သမီးဖေဖေကို ဖမ်းမလို့လား
Vol. 115 Ch. 1595
“ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်၊ ယောက်ျားက နတ်ဘုရားဧကရာဇ်လား။ မိန်းမရဲ့ တိုက်ခိုက်စွမ်းအားကလည်း အနိမ့်ဆုံး ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အဆင့်မှာ ရှိလိမ့်မယ်”
သူတော်စင်တစ်သောင်းမြို့ထဲတွင် ကျူးချန်းတစ်ယောက် ရေရွတ်တွေးတောနေ၏။ သူတော်စင်တစ်သောင်းဘုံက မြစ်ဖြူဘုံ၏ လက်အောက်ခံဘုံတစ်ခုဖြစ်သည်။ ဤဘုံသို့ ရောက်လာရန် မြစ်ဖြူဘုံမှသာ တည်နေရာပြောင်းရွှေ့နိုင်သည်။ သို့သော် ထိုနှစ်ယောက်အကြောင်းကို မြစ်ဖြူဘုံမှနေ၍ သူတို့ သတင်းမရသေးပေ။ သို့ဖြစ်ရာ ထိုနှစ်ယောက်က ဤဘုံသို့ အာကာပြင်ကို စုတ်ဖြဲ၍ ရောက်လာခြင်းသာဖြစ်ရမည်။
“မင်းတို့က ငါ့နာမည်ကို သိတယ်ပေါ့လေ။ အဲ့တော့ မင်းတို့က မျိုးနွယ်ကြီးတစ်ခုက သခင်လေးနဲ့ သခင်မလေး ဖြစ်ရမယ်။ မင်းတို့ ဘယ်သူလဲ”
ကျူးချန်း မတွေးနိုင်ပေ။ သို့သော် ထိုနှစ်ယောက်က သူ့အမည်ကို ထုတ်ပြောခဲ့သဖြင့် သူ တစ်ချက်သွားကြည့်ရပေမည်။ ကျူးချန်း သူ၏ရဲတိုက်ထဲမှ ပျံထွက်ကာ တည်နေရာပြောင်းရွှေ့အစီအရင်ဆီ သွားလိုက်သည်။ ထို့နောက် ကြယ်မြစ်စီရင်စုနယ်ဆီသို့ တိုက်ရိုက်ဦးတည်လိုက်၏။ သူတော်စင်တစ်သောင်းမြို့က ဘုံ၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ထိုနေရာက ကြယ်မြစ်စီရင်စုနယ်နှင့် နီးသည်။ ထို့ကြောင့် သူ ကြယ်မြစ်စီရင်စုနယ်သို့ ရောက်သွားချိန်တွင် ကျန်းရီတို့က မရောက်ကြသေးပေ။
ကျူးချန်းသည် သူနှင့်အတူ စွမ်းအားကြီး သိုင်းသမား တစ်စုကို ခေါ်လာခဲ့ပြီး သူတို့ကို မြို့ရင်ပြင်ထဲတွင် စောင့်နေစေလိုက်သည်။ မည်သူက ထိုမျှရဲတင်းကြောင်းကို သူ သိလိုနေသည်။ ထိုနှစ်ယောက်က ဘုံအရှင်၏ခွင့်ပြုချက်မရဘဲ သူတော်စင်တစ်သောင်းဘုံထဲသို့ ကျူးကျော်လာဝံ့ပေသည်။
ရွှီး...
မကြာခင်တွင် တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာသည်။ အလင်းပျောက်ကွယ်သွားသောအခါ ကျူးချန်းနှင့် စွမ်းအားကြီး သိုင်းသမားများသည် အစီအရင်ထဲတွင် ရပ်နေသူများကို အာရုံစိုက်လိုက်ကြ၏။ ချီချင်ချန်က မျက်နှာကို ပုဝါဖြင့် ကာထားသည်။ ထိုပုဝါစတွင် မှော်အစွမ်းတစ်မျိုးရှိကြောင်း ထင်ရှားသည်။ ကျူးချန်းတို့သည် ပုဝါစကိုဖောက်၍ မမြင်နိုင်ကြချေ။ သို့သော် ကျန်းရီ၏မျက်နှာကိုမူ သူတို့ ရင်းနှီးနေသည်။ သို့သော် ထိုအခိုက်တွင် ကျန်းရီက မည်သူဖြစ်ကြောင် သူတို့ တွေးမရဖြစ်နေကြသည်။
“မင်း... မင်းက ကျန်းရီလား”
ကျန်းရီ၏ ဆံပင်အနီရောင်ကို တွေ့လိုက်သောအခါ ကျူးချန်း ရုတ်တရက် မှတ်မိသွားသည်။ သူ ချီချင်ချန်ကိုလည်း ပြန်ကြည့်လိုက်ပြီး သူမက မည်သူဖြစ်ကြောင်း တွေးမိသွားသည်။ ရုတ်ခြည်းပင် ကျူးချန်း လက်ဆုပ်ကာ ပြောလိုက်သည်။
“သခင်မလေးချင်ချန်၊ သခင်လေးကျန်းရီ... လက်စသတ်တော့ သခင်မလေးတို့နှစ်ယောက်ကိုး။ ကျူးချန်း ဧည့်ဝတ်မကျေခဲ့ပါဘူး”
“ကျန်းရီနဲ့ ချီချင်ချန်လား”
စွမ်းအားကြီး သိုင်းသမားများ မျက်နှာထားပြောင်းသွားကြ၏။ ချီချင်ချန်က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ဖြစ်ပြီး ဆောင်းဥတုအရှင်လောင်းလည်း ဖြစ်သည်။ ကျန်းရီကမူ အစစ်အမှန်မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားသော လူသတ်သမားတစ်ယောက်ပင်။ သူတို့နှစ်ယောက်က သူတော်စင်တစ်သောင်းဘုံသို့ ဖိတ်ခေါ်ချက်မရှိဘဲ ရောက်လာပေပြီ။ မည်သူကမှ သူတို့ကို ဒေါသထွက်သွားအောင် မလုပ်လျှင် ကောင်းပေလိမ့်မည်။ မဟုတ်လျှင် သူတို့ အဘယ်ကြောင့်ရယ်ပင်မသိလိုက်ရဘဲ အသတ်ခံရမည်ဖြစ်သည်။
ကျန်းရီသည် သူတော်စင်တစ်သောင်းဘုံတွင် လူလာရှာခြင်းဖြစ်သည်။ ပြဿနာရှာရန် မဟုတ်ပေ။ ထို့ကြောင့် သူ ခပ်သဲ့သဲ့ပြုံးကာ ပြန်ပြောလိုက်၏။
“ကျွန်တော်က ရိုင်းပြခဲ့မိတာပါ။ သခင်လေး... ကျွန်တော်တို့ သူတော်စင်ဝိညာဉ်ဘုံမှာ တွေ့ခဲ့ဖူးတယ်လေ။ ကျွန်တော် သခင်လေးရဲ့ အစွမ်းထက် စွမ်းရည်တွေကို ကိုယ်တိုင်မြင်ခဲ့ရပါတယ်။ ဒီတစ်ခေါက် ကျွန်တော် ဒီကိုလာတာ ကိစ္စလေးတစ်ခု ရှိလို့ပါ။ သခင်လေးကို အလုပ်ရှုပ်စေမိပါပြီ”
“အားနာမနေပါနဲ့”
ကျူးချန်း ရင်ထိတ်နေသည်။ ယခုတွင် ကျန်းရီက ကျော်ကြားသူတစ်ယောက်ဖြစ်နေပေပြီ။ သူ ခပ်သွက်သွက် လက်ဆုပ်ကာ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။
“သခင်လေးကျန်းက လူအုပ်ကြားက နဂါးတစ်ကောင်၊ ဖီးနစ်တစ်ကောင်ပါ။ ထိပ်တန်းပါရမီရှင်တစ်ယောက်ပါ။ သခင်လေး တီးခတ်ခဲ့တဲ့ နတ်ဘုရားတေးသွားက ကျွန်တော့်မှတ်ဉာဏ်ထဲမှာ စွဲထင်နေတုန်းပဲ။ ကျူးချန်း လေးစားအားကျရတဲ့သူတွေ သိပ်မရှိဘူး... ဒါပေမဲ့ သခင်လေးကျန်းက သေချာပေါက် ကျွန်တော် အလေးစားရဆုံးသူတွေထဲက တစ်ယောက်ပါပဲ”
“ဟင်းဟင်း...”
ကျန်းရီ ပြုံးလိုက်၏။ သူ အာလာပသလ္လာပများ ဆက်ပြောမနေတော့ဘဲ လာရင်းကိုသာ ပြောလိုက်သည်။
“နောက်အားလပ်တော့မှ ကျွန်တော် သခင်လေးဆီ လာလည်ပါမယ်။ အခုတော့ ကျွန်တော် ကောင်းကင်ကြယ်တာရာမြို့ကိုသွားပြီး မိတ်ဆွေတစ်ယောက်နဲ့ တွေ့ရပါဦးမယ်”
“ကောင်းကင်ကြယ်တာရာမြို့လား”
ကျူးချန်း တစ်ကိုယ်လုံး တောင့်တင်းသွား၏။
“သခင်လေးရဲ့ မိတ်ဆွေက ဘယ်သူပါလဲ။ သူ့နာမည်က ဘယ်သူလဲ”
“အဲ့ဒါက...”
ကျန်းရီ ဖြေရခက်သွားပြီး အိုးတိုးအန်းတန်းဖြင့် ပြောလိုက်သည်။
“ကျွန်တော် သူ့ရဲ့ နာမည်အရင်းကိုတော့ မသိပါဘူး။ ဒါပေမဲ့ ကောင်းကင်ကြယ်တာရာမြို့ကို ရောက်ရင်တော့ သူ့ကို ရှာနိုင်လောက်ပါတယ်”
‘ဆန်းကြယ်ဧကရာဇ်’ဆိုသည်မှာ ဘွဲ့ထူးတစ်ခုသာဖြစ်သည်။ ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်၏ အမည်အရင်းကို မသိပေ။ မည်သို့ပင်ဖြစ်စေ ယခု ဆန်းကြယ်ဧကရာဇ်က ကောင်းကင်ကြယ်တာရာမြို့၏ မြို့အရှင် ဖြစ်နေသည်။ ထို့ကြောင့် သူ့ကိုရှာရန် ခက်လောက်မည် မဟုတ်ပေ။ ကျူးချန်းသည် ကျန်းရီတို့နှစ်ယောက်ကို ကောင်းကင်ကြယ်တာရာမြို့ဆီသို့ ရောက်သည့် တည်နေရာပြောင်းရွှေ့အစီအရင်ဆီ ဦးဆောင်ခေါ်သွားလိုက်သည်။
သုံးယောက်သား ကောင်းကင်ကြယ်တာရာမြို့သို့ ရောက်သောအခါ ကျန်းရီက ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ မြို့အရှင်စံအိမ်ကို ချက်ချင်း အာရုံခံကြည့်လိုက်သည်။ သို့သော် စိတ်ပျက်ဖွယ်ရာတစ်ခုကိုသာ တွေ့လိုက်ရ၏။ ဆန်းကြယ်ဧကရာဇ်က အထဲတွင် ရှိမနေပေ။ ထို့ပြင် မြို့အရှင်စံအိမ်က အေးစက်ကာ စွန့်ပစ်ခံထားရပုံပေါ်သည်။ အထဲ၌ အစေခံတစ်ယောက်မှလည်း ရှိမနေဘဲ တံခါးတွင်သာ အစောင့်အနည်းငယ် ရှိနေသည်။
“အာ...”
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက အနောက်ခြံဝန်းထဲရှိ ကလေးတစ်ယောက်အပေါ် ကျရောက်သွား၏။ ထိုကလေးမှာ မိန်းကလေးငယ်လေးတစ်ယောက်ပင်။ သူမက အသက် ငါးနှစ်၊ ခြောက်နှစ်လောက်သာ ရှိပုံပေါ်သေးသည်။ သို့သော် အဓိကအချက်မှာ ထိုအရာ မဟုတ်ပေ။ သူမ၏ မျက်နှာက ဆန်းကြယ်ဧကရာဇ်နှင့် ဆင်နေခြင်းကသာ အဓိကဖြစ်သည်။
“သခင်လေးကျန်း... သခင်လေးက မိတ်ဆွေတစ်ယောက်ကို ရှာနေတာဆိုတော့ သူနဲ့ပတ်သတ်တဲ့ ဘာအကြောင်းတွေကို သိထားပါသလဲ”
ကျူးချန်းသည် ကျန်းရီက တည်နေရာပြောင်းရွှေ့အစီအရင်ထဲ၌ မလှုပ်မယှက်ရပ်နေသည်ကို တွေ့လိုက်၍ စတင်၍ အတန်ငယ် စိတ်ဝင်စားလာ၏။ ကျူးချန်း၏အသံကြောင့် ကျန်းရီ အသိပြန်ကပ်လာပြီး ရှင်းပြလိုက်သည်။
“သူက ကောင်းကင်ကြယ်တာရာမြို့ရဲ့ မြို့အရှင်လို့ ပြောတာပဲ။ မကြာသေးခင်တုန်းက ကောင်းကင်ကြယ်တာရာမြို့မှာ မြို့အရှင် အပြောင်းအလဲ ရှိခဲ့သေးလား”
“မြို့အရှင်လား...”
ကျူးချန်း မျက်နှာပျက်သွားပြီး မျက်လုံးပြူး၊ မျက်စံပြူးနှင့် မေးလိုက်သည်။
“သခင်လေးရဲ့ မိတ်ဆွေက ရွှမ်ယဲ့လား”
ရွှမ်ယဲ့က ဆန်းကြယ်ဧကရာဇ်လော။ ကျန်းရီ မသေချာပေ။ သို့သော် သူ တစ်စုံတစ်ခုကို တွေးမိ၍ ပြန်ပြောလိုက်သည်။
“ကောင်းကင်ကြယ်တာရာမြို့ရဲ့ မြို့အရှင်က ဘယ်မှာလဲ။ သူ့ကို ကျွန်တော်နဲ့ လာတွေ့ခိုင်းလိုက်ပါ”
“မြို့အရှင်က ဒီမှာ မရှိပါဘူး...”
ကျူးချန်းသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ အံကြိတ်ကာ ပြောလိုက်သည်။
“သခင်လေးကျန်း... သခင်လေးရဲ့မိတ်ဆွေက တကယ်ပဲ ရွှမ်ယဲ့ဆိုရင် ပြဿနာရှိပါတယ်။ သူက အမှားကြီးတစ်ခု လုပ်မိလို့ မြစ်ဖြူဘုံကို ဖမ်းခေါ်သွားခံထားရပါတယ်။ သူ့ကိုဖမ်းဖို့ သခင်လေးပိုင်တိဂူကိုယ်တိုင် ကျွန်တော်တို့ကို အမိန့်ပေးခဲ့တာပါ...”
“ဘာ...”
ကျန်းရီ၏ အကြည့်များ ခက်ထန်သွား၏။ သူ ချက်ချင်းပင် မြို့အရှင်စံအိမ်ဆီသို့ ပျံသန်းသွားလိုက်သည်။ သူ စံအိမ်ထဲ ရောက်သည်နှင့် အော်ပြောလိုက်သည်။
“ဘယ်သူ ရွှမ်ယဲ့ကိုသိလဲ။ ကျွန်တော့်အတွက် သူ့ပုံတူကို ဆွဲပေးပါ”
ကျူးချန်းနှင့် ချီချင်ချန်တို့ ကျန်းရီအနောက်မှ ကပ်လိုက်လာကြ၏။ အခြား စွမ်းအားကြီး သိုင်းသမားများစွာသည်လည်း ကျန်းရီ၏ ရုတ်တရက်ပြုမူမှုကြောင့် ထိတ်လန့်သွားကြပြီး သူတို့သုံးယောက်နောက်မှ လိုက်လာကြသည်။ ဤမြို့က မြို့ငယ်လေးတစ်မြို့ပင်။ ထို့ကြောင့် မြို့ထဲရှိ လူအများစုသည် ကျူးချန်း၊ ကျန်းရီနှင့် ချီချင်ချန်တို့ကို မသိကြပေ။
ရှပ်...ရှပ်...ရှပ်...
အနောက်ခြံဝန်းထဲရှိ ကလေးမလေးက ရုတ်တရက် ကျန်းရီထံ ပြေးထွက်လာပြီး သူ့ကို တုန်လှုပ်ဟန်ဖြင့်မော့ကြည့်ကာ ပြောလိုက်သည်။
“ဦးဦးကရော သမီးရဲ့ဖေဖေကို ဖမ်းမလို့လား”
“ဖေဖေတဲ့လား”
ကျန်းရီ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ ရွှမ်ယဲ့က ဆန်းကြယ်ဧကရာဇ် ဖြစ်ရမည်ဟုလည်း သူ အတော်လေး သေချာလာသည်။ သို့သော် မည်သူကမှ ရှေ့ထွက်လာကာ ရွှမ်ယဲ့၏ ပုံတူကို ဆွဲမပေးကြသဖြင့် သူကိုယ်တိုင်ပဲ စာရွက်တစ်ရွက်နှင့် စုတ်တံကို ထုတ်ကာ စတင်ရေးဆွဲလိုက်၏။ ခေတ္တကြာပြီးနောက် သူ ပုံတူကိုထောင်ပြ၍ ကလေးမလေးကို မေးလိုက်သည်။
“သူက မင်းအဖေလား”
“ဖေဖေ...”
ကလေးမလေး၏ မျက်ဝန်းများထဲမှနေ၍ ချက်ချင်းပင် မျက်ရည်များ လိမ့်ဆင်းလာသည်။ ကျန်းရီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ထို့နောက် သူ ဒူးထောက်ချလိုက်ပြီး ကလေးမလေးကို ဖက်လိုက်သည်။
“မငိုပါနဲ့တော့... ဦးဦးက သမီးအဖေရဲ့ မိတ်ဆွေပါ။ ဦးဦး သမီးအတွက် သူ့ကို ကယ်ပေးမှာပါ။ ဦးဦး ကတိပေးပါတယ်”
“ပြဿနာပဲ”
ကျူးချန်း၏ မျက်နှာထား မည်းမှောင်သွားသည်။ ကျန်းရီက အမှန်ပင် အရူးတစ်ယောက်ဖြစ်သည်။ ယခုကြည့်ရပုံအရ ရွှမ်ယဲ့မှာ ကျန်းရီ၏ အလွန်အရေးပါသော မိတ်ဆွေတစ်ယောက် ဖြစ်ပုံပင်။
ကျန်းရီသည် အလွန်ကြောက်ရွံ့နေဟန်ဖြင့် ရှိုက်ငိုနေသော ကလေးမလေးကို ကြည့်ကာ နူးညံ့စွာ မေးလိုက်၏။
“သမီး... သမီးရဲ့နာမည်က ဘယ်လိုခေါ်လဲ။ မကြောက်ပါနဲ့။ ဦးဦးက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကပါ။ သမီးရဲ့အဖေက ကောင်းကင်ကြယ်တာရာနယ်နမိတ်အကြောင်း ပြောခဲ့သေးလား”
“ကောင်းကင်ကြယ်တာရာနယ်နမိတ်လား”
ကလေးမလေး၏ မျက်လုံးများ အရောင်လက်လာ၏။ သူမ ချက်ချင်း အငိုရပ်လိုက်ပြီး ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ဦးဦး... ဦးဦးက တကယ်ပဲ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကလား။ သမီးရဲ့ဖေဖေပြောတာကတော့ အဲ့နေရာက သူရဲ့မွေးရပ်မြေတဲ့။ သမီးကြီးလာရင် အဲ့ကို အလည်ခေါ်သွားပေးမယ်လို့လည်း ပြောခဲ့သေးတယ်။ ဟုတ်သား... ဦးဦး သမီးရဲ့နာမည်က ရွှမ်ကော်အာပါ”
ကျန်းရီက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှဖြစ်သည်။ ထို့ကြောင့် ကလေးမလေး ချက်ချင်းပင် ရင်ထဲနွေးထွေးသွားသည်။ ကျန်းရီကိုတွေ့ခြင်းက ကျောထောက်နောက်ခံအသစ်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ပင်။ သူမသည် ခေတ္တမျှ တွေးတောနေလိုက်ပြီးမှ ကျန်းရီကို စိတ်လှုပ်တရှားဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။
“ဦးဦး... မြန်မြန် သမီးရဲ့ ဖေဖေနဲ့ မေမေကို သွားကယ်ပေးပါ။ သူတို့ကို လူဆိုးတွေက ဖမ်းသွားကြတယ်။ ကော်အာ အရမ်းကြောက်တယ်”
“ကော်အာ... မကြောက်ပါနဲ့”
ကျန်းရီသည် ရွှမ်ကော်အာကို ပွေ့ချီ၍ သူ့အနောက်တွင် ရပ်နေသော ချီချင်ချန်ထံ လှမ်းပေးလိုက်သည်။ ထို့နောက် သူသည် သားရိုင်းတစ်ကောင်ကဲ့သို့သော အကြည့်နှင့် ကျူးချန်းကို ကြည့်ကာ မေးလိုက်လေသည်။
“သခင်လေးကျူး... ရွှမ်ယဲ့က ဘာအမှား လုပ်ခဲ့လို့လဲ။ ဘယ်သူက သူ့ကို ဖမ်းသွားတာလဲ။ အခု သူ ဘယ်မှာလဲ”
“အဲ့ဒါက...”
ကျူးချန်း တုံ့ဆိုင်းသွား၏။ သူတော်စင်တစ်သောင်းဘုံက မြစ်ဖြူဘုံ၏ လက်အောက်ခံဘုံတစ်ခု မဟုတ်ပါလား။ ပိုင်မျိုးနွယ်က သူတို့၏သခင်ပင်။ သူ ကျန်းရီကို ဖြစ်ပျက်ခဲ့သည့်အရာများ ပြောပြလိုက်ပါက မိမိ၏သခင်ကို သစ္စာဖောက်သကဲ့သို့ ဖြစ်မနေသလော။
ရွှီး...
ကျန်းရီ၏လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာသည်။ ရုတ်ခြည်းပင် သူ ကျူးချန်း၏လည်ပင်းကို မီးနဂါးဓားဖြင့် ထောက်လိုက်သည်။ ထို့နောက် အလွန်အားကောင်းသော သတ်ဖြတ်အရှိန်အဝါနှင့် မေးလိုက်လေ၏။
“ကျူးချန်း... ငါ မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ အမှန်အတိုင်း ပြောမလား၊ သေမလား”
ကျူးချန်းသည် ကျန်းရီ၏ နီရဲနေသော မျက်ဝန်းများကို ကြည့်၍ ထိုအရူးက ကောင်းကင်ဘုရင်ယိုကိုပင် သတ်ခဲ့သူဖြစ်ကြောင်း တွေးလိုက်သည်။ အထက်ဘုံတွင် ထိုအရူးကို မည်သူက သတ်ဝံ့သနည်း။ သူ အမှန်အတိုင်း မပြောလိုက်လျှင် ကျူးမျိုးနွယ် ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။
အတော်ကြာ တွေးတောပြီးနောက် ကျူးချန်း အံကြိတ်ကာ အသံပို့လွှတ်လိုက်သည်။
“ရွှမ်ယဲ့ရဲ့ဇနီးက ရှားပါးတဲ့မျိုးနွယ်တစ်ခုကပါ။ မကြာသေးခင်တုန်းက ပိုင်တိဂူက သူ့ကိုတွေ့ပြီး သဘောကျသွားတယ်။ ရွှမ်ယဲ့က ပိုင်တိဂူ စေလွှတ်လိုက်တဲ့ တမန်တော်ကို သတ်ပစ်ခဲ့လို့ လင်မယားနှစ်ယောက်စလုံး အဖမ်းခံခဲ့ရတာပဲ။ အခု သူတို့ မြစ်ဖြူမြို့မှာ ရှိနေလောက်တယ်”
“မြစ်ဖြူမြို့လား”
ကျန်းရီ ခပ်မဲ့မဲ့ ပြုံးလိုက်၏။ ထိုအပြုံးထဲတွင် သတ်ဖြတ်အရှိန်အဝါများစွာ ရှိနေသည်။ ထို့နောက် သူ ခြောက်ကပ်ကပ်ရယ်ကာ အော်ပြောလိုက်လေသည်။
“စစ်သူကြီး... ကော်အာကိုချီပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ။ ကျွန်တော်တို့ မြစ်ဖြူမြို့ကိုသွားပြီး သခင်လေးပိုင်တိဂူနဲ့ တွေ့မယ်”