← Chapters

ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် 

Vol. 42 Ch. 580

ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် 

Vol. 42 Ch. 580

ချင်မူ အဘွားစစ်၏ ကောင်းကင်နတ်သိုင်းများအား စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။ ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားကိုးယောက်လုံးတွင် အားသာချက်ကိုယ်စီ ရှိကြ၏။ အဘွားစစ်သည် ပြိုင်ဘက်ကင်းအလှကြောင့်သာမက နက်နဲဆန်းပြားသော အစီအရင်များကြောင့်လည်း ထင်ရှားကျော်ကြား၏။

သို့သော် သူမ ကျင့်စဉ်ထားသည်မှာ မိစ္ဆာလမ်းစဉ် ဖြစ်သောကြောင့် ချင်မူ့ကို အစီအရင်များစွာ မသင်ပေးချင်ခဲ့ပေ။ ရွာလူကြီး၊ သားသတ်သမားနှင့် အဘိုးကြီးမာကိုသာ သင်ခိုင်းစေခဲ့သည်။

ထို့နောက် ချင်မူ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လေး ဖြစ်လာသည့်အခါ သူမက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ပေးခဲ့ပြီး သူ့နည်းသူ့ဟန်ဖြင့် သုံးသပ်ဆင်ခြင်စေခဲ့သည်။ သူမကိုယ်တိုင်ကမူ ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများအား မသင်ပေးခဲ့ပေ။

အဘယ်ကြောင့်ဆို‌သော် သူမသည် မိစ္ဆာလမ်းစဉ် လျှောက်ထားသည့်အတွက် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာအပေါ် သူမ၏အတွေးအမြင်များမှာ အတန်ငယ် လမ်းလွဲနေခဲ့ခြင်းကြောင့် ဖြစ်၏။ ချင်မူအနေဖြင့် နားကန်း၊ အဘိုးကြီးမာတို့နှင့် အတူကျင့်ကြံပြီး စာပေကျမ်းဂန်များ လေ့လာလိုက်စားခြင်းမှတစ်ဆင့် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာအပေါ် မှန်ကန်တည့်မတ်စွာ မြင်နိုင်လိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့သည်။

ချင်မူက သမာသမတ်လမ်းစဉ်ဖြစ်စေ၊ မိစ္ဆာလမ်းစဉ်ဖြစ်စေ ဂရုမထားခဲ့သော်လည်း နောက်ပိုင်းတွင် လမ်းစဉ်နှစ်ခုလုံးက နှလုံးသားမှ အရင်းခံကြောင်း နားလည်ခဲ့သည်။ ရည်ရွယ်ချက်၌ မိစ္ဆာစိတ်ကိန်းဝပ်နေလျှင် မည်မျှဖြောင့်မတ်သော အစီအရင်ဖြစ်စေကာမူ အောက်လမ်းအစီအရင်သာ ဖြစ်သွားလိမ့်မည်။ သမာသမတ်စိတ် ကိန်းဝပ်နေလျှင် မည်မျှအောက်တန်းကျသော အစီအရင်ဖြစ်စေကာမူ မှန်ကန်တည့်ပတ်လာလိမ့်မည်။ ထို့ကြောင့် သမတ်သမတ်လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်ကို သူ ရေးကြီးခွင်ကျယ် မခွဲခြားခဲ့ခြင်းဖြစ်၏။

ထို့နောက် လမ်းမှန်နှင့် လမ်းမှားဟူသည် နှလုံးသား၏လွန်ဆွဲမှုသာ ဖြစ်ပြီး နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးဟူ၍ ကွဲပြားသွားခြင်းကလည်း မြင်သူ၏ရှုထောင့်၊ ကာကယံရှင်၏ ဘဝအတွေ့အကြုံကြောင့်သာ ဖြစ်ကြောင်း ချင်မူ သိရှိလာခဲ့သည်။ ထို့ကြောင့် လမ်းမှန်နှင့် လမ်းမှားအား ပိုမိုအရေးမထားခဲ့တော့ပေ။

မဟာမိုးခြိမ်းသံကျောင်းတော်၊ တာအိုဂိုဏ်းအစရှိသည့် သမာသမတ်ဂိုဏ်းများဖြင့် တိုက်ခိုက်ခဲ့တုန်းကလည်း ချင်မူသည် အစွဲအလမ်းအားလုံးကို စွန့်ပယ်ထားခဲ့၏။

ယခုတွင် သူကား မိစ္ဆာလမ်းစဉ်၏ ကောင်းကင်ရတနာကိုပင် ဖွင့်လှစ်ပြီး မိစ္ဆာလမ်းစဉ်သို့ ခြေလှမ်းတစ်ဝက် ရောက်နေခဲ့ချေပြီ။ သူ၏အမြင်နှင့်အသိက ပို၍ပင် ကျယ်ဝန်းလာခဲ့ပြီဖြစ်သည်။

ဤသည်ကား အရွယ်ရောက်လာခြင်းပင် ဖြစ်၏။

လူတစ်ယောက်သည် မသိလိုက်မသိဖာသာဖြင့် မိမိကိုယ်တိုင်ပင် သတိမထားမိဘဲ အရွယ်ရောက်သွားတတ်၏။ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါမှ မိမိ၏ ရင့်ကျက်လာသော စိတ်ကို သတိထားမိလိမ့်မည်။

နတ်ဘုရားစန်းယဲ့က နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း အမြင်နှင့်အသိက ချင်မူ့ထက် သာလောက်မည်မဟုတ်ပေ။

ကိုယ်ပိုင်အထုံပါရမီနှင့် သဘော‌ပေါက်နားလည်နိုင်စွမ်းအပြင် အခွင့်အရေးများကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်၏။ ချင်မူက ငယ်စဉ်ကတည်းက ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားကိုးယောက်၏ ပြုစုပျိုးထောင်မှုကို ခံစားခဲ့ရပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု စတင်သည့်အချိန်မှာပင် မဟာမြို့ပျက်မှ ထွက်လာခဲ့ရသည်။ ယိုတုတွင် မွေးဖွားခဲ့မှုနှင့် ဖုန်းတုတွေ ကြုံတွေ့ခဲ့ရမှုများကိုပါ ထည့်တွက်လိုက်လျှင် ချင်မူ၏ အမြင်နှင့်အသိကား အတိုင်းထက်အလွန် မြင့်မားလှသည်ဟု ဆိုနိုင်ပေသည်။

နောက်ဆုံးတွင် အဘွားစစ်က တျန်းဖုန်းကော၏ ကိုယ်ထဲမှ မူလဝိညာဉ်ကို ဖမ်းချုပ်နိုင်လိုက်သည်။ တျန်းဖုန်းကော၏ မူလဝိညာဉ်အား ထွက်မပြေးနိုင်အောင် အမိအရ ချုပ်နှောင်ထားရန် လို၏။ လွတ်သွားလျှင် တခြားလူတစ်ယောက်၏ ခန္ဓာကိုယ် သို့မဟုတ် မြက်ပင်များ၊ သစ်ပင်များကိုပင် ပူးကပ်သွားနိုင်သည်။

နတ်ဘုရားတစ်ပါးက လူတစ်ယောက်၏ခန္ဓာကိုယ်ကို ယူလိုက်လျှင် ပူးကပ်ခြင်း ဖြစ်ပြီး မြက်ပင်သစ်ပင်တို့ထဲ ဝင်လိုက်လျှင်မူ မတူကွဲပြားသော ဖြစ်တည်မှု ဖြစ်လာလိမ့်မည်။

“တော်တို့ထဲက ဘယ်သူ သူ့ကို စစ်မေးမှာလဲ” အဘွားစစ်က ခေါင်းလှည့်မေးလိုက်သည်။ “သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ လျှို့ဝှက်ချက်တွေကို သိထားတာ သေချာတယ်... သူ့ဆီက သတင်းနှိုက်နိုင်ရင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအတွက် သိပ်အသုံးဝင်လိမ့်မယ်... ကျုပ်နည်းလမ်းတွေက ရက်စက်လွန်းတော့ သူ့ကို စစ်မေးဖို့ မသင့်‌တော်ဘူး.... သူက အလှလေးတစ်ယောက် မဟုတ်လား”

နတ်ဘုရားစန်းယဲ့မှာ သူ့ကိုယ်သူ မိတ်ဆက်ပေးနေစဉ် သူမစကား ကြားလိုက်ရ၍ တုန်ရီသွားသည်။ သူ တျန်းဖုန်းကော၏ ခန္ဓာကိုယ်ဆီသို့ တစ်ချက် ကြည့်လိုက်မိ၏။ ‘တကယ် ဒီရက်စက်တာပဲ.... ဒီအမျိုးသမီးက ပထမဆုံး တျန်းဖုန်းကောရဲ့ ရင်ဘတ်ကို ပြားကပ်သွားအောင် လုပ်တယ်... မျက်နှာကိုလည်း အလွှတ်မပေးဘူး...’

စန်းယဲ့ အဘွားစစ်၏မျက်နှာအပေါ် အကြည့်ရောက်သွားသည်နှင့် အကြည့်မလွှဲနိုင်တော့ပေ။ သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်လာပြီး စန်းဟွာအတွက် မိထွေးရှာပေးလိုစိတ်များ တားမရဆီးမရ ထွက်ပေါ်လာသည်။ သို့သော် သူက အလျင်အမြန် စိတ်ပြန်ထိန်းကာ ကပျာကယာ အကြည့်လွှဲလိုက်ပြီး မသင့်တော်သော အတွေးများ မတွေးရဲတော့ပေ။

“တျန်းဖုန်းကောကို စစ်မေးဖို့ ကိစ္စက အစစ်အမှန်နတ်ဘုရားပန်ယုဆီ အပ်သင့်တယ်.... တျန်းဖုန်းကောက ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတစ်ပါး ဖြစ်သလို၊ ရာထူးမြင့်တဲ့ ခေါင်းဆောင်တစ်ယောက်ပဲ... ကျုပ်တို့ဘာသာ သူ့ကို သီးသန့်စစ်မေးရင် မသင့်တော်ဘဲ နေလိမ့်မယ်”

ထော့ကျိုးက စပ်ဖြဲဖြဲ ရယ်ကာ ပြောသည်။ “ဘာကို မသင့်တော်မှာတုန်း... ဆေးဆရာ သူ့ကို အဆိပ်ပိုးကောင်တစ်ကောင်နှစ်ကောင် ကျွေးလိုက်တာနဲ့ နှစ်နာရီအတွင်း စစ်စစ်ပေါက်ပေါက် ပြောပြလိမ့်မယ်”

“ဘိုးဘိုးမျက်ကန်းရဲ့ နဂါးနက်လှံကို သုံးပြီးတော့ မူလဝိညာဉ်ရဲ့ ဝိညာဉ်နဲ့ ဝိညာဉ်သန္ဓေသားကို ခွဲလိုက်လို့လည်း ရတာပဲ.... အဲဒါဆို သူ သာမန်လူ ဖြစ်သွားပြီ” ဟူလင်းအာက စိတ်လှုပ်တရှား ဝင်ပြောသည်။

မျက်ကန်းက သူမ၏ခေါင်းသေးလေးလေးကို အသာအယာ ပွတ်သပ်ကာ ပြုံးလျက် ပြောလိုက်၏။ “ဒီလှံက လုံထော်လို့ ခေါ်တယ်... နဂါးနက်လှံမဟုတ်ဘူး”

“ဟုတ်တယ်”

မျက်ကန်း၏ကျောပေါ်ရှိ အနက်ရောင်နဂါးလှံက ရုတ်တရက် အသက်ဝင်လာပြီး မြေခွေးလေးကို လှည့်ပတ်ပျံဝဲနေသည်။ အရိုးသာ ရှိသည့် နဂါးနက်က ဖြည်းဖြည်းချင်း ပြော၏။ “ငါ့နာမည်က လုံထော်၊ မိစ္ဆာနတ်ဆိုးမျိုးနွယ် နဂါးဘုရင်တစ်ပါးပဲ... ပြီးတော့ မင်း ပြောတာမှန်တယ်၊ ငါ့သခင်နဲ့ငါ သူ့ရဲ့မူလဝိညာဉ်ထဲက ဝိညာဉ်နဲ့ ဝိညာဉ်သန္ဓေသားကို ခွဲထုတ်ပေးနိုင်ပါတယ်... ဒါပေမယ့် အဲဒါက တော်တော်နာမှာ”

ဟူလင်အားက လုံထော်ကို ကြည့်နေပြီး အတွေးတစ်ခု ပေါ်လာ၏။ သူမက တောက်ပရွှန်းလဲ့နေသော မျက်ဝန်းလေးများဖြင့် လက်ကလေးကို အလျင်အမြန် မြှောက်လိုက်သည်။ “ကျွန်မမှာ အကြံရှိ‌သေးတယ်.... ကျွန်မမှာ အကြံရှိသေးတယ်... ဘိုးဘိုးရွှေအရဲ့ မီးဖိုကြီးနဲ့ သူ့မူလဝိညာဉ်ကို အရည်ပျော်ပြီး သံရည်ပူလောင်းလို့ ရတာပဲ... သူ စကားပြောမလား၊ မပြောလား ကြည့်ကြတာပေါ့”

‘ဒီမြေခွေးလေးကလည်း နယ်နယ်ရရ မဟုတ်ဘူး’ နတ်ဘုရားစန်းယဲ့ တုန်လှုပ်သွားပြီး အလျင်အမြန် ပြောလိုက်မိသည်။ “သူ့ကို စစ်ဆေးဖို့ ကျုပ်ပဲ ခေါ်သွားလိုက်ပါ့မယ်... အဆွေတို့၊ ကျုပ် အရင်သွားနှင့်လိုက်မယ်... ဝူဝမ်မြို့က ရှေ့နားလေးတင် ရှိပါတယ်... ဒါကြောင့် အဆွေတို့ ကျုပ်အစား နှစ်ရက်လောက် စောင့်ရှောက်ပေးထားပါဦး” သူက တျန်းဖုန်းကော၏ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို သယ်ကာ ခပ်သုတ်သုတ် ထွက်သွားတော့သည်။

“ဘွားဘွား၊ ဘိုးဘိုးဆေးဆရာ... ဘာလို့ အားလုံး ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ရောက်လာကြတာလဲ” ချင်မူ တမုဟုတ်ချင်း မေးလိုက်မိသည်။

အဘွားစစ်က သူ့ခေါင်းကို တယုတသ ပွတ်သပ်ပေး၏။ ချင်မူက အလျင်အမြန် ခေါင်းငုံ့ပေးလိုက်၍ အဘွားစစ်မှာ ပြုံးလိုက်မိသည်။ ‘မူအာ၊ မင်း အရပ်ကြီးရှည်လာပြန်ပြီ... ဆေးဆရာကိုတောင် မှီတော့မယ်... နည်းနည်းလောက် ထပ်ရှည်သွားရင် မျက်ကန်းဆို မင်းခါးလောက်ပဲ ရှိတော့မှာ...”

မျက်ကန်း ဆူပုပ်သွားသည်။ “အဘွားကြီး ငါ့ခန္ဓာကိုယ်က ထွားနေဆဲဟ ... စောစောက နတ်ဘုရားစန်းယဲ့ကို နင် မမြင်လိုက်ဘူးလား... သူ့အသက်က နှစ်နှစ်သောင်းကျော်ပြီ ၊ အရပ်ကြီးကလည်း မိုးထိုးနေတာပဲ... အဲဒါကြောင့် အသက်ရှည်ရှည် နေရလေလေ၊ အရပ်ပိုပိုထွက်လာလေလေပဲ... သိလား”

အဘွားစစ်က စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်သည်။ “မျက်ကန်း၊ နင့်စိတ်ကလည်း လက်တစ်ဆစ်ပဲ ရှိတယ်... မူအာ၊ ဘွားဘွားတို့က မင်းကို တွေ့ဖို့နဲ့ အဆင့်တက်နိုင်မလား ကြည့်ဖို့ ဒီကို လာတာပါ... မင်း ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ဆီ လွှတ်လိုက်တဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက အတော်သုံးဝင်တယ်... သူတို့ကို စောင့်ကြည့်ပြီး အနည်းငယ် လေ့လာခဲ့ရပေမယ့် သိုင်းကျင့်စဉ်စနစ်တစ်ခုလုံးကို သိချင်ရင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ လာဖို့ လိုတာနဲ့ ထွက်လာခဲ့ကြတာ”

ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် အစစ်အမှန်နတ်ဘုရားပန်ယုနှင့် တိုင်ပင်ဆွေးနွေး၍ လူငယ်ကောင်းကင်နတ်သိုင်းပညာရှင်များအား ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ လွှတ်ကာ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ သင်ယူစေခဲ့၏။ ဤနည်းလမ်းဖြင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကျင့်စဉ်များကိုလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ဖြန့်ဝေပေးနိုင်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လိုအပ်နေသော ကျင့်စဉ်များအား ဖာထေးပေးနိုင်မည်။

ကမ္ဘာနှစ်ခုမှ ‌ကောင်းကင်နတ်သိုင်းပညာရှင်များ တစ်ယောက်ဆီမှ တစ်ယောက် ပြန်လည်သင်ယူခြင်းဖြင့် လျင်မြန်စွာ တိုးတက်နိုင်ပေသည်။

သို့သော် ဤနည်းလမ်းမှာ ကောင်းကင်နတ်သိုင်းပညာရှင်များအတွက်သာ ထိရောက်၏။ အဘွားစစ်တို့လို ကောင်းကင်တံတားကို ဆက်၍ ကောင်းကင်နတ်ဘုံသို့ တက်လှမ်းသွားသော လူများနှင့် ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်တော့မည့် အဆင့်မြင့်သိုင်းပညာရှင်များအတွက်မူ မလုံ‌လောက်ပေ။

ပညာသင်ရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာကြသူသော ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ သိုင်းအဆင့်နိမ်ကျကြသည် မဟုတ်ပါ၏လော။

ချင်မူ အတန်ကြာ စဉ်းစားပြီးသော် ပြောလိုက်သည်။ ”အဲဒါဆို အခု ဘယ်သူက ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို တာဝန်ယူပေးထားလဲ”

“ကောင်းကင်နတ်မင်းရှီ၊ ကောင်းကင်နတ်မင်းယွီနဲ့ ကျန်တဲ့သူတွေပေါ့.... အကြီးအကဲတွေလည်း ရှိပါသေးတယ်” အဘွားစစ်က သာယာချိုမြိန်စွာ ရယ်လျက် ပြောလိုက်သည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကျောင်းသားတွေက တုံးအလွန်းတယ်... သင်္ချာကို ဘယ်လိုပဲ သင်သင်၊ မလိုက်နိုင်ကြဘူး... ဒီတော့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ ကောင်းကင်နတ်မင်းတွေ ခေါင်းကိုက်အောင် ထားခဲ့တာ အကောင်းဆုံးပဲ.... နတ်ဘုရားစန်းယဲ့က ဝူဝမ်မြို့ကို စောင့်ရှောက်ပေးထားဖို့ မှာခဲ့တယ်မဟုတ်လား... လာ အဲဒီကို သွားကြစို့”

ချင်မူ ခေါင်းညိတ်လိုက်သည်။ အားလုံး ရယ်ရယ်မောမော စကားတပြောပြောဖြင့် ထွက်သွားကြ၏။ ချင်မူမှာလည်း သွေးစို့နေသော သူ့တင်ပါးများအား မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြီး မျက်ကန်း၊ ရွှေအ၊ ထော့ကျိုးတို့ဖြင့် စစနောက်နောက် ကစားနေတော့သည်။

အစိမ်းရောင်နွားသိုးကြီးက နဂါးချီလင်၏ ပုပုကွကွ ခြေတိုတိုများကို မြင်လျှင် မျက်လုံးများ အရောင်တောက်သွားသည်။ သူက လူသားတစ်ယောက်ကဲ့သို့ နောက်ခြေနှစ်ချောင်းပေါ် မတ်တပ်ရပ်လျက် လျှောက်လာကာ နဂါးချီလင်ဘေး ရောက်လာ၏။

နဂါးချီလင်၏မျက်နှာ မည်းမှောင်သွားသော်လည်း စကားတစ်ခွန်းမပြောဘဲ ရှေ့ဆက်လျှောက်နေသည်။

လုံထောင်က အရိုးနဂါးနက်အသွင် ပြောင်းလိုက်ပြီး လေထဲတွင် ပျံဝဲလိုက်ရာ တဂျောက်ဂျောက် မြည်သံများ ထွက်လာသည်။ သူက ဟူလင်းအာဘေးသို့ သွား၍ မြေခွေးလေးကို ခေါင်းပေါ်တင်ကာ စပ်စုလိုက်၏။ “သူတို့နှစ်ယောက် ရန်ငြိုးရှိတာလား”

“ရန်ငြိုးတင် ဘယ်ကမလဲ... အဲဒါ အခိုးခံလိုက်ရတဲ့ မိန်းမအတွက် အမုန်းပဲ” ဟူလင်းအာ တိုးတိုးလေး ပြောလိုက်သည်။

သူမက နဂါးချီလင်နှင့် နွားသိုးစိမ်းကြီးကြားရှိ အမုန်းရန်ငြိုးက ချင်မူ နန်းတွင်းကောလိပ်သို့ ဝင်ခဲ့သည့်အချိန်၌ စတင်ခဲ့ကြောင်း လုံးစေ့ပတ်စေ့ ပြောနေသည်။ နွားသိုးစိမ်းကြီးသည် နှာဘူးကျပြီး နဂါးချီလင်ကို အမ,ကြီး ထင်ခဲ့၏။ တောင်တံခါးဝမှ ဖြတ်သွားတိုင်း ပန်းများ၊ မြက်များ ပေးကာ နဂါးချီလင်ကို ပိုးပန်းခဲ့ရာ နဂါးချီလင်မှာ စော်ကားနေသလို ခံစားခဲ့ရသည်။

သို့သော်လည်း နဂါးချီလင်မှာ ပါ့ရှန်ကို အနိုင်မယူနိုင်၍ အောင့်အည်းသည်းခံပြီးနောက် ချင်မူ့အား မလိမ့်တပတ် လုပ်ကာ နွားသိုးစိမ်းကြီးကို မေ့ဆေးခပ်စေခဲ့၏။ ချင်မူ့မေ့ဆေးအစွမ်းကြောင့် ကျောင်းသားအိမ်ရာတစ်ခုလုံး မေ့ကုန်ကြ၍ သင်ကြားရေးခန်းမ၏ နန်းတွင်းသမားတော်များ ကြားသိသွားသောအခါ အတော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့လေသည်။

ထိုအချိန်မှ နွားသိုးစိမ်းကြီးမှာ နဂါးချီလင်က အထီးကြီးဖြစ်နေမှန်း သိသွားခဲ့၍ နွားမလေးများနှင့်ပင် မပျော်ပါးနိုင်ဘဲ အတန်ကြာ အသည်းကွဲနေခဲ့သည်။

ဆန်းကြယ်သားရဲနှစ်ကောင်၏ ရန်ငြိုးအစကား ဤသို့ဖြစ်လေ၏။

“နွားသိုးစိမ်းကြီးက နဂါးချီလင်ကို အမ,ကြီးထင်ပေမယ့် အထီးကြီး ဖြစ်နေတော့ မိန်းမအခိုးခံလိုက်ရသလို ဖြစ်မသွားဘူးလား”

အရိုးနဂါးနက်မှာ တဂျောက်ဂျောက် တုန်ရီသွားပြီး တအံ့တဩ ပြောလိုက်မိသည်။ “အဲဒီလိုအတိတ်မျိုး ရှိခဲ့တယ်လား”

နဂါးချီလင်က တည်ငြိမ်‌အေးဆေးနေပုံရသော်လည်း နားရွက်များ လှုပ်နေ၏။

နွားသိုးစိမ်းကြီးက သရော်တော်တော် ပြောလိုက်သည်။ ”ဘာအတွက် နားရွက်တွေ လှုပ်နေတာလဲ... သောက်ဖက်တီးကြီး၊ ပိန်တုန်းကတော့ အမကြီးနဲ့ တူတယ်... အခုမှ ဘာလို့ ဒီလောက်ဝပြဲလာတာလဲ... ခြေထောက်နဲ့ လျှောက်နေတာလား... ဗိုက်ကြီးနဲ့ လှိမ့်သွားနေတာလားတောင် မကွဲတော့ဘူး... ငါ့ကို ကြည့်စမ်း”

သူက လက်မောင်းကွေး၍ ကြွက်သားများ ညှစ်ထုတ်ပြလိုက်သည်။ “ဒါက ကြွက်သားလို့ခေါ်တယ်... မင်းမှာ ရှိလား.... ဘယ်ရှိမလဲ ... မင်းမှာက အဆီတွေပဲ တစ်နေတာ... ငါ့လို ဗလထွက်လာမှ တိုက်ခိုက်တဲ့အချိန်ကျရင် ရဲစွမ်းသတ္တိအပြည့်နဲ့ အင်အားကြီးတဲ့ ပုံစံပေါက်တာ ... ငါ့လက်သီးတစ်ချက် ထိုးလိုက်တိုင်း ကြွက်သားအားလုံး လှုပ်ရှားရတယ်... အဲဒါကြောင့် ငါ့လက်သီးချက်တိုင်းက သိပ်အားကောင်းပြင်းထန်တယ်ကွ”

နဂါးချီလင်က မျက်လုံးများမှေးကျဉ်း၍ နှစ်ပေကျယ်ဝန်းသော ချီလင်ပုတီးစေ့တစ်လုံး ထွေးထုတ်လိုက်သည်။ ပုတီးစေ့က လေလယ်တွင် အလျှံတညီးညီး တောက်ပလျက် ပတ်ဝန်းကျင်အား လင်းထိန်သွားစေ၏။

နွားသိုးစိမ်းကြီး တုန်လှုပ်သွားပြီး လေးဖက်ပြန်ထောက်၍ အမြီးကုပ်ကာ ထွက်ပြေးသွားသည်။ သူက ပါ့ရှန်ဘေး၌ သွားပုန်းနေ၏။

နဂါးချီလင်က ပါးစပ်ဟပြီး ချီလင်ပုတီးစေ့အား ပြန်ခေါ်ကာ သရော်လိုက်သည်။ “အဆီဟုတ်လား.... ဒီလောက်ကြီးတဲ့ ချီလင်ပုတီးစေ့ကို ဖွဲ့တည်ဖို့ ဘယ်လောက်ကြိုးကြိုးစားစား အားထုတ်ရလဲ မင်းသိလား”

ဟူလင်းအာ ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ “ဖက်တီးနဂါး၊ နည်းနည်းလောက် သာသွားရင် တော်ပြီပေါ့... ဘယ်အချိန်ရပ်သင့်လဲ သိဦး... နင်တို့နှစ်ယောက် တကယ်တိုက်ခိုက်ရင် အဲဒီနွားကို နင်မနိုင်လောက်ဘူးနော်... နင် စားခဲ့တဲ့ ဆေးလုံးအရေအတွက်က သူ ပါ့ရှန်နှင့်အတူ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအရေအတွက်ထက်တောင် နည်းသေးတယ်.... ဂရုစိုက်... မဟုတ်ရင် နင် အပေါ်ယံ ဟန်လုပ်နေတာ သိသွားလိမ့်မယ်”

နဂါးချီလင် ထိတ်ပျာသွားသည်။ နွားကြီးက ပါ့ရှန်လို သိုင်းအရူးတစ်ယောက်ဖြစ်ကြောင်း သူ သိ၏။ သူ့ပြေးနှုန်းက သူ့ထက် မြန်သလို၊ သက်လုံလည်း ပိုကောင်းသည်။ ထို့ကြောင့် နှစ်ယောက် အမှန်တကယ် တိုက်ခိုက်ပါက သူ့အနေဖြင့် ယှဉ်နိုင်မည်မဟုတ်ပေ။

‘ငါ ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ကို ပိုကျင့်ဖို့ လိုတယ်... ဒီနွားကြီး ငါ မယှဉ်နိုင်တာ သိသွားရင် သေချာပေါက် ငါ့ လာဆော်မှာပဲ’

သူက ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ကို ထုတ်လွှတ်ကာ ကြိုးကြိုးစားစား ‌လေ့ကျင့်နေသည်။ ချင်မူမှာ ဤအခြင်းအရာကို မြင်လျှင် အလွန်ဝမ်းသာသွား၏။ သူက ပြုံးလျက် ပြောလိုက်သည်။ “ဖက်တီးနဂါးအတွက် စိတ်ပူစရာမလိုတော့ဘူး... သူ့ဘာသာသူ ဘယ်လိုသိုင်းကျင့်ရမလဲ သိသွားပြီ... ဟုတ်သား နွားနွားနှစ်”

နွားသိုးကြီးက အလျင်အမြန် ပြေးချလာပြီး ပြုံးလျက် ပြောသည်။ “သခင်လေး မေ့သွားပြီလား... ငါက နွားနွားသုံးလေ... လင်းအာက အစ်မကြီးတစ်၊ ဖက်တီးက ဝက်နဂါးနှစ် ၊ ငါက သုံးပါ... ဒါပေမဲ့ မကြာခင် ငါ နဂါးချီလင်ကို ရှင်းပြီး နံပါတ်နှစ် ဖြစ်လာတော့မယ်”

ချင်မူ ပြုံးလိုက်မိသည်။ “မင်းမှာလည်း နဂါးစိမ်းသွေးပါတယ် မဟုတ်လား... ငါ ဟိုတလောက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ထက် ပိုလို့တောင် သန်မာအားကောင်းတဲ့ ကျင့်စဉ်တစ်ခု ရခဲ့တယ်... ငါ့တစ်ဘဝလုံး တွေ့ခဲ့ဖူးသမျှထဲမှာတော့ နံပါတ်တစ်ပဲ... မင်းကလည်း နဂါးသွေးပါတော့ ငါ မင်းကို သင်ပေးမယ်”

နွားသိုးစိမ်းကြီးမှာ ဝမ်းသာသွားပြီး ရင်ထဲထိသွား၏။ “သခင်လေးက နွားနွားအပေါ် သိပ်ကောင်းရှာတယ်... နွားနွားမှာ ပြန်ပေးစရာမရှိဘူး... သခင်လေးရဲ့ ကျေးဇူးကို နွားနွား အသက်နဲ့ပဲ ပြန်ပေးနိုင်ပါတယ်”

“မင်းက ရွှေနန်းတော်မှာ ငါ့အသက်ကို ကယ်ပေးခဲ့တယ်လေ... အဲဒီအတွက် မင်းကို ကျေးဇူးတင်ရဦးမှာပါ... ဒီကိစ္စလေးက ဘာမှမဟုတ်ပါဘူး” ချင်မူ ပြုံးလျက် ပြောလိုက်သည်။

သူ ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ်ကို ရှင်းပြလိုက်သည့်အခါ နွားသိုးစိမ်းကြီးသာမက သားသတ်သမား၊ အဘွားစစ်၊ မျက်ကန်းနှင့် ကျန်ရှိသူများပင် မိန်းမောနစ်မျောသွားကြ၏။

“ထူးကဲလိုက်တဲ့ ကျင့်စဉ်” သားသတ်သမားက ယိုင်နဲ့စွာ သက်ပြင်းချပြီး အလေးအနက် ပြောလိုက်သည်။ “တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ ကျင့်စဉ်ကောင်းတစ်ခုပဲ... မူအာ၊ ဒါက ကောင်းကင်နတ်ဘုံရဲ့ နတ်ကောင်းကင်ခန်းမအထိ ပို့ပေးပြီး ဧကရာဇ်ပလ္လင်အပေါ် တင်ပေးနိုင်တဲ့ ကျင့်စဉ်ဖြစ်လောက်တယ် ဟုတ်တယ်မလား”

နဂါးချီလင်မှာ ရောက်ရှိလာတော့မည့် အန္တရာယ်ကို ခံစားလိုက်ရ၍ တစ်ယောက်တည်း ကြိတ်ဆဲနေသည်။ “ဒီသောက်နွားသာ ရှေးဟောင်းနဂါးလျှို့ဝှက်ကျင့်စဉ် ကျင့်လိုက်လို့ကတော့ ဘယ်လောက်တောင် အင်အားကြီးသွားလိုက်မလဲ... ငါ့ကို သေတဲ့အထိ ရိုက်နိုင်မှာမဟုတ်ဘူးလား... မဖြစ်ဘူး... မဖြစ်ဘူး... သိုင်းကျင့်ရမယ်... ရေဓာတ်အားဖြည့်ဆေးလုံးတွေ အများကြီး စားရမယ်”

All Chapters