← Chapters

ကျူးချန်းကို မေးလိုက်

Vol. 115 Ch. 1594

ကျူးချန်းကို မေးလိုက်

Vol. 115 Ch. 1594

“ကျွန်တော် အာကာပြင်ကို မစုတ်ဖြဲနိုင်ဘူးလို့ ဘယ်သူပြောလဲ”

ကျန်းရီ၏ လက်စွပ်က လင်းလက်လာပြီး အနက်ရောင်လက်အိတ်တစ်စုံ ထွက်ပေါ်လာသည်။ ၎င်းမှာ ရန်ထျန်းဖန်၏ရတနာ အာကာပြင်စုတ်ဖြဲလက်အိတ်ဖြစ်သည်။ ကျန်းရီသည် ရန်ထျန်းဖန်ကို ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေထဲတွင် သတ်ပြီးနောက် သူ၏သိုလှောင်လက်စွပ်ကို ယူလာခဲ့ခြင်းဖြစ်သည်။ ကျန်းရီ ထိုလက်အိတ်တစ်စုံကို မိစ္ဆာချေဖျက်တောင်ကြားထဲတွင် သန့်စင်ခဲ့ပြီးဖြစ်ပေသည်။

“အာကာပြင်စုတ်ဖြဲလက်အိတ်လား၊ အဲ့ဒါက စစ်သူကြီးရန်ရဲ့... ဪ...”

ချီချင်ချန်သည် ထိုလက်အိတ်တစ်စုံကို မှတ်မိပြီး ချက်ချင်းလည်း သဘောပေါက်သွားသည်။ ထို့နောက် သူမ တွေးတောကာ ပြောလိုက်သည်။

“ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်။ အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် အားကိုးလို့ရတာပေါ့။ တကယ်လို့ တစ်ယောက်ယောက်က ကိုယ့်အသက်ကို အသေခံပြီး ရှင့်ကို လက်စားလာချေရင် ကျွန်မရှိနေတော့ ပိုလုံခြုံတာပေါ့”

“အဲ့ဒါ မဆိုးဘူးပဲ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ချီချင်ချန်က တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ထွက်လိုက်ပြီး ချီရွယ်နှင့် ချီရှားတို့က တည်နေရာပြောင်းရွှေ့သွားကြသည်။ ယင်းနောက် ကျန်းရီသည် လက်အိတ်ကို ဝတ်ကာ အာကာပြင်ကို စုတ်ဖြဲလိုက်လေသည်။

ရွှက်...ရွှက်...

အာကာပြင်စုတ်ဖြဲလက်အိတ်က အလွန်ဆန်းကြယ်သည်။ ရုတ်ခြည်းအတွင်းမှာပင် အာကာပြင်ထဲ၌ စုတ်ပြဲရာကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအခါ ကျန်းရီ ချီချင်ချန်ကို ပြောလိုက်သည်။

“ဝင်သွားကြစို့”

ချီချင်ချန်သည် အာကာပြင်စုတ်ပြဲရာအတွင်းသို့ လျင်မြန်စွာ ဝင်သွားလိုက်၏။ ကျန်းရီက နောက်မှကပ်၍ လိုက်သွားလိုက်သည်။ သူတို့နှစ်ယောက် မည်းမှောင်နေသော အာကာသထဲတွင် ပြန်ထွက်ပေါ်လာကြ၏။ သူတို့ခန္ဓာကိုယ်များ၏အနောက်တွင် ရွှေရောင်အလင်းပြင်တစ်ခု ကျန်ခဲ့ပေသည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး လက်ဝဲဘက်သို့ကြည့်ကာ ပြောလိုက်သည်။

“သူတော်စင်တစ်သောင်းဘုံက အဲ့ဘက်မှာပဲ၊ သွားကြစို့”

ကျန်းရီ ဖတ်ရှုခဲ့သော သတင်းအချက်အလက်များအရ ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေက သူတော်စင်တစ်သောင်းဘုံအနီးတွင် ရှိသည်။ ကျန်းရီနှင့် ချီချင်ချန်တို့နှစ်ယောက်စလုံးတွင် ဟွင့်သွမ့်နတ်ဘုရားလှေ မရှိရာ သူတို့ ပျံသန်း၍ပင် သွားနိုင်သည်။ ပြီးခဲ့သည့်အခေါက်တွင် ချီချင်ချန်စီးလာခဲ့သော ဟွင့်သွမ့်နတ်ဘုရားလှေက ဆောင်းဥတုအရှင်၏လှေ ဖြစ်ပေသည်။

အာကာသက မည်းမှောင်၊ တိတ်ဆိတ်နေသည်။ ဤနေရာမှာ ဘုံတစ်ခုအနီးတွင်ဖြစ်၍ အေးချမ်းနေသဖြင့် ကျန်းရီတို့နှစ်ယောက် မစိုးရိမ်ကြပေ။ သို့သော် ပတ်ဝန်းကျင်က မည်းမှောင်နေသဖြင့် နှစ်ယောက်သားက ပူးကပ်စွာ ပျံသန်းနေရရာ သူတို့နှစ်ယောက်သည် ညအချိန်တွင် အခန်းတစ်ခန်းကို အတူသုံးနေရသော လူနှစ်ယောက်နှင့် တူနေပေသည်။ ထိုအခြေအနေက အတန်ငယ် အိုးတိုးအန်းတန်း ဖြစ်စေသည်။ ထို့ပြင် နှစ်ယောက်စလုံးက မည်သည့်စကား ပြောရမည်ကို မသိသဖြင့် တိတ်ဆိတ်မှုသာ ဆက်ကြီးစိုးနေသည်။ တိတ်ဆိတ်နေလေလေ၊ ပို၍အိုးတိုးအန်းတန်း ဖြစ်ရလေလေပင်။ ကျန်းရီက ထိုအခြေအနေကို အတန်ငယ် သဘောကျမိသလို ရှိသော်လည်း ချီချင်ချန်မှာ ရှိုးတိုးရှန်းတန်း ဖြစ်နေရလေသည်။

သူတော်စင်တစ်သောင်းဘုံက သိပ်မဝေး၍ တော်သေးသည်။ နှစ်နာရီကျော် ပျံသန်းပြီးနောက်တွင် ကျန်းရီတို့ အရှေ့ရှိ ဧရာမအလင်းပြင်ကြီးကို မြင်လိုက်ရသည်။ အနီးသို့ ကပ်သွားသောအခါ သူတို့၏မျက်လုံးများအရှေ့တွင် ဧရာမဘုံကြီးတစ်ခု ထွက်ပေါ်လာသည်။

သူတော်စင်တစ်သောင်းဘုံက ကြီးမား၏။ သို့သော် တိရှဘုံနှင့် ယှဉ်မည်ဆိုလျှင်မူ အလွန်သေးပေသေးသည်။ မည်သို့ပင်ဖြစ်စေ ဆန်းကြယ်နယ်မြေများထက်တော့ အဆရာချီ ပိုကြီးပေသည်။ ချီချင်ချန်သည် အရှေ့မှ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ကြည့်ကာ ကျန်းရီအား စိုးရိမ်ဟန်ဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ရှင် အရင်က ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့တွေကို ဖောက်ဝင်ဖူးလား။ အဲ့အခိုးအငွေ့တွေက အရမ်းအန္တရာယ်များတယ်။ ရှင် သတိထားမှရမယ်”

“ကျွန်တော်ကိုယ်တိုင်တော့ မဖောက်ဖူးပေမဲ့ ဘယ်လိုဖောက်တယ်ဆိုတာကို မြင်ဖူးပါတယ်။ မစိုးရိမ်ပါနဲ့။ အခု ကျွန်တော့်မှာ ရှေးဦးဝိညာဉ်ရတနာ စစ်ချပ်ဝတ်နဲ့ အာကာပြင်စုတ်ဖြဲလက်အိတ် ရှိနေပါပြီ။ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့တွေက ဘယ်လိုလုပ် ကျွန်တော့်ကို အန္တရာယ်ပြုနိုင်မှာလဲ။ ကဲပါ... ကျွန်တော့်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်ပါ”

ကျန်းရီက ခပ်ရေးရေး ပြုံးလိုက်၏။ သူ၏ တည်ငြိမ်ကာ ယုံကြည်မှုရှိသော မျက်နှာထားက ချီချင်ချန်ကို မှင်တက်သွားစေသည်။ သူမ၏ မျက်လုံးထဲတွင် ကလေးတစ်ယောက်ကဲ့သို့သော ယောက်ျားက တိုက်ပွဲကြီး ပြီးသွားနောက်တွင် အလွန်ရင့်ကျက်လာခဲ့ပေပြီ။ ယခင်တွင် သူမက သူ့ကို အချိန်ပြည့် ကာကွယ်ပေးနေရလိမ့်မည်ဟု သူမ ခံစားခဲ့ရသည်။ ယခုတွင်မူ သူက သူမကိုပင် ပြန်ကူညီနေပေသည်။

ကျန်းရီသည် ဟွင့်သွမ့်ချီပုလဲကို ထုတ်၍ ချီချင်ချန်ကို ပုလဲထည့် ထည့်ကာ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များဆီ ပျံသန်းသွားလိုက်သည်။ ကောင်းကင်ဘုရင်ယို၏ ကျောက်စိမ်းဖြူ စစ်ချပ်ဝတ်က ရှေးဦးဝိညာဉ်ရတနာတစ်ခုဖြစ်သည်။ ကျန်းရီသည် ၎င်းကို ရရချင်း သန့်စင်ခဲ့သည်။ ၎င်းက သူ့အသက်ကိုကယ်ပေးနိုင်သော ရတနာတစ်ခု မဟုတ်ပါလား။

မျှော်လင့်ထားသလိုပင်...

အာကာပြင်စုတ်ဖြဲလက်အိတ်ကြောင့် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များက ဘေးသို့ရှားသွားပြီး ကျန်းရီ၏ခန္ဓာကိုယ်ကို ထိပင် မထိနိုင်ခဲ့ချေ။ ထိခဲ့လျှင်ပင် ရှေးဦးဝိညာဉ်ရတနာ စစ်ချပ်ဝတ်က ကျန်းရီကို ကာကွယ်ပေးပေလိမ့်မည်။ ထိုသို့ဖြင့် ကျန်းရီသည် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို အလွယ်တကူ ဖောက်ကာ သူတော်စင်တစ်သောင်းဘုံ၏ မြင့်မားသော ကောင်းကင်ထက်တွင် ထွက်ပေါ်လာလေသည်။

‘ဒီသူ‌တော်စင်တစ်သောင်းဘုံရဲ့ ဝိညာဉ်စွမ်းအင်ကလည်း တော်တော်လေး သိပ်သည်းတာပဲ။ ဒါပေမဲ့ တိရှဘုံကလောက်တော့ မသိပ်သည်းဘူး’

ကျန်းရီ သူ ထွက်ပေါ်လာသော ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က မြေဆွဲအား၏ လျင်မြန်စွာ ဆွဲချခြင်းကို ခံလိုက်ရ၏။ သို့သော် ကျန်းရီ စိတ်လှုပ်ရှားမသွားပေ။ သူတော်စင်တစ်သောင်းဘုံက မြစ်ဖြူဘုံ၏ လက်အောက်ခံဘုံတစ်ခုဖြစ်သည်။ ထို့ကြောင့် ဤမှ စွမ်းအားကြီး သိုင်းသမား အများစုက ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်မှာပင် ရှိလောက်သည်။ သူ့အနေဖြင့် ထိုအဆင့် သိုင်းသမားများကို မှုရန် မလိုပါပေ။

ဝှစ်...

မြေပြင်နှင့် ပေတစ်သောင်းအကွာသို့ ရောက်သောအခါ ကျန်းရီ ကောင်းကင်စွမ်းအား ထုတ်သုံးလိုက်၏။ ထို့နောက် သူ အနီးရှိ မြို့ငယ်တစ်မြို့သို့ ပျံသန်းသွားလိုက်သည်။ ပျံသန်းရင်းဖြင့် သူ ကျောက်စိမ်းဖြူ စစ်ချပ်ဝတ်ကို သိမ်းလိုက်ပြီး ချီချင်ချန်ကိုလည်း အပြင်ပြန်ထုတ်ပေးလိုက်သည်။ ချီချင်ချန် အပြင်ရောက်လာသောအခါ သူ သူမကို ပြုံးရုံသာ ပြုံးပြလိုက်ပြီး မည်သို့မှ မဆိုဘဲ အရှေ့သို့သာ ဆက်ပျံသန်းသွားလိုက်လေသည်။

မကြာခင်မှာပင် ကျန်းရီနှင့် ချီချင်ချန်တို့ မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိသွားသည်။ ထိုမြို့တွင် အကာအရံအလွှာ မရှိသဖြင့် နှစ်ယောက်သား မြို့ထဲသို့ တိုက်ရိုက်ပျံဝင်သွားကြသည်။ သူတို့နှစ်ယောက်၏ ရဲတင်းရိုင်းပြသော အပြုအမူက မြို့ထဲရှိ စွမ်းအားကြီး သိုင်သမားများကို အာရုံစိုက်သွားစေ၏။ နတ်ဘုရားဘုရင် တစ်ယောက်က ပျံတက်လာကာ လက်ဆုပ်၍ ပြောလိုက်သည်။

“အရှင်တို့က ဘယ်သူဆိုတာ မေးလို့ရမလား။ ဘယ်ကလာခဲ့ကြတာပါလဲ။ ဘာလို့ မြေကြယ်မြို့ထဲ ဝင်လာရတာပါလဲ”

ကျန်းရီနှင့် ချီချင်ချန်တို့သည် သူတို့က မည်သူများဖြစ်ကြောင်း မဖော်ပြလိုပေ။ မြို့ထဲတွင် ဝင်မလာခင်တွင် ချီချင်ချန်သည် သူမ၏မျက်နှာက ပုဝါတစ်စဖြင့် ဖုံးကွယ်၍ သူမ၏အရှိန်အဝါကိုလည်း ရုတ်သိမ်းထားသည်။ ထို့ကြောင့် ထိုနတ်ဘုရားဘုရင်က သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို အာရုံမခံနိုင်ခြင်းဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်က သူတော်စင်တစ်သောင်းဘုံတွင် နေထိုင်သူများ မဟုတ်ကြောင်းတော့ ထင်ရှားပေသည်။

ကျန်းရီက မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်တော်တို့ ဘယ်သူဆိုတာ ခင်ဗျား သိခွင့်မရှိဘူး။ ကောင်းကင်ကြယ်တာရာမြို့က ဘယ်မှာလဲ။ ကျွန်တော်တို့ အဲ့ကို သွားချင်တယ်။ ပြီးတော့... သူတော်စင်တစ်သောင်းဘုံမှာ ကျူးချန်းလို့ခေါ်တဲ့ လူတစ်ယောက် ရှိတယ်မလား”

“ကျူးချန်းလား... သခင်လေးချန်း...”

နတ်ဘုရားဘုရင်သည် ကျန်းရီ၏စကားကြောင့် ကြောက်ရွံ့သွား၏။ ကျူးချန်းမှာ သူတော်စင်တစ်သောင်းဘုံ၏ တော်ဝင်မိသားစုမှဖြစ်သည်။ သူက အိမ်ရှေ့စံမင်းသားကဲ့သို့ပင်။

ထိုနတ်ဘုရားဘုရင်သည် ကျန်းရီနှင့် ချီချင်ချန်တို့ကို တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဆီသို့ ခပ်သွက်သွက် ခေါ်သွားလိုက်ပြီး လမ်းတွင် ရှင်းပြလိုက်သည်။

“ကောင်းကင်ကြယ်တာရာမြို့က ကြယ်မြစ်စီရင်စုနယ်ရဲ့ တောင်ဘက်အကျဆုံးအပိုင်းမှာပါ။ အရှင်တို့နှစ်ယောက်က ရှီးဖန်းချန်စီရင်စုနယ်ကို တည်နေရာပြောင်းရွှေ့သွားရမှာပါ။ အဲ့ရောက်မှ အရှင်တို့ကို နောက်စီရင်စုနယ်တစ်ခုစီ တည်နေရာပြောင်းရွှေ့ပေးဖို့ စီရင်စုနယ်အရှင်ကို တောင်းဆိုလိုက်ပါ”

ကျန်းရီနှင့် ချီချင်ချန်တို့ တည်နေရာပြောင်းရွှေ့ကာ ထွက်သွားကြ၏။ သူတို့ တည်နေရာပြောင်းရွှေ့သွားပြီးနောက်တွင် နတ်ဘုရားဘုရင်က နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။

“သူတို့နှစ်ယောက်က ဘယ်သူတွေလဲ။ သူတို့က အရမ်းစွမ်းအားကြီးပုံပဲ။ ကောင်းကင်ကြယ်တာရာမြို့ကို သွားမှာတဲ့လား။ အဲ့ကကိစ္စကို ဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား။ ဘာလို့ သူတို့ကို အဲ့ကို သွားဦးမှာလဲ။ တခြားကိစ္စတစ်ခု ထပ်ဖြစ်လာတာလား”

***

ရွှီး...

ကျန်းရီနှင့် ချီချင်ချန်တို့ ရှီးဖန်းချန်မြို့တွင် ထွက်ပေါ်လာ၏။ ထိုမြို့က စီရင်စုနယ်တစ်ခု၏ မြို့တော်ပင်။ ထို့ကြောင့် မြို့ထဲ၌ စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည်။ ကျန်းရီတို့နှစ်ယောက်၏ မသိမ်းဆည်းနိုင်လိုက်သော အရှိန်အဝါများက သိုင်းသမားအချို့ကို အာရုံစိုက်သွားစေပေသည်။

ကောင်းကင်စိတ်အာရုံအချို့ ရောက်ရှိလာကြ၏။ သို့သော် မည်သူကမှ ကျန်းရီတို့နှစ်ယောက်ကို မသိပေ။ နတ်ဘုရားဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ရဲတိုက်တစ်လုံးထဲမှနေ၍ ပျံထွက်လာပြီး ကျန်းရီတို့ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့က ဘယ်သူတွေလဲ၊ ဘာလို့ ရှီးဖန်းချန်မြို့ကို လာခဲ့တာလဲ”

“ကျွန်‌တော်တို့က ဖြတ်သွားရုံပါ”

ကျန်းရီက ပုံမှန်အတိုင်း ပြန်ဖြေလိုက်ပြီး နတ်ဘုရားအမြစ် အနည်းငယ်ကိုထုတ်ပေးလိုက်၏။

“ကျွန်တော်တို့က ကြယ်မြစ်စီရင်စုနယ်ကို သွားချင်တာပါ။ ကျေးဇူးပြုပြီး တည်နေရာပြောင်းရွှေ့ခွင့်ပြုပါ”

“အာ...”

ထိုနတ်ဘုရားဧကရာဇ်သည် ကျန်းရီ၏ နတ်ဘုရားအမြစ်များကို မယူဘဲ စိုးရိမ်ဟန်ဖြင့် အေးစက်စက် ပြန်ပြောသည်။

“မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ။ မင်းတို့က သူတော်စင်တစ်သောင်းဘုံက မဟုတ်ဘူးမလား။ မင်းတို့ ဘယ်သူဆိုတာကို မပြောရင် ငါ မင်းတို့ကို သူလျှိုတွေလို့ မှတ်ယူရလိမ့်မယ်”

“ခင်ဗျား သိခွင့်မရှိဘူး”

ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ ချီချင်ချန်ကလည်း စွမ်းအားကြီး အရှိန်အဝါကို ထုတ်လွှတ်၍ ထိုနတ်ဘုရားဧကရာဇ်ကို ဒူးထောက်ကျသွားသည်အထိ ဖိနှိပ်လိုက်သည်။ ပြီးမှ ကျန်းရီက အေးစက်စက်ပြောလိုက်သည်။

“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်။ ခင်ဗျား ကျွန်တော်တို့ ဘယ်သူဆိုတာ သိချင်ရင် ကျူးချန်းကို လာမေးခိုင်းလိုက်”

ကျန်းရီသည် ဘုံတစ်သောင်းပြိုင်ပွဲတွင် သူတော်စင်တစ်သောင်းဘုံကို ကိုယ်စားပြု၍ လာရောက်ယှဉ်ပြိုင်သူက ကျူးချန်းဖြစ်ကြောင်း သိခဲ့ခြင်းပင်။ ထိုသူက သူတော်စင်တစ်သောင်းဘုံတွင် အတော်‌လေး အဆင့်အတန်းမြင့်ပုံပေါ်သည်။ နတ်ဘုရားဧကရာဇ်သည် ကျူးချန်း၏အမည်ကို ကြားသောအခါ ရုတ်ခြည်း မျက်နှာထားပြောင်းသွားသည်။ သူ ချီချင်ချန်ကို လွန်စွာသတိတကြီးနှင့် ကြည့်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်လေသည်။

“အရှင်တို့... ကြွပါ”

ကျန်းရီနှင့် ချီချင်ချန်တို့ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်ကြ၏။ သို့သော် အစီအရင် မနိုးသေးခင်တွင် ကျန်းရီ ထပ်ပြောလိုက်သည်။

“ကျွန်တော်တို့က ကြယ်မြစ်စီရင်စုနယ်ရဲ့ ကောင်းကင်ကြယ်တာရာမြို့က မိတ်ဆွေတစ်ယောက်ဆီ သွားလည်ချင်ရုံပါ။ အရှေ့က စီရင်စုနယ်တွေကိုလည်း ပူး‌ပေါင်းပေးဖို့ သတင်းပို့ထားပါ။ ပြီးတော့ ကျူးချန်းကိုလည်း ကျွန်တော်တို့ဆီ လာခဲ့ဖို့ ပြောလိုက်ပါ။ သူ ရောက်လာတာနဲ့ ကျွန်တော်တို့က ဘယ်သူဆိုတာ သူ သိပါလိမ့်မယ်”

ကြယ်မြစ်စီရင်စုနယ်သို့ ခရီးက အတော်လေး ဝေးပုံပေါ်သည်။ ကျန်းရီသည် လမ်းခရီးတစ်လျှောက်လုံးတွင် အမေးအမြန်းမခံလိုပေ။ နတ်ဘုရားဧကရာဇ်က အရှေ့ရှိ စီရင်စုနယ်များထံ သတင်းပို့ထားရန် လူတစ်ယောက်ကို ခိုင်းလိုက်သည်။ သူကိုယ်တိုင်လည်း သူတော်စင်တစ်‌သောင်းဘုံ၏ မြို့တော်သို့ ချက်ချင်း သတင်းပို့ကာ ကျူးချန်းကို အကြောင်းကြားစေလိုက်သည်။

“ကောင်းကင်ကြယ်တာရာမြို့ကိုလား”

ကျန်းရီနှင့် ချီချင်ချန်တို့ ထွက်သွားပြီးနောက် နတ်ဘုရားဧကရာဇ်က နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။

“ကောင်းကင်ကြယ်တာရာမြို့မှာ အရေးကြီးတဲ့သူတွေ တစ်ယောက်မှ မရှိတော့ဘူးမလား။ မကြာသေးခင်တုန်းက မြို့အရှင်က ပြဿနာတချို့ ရှာခဲ့ပုံပဲ။ အဲ့နှစ်ယောက်က မြို့အရှင်ကို ပစ်မှတ်ထားနေတာများလား”

All Chapters