစ်နတ်ဘုရာအဆင့်ရှိသူများ ဖြစ်ကြရာ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို အနည်းနှင့်အများဆိုသလို တတ်မြောက်ကြပေသည်။ သို့သော် အားလုံးက စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ကျွမ်းကျင်သည်တော့ မဟုတ်ပေ။ တပ်သားတစ်ထောင်ထဲတွင် တပ်သားဆယ်ဂဏန်းလောက်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကသာ လုံလောက်အောင် စွမ်းအားကြီးကြသည်။ မည်သို့ပင်ဖြစ်စေ ကျန်းရီက မီးမှင်စာများနှင့် သလင်းစွယ်သားရဲများ၏ အာရုံကို ဆွဲဆောင်ထားသဖြင့် မီးဖီးနစ်တပ်သည် မီးမှင်စာများကို အဝေးမှနေ၍ တစ်ကောင်ပြီးတစ်ကောင် သုတ်သင်ပစ်နိုင်နေသည်။ မီးနဂါးများလည်း တစ်ကောင်ပြီးတစ်ကောင် ပြိုကွဲသွားကြသည်။
“ကောင်းတယ်...”
မီးဖီးနစ်တပ်၏ မူလတပ်သားရာကျော်နှင့် နောက်မှဝင်လာသော တပ်သားများအားလုံး စိတ်အားတက်ကြွသွားကြသည်။ တာဝန်ထမ်းဆောင်ရာတွင် သူတို့နှင့်အတူ ကျန်းရီပါလာလျှင် တာဝန်ထမ်းဆောင်ရသည်က အမှန်ပင် များစွာပို၍ လွယ်ကူပေသည်။ ယခုတွင်လည်း သူတို့က ကစားနေသကဲ့သို့ ခံစားနေရသည်။
ဤတစ်ခေါက်တာဝန်မှာ မီးမှင်စာနှင့် သလင်းစွယ်သားရဲ အကောင်နှစ်သန်းကို သတ်ရန်ဖြစ်သည်။ ကျန်းရီသာ ပါမလာလျှင် ထိုတာဝန်က မီးဖီးနစ်တပ်အတွက် အတော်လေး ခက်ခဲခဲ့ပေလိမ့်မည်။ တပ်သားများစွာလည်း ကျဆုံးသွားလောက်သည်။
ယခုတွင်မူ ကျန်းရီက သလင်းစွယ်သားရဲများနှင့် မီးမှင်စာများ၏ တိုက်ခိုက်မှုများကို တစ်ကိုယ်တော် တောင့်ခံနေသည်။ အမှားတစ်စုံတစ်ခု ဖြစ်မလာလျှင် ယနေ့တွင် မည်သူမှ သေလိမ့်မည် မဟုတ်ချေ။ ဤတစ်ခေါက်ရမည့် တိုက်ပွဲအမှတ်က ဆယ်သန်းဖြစ်သည်။ ချီချင်ချန်က ထုံးစံအတိုင်း တိုက်ပွဲအမှတ်များကို မယူရာ ထိုဆယ်သန်းကို တပ်သားများအကြား အညီအမျှခွဲဝေယူရမည်ဖြစ်ပေသည်။
နှစ်နာရီ... လေးနာရီ...
ကျန်းရီသည် မီးဖီးနစ်တပ်ကို မီးပင်လယ်ထဲ ဦးဆောင်ခေါ်သွား၍ မီးမှင်စာများနှင့် သလင်းစွယ်သားရဲများကို တစ်အုပ်ပြီးတစ်အုပ် ရှင်းပစ်ခဲ့သည်။ မီးမှင်စာနှင့် သလင်းစွယ်သားရဲ အကောင်နှစ်သန်းမှာ အလွန်များသောပမာဏပင်။ ကျန်းရီက အနည်းငယ်ကို ရုတ်ခြည်းအတွင်း သတ်နိုင်သော်လည်း သတ်ရမည့်ပမာဏက အလွန်များနေပေသည်။
ဆယ်နာရီကြာပြီးနောက် ချီချင်ချန် အော်ပြောလိုက်သည်။
“ရပြီ ကျန်းရီ... ရှင် ပြန်ဆုတ်လာခဲ့တော့၊ ကျွန်မတို့ သတ်ရမဲ့အရေအတွက် ပြည့်သွားပြီ။ တာဝန် ပြီးဆုံးပြီ”
ဝှစ်...
ကျန်းရီ အနောက်သို့ ပြန်ဆုတ်သွားလိုက်သည်။ သန်းချီသော မီးနဂါးများက သူ့နောက် လိုက်လာနေဆဲပင်။ သို့သော် သူ ၎င်းတို့ကို လှည့်ပင်မကြည့်တော့ပေ။ သူ၏ တည်ငြိမ်သော မျက်နှာထားက တပ်သားများစွာကို ရင်ခုန်မြန်သွားစေသည်။
“ပြန်သွားကြစို့...”
အားလုံး လျင်မြန်စွာ ပြန်ဆုတ်လိုက်ကြသည်။ သူတို့သည် ဤနေရာရှိ မီးမှင်စာအားလုံးနှင့် သလင်းစွယ်သားရဲအားလုံးကို သတ်နိုင်မည် မဟုတ်ချေ။ အရေအတွက်နှစ်သန်းကို သတ်နိုင်ခဲ့သည်ကပင် လုံလောက်နေပြီဖြစ်သည်။ အားလုံး တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ပြန်သွားလိုက်ကြပြီး ချီချင်ချန်၏ အမိန့်အတိုင်း အသုတ်လိုက် တည်နေရာပြောင်းရွှေ့ကြလေသည်။
“ကျန်းရီ...”
အားလုံး ထွက်သွားပြီးနောက် ချီချင်ချန်၊ ချီရွယ်နှင့် ချီရှားတို့က တည်နေရာပြောင်းရွှေ့အစီအရင်ထဲ လျှောက်ဝင်လိုက်ကြ၏။ သို့သော် ကျန်းရီက အစီအရင်ထဲ လိုက်ဝင်မလာကြောင်း တွေ့လိုက်သောအခါ ချီချင်ချန် မေးလိုက်သည်။
“ရှင် ပြန်မလိုက်ဘူးလား”
“စစ်သူကြီးတို့ အရင်ပြန်နှင့်ကြပါ။ ကျွန်တော် သူတော်စင်တစ်သောင်းဘုံကိုသွားပြီး မိတ်ဆွေတစ်ယောက်ဆီ သွားလည်လိုက်ပါဦးမယ်”
ကျန်းရီ လက်ပြလိုက်၏။ ချီချင်ချန် မျက်မှောင်ကြုတ်ကာ ပြန်ပြောသည်။
“ရှင် သူတော်စင်တစ်သောင်းဘုံကို သွားချင်ရင် ပိုပြီးတောင် ပြန်လိုက်ခဲ့သင့်တယ်။ ရှင် အာကာပြင်ကို ဘယ်လိုစုတ်ဖြဲရမယ်ဆိုတာ မသိဘူးမလား။ ပြီးတော့ သူတော်စင်တစ်သောင်းဘုံက မြစ်ဖြူဘုံရဲ့ လက်အောက်ခံဘုံတစ်ခုပဲ။ ရှင် မြစ်ဖြူဘုံကို အရင်သွားပြီးမှ သူတော်စင်တစ်သောင်းဘုံကို ဆက်သွားနိုင်မှာ...”