သက်ပြင်းမျိုးနွယ်
Vol. 115 Ch. 1597
“ကျန်းရီလား”
ဆန်းကြယ်ဧကရာဇ် အံ့အားသင့်သွားပြီး ကျန်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ မယုံနိုင်ဟန်ဖြင့် မျက်လုံးပြူးသွားပြီး ကျန်းရီကို အနီးတိုးကပ်၍ ကြည့်ကာ အံ့ဩတကြီး ပြောလိုက်သည်။
“မင်းက ကောင်းကင်ကြယ်တာရာနယ်နမိတ်က ဟိုကောင်လေးလား။ မင်းက ဘာလို့ဒီလောက်မြန်မြန် တက်လှမ်းလာနိုင်ရတာလဲ။ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကျင့်ကြံနိုင်ခဲ့တာလဲ။ မင်းက ငါ့လောက်တောင် စွမ်းအားကြီးနေပြီလား။ ဖူး...”
ဆန်းကြယ်ဧကရာဇ်သည် စိတ်လှုပ်ရှားလာသဖြင့် သွေးအန်သွား၏။ ကျန်းရီ အားဖြည့်ဆေးလုံးတစ်လုံး လျင်မြန်စွာ ထုတ်ယူ၍ ဆန်းကြယ်ဧကရာဇ်ကို တိုက်လိုက်သည်။ ထို့ပြင် ဆန်းကြယ်ဧကရာဇ်၏ကိုယ်ထဲ ကောင်းကင်စွမ်းအားလည်း ထည့်ပေးကာ နှစ်သိမ့်လိုက်သည်။
“ဆန်းကြယ်ဧကရာဇ်... မေးခွန်းတွေအများကြီး မမေးပါနဲ့။ ပြန်ရောက်မှ ကျွန်တော် အားလုံး ရှင်းပြပါမယ်။ အရင်ဆုံး ကျွန်တော့်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်ပြီး ဒဏ်ရာကုသလိုက်ပါ။ မစိုးရိမ်ပါနဲ့... ကျွန်တော် ကော်အာကို ကောင်းကောင်းစောင့်ရှောက်မှာပါ”
“ကျန်း...ကျန်းရီ...”
ဆန်းကြယ်ဧကရာဇ်သည် သူ၏ သွေးများပေကျံနေသော လက်ဖြင့် ကျန်းရီကို တင်းကြပ်စွာဆုပ်ကိုင်၍ စိတ်လှုပ်တရှား ပြောလိုက်သည်။
“ငါ့ရဲ့ဇနီးကို ကယ်ပေးပါ၊ ငါ့ရဲ့ဇနီးကို ကယ်ပေးပါ”
“အို့... ဟုတ်သား...”
ကျန်းရီ ရုတ်တရက် ခါးမတ်မတ်ရပ်လိုက်ပြီး ပိုင်တိဂူကို လှည့်ကြည့်လိုက်သည်။
“သူ့ရဲ့ဇနီး ဘယ်မှာလဲ။ ဘာလို့ သူ့ဇနီးကိုပါ မလွှတ်ပေးရတာလဲ”
ပိုင်တိဂူ ကျန်းရီတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်၏။ သူ့အကြည့်ထဲတွင် အထင်သေးမှုများ ပါနေကြောင်း ထင်ရှားသည်။ ဆန်းကြယ်ဧကရာဇ်က အနိမ့်ဘုံမှ တက်လှမ်းလာခဲ့သူဖြစ်ပြီးက ကျန်းရီမှာလည်း ထို့အတူပင်။ အထက်ဘုံမှ ဒေသခံမျိုးနွယ်များအတွက် အနိမ့်ဘုံမှ တက်လှမ်းလာသူများက အဆင့်နိမ့်သောလူများပင်။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ပင် အတူတူဖြစ်သည်။
သို့သော် ကျန်းရီနှင့် အကြည့်ချင်းဆုံသောအခါ ပိုင်တိဂူ၏မျက်ဝန်းထဲရှိ အထင်သေးမှုများ ပျောက်ကွယ်သွား၏။ သူ အကြီးအကဲကို ခပ်သွက်သွက် လှည့်ကြည့်ကာ အလေးအနက် မေးလိုက်၏။
“တခြားသူ ရှိသေးတာလား။ ဘာလို့ သူ့ကိုပါ ခေါ်မလာခဲ့တာလဲ”
“သခင်လေးကို တင်ပြပါတယ်”
အကြီးအကဲက အရှေ့ထွက်လာပြီး ပြောလိုက်၏။
“ရွှမ်ယဲ့ရဲ့ ဇနီးကို သူတော်စင်တစ်သောင်းမြို့မှာ ဖမ်းခဲ့တာပါ။ သူက သူတော်စင်တစ်သောင်းဘုံရဲ့ တပ်သားတွေနဲ့ တိုက်ခိုက်ခဲ့လို့ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။ ဖမ်းခေါ်လာတဲ့ လမ်းမှာပဲ သူ့ရဲ့ဒဏ်ရာတွေကြောင့် သူ သေသွားခဲ့ပါတယ်။ တပ်သားတွေက သူ့ခန္ဓာကိုယ်မှာ အဆိပ်မိထားတယ်လို့ သံသယရှိလို့ တခြားသူတွေကို အဆိပ်ကူးမှာစိုးပြီး သူ့အလောင်းကို မီးရှို့လိုက်ကြပါတယ်”
“ဘာ...”
ဆန်းကြယ်ဧကရာဇ်သည် ထိုစကားများကို ကြားလိုက်သောအခါ သွေးအန်၍ သတိလစ်သွား၏။ ကျန်းရီလည်း ရင်တုန်သွားပြီး ကျူးချန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
“ကျူးချန်း... သူတို့နှစ်ယောက်စလုံးကို မြစ်ဖြူမြို့မှာ ဖမ်းခဲ့တာလို့ မင်းပြောတယ်မဟုတ်ဘူးလား”
“ကျွန်...ကျွန်တော်...”
ကျူးချန်းသည် ကျန်းရီ၏ သားရိုင်းတစ်ကောင်ကဲ့သို့သော အေးစက်စက်အကြည့်ကြောင့် တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူ ရှင်းပြလိုသော်လည်း ပိုင်တိဂူ၏ အကြည့်ကြောင့် သူ ရှင်းမပြဝံ့တော့ဘဲ တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။
“တကယ်တော့... ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်လည်း သေချာမသိပါဘူး။ သခင်လေးကိုယ်တိုင် သေချာစုံစမ်းကြည့်ပါ”
ချီချင်ချန်သည် ခေတ္တမျှ တွေးတောလိုက်ပြီးမှ ဝင်ပြောလိုက်၏။
“ကျန်းရီ... ကျွန်မ စိတ်မကောင်းပါဘူး။ ကော်အာရဲ့အမေက ဆုံးပါးသွားပြီဆိုတော့ ရွှမ်ယဲ့နဲ့ ကော်အာကိုပဲ ပြန်ခေါ်သွားကြတာပေါ့”
“မေမေ မသေသေးဘူး”
ရွှမ်ကော်အာ၏ မျက်ခုံးနှစ်ခုကြားတွင် ရုတ်တရက် အနီရောင်အလင်း လင်းလက်လာသည်။ ထို့နောက် သူမ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“ဦးဦး.. သူတို့ လိမ်နေကြတာ။ မေမေ မသေသေးဘူး။ မေမေက သက်ပြင်းမျိုးနွယ်ကပါ။ သူ့ကို အလွယ်တကူသတ်လို့မရဘူး။ မေမေပြောတာတော့ သူတို့မျိုးနွယ်က မီးပြင်းထဲမှာ ဆယ်ရက်၊ ဆယ်ည ဆက်တိုက်လောင်ကျွမ်းခံရမှ စိတ်ဝိညာဉ် ပျက်စီးသွားမှာတဲ့။ အဲ့ဒါက သမီးတို့က ဘယ်တော့မှ မသေနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူတော်စင်တစ်သောင်းဘုံရဲ့ အဆင့်နိမ့်မီးတောက်လေးတွေက သေချာပေါက် မေမေ့ကို မသတ်နိုင်ဘူး”
ပိုင်တိဂူနှင့် အခြားသူများ၏ မျက်နှာထားများ ပြောင်းလဲသွားကြ၏။ ချီချင်ချန်လည်း မျက်လုံးပြူးသွားပြီး ရေရွတ်လိုက်သည်။
“သက်ပြင်းမျိုးနွယ်လား... သက်ပြင်းမျိုးနွယ်က ရှိနေသေးတာလား”
ရွှီး...
ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်ကို သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်အတွင်း ပို့လိုက်၏။ ထို့နောက် သူ မိုးမြေစွမ်းအားကို အသုံးပြု၍ ကောင်းကင်ထဲ ခုန်တက်လိုက်သည်။ မီးနဂါးဓားပေါ်မှ နဂါးလေးကောင်လည်း လှုပ်ရှားလာကာ ဓားထဲမှနေ၍ အနီရောင်အလင်းတန်း တစ်တန်း ဖြာထွက်သွားသည်။ ထိုအလင်းတန်းက ပိုင်တိဂူနှင့် သူ့ပတ်ပတ်လည်မှ အကြီးအကဲများကို လွှမ်းခြုံသွားလေသည်။
“ရပ်လိုက်...”
မြို့ရင်ပြင်ထဲတွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေသည်။ သူတို့သည် ကျန်းရီက တိုက်ခိုက်တော့မည်ကို မြင်လိုက်သောအခါ ချက်ချင်း သူ့ထံသို့ ပျံတက်သွားကြသည်။ သူတို့ထဲမှ အချို့သည် တိုက်ကွက်များပင် စထုတ်လိုက်ကြပေသည်။
“ဟွန်း...”
ချီချင်ချန်၏ လက်စွပ်က လင်းလက်လာပြီး ရွှမ်ကော်အာကို စုပ်ယူသွားသည်။ သူမ၏အရှိန်အဝါလည်း ထိုးထွက်လာသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမား၏ ကြောက်မက်ဖွယ်အရှိန်အဝါက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး အားလုံး၏ လှုပ်ရှားမှုများနှင့် တိုက်ခိုက်မှုများကို နှေးသွားစေပေသည်။
ရွှီး...
တစ်ချိန်တည်းမှာပင် ကျန်းရီ၏ ဆောင်းဥတုပုလဲက လင်းလက်လာပြီး ကျန့်ရှမျိုးနွယ်ဝင်များ တစ်ကောင်ပြီးတစ်ကောင် ထွက်လာသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ကျန့်ရှမျိုးနွယ်ဝင် တစ်ထောင်ကျော်က ကျန်းရီဘေးတွင် ရပ်လိုက်ကြသည်။ ကျန်းရီသည် မီးနဂါးဓားထဲမှ မကောင်းသောအရှိန်အဝါကို ထုတ်လွှတ်၍ ပိုင်တိဂူနှင့် သူ့ဘေးမှ အကြီးအကဲနှစ်ယောက်ကို ထိုအရှိန်အဝါနှင့် လွှမ်းခြုံလိုက်၏။ ထိုသုံးယောက်၏ မျက်လုံးများ ရုတ်ခြည်း နီရဲသွားပြီး သူတို့ မလှုပ်နိုင်ကြတော့ပေ။ ထိုမှ ကျန်းရီသည် အရှေ့သို့ ပျံသန်းသွားပြီး ပိုင်တိဂူ၏ ဦးခေါင်းကို မီးနဂါးဓားဖြင့် ခုတ်ချလိုက်သည်။
“ကျန်းရီ... သူတို့ကို မသတ်နဲ့ဦး။ ပိုင်တိဂူကို ဓားစာခံလုပ်ထားရင် လုံလောက်ပြီ”
ချီချင်ချန် အော်ပြောလိုက်သဖြင့် ကျန်းရီ၏ မီးနဂါးဓားက ပိုင်တိဂူ၏ဦးခေါင်းကို မထိခင်လေးတွင် လမ်းကြောင်းပြောင်းသွားပြီး ဘယ်ဘက်ပခုံးပေါ် ပြင်းထန်စွာ ကျဆင်းသွားသည်။ ပိုင်တိဂူ၏ ခန္ဓာကိုယ်ပေါ်တွင် ထိပ်တန်းအဆင့် စစ်ချပ်ဝတ် ထွက်ပေါ်လာကာ သူ့ကို ဓားချက်မှ ကာကွယ်ပေးလိုက်သည်။
ဂျွတ်...
ကျန်းရီ၏ကိုယ်ထဲမှ မိုးမြေစွမ်းအားက ကျန်းရီကို အဆတစ်ရာပိုသန်မာစေနေသည်။ သူ၏ စွမ်းအားကလည်း အဆတစ်ရာပိုတိုးလာသည်။ ထိုခုတ်ချက်က မည်မျှစွမ်းအားကြီးသနည်း။ ပိုင်တိဂူ၏ပခုံးရှိ အရိုးတစ်ဝက် အစိတ်စိတ်အမွှာမွှာ ကျိုးထွက်သွား၏။ သူ့ခြေထောက်အောက်မှ ကျောက်သားပြင်သည်ပင် အက်ကွဲသွားသည်။ ပိုင်တိဂူလည်း မြေကြီးထဲ ကိုယ်တစ်ဝက်နစ်ဝင်သွားလေသည်။
“ဖူး...”
နာကျင်မှုကြောင့် ပိုင်တိဂူ၏မျက်လုံးများ ပြန်ကြည်လင်လာ၏။ သူ သွေးအန်ကာ ကျန်းရီကို အော်ဟစ်ဆဲဆိုလိုက်သည်။ ကျန်းရီက သူ့ခေါင်းကို ကန်လိုက်ပြီး မြေပြင်နှင့် ဖိကပ်ထားလိုက်သည်။ ထို့နောက် မီးနဂါးဓားနှင့် ပိုင်တိဂူ၏ရင်ဘတ်ကို ချိန်ရွယ်လိုက်၏။ ကျန့်ရှမျိုးနွယ်ဝင်များကလည်း သူတို့ကို ဝန်းရံထားသည်။ ယခုတွင် ၎င်းတို့က အကောင်တစ်သောင်းကျော် ရှိနေပြီဖြစ်ရာ ကျန်းရီ၏ပတ်ပတ်လည်တွင် နံရံများကဲ့သို့ ရပ်နေကြပေသည်။
ကျန်းရီက မည်သို့မှ မပြောပေ။ သူ ကျန့်ရှမျိုးနွယ်ဝင်များကို ကျော်၍ ပိုင်မျိုးနွယ်မှ အကြီးအကဲများ၏ မျက်ဝန်းများကို ကြည့်လိုက်၏။ တဖြည်းဖြည်းနှင့် သူ့ပတ်ပတ်လည်တွင် ကျန့်ရှမျိုးနွယ်ဝင်များ ပိုများလာသည်။ ထို့ကြောင့် ပိုင်မျိုးနွယ်ဝင်များ ရွေးချယ်စရာ မရှိတော့ဘဲ အနောက်သို့ ဆုတ်၍သာနေရသည်။ သို့သော် သူတို့ ဝေးဝေးသို့တော့ မပြေးကြပေ။
အခြေအနေက ရုပ်ဆိုးလာပေပြီ။
ချီချင်ချန်သည် စကားဆက်ပြောနေလျှင်လည်း အကျိုးမရှိတော့ဟု မြင်သည်။ ကျန်းရီက စက္ကန့်အနည်းငယ် စောင့်နေလိုက်ပြီး ပိုင်မျိုးနွယ်မှ မည်သူကမှ စကားမပြောသည်ကို တွေ့၍ နှုတ်ခမ်းတွန့်ကာ ခြောက်ကပ်ကပ် ပြုံးလိုက်သည်။ ထို့နောက် သူ၏မီးနဂါးဓားက ပိုင်တိဂူ၏ ဝမ်းဗိုက်ထဲ ထိုးဝင်သွားပြီး ဝက်ပေါ်သံက ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ ပိုင်တိထျန်း ဒေါသတကြီး အော်ပြောလိုက်၏။
“ကျန်းရီ... မင်းက ငါ့ရဲ့နတ်ဘုရားအမြုတေကို ဖျက်ဆီးပစ်ရဲတယ်ပေါ့လေ။ ငါ မင်းကို သတ်မယ်၊ မင်းကို သတ်မယ်...”
မရေမတွက်နိုင်သော စွမ်းအားကြီး သိုင်းသမားများ ရုတ်ခြည်း မျက်နှာပျက်သွားကြ၏။ သူတို့၏ သတ်ဖြတ်အရှိန်အဝါများ ထိုးထွက်လာပြီး လူအုပ်တစ်ခုလုံး ဆူညံပွက်သွားသည်။ သို့သော် ကျန်းရီက အေးစက်စက်လေသံဖြင့် ပြောလိုက်သောအခါ နေရာတစ်ခုလုံး ပြန်တိတ်ဆိတ်သွားပေသည်။
“မင်းရဲ့နတ်ဘုရားအမြုတေလောက် မပြောနဲ့ ငါက မင်းတို့မျိုးနွယ်က ပိုင်တိထျန်းကိုတောင် သတ်ပစ်ခဲ့တော့မလို့။ ပြီးတော့ ငါက ယိုထျန်းနီနဲ့ ကောင်းကင်ဘုရင်ယိုကိုတောင် ကိုယ်တိုင်သတ်ပစ်ခဲ့တာ...”
“အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာလည်း ငါ သခင်လေး အယောက်ထောင်ကျော်ကို သတ်ပစ်ခဲ့သေးတယ်။ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲမှာလည်း သောင်းနဲ့ချီတဲ့ စွမ်းအားကြီး သိုင်းသမားတွေကို သတ်ပစ်ခဲ့တယ်။ အဲ့တော့ ဒီနေ့ ငါ မင်းတို့မြစ်ဖြူမြို့ထဲမှာ မင်းရဲ့နတ်ဘုရားအမြုတေလောက်ကို မဖျက်ဆီးပစ်ရဲစရာ ဘာအကြောင်းမှ မရှိဘူး။ တစ်ခွန်းပဲပြော... မင်း သူ့ကို လွှတ်ပေးမှာလား၊ မပေးဘူးလား။ မလွှတ်မပေးရင်တော့ ငါ့ကို နှလုံးသားမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့”
ပတ်ပတ်လည်မှ လူအားလုံး ပင့်သက်ရှိုက်လိုက်ကြ၏။ မြစ်ဖြူမြို့ထဲတွင် အခြေအနေက ဤအဆင့်အထိ ရောက်လာရခြင်းမှာ မြို့ထဲမှ လူများစွာက ဖြစ်ပျက်ခဲ့သည်များကို တိတိကျကျ မသိခဲ့၍ပင်။ သူတို့က ကောလာဟလများကိုသာ ကြားခဲ့ရသည်။ သို့သော် ယခုတွင် ကျန်းရီကိုယ်တိုင် သူတို့အား ဖြစ်ပျက်ခဲ့သည်များကို ပြောပြနေသည်။ ထို့ကြောင့် အားလုံး တုန်လှုပ်သွားကြပေသည်။
မြစ်ဖြူဘုရင်သည် ချော်ရည်မြေရိုင်းသို့ သွားပြီးကတည်းက ပြန်ရောက်မလာသေးပေ။ သူ ကောင်းကင်ကန္တာရာဘုံတွင်သာ နေနေခဲ့သည်။ ပိုင်တိထျန်းလည်း ပြန်ရောက်မလာသေး။ သူကလည်း ကောင်းကင်ကန္တာရဘုံတွင်သာ ရှိနေလိမ့်မည်ဟု အားလုံး တွေးကြသည်။
ကောလာဟလများက အခြားဘုံများမှနေ၍ မြစ်ဖြူမြို့သို့ ရောက်လာခဲ့သော်လည်း သူတို့သည် ထိုကောလာဟလများကို အတည်ပြုရန် များစွာအရေးမစိုက်ခဲ့ကြပေ။ မကြာခင်တွင် မြစ်ဖြူဘုရင်နှင့် ပိုင်တိထျန်းတို့ ပြန်လာကြမည်ဖြစ်ရာ ထိုအခါကျ အကြောင်းစုံ သိရမည်ဖြစ်၍ ကောလာဟလများအကြောင်းကို မေးမြန်းခြင်းများလည်း မလုပ်ခဲ့ကြချေ။
သူတို့သည် သူတို့ကြားသည်များကို ယုံတစ်ဝက်၊ မယုံတစ်ဝက် ရှိခဲ့ကြသည်။ ကျန်းရီက ခေသူတစ်ယောက် မဟုတ်ကြောင်းတော့ သူတို့ သိကြသည်။ သို့သော် အထက်ဘုံသို့ ရောက်သည်မှာ တစ်နှစ်မပြည့်သေးသော အနိမ့်ဘုံမှ တက်လှမ်းလာသူတစ်ယောက်က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ပစ်လိုက်သည်ဆိုသော ကောလာဟလများကို သူတို့ မယုံနိုင်ကြပါပေ။
ယနေ့ကိစ္စများ ဖြစ်ခဲ့ရခြင်း၏ အဓိကတရားခံမှာ ပိုင်တိဂူဖြစ်သည်။ သူက ဆန်းကြယ်ဧကရာဇ်၏ဇနီးကြောင့် ဤသို့လုပ်ခဲ့ခြင်းပင်။ သူမက ရှားပါးသော သက်ပြင်းမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ပေသည်။
ပိုင်တိဂူက အဆင့်အတန်းမြင့်သော သခင်လေးတစ်ယောက်ဖြစ်သည်။ သူ၏အမေက မြစ်ဖြူဘုံ၏ အင်အားအကြီးဆုံးမျိုးနွယ်မှဖြစ်သည်။ ထို့ကြောင့် သူက ပိုင်မျိုးနွယ်၏ ဆက်ခံသူဖြစ်လာသင့်သူပင်။ သို့သော် သူ့တွင် ပါရမီ ပါမလာချေ။ သို့ဖြစ်၍ မျိုးမစစ်သားဖြစ်သော ပိုင်တိထျန်းက သူ့ကို ကျော်တက်ကာ ပိုင်မျိုးနွယ်၏ နံပါတ်တစ် သခင်လေး ဖြစ်လာခဲ့သည်။
ထိုအခါ ပိုင်တိဂူကို ထောက်ခံခဲ့သူများ စိုးရိမ်လာကြသည်။ သူတို့သည် နည်းလမ်းပေါင်းစုံသုံး၍ သူ၏စွမ်းရည်များကို မြှင့်တင့်ပေးရန် လုပ်ခဲ့ကြသည်။ သက်ပြင်းမျိုးနွယ်မှာ ဆန်းကြယ်သောမျိုးနွယ်တစ်ခုပင်။ ထိုမျိုးနွယ်ဝင်များက အခြားသူများကို သန်မာသော ဝိညာဉ်ခန္ဓာ ရစေနိုင်သည်။
ထို့ကြောင့် ကျူးချန်းက ကျန်းရီတို့ လာနေပြီဖြစ်ကြောင်း သတင်းလှမ်းပို့သောအခါ ပိုင်တိဂူသည် အကြီးအကဲများကို စုဝေး၍ အခြေအနေကို ဆွေးနွေးခဲ့ကြသည်။ သူတို့က ဆန်းကြယ်ဧကရာဇ်ကို ပြန်ပေးနိုင်သော်လည်း ဆန်းကြယ်ဧကရာဇ်၏ဇနီးကိုတော့ ချန်ထားလိုသည်။ သို့သော် ကျန်းရီက အလွန်ခေါင်းမာပေသည်။ သူမကို လွှတ်မပေးလျှင် တိုက်ခိုက်မည်ဟု ဆိုခဲ့သည်။ ဆိုသည့်အတိုင်းလည်း အမှန်ပင် တိုက်ခိုက်ခဲ့သည်။ သူသည် တစ်ကွက်တည်းဖြင့် ပိုင်တိဂူ၏ နတ်ဘုရားအမြုတေကို ဖျက်ဆီးပစ်လိုက်သည်။
‘ငါတို့ ဘာလုပ်သင့်လဲ’
အကြီးအကဲများနှင့် ပိုင်မျိုးနွယ်မှ အခြားသခင်လေးနှစ်ယောက်တို့သည် သူတို့ဘာသာ ဆုံးဖြတ်ချက်များ မချဝံ့ကြပေ။ ယခု ပိုင်တိဂူ၏ နတ်ဘုရားအမြုတေက ပျက်စီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူက တစ်သက်လုံး ဟင်းသီးဟင်းရွက်လောက်ပင် တန်ဖိုးရှိတော့မည် မဟုတ်ပေ။ သို့သော် သူတို့ ဆန်းကြယ်ဧကရာဇ်၏ဇနီးကို လွှတ်ပေးလိုက်လျှင်လည်း ပိုင်မျိုးနွယ်၏ဂုဏ်သတင်း ပျက်စီးရပေလိမ့်မည်။
“သခင်လေးပိုင်တိချန်... သခင်လေးရဲ့ ခန္ဓာကာကွယ်ကျောက်စိမ်းအဆောင်ကို ချိုးလိုက်ပါ။ ဘုံအရှင် ဒီကို ချက်ချင်း ရောက်လာပါလိမ့်မယ်။ သူ ရောက်မလာခင် ကျုပ်တို့က ကျန်းရီကို အချိန်ဆွဲထားရမယ်”
နောက်ဆုံးတွင် ပိုင်မျိုးနွယ် အကြီးအကဲတစ်ယောက်က ပိုင်မျိုးနွယ် သခင်လေးတစ်ယောက်ဆီသို့ အသံပို့လွှတ်လိုက်သည်။ သူ ဤကိစ္စကို ယခုအတိုင်း အဆုံးသတ်သွားခွင့် မပြုနိုင်ပေ။ ပိုင်မျိုးနွယ်က မည်သူ၏ အနိုင်ကျင့်မှုကိုမှ ခံမည် မဟုတ်ချေ။