← Chapters

ကျွန်တော်က ကောင်းကင်ကြယ်တာရာနယ်နမိတ်က ကျန်းရီ

Vol. 115 Ch. 1596

ကျွန်တော်က ကောင်းကင်ကြယ်တာရာနယ်နမိတ်က ကျန်းရီ

Vol. 115 Ch. 1596

အထက်ဘုံတွင် ရှေးဟောင်းမျိုးနွယ်များစွာ ရှိသည်။ ထိုမျိုးနွယ်အများစုက နှစ်ပေါင်းသိန်းနှင့်ချီအောင် တည်ရှိခဲ့ပြီး အထက်ဘုံ၏ အထွတ်အထိပ်တွင် ရှိနေကြသည်။ အချို့ကမူ ကောင်းကင်ဘုံသို့ သွားရောက်ကာ တမလွန်ဘုံစစ်တပ်နှင့် တိုက်ခိုက်နေကြသည်။ ပိုင်မျိုးနွယ်မှာလည်း ရှေးဟောင်းမျိုးနွယ်တစ်ခု ဖြစ်ပေသည်။

ပိုင်မျိုးနွယ်၏ သမိုင်းကြောင်းကို ရှည်လျားသည်။ သူတို့ အထွတ်အထိပ်တွင် ရှိနေခဲ့စဉ်က ကောင်းကင်ဘုံ၏ ဘုံဆယ်ခုထဲမှ တစ်ခုဖြစ်သော နတ်နဂါးဘုံကို သိမ်းပိုက်နိုင်ခဲ့သည်။ ယခုတွင်ပင် ပိုင်မျိုးနွယ်မှ မျိုးနွယ်ဝင်အချို့သည် ကောင်းကင်ဘုံတွင် ရှိနေပေသေးသည်။ မျိုးနွယ်အကြီးအကဲတစ်ယောက်ကလည်း မဟာဧကရာဇ်တစ်ပါး၏ စစ်သူကြီးတစ်ယောက်ပင် ဖြစ်ခဲ့ဖူးသည်။

ပိုင်မျိုးနွယ်၏ ဗျူဟာက အမြဲကောင်းမွန်ခဲ့၏။ သူတို့သည် နှစ်စဉ်နှစ်တိုင်း အရင်းအမြစ်များစွာ အသုံးပြု၍ လူငယ်များကို ပျိုးထောင်ပေးကြသည်။ ထိုလူငယ်များက နတ်ဘုရားဧကရာဇ်အဆင့်ကို ရောက်သည်နှင့် ကောင်းကင်ဘုံသို့ စေလွှတ်ခံရသည်။

ထိုလူငယ်အများစုသည် ကောင်းကင်ဘုံမှာပင် ကျဆုံးခဲ့သည်။ အချို့ကသာ ရှင်သန်နိုင်ခဲ့ပြီး ကောင်းကင်ဘုံတွင် အမည်တစ်လုံး တွင်ခဲ့ကြသည်။ ထိုလူများထဲမှ အချို့က ခေါင်းဆောင်များဖြစ်လာပြီး အချို့မှာမူ မဟာဧကရာဇ်လေးပါး၏ လက်အောက်မှ စစ်သူကြီးများ၊ တပ်မှူးများ ဖြစ်လာကြသည်။ ပိုင်မျိုးနွယ်သည် ထိုလူများက သူတို့မျိုးနွယ်အပေါ် သစ္စာစောင့်သိရန် မမျှော်လင့်ပေ။ သူတို့မျိုးနွယ်မှ လူများက ထိပ်တန်းနေရာများတွင် ရှိနေသည်ဆိုသော အချက်ကပင် လုံလောက်ပြီဖြစ်သည်။

ထိုသို့ဖြင့် ပိုင်မျိုးနွယ်သည် အကန့်အသတ်မဲ့သော အရင်းအမြစ်များကို ရရှိလာပြီး သဘောချင်းတိုက်ဆိုင်သည့် အင်အားကြီးမိတ်ဆွေများစွာနှင့် တွေ့ဆုံခွင့်ရလာခဲ့သည်။ ထို့ကြောင့်လည်း ပိုင်မျိုးနွယ်က နှစ်ပေါင်းသိန်းချီအောင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ပိုင်မျိုးနွယ်ကို ထိသူက ကောင်းကင်ဘုံရှိ ပိုင်မျိုးနွယ်၏ မရေမတွက်နိုင်သော မဟာမိတ်များကို အပြစ်ပြုသကဲ့သို့လည်း ဖြစ်သွားပေလိမ့်မည်။

သမိုင်းတစ်လျှောက်တွင် ပိုင်မျိုးနွယ်သည် အန္တရာယ်များစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ဥပမာအားဖြင့် သူတို့၏ မြစ်ဖြူဘုံကို ကောင်းကင်ယန်မျိုးနွယ်က သိမ်းပိုက်ခဲ့ဖူးသည်။ ထို့ပြင် ကောင်းကင်ဘုံမှ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်၏ အမိန့်တစ်ခုက ပိုင်မျိုးနွယ်တစ်ခုလုံးကို အခက်ကြုံသွားစေနိုင်ပေသည်။

ဤတစ်ခေါက်တွင် ပိုင်မျိုးနွယ်သည် အခြားအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရသည်။ ထိုအန္တရာယ်က လူတစ်ယောက်တည်းထံမှ လာခဲ့ခြင်းပင်။ ထိုလူကလည်း လူငယ်တစ်ယောက်ဖြစ်သည်။ ပိုင်မျိုးနွယ်က ထိုအန္တရာယ်ကို ကောင်းစွာရင်ဆိုင်နိုင်မည်ဆိုလျှင်ပင် ကြီးကြီးမားမား ဆုံးရှုံးရလိမ့်ဦးမည်ဟု ကျူးချန်း တွေးပေသည်။

ရွှီး...

မြစ်ဖြူမြို့ရှိ တည်နေရာပြောင်းရွှေ့အစီအရင်များက အဆက်မပြတ် လင်းလက်နေကြ၏။ မြို့ရင်ပြင်ထဲတွင် စွမ်းအားကြီး သိုင်းသမားများစွာနှင့် တပ်သားများစွာ စုဝေးနေကြပြီဖြစ်သည်။ ပိုင်မျိုးနွယ်၏ အကြီးအကဲရာကျော်နှင့် သခင်လေးသုံးယောက်လည်း ရှိနေကြသည်။ သို့သော် ပိုင်တိထျန်းနှင့် မြစ်ဖြူဘုရင်တို့ကိုမူ မတွေ့ရပေ။

တည်နေရာပြောင်းရွှေ့အစီအရင်၏ အလင်း ပျောက်ကွယ်သွား၏။ ကျန်းရီနှင့် ရွှမ်ကော်အာကို ချီထားသော ချီချင်ချန်တို့ အစီအရင်ထဲတွင် ထွက်ပေါ်လာသည်။

ကျူးချန်းလည်း ပါလာသည်။ သူသည် ပိုင်မျိုးနွယ်ဝင်များကို ကြည့်၍ မျက်နှာထား မည်းမှောင်သွားသည်။ အနီးရှိ မရေမတွက်နိုင်သော စွမ်းအားကြီး သိုင်းသမားများကို သတိပြုမိလိုက်သောအခါတွင် သူ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူတို့အတွက် ရွှမ်ယဲ့ကို လွှတ်ပေးရန်မှာ အလွန်မလွယ်ကူသလော။ အဘယ်ကြောင့် ကျန်းရီကို ခုခံရန် ဤမျှ ပြင်ဆင်ထားရသနည်း။ သူတို့က ကျန်းရီနှင့် သူသေကိုယ်သေ တိုက်ကြတော့မည်လော။

ပိုင်မျိုးနွယ်က အမှန်ပင် ကြီးမားကြွယ်ဝသည်။ မြို့ရင်ပြင်ထဲမှ လူများသည်ပင် အရေအတွက် သောင်းချီရှိသည်။ ထိုသူများထဲတွင် အနည်းဆုံး နတ်ဘုရားဧကရာဇ်များ ထောင်နှင့်ချီ၍ ပါပေသည်။ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များလည်း အယောက်တစ်ရာကျော် ရှိနေသည်။ ထိုလူအုပ်၏အရှေ့ဆုံးတွင် ရန်ထျန်းဖန်နှင့် ယှဉ်နိုင်သည့် အကြီးအကဲခုနစ်ယောက်က ရပ်နေပေသည်။

ကျန်းရီသည် ထိုလူအားလုံးကို အေးစက်စက် ဝေ့ဝဲကြည့်လိုက်၏။ သူ့သွေးများ စတင်ဆူပွက်လာပြီး သူ့မျက်လုံးများ နီရဲလာသည်။ ထို့နောက် သူ့လက်ထဲတွင် မီးနဂါးဓားနှင့် ဗျပ်စောင်းတစ်လက် ထွက်ပေါ်လာပေသည်။ သူက အချိန်မရွေး စတိုက်ရန် အဆင်သင့်ဖြစ်နေပေပြီ။ သူသည် အမြဲထိုသို့ပင်။ လူများက သူ့ကို ကောင်းကောင်းပြောလျှင် သူကလည်း ပြုံးကာ ထိုသူများကို နွေးနွေးထွေးထွေး ဆက်ဆံမည်ဖြစ်သည်။ သို့သော် သူတို့က သူ့ကို နောက်ဆုတ်သွားအောင် ခြောက်လှန့်ရန် တပ်တစ်တပ်ပြင်ထားလျှင်တော့ သူ စိန်ခေါ်မှုမှနေ၍ နောက်တွန့်သွားမည် မဟုတ်ပေ။ သူ အပိုစကားတစ်ခွန်းမှလည်း ပြောနေမည် မဟုတ်ချေ။

ချီချင်ချန်သည် အခြေအနေက တစ်ခုခုမှားနေကြောင်း သတိပြုမိလိုက်၏။ ထို့ကြောင့် ကျန်းရီအား အခြေအနေကို ပိုရှုပ်ထွေးသွားအောင်လုပ်ခွင့် မပေးနိုင်ချေ။ သူမ ဝေ့ဝဲကြည့်၍ နူးညံ့စွာ ပြောလိုက်သည်။

“ကျွန်မက ချီချင်ချန်ပါ။ ပိုင်တိဂူက ဘယ်သူပါလဲ။ ကျွန်မတို့ သူနဲ့တွေ့ချင်တယ်”

ကျန်းရီ သူ၏ သတ်ဖြတ်အရှိန်အဝါကို ပြန်ရုတ်လိုက်၏။ ချီချင်ချန်က စကားပြောလိုက်ပြီဖြစ်ရာ သူ သူမ၏မျက်နှာကို ထောက်ထားရပေမည်။ ကြော့ရှင်းသော ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသည့် သခင်လေးတစ်ယောက်က လူအုပ်ကြားမှ အရှေ့သို့ ထွက်လာပြီး လက်ဆုပ်ကာ ပြောလိုက်သည်။

“ပိုင်တိဂူ သခင်မလေးချင်ချန်ကို နှုတ်ဆက်ပါတယ်။ သခင်လေးက ကျွန်တော့်ကို ဘာညွှန်ကြားစရာများ ရှိလို့ပါလဲ”

ပိုင်တိဂူက ပိုင်တိထျန်းနှင့် အလွန်တူသည်။ သို့သော် ပိုင်တိဂူသည် ပိုင်တိထျန်းထက် အသက်ပိုကြီးကာ ပိုလည်းအားနည်းသည်။ သူ့ထံတွင် ကောက်ကျစ်သည့် အငွေ့အသက်တစ်ခုလည်း ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူက စိတ်ဓာတ်မကောင်းကြောင်း ကျန်းရီ ပြောနိုင်ပေသည်။

ပိုင်တိဂူက ချီချင်ချန်ကိုသာ ကြည့်နေ၏။ သူ ကျန်းရီကို လုံးဝဂရုမစိုက်ပေ။ ကျူးချန်းတစ်ယောက် အခြေအနေက ပိုဆိုးလာပြီဟု စိတ်ထဲမှ မှတ်ချက်ပြုလိုက်၏။ သူ ကျန်းရီနှင့် ချီချင်ချန်တို့နှင့် လိုက်လာခဲ့မိသည်ကို နောင်တရမိနေပေသည်။

ပိုင်တိဂူက သူ့အား အရေးမစိုက်ကြောင်း တွေ့လိုက်သောအခါ ကျန်းရီ ပို၍သွေးဆူလာသည်။ သို့သော် သူ မည်သို့မှ မပြောလိုက်ပေ။ ဤကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်မည်ဆိုလျှင် သူ ပဋိပက္ခများ မဖြစ်လိုပါပေ။

ချီချင်ချန်သည် ပိုင်တိဂူကို စိုက်ကြည့်ကာ ပြန်ပြောလိုက်၏။

“ကျွန်မတို့နှစ်ယောက်က ပိုင်မျိုးနွယ်ကို ရန်ပြုရအောင် ရောက်လာတာ မဟုတ်ပါဘူး။ ကျန်းရီရဲ့မိတ်ဆွေတစ်ယောက်က ရှင်ဖမ်းတာကို ခံထားရတယ်လို့ ကြားလို့ ရောက်လာတာပါ။ သူ့နာမည်က ရွှမ်ယဲ့တဲ့။ သခင်လေးပိုင်... ကျွန်မရဲ့မျက်နှာကို ထောက်ပြီး သူ့ကို လွှတ်ပေးနိုင်မလား။ ဟုတ်သား... မြစ်ဖြူဘုရင် မရှိဘူးလား။ ကျွန်မ သူ့ကို ကိုယ်တိုင်သွားတွေ့ချင်တယ်”

ချီချင်ချန်သည် သူမကိုယ်သူမ အနိမ့်ဘက်တွင်ထား၍ ပိုင်တိဂူကို ပြောနေသည်။ ကျန်းရီနှင့် ပိုင်မျိုးနွယ်တို့ ထပ်၍ပဋိပက္ခဖြစ်မည်ကို သူမ မလိုလားပေ။ မဟုတ်လျှင် သူမ၏ အဆင့်အတန်းနှင့် စွမ်းအားအရ ထိုကဲ့သို့ အသုံးမကျသူတစ်ယောက်ကို စကားပင် ပြောနေမည် မဟုတ်ချေ။ ပိုင်တိဂူက နတ်ဘုရားဧကရာဇ်အဆင့်မှာသာ ရှိသေးသည်။ ပိုင်မျိုးနွယ်က အရင်းအမြစ်များစွာသုံး၍ သူ့ကို ပျိုးထောင်ပေးခဲ့မည်ဖြစ်ကြောင်း ထင်ရှားသည်။ သူ ချီချင်ချန်ကို ကြည့်တိုင်း သူ၏မျက်ဝန်းထဲတွင် မွတ်သိပ်သည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထိုအကြည့်ကပင် သူမကို ရွံရှာနေစေပြီဖြစ်သည်။

“ရွှမ်ယဲ့လား”

ပိုင်တိဂူ မသင်္ကာဟန်ဖြင့် ဖြည်းဖြည်းချင်း မျက်တောင်ပုတ်ခတ်လိုက်၏။ ထို့နောက် သူ အနောက်မှ အကြီးအကဲခုနစ်ယောက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“အဲ့လိုကိစ္စမျိုး ရှိခဲ့သလား”

ဤတစ်ကြိမ်တွင် ကျန်းရီ အလွန်ဒေါသထွက်သွားပေပြီ။ သူ့လက်ထဲမှ မီးနဂါးဓားက လင်းလက်လာပြီး သူ့ကိုယ်မှနေ၍ စူးရှသော သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ ချီချင်ချန်သည် ကျန်းရီ၏ လက်ကို သွက်လက်စွာ လှမ်းကိုင်လိုက်၏။ ထိုမှ ကျန်းရီ သူ၏ဒေါသကို ပြန်မျိုသိပ်နိုင်လိုက်သည်။

“ရှိပါတယ်...”

အကြီးအကဲတစ်ယောက်က ခေါင်းညိတ်၍ ဖြေသည်။

“မကြာသေးခင်တုန်းက ကျုပ်တို့ သူတော်စင်တစ်သောင်းဘုံက လူတစ်ယောက်ကို ဖမ်းခဲ့ပါတယ်။ အဲ့ရွှမ်ယဲ့က အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့တာပဲ။ သူက ကျုပ်တို့မျိုးနွယ်ဝင်နှစ်ယောက်ကို သတ်ခဲ့တယ်။ အပြစ်သားခန်းမက သူ့ကို သေဒဏ်ချလိုက်ပြီးပြီ။ အခု ကျုပ်တို့ သူ့ကို သေဒဏ်ပေးဖို့ စီစဉ်နေပါတယ်”

“အို့...”

ပိုင်တိဂူသည် ထိုအကြောင်းများကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးသကဲ့သို့ ပြုမူလိုက်၏။ သူ အတော်ကြာတွေးတောပြီးနောက် သဘောထားကြီးဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။

“သခင်မလေးချင်ချန်က တောင်းဆိုမှတော့ ကျွန်တော်တို့ သခင်မလေးရဲ့ တောင်းဆိုချက်ကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်မှာလဲ။ တစ်ယောက်ယောက်လာစမ်း... ရွှမ်ယဲ့ကို ဒီကိုခေါ်လာပြီး သခင်မလေးချင်ချန်ကို ပေးလိုက်။ အင်း... ခမည်းတော်က ဒီမှာ မရှိဘူး။ သူက ကောင်းကင်ကန္တာရဘုံမှာပဲ ရှိသေးတယ်။ သခင်မလေးချင်ချန်... သခင်လေး သူ့ကို တွေ့ချင်ရင် နောက်တစ်ခေါက်မှ ထပ်လာခဲ့ပါ။ တောင်းပန်ပါတယ်”

“ကျေးဇူးတင်ပါတယ် သခင်လေးပိုင်”

ချီချင်ချန် အတန်ငယ် ခေါင်းဆတ်ပြလိုက်သည်။ ရင်ထဲမှအလုံးကြီး ကျသွားသကဲ့သို့လည်း သူမ ခံစားလိုက်ရသည်။ ရွှမ်ယဲ့ မသေသေးသ၍ ကျန်းရီက ဒေါသပေါက်ကွဲမည် မဟုတ်ပေ။ မြစ်ဖြူဘုရင်က ဤဘုံတွင် ရှိမနေရာ ကျန်းရီ ဒေါသပေါက်ကွဲသွားသည်နှင့် မည်သူကမှ သူ့ကို ထိန်းနိုင်လိမ့်မည် မဟုတ်ချေ။

အကြီးအကဲသည် ရွှမ်ယဲ့ကို ခေါ်လာရန် ချက်ချင်း လှည့်ထွက်သွားသည်။ ပိုင်တိဂူက ချီချင်ချန်ကို သူ၏ရဲတိုက်ထဲသို့ လိုက်အနားယူရန် ဖိတ်ခေါ်လိုက်၏။ သို့သော် ချီချင်ချန်က ဖိတ်ခေါ်မှုကို ငြင်းလိုက်သည်။ အစမှအဆုံးအထိ ပိုင်တိဂူနှင့် ပိုင်မျိုးနွယ်သည် ကျန်းရီကို စကားတစ်ခွန်းမှ မ‌ပြောခဲ့ပေ။ ကျန်းရီကလည်း သူတို့နှင့် စကားမပြောလိုပေ။ ထို့ကြောင့် သူ တစ်ချိန်လုံး နှုတ်ဆိတ်၍သာ နေခဲ့သည်။

ကျူးချန်းသည် သူ့နဖူးမှ ဇောချွေးများကို သုတ်လိုက်၏။ သူ့ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားပေပြီ။ အစတွင် တစ်ခုခု ဖြစ်တော့မည်ဟု သူ ထင်ခဲ့သည်။ သို့သော် ပိုင်တိဂူက ပြဿနာမရှာခဲ့ပေ။ ထိုသခင်လေးက စွမ်းအားမကြီးသော်လည်း အကျင့်စရိုက်ဆိုးသူဖြစ်သည်။ ပိုင်တိထျန်းနှင့်ယှဉ်လျှင်ပင် သူ့အကျင့်စရိုက်က များစွာပို၍ ဆိုးပေသည်။

ရှပ်...ရှပ်..ရှပ်...

အတော်ကြာပြီးနောက် အကြီးအကဲ ပြန်ရောက်လာ၏။ သူ့အနောက်တွင် တပ်သားနှစ်ယောက်က မျက်နှာသွေးအလူးလူးနှင့် ရှိနေသော လူတစ်ယောက်ကို ဆွဲခေါ်၍ လိုက်လာသည်။ ထိုလူ၏ လက်များ၊ ခြေများက ကျိုးနေသည်။ ကျန်းရီသည် ထိုလူ၏ အရေပြားထဲမှ ဖောက်ထွက်နေသော အရိုးများကိုပင် လှမ်းမြင်ရသည်။ သူက အချိန်မရွေး သတိလစ်သွားတော့မလိုပင်။

“ဆန်းကြယ်ဧကရာဇ်...”

ကျန်းရီသည် ထိုလူကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်နှာထားပြောင်းသွား၏။ သူ အရှေ့သို့ ပြေးသွားလိုက်ပြီး ဆန်းကြယ်ဧကရာဇ်ကို လျင်မြန်စွာ တွဲခေါ်လိုက်သည်။ ဆန်းကြယ်ဧကရာဇ်၏ မျက်နှာကို တွေ့လိုက်ရသောအခါ ကျန်းရီ၏သွေးများ ထပ်မံဆူပွက်လာသည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း အားကောင်းသော သတ်ဖြတ်အရှိန်အဝါ ထိုးထွက်လာသည်။

“ကျန်းရီ... မလောပါနဲ့။ အရင်ဆုံး ရွှမ်ယဲ့ကို ကုသပေးတာပေါ့။ ကောင်းကင်ဘုံမှာ ပိုင်မျိုးနွယ်က အရမ်းအင်အားကြီးတယ်။ ကျွန်မတို့ ဒီဒေါသကို မျိုသိပ်ထားမှရမယ်။ ရှင် ပိုပြီးအင်အားကြီးလာတဲ့အထိ စောင့်ပြီးမှ ကျွန်မတို့ လက်စားလာချေကြတာပေါ့”

ကျန်းရီ၏ ခေါင်းထဲတွင် ချီချင်ချန်ပို့လွှတ်လိုက်သောအသံ ထွက်ပေါ်လာ၏။ သူ ရွေးချယ်စရာ မရှိတော့ဘဲ ဒေါသကိုမျိုသိပ်ကာ ဆန်းကြယ်ဧကရာဇ်၏ ဒဏ်ရာများကိုသာ ကုသပေးလိုက်သည်။ ရွှမ်ကော်အာသည် ဆန်းကြယ်ဧကရာဇ်ကို ကြည့်၍ မျက်ရည်များစီးကျလာ၏။ ထို့နောက် သူမ ချီချန်ချန်၏လက်ထဲမှ အတင်းရုန်းကာ အော်ပြောလိုက်သည်။

“ဖေဖေ...ဖေဖေ...”

ရွှမ်ကော်အာ၏အသံကို ကြားသောအခါ ဆန်းကြယ်ဧကရာဇ် ချက်ချင်းခေါင်းထောင်လာ၏။ သူ မျက်လုံးများ ဖွင့်၍ လှည့်ပတ်ကြည့်လိုက်သည်။ ကျန်းရီကို တွေ့သောအခါ သူ အသိပြန်ကပ်လာ၏။ သို့သော် သူ လျင်မြန်စွာ အကြည့်လွှဲ၍ ရွှမ်ကော်အာကို လှမ်းကြည့်လိုက်သည်။ ရုတ်ခြည်းပင် သူ၏မျက်လုံးများ ပြူးကျယ်သွားပေသည်။

ရွှမ်ကော်အာက သူ့ထံ ပြေးလာလိုနေသော်လည်း ချီချင်ချန်က သူမကို ဆွဲထားကြောင်း တွေ့လိုက်သောအခါ သူ ဒေါသတကြီး အော်ပြောလိုက်သည်။

“တိရိစ္ဆာန်ကောင်တွေ... မင်းတို့က ကလေးတစ်ယောက်ကိုတောင် အလွှတ်မပေးဘူးပေါ့လေ။ ငါ မင်းတို့နဲ့ တိုက်မယ်”

“ဆန်းကြယ်ဧကရာဇ်”

ကျန်းရီ ဆန်းကြယ်ဧကရာဇ်ကို ခပ်သွက်သွက် ဆွဲထားကာ အော်ပြောလိုက်ရသည်။

“ဆန်းကြယ်ဧကရာဇ်... စိတ်လျှော့ပါ။ ကျွန်တော် ရှိနေရင် ကော်အာ ဘာမှမဖြစ်စေရပါဘူး။ ကျွန်တော်က ကျန်းရီပါ... ကောင်းကင်ကြယ်တာရာနယ်နမိတ်က ကျန်းရီပါ။ ဆန်းကြယ်ဧကရာဇ် ဆန်းကြယ်နတ်ဘုရားနန်းတော်နဲ့ ဆန်းကြယ်နတ်ဘုရားဓားကို မှတ်မိသေးတယ်မလား”

All Chapters