သင်္ဂြိုလ်စရိတ်
Vol. 115 Ch. 1599
မြစ်ဖြူဘုရင်သည် အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားသော သူ၏မြို့၊ မြေပြင်ပေါ်တွင် သေဆုံးနေကြသော သူရင်းနှီးသည့်သူများနှင့် သွေးချင်းချင်းနီနေသော မြို့ရင်ပြင်ကို ကြည့်ကာ မျက်နှာရှုံ့တွသွား၏။ သူ့ခန္ဓာကိုယ်မှလည်း အားကောင်းသော သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ ထို့နောက် သူ အော်ပြောလိုက်လေသည်။
“ကျန်းရီ... ကျန်းရီ... ကျန်းရီ...”
အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ အော်သံက မည်မျှစွမ်းအားကြီးပါသနည်း။
အသံလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ပြန့်ထွက်သွားပြီး လူများစွာ၏ နားစည်များကို ကွဲသွားစေကာ သွေးများထွက်လာစေသည်။ ‘ကျန်းရီ’ဟူသော စကားနှစ်လုံးက မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ မြို့ထဲရှိ ငိုနေသော ကလေးများပင် အသံတစ်ချက် မထွက်ရဲကြတော့ချေ။
“ခမည်းတော်...”
ပိုင်မျိုးနွယ်မှ သခင်လေးနှစ်ယောက်က သူတို့၏အဖေကို အော်ခေါ်၍ ဒူးထောက်လိုက်ကြ၏။ တစ်ယောက်က ငိုယိုကာ ပြောသည်။
“ခမည်းတော်... ကျန်းရီကို မြန်မြန်သတ်လိုက်ပါ။ အဲ့လူယုတ်မာက အစ်ကိုတော်နဲ့ သားတော်တို့ရဲ့ မျိုးနွယ်ဝင်တွေအများကြီးကို သတ်ပစ်ခဲ့တယ်”
ဝှစ်...ဝှစ်...
အကြီးအကဲများလည်း အရှေ့သို့ ပျံသန်းသွားပြီး မြစ်ဖြူဘုရင်၏အရှေ့တွင် ဒူးထောက်လိုက်ကြသည်။ ချီချင်ချန်လည်း ချက်ချင်းပျံသန်းလာပြီး ကျန်းရီဘေးတွင် ရပ်ကာ တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲရန် အသင့်ပြင်ထားလိုက်သည်။ သို့သော် ကျန်းရီက မည်သို့မှ မလှုပ်ရှားဘဲ မျက်နှာသေဖြင့်သာ ရပ်နေသည်။ သူ့လက်ထဲတွင်မူ ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်များ ရှိနေသေးသည်။ ထို့ကြောင့် ပတ်ဝန်းကျင်အပူချိန်က တိုးလာနေပေသည်။
မြစ်ဖြူဘုရင်သည် အကြိမ်အနည်းငယ် ထပ်အော်လိုက်ပြီးမှ ကျန်းရီကို စူးစူးဝါးဝါးကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
“ကျန်းရီ... ဒီနေ့ မင်း ငါ့ကို လက်ခံနိုင်လောက်တဲ့ ရှင်းပြချက်တစ်ခု မပေးရင် ငါ မင်းနဲ့ သေတဲ့အထိ တိုက်မယ်”
“အာ...”
အားလုံး မှင်တက်သွားကြ၏။ မြစ်ဖြူဘုရင်က ချက်ချင်း မတိုက်ခိုက်သည်လော။ သူက ရှင်းပြချက်ကိုပင် နားထောင်လိုနေသည်လော။ ရှင်းပြစရာ ဘာရှိသေးသနည်း။ သူ ကျန်းရီကို ချက်ချင်းတိုက်ခိုက်၍ သတ်ပစ်လိုက်သင့်သည် မဟုတ်လော။ အဘယ်ကြောင့် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားသုံးယောက်က ကျန်းရီကို ကြောက်နေရသနည်း။ သူတို့က ကျန်းရီကို အလွယ်တကူ ဖိနှိပ်လိုက်နိုင်သည် မဟုတ်လော။
“ဟားဟား...”
ကျန်းရီ ရယ်လိုက်ပြီး စကားကို တစ်လုံးချင်း ပြောလိုက်၏။
“ရှင်းပြချက်လား။ မြစ်ဖြူဘုရင်... ခင်ဗျား ကျွန်တော့်ကို ရှင်းပြချက်မပေးရင် ကျွန်တော် ခင်ဗျားနဲ့ သေတဲ့အထိ တိုက်မှာ။ ခင်ဗျားရဲ့ သားလိမ္မာလေးတစ်ယောက်က အရပ်သူတစ်ယောက်ကို အဓမ္မကျင့်ခဲ့ရုံတင်မကဘူး ကျွန်တော် သူ့ကို လာပြောတော့ သူက ကျွန်တော့်ကို အကြိမ်ကြိမ် လှည့်စားဖို့ ကြိုးစားခဲ့သေးတယ်။ ကျွန်တော့်ရဲ့မိတ်ဆွေက ခင်ဗျားတို့မျိုးနွယ်ဝင်တွေရဲ့ လက်ထဲမှာ ရှိနေတယ်။ တကယ်လို့ ခင်ဗျားသာ နည်းနည်းနောက်ကျသွားရင် ခင်ဗျားရဲ့ မြစ်ဖြူမြို့က တကယ်ပဲ မြို့သေတစ်ခု ဖြစ်သွားမှာ”
“အန်...”
မြစ်ဖြူဘုရင်၏ မျက်ဝန်းများ အေးစက်သွား၏။ အကြီးအကဲတစ်ယောက်၏ ဖမ်းချုပ်မှုကို ခံထားသော ဆန်းကြယ်ဧကရာဇ်၏ဇနီးကို သူ ဒေါသတကြီး လှမ်းကြည့်လိုက်သည်။ သူ မျက်နှာပျက်သွားပြီး သူ့အရှေ့တွင် ဒူးထောက်နေသော သူ၏သားတော်နှစ်ယောက်ကို အေးစက်စက်မေးလိုက်သည်။
“ဘာဖြစ်ခဲ့တာလဲ... အဲ့မိန်းမနဲ့ ပတ်သတ်ပြီး ဘာတွေဖြစ်ခဲ့တာလဲ”
“ခမည်းတော်...”
ပိုင်မျိုးနွယ် သခင်လေးတစ်ယောက်က ရှင်းပြ၏။
“အဲ့မိန်းမနဲ့ သူ့ယောက်ျားက သူတော်စင်တစ်သောင်းဘုံမှာ သားတော်တို့ရဲ့ မျိုးနွယ်ဝင်တွေကို သတ်ခဲ့တာပါ။ အဲ့ဒါကြောင့် အစ်ကိုတော်က သူတို့ကိုဖမ်းခဲ့တာပါ။ ကျန်းရီက အကျိုးအကြောင်းကို မကြည့်ဘဲ၊ အစ်ကိုတော်ရှင်းပြတာကို နားမထောင်ဘဲ အစ်ကိုတော်ကို သတ်ခဲ့တာပါ။ ခမည်းတော်... ခမည်းတော် အစ်ကိုတော်အတွက် လက်စားချေပေးရပါမယ်”
ဝုန်း...
မြစ်ဖြူဘုရင်သည် လက်ဝါးမြှောက်၍ သူ၏သားတော်ကို ရိုက်ထုတ်လိုက်၏။ သူ့သားတော် ပေထောင်ကျော် လွင့်ထွက်သွားပြီး သတိလစ်သွားသည်။ ထိုနေရာရှိ လူအားလုံး ဆွံ့အသွားကြ၏။ မြစ်ဖြူဘုရင်က ရူးသွားခြင်းလော။ သူက ကျန်းရီကို မသတ်သည့်အပြင် သူ၏သားကိုပါ ရိုက်နေသည်လော။
“သုံးစားမရတဲ့ကောင်တွေ”
မြစ်ဖြူဘုရင် ကြိမ်းမောင်းလိုက်၏။ ထို့နောက် သူသည် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ကျန်းရီကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“ကျန်းရီ... ငါ့သားက မင်းရဲ့မိတ်ဆွေကို ဖမ်းခဲ့ရင်တောင် မင်း ဒီလောက်ထိ ရက်စက်ဖို့ မလိုဘူးမလား”
ကျန်းရီ ခပ်သဲ့သဲ့ပြုံး၍ ပခုံးတွန့်ကာ ပြန်ပြောလိုက်၏။
“ကျွန်တော် ခင်ဗျားကို ရှင်းပြမနေနိုင်ဘူး။ ဘာဖြစ်ခဲ့တာလဲဆိုတာ ခင်ဗျားရဲ့ မျိုးနွယ်ဝင်တွေကိုပဲ မေးကြည့်လိုက်ပါ။ ခင်ဗျားရဲ့မျိုးနွယ်ဝင်တွေက ကိုယ့်သေလမ်းကိုယ်ရှာမနေရင် ကျွန်တော် သူတို့ကို တိုက်ခိုက်ခဲ့မှာ မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားကို မေးမယ်... ဒီနေ့ ခင်ဗျား အဲ့အမျိုးသမီးကို လွှတ်ပေးမှာလား။ မလွှတ်ပေးရင်တော့ ခင်ဗျား အကျိုးဆက်တွေကို ခံရလိမ့်မယ်”
ရှူး...ရှူး...
လူများစွာ၏ ပင့်သက်ရှိုက်လိုက်သံများက ကြားလိုက်ရ၏။ တစ်ခုခု မှားနေပေပြီ။ ကျန်းရီက အထက်စီးမှ ပြောနေပြီး သူတို့၏အရှင်က အတန်ငယ် ရွံ့နေပုံ ပေါ်သည်။ ပုံမှန်ဆိုလျှင် မြစ်ဖြူဘုရင်၏ အကျင့်စရိုက်က ထိုသို့မဟုတ်ပါပေ။
ထို့ကြောင့် ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။ ပျံ့နှံ့နေသော ကောလာဟလများက ကောလာဟလများ မဟုတ်ပေ။ ကျန်းရီက အမှန်ပင် ကောင်းကင်ဘုရင်ယိုကို သတ်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများကို သတ်ဖြတ်နိုင်မည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကလည်း သူ့ကို ကာကွယ်ပေးနေသည်။
မြစ်ဖြူဘုရင် နှုတ်ဆိတ်သွားပြီး မျက်လုံးများ အဆက်မပြတ် အရောင်တောက်လာ၏။ သူက အကျိုး၊ အပြစ်များကို တွက်ချက်၍ ထိုကိစ္စကို အဆုံးသတ်လိုက်သင့်၊ မလိုက်သင့် တွေးတောနေပုံပင်။ များစွာမမေးဘဲနှင့်ပင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ကြောင်းကို သူ အနည်းနှင့်အများဆိုသလို ခန့်မှန်းနိုင်ပေသည်။
မြစ်ဖြူဘုရင်ဘေးတွင် ရပ်နေကြသော ကောင်းကင်ကန္တာရဘုရင်နှင့် ခြင်္သေ့ဝါဘုရင်တို့သည်လည်း ကြားမှဝင်မပါဘဲ နှုတ်ဆိတ်၍သာ နေကြသည်။ သေသွားခဲ့သူများက ပိုင်မျိုးနွယ်ဝင်များသာ မဟုတ်ပါလား။ သူတို့နှစ်ယောက် လိုက်လာခဲ့ခြင်းမှာ မြစ်ဖြူဘုရင်နှင့် မျက်နှပျက်စရာ မဖြစ်ရန်သာ။ သို့သော် သူတို့သည် သူတို့၏မျိုးနွယ်များဆီသို့ ပြဿနာသယ်ဆောင်သွားမည် မဟုတ်ပေ။
“မလွှတ်ပေးဘူး”
မြစ်ဖြူဘုရင်သည် အတော်ကြာအောင် တွေးတောပြီးနောက် အံကြိတ်၍ ပြောလိုက်၏။
“မင်းက ငါ့ရဲ့သားနဲ့ ငါ့မျိုးနွယ်ဝင်တွေအများကြီးကို သတ်ပစ်ခဲ့တယ်။ ဒီနေ့ မင်း ငါ့ကို အကျိုးအကြောင်းညီတဲ့ ရှင်းပြချက်တစ်ခု မပေးဘူးဆိုရင် ငါ အသက်စွန့်ရမယ်ဆိုရင်တောင် မင်းနဲ့ အဆုံးထိ တိုက်မယ်”
ကျန်းရီနှင့် ချီချင်ချန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့ စိတ်လည်း အေးသွားကြသည်။ မြစ်ဖြူဘုရင် ထိုသို့ပြောခဲ့သည်မှာ ကြောက်နေ၍ဖြစ်ကြောင်း ထင်ရှားသည်။ သူက ကျန်းရီ၏ မီးတောက်များနှင့် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားကို ကြောက်နေခြင်းပင်။ သူ အထက်ပါအတိုင်း ပြောခဲ့ခြင်းမှာမူ ကိစ္စကို နှစ်ဘက်စလုံး မျက်နှာမပျက်ရဘဲ အဆုံးသတ်လို၍သာဖြစ်ပေသည်။ မဟုတ်လျှင် သူ ရှင်းပြချက် တောင်းနေမည် မဟုတ်ဘဲ တိုက်ခိုက်ပြီးနေလောက်ပေပြီ။
“ကျန်းရီ... တရားမလွန်စေနဲ့”
ချီချင်ချန်သည် ပဋိပက္ခများ ဆက်ဖြစ်လာမည်ကို မလိုလားသဖြင့် ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ သူမ၏လက်ကလည်း အလင်းရောင် တောက်ပလာသည်။ ထိုအလင်း တောက်ပလာသောအခါ ငိုယိုရုန်းကန်နေခဲ့သော ရွှမ်ကော်အာ အိပ်ပျော်သွားလေသည်။
ချီချင်ချန်သည် ရွှမ်ကော်အာကို သူမ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်ပြီး လက်ဆုပ်၍ ပြောလိုက်၏။
“မြစ်ဖြူဘုရင်... ဖြစ်ပျက်ခဲ့တာတွေကို ကျွန်မ အစအဆုံး မြင်လိုက်ပါတယ်။ ကျန်းရီက အစကတည်းက စကားနဲ့ပဲ ဖြေရှင်းချင်ခဲ့တာပါ.. မတိုက်ခိုက်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ ပိုင်တိဂူက ခေါင်းမာနေခဲ့ပါတယ်။ ပြောရရင်တော့ ကျန်းရီလည်း မှားတာပါပဲ။ သူက ပိုင်မျိုးနွယ် ဆုံးရှုံးခဲ့ရတာတွေအတွက် ပြန်လျော်ပေးမယ်ဆိုရင်ရော ဘယ်လိုပါလဲ။ အဲ့လိုဆို ဒီကိစ္စကို အဆုံးသတ်လိုက်နိုင်မလား”
“ပြန်လျော်မှာလား”
ပိုင်မျိုးနွယ်ဝင်များ ဒေါသထွက်သွားကြ၏။ သူတို့မျိုးနွယ်ဝင်များစွာ သေဆုံးခဲ့ရခြင်းကို နတ်ဘုရားအမြစ်များ၊ ရတနာများနှင့် လျော်နိုင်မည်လော။ ပိုင်မျိုးနွယ်ဝင် နတ်ဘုရားအမြစ်များ၊ ရတနာများ ရှားပါးနေ၍လော။ ကောင်းကင်ကန္တာရဘုရင်နှင့် ခြင်္သေ့ဝါဘုရင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကိစ္စများက ပြီးဆုံးတော့မည့်ပုံပင်။ ဤကိစ္စကို ဆက်လိုက်နေလျှင်လည်း မည်သူမှ အကျိုးမရှိသည် မဟုတ်လော။
ကောင်းကင်ကန္တာရဘုရင် ဝင်ပြောလိုက်သည်။
“ငြိမ်းချမ်းရေးကို ထိန်းသိမ်းတာက ကျန်တဲ့အရာအားလုံးထက် အရေးကြီးပါတယ်။ လောင်ပိုင်... ကျုပ်ရဲ့မျက်နှာကိုထောက်ပြီး ဒီကိစ္စကို အဆုံးသတ်လိုက်ပါတော့။ တိုက်ခိုက်သတ်ဖြတ်ရတာက ဘယ်တော့မှ မကောင်းဘူးမလား။ အခု လျော်ကြေးအကြောင်း ပြောနေကြပြီဆိုတော့... ကျန်းရီ မင်းရဲ့ကမ်းလှမ်းချက်ကို ပြောကြည့်ပါ”
ခြင်္သေ့ဝါဘုရင်လည်း ခေါင်းညိတ်ကာ ကျန်းရီကို ကြည့်၍ ပြောလိုက်သည်။
“ကျန်းရီ... သင့်တော်မဲ့ဟာကို ကမ်းလှမ်းနော်။ ဟုတ်သား... မင်းမှာ လှံတစ်လက်ရှိတယ်မဟုတ်လား။ မင်းသာ အဲ့ဒါကို ပေးမယ်ဆိုရင် လောင်ပိုင်က ကျေနပ်လောက်မှာပါ”
“လှံလား”
ကျန်းရီ မျက်ခုံးပင့်လိုက်၏။ ခြင်္သေ့ဝါဘုရင်က သူ့အား ကောင်းကင်ဘုရင်ယို၏ လှံကို ကမ်းလှမ်းစေလိုနေခြင်းလော။ ၎င်းက ရှေးဦးဝိညာဉ်ရတနာတစ်ခုပင်။ တန်ဖိုးလည်း အလွန်ကြီးသည်။
ကျန်းရီ ရယ်လိုက်ပြီး လှံတစ်ဒါဇင် ထုတ်လိုက်၏။ ထို့နောက် သူ အေးစက်စက်ပြုံးကာ ပြောလိုက်လေသည်။
“ကျွန်တော့်မှာ လှံတွေအများကြီးရှိတယ်၊ တိတိကျကျပြောရရင်တော့ ဆယ်လက်ကျော်ရှိတယ်။ ကျွန်တော် ဒီလှံတွေအကုန်လုံးကို ပေးမယ်ဆိုရင်ရော”
“...”
ကောင်းကင်ကန္တာရဘုရင်နှင့် ခြင်္သေ့ဝါဘုရင်တို့ မျက်လုံးပင့်လိုက်ကြ၏။ ကျန်းရီက အလယ်အလတ်အဆင့် နတ်ဘုရားအသုံးအဆောင်များကို ထုတ်လိုက်ခြင်းပင်။ သူ ၎င်းတို့ကို သူတို့အား ပေးမည်ဆိုလျှင်ပင် သူတို့ လိုချင်မည် မဟုတ်ပေ။
မြစ်ဖြူဘုရင်၏ သတ်ဖြတ်အရှိန်အဝါ ပြန်ထွက်လာ၏။ သူ့လက်ထဲတွင်လည်း ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။ ကောင်းကင်ကန္တာရဘုရင်နှင့် ခြင်္သေ့ဝါဘုရင်တို့က သူ့ကို ခပ်သွက်သွက် တားလိုက်ကြပြီး ဒေါသတကြီး ပြောလိုက်၏။
“ကျန်းရီ... မင်း ဒီကိစ္စကို အလေးအနက်မထားသေးရင် ငါတို့ မြစ်ဖြူဘုရင်ကို ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ဘူးနော်”
ဤတစ်ခေါက်တွင် ကျန်းရီ ဆွံ့အသွားသည်။ သူတို့ မြစ်ဖြူဘုရင်ကို မတားနိုင်လျှင် မတားဘဲနေလိုက်ရုံသာ။ မည်သူက သူတို့ကို ဝင်ပါခိုင်းနေပါသနည်း။
ချီချင်ချန် ကျန်းရီကို မျက်နှာရိပ်မျက်နှာကဲဖြင့် ကြည့်လိုက်၏။ ထို့ကြောင့် ကျန်းရီ သက်ပြင်းချကာ ပြောလိုက်ရတော့သည်။
“ကျွန်တော်က အနိမ့်ဘုံက တက်လှမ်းလာခဲ့တဲ့သူတစ်ယောက်ပဲ။ ကျွန်တော့်မှာ ဘာရတနာတွေများ ရှိနိုင်မှာမို့လို့လဲ။ ကျွန်တော့်မှာ နတ်ဘုရားအမြစ်တွေလည်း အများကြီး မရှိဘူး။ ဒီလိုလုပ်ပါလား။ ဒီတစ်ခေါက် ကျွန်တော် မှားခဲ့တယ်ဆိုတာ ဝန်ခံတယ်.. ကျွန်တော် သင်္ဂြိုလ်စရိတ်အနေနဲ့ နတ်ဘုရားအမြစ်သုံးသောင်းပေးမယ်”
“ဖူး...”
ဒဏ်ရာရထားသော သိုင်းသမားများစွာသည် ဒေါသထွက်လွန်းသဖြင့် သွေးပင်အန်သွားကြ၏။ လူများစွာ သေခဲ့ရသော်လည်း ကျန်းရီက အလယ်အလတ်အဆင့် နတ်ဘုရားအသုံးအဆောင်များနှင့် နတ်ဘုရားအမြစ်သုံးသောင်းသာ အလျော်ပေးမည်လော။ သူက ပိုင်မျိုးနွယ်ကို သူတောင်းစားမျိုးနွယ်ဟု ထင်နေသလော။
“ငါ မင်းကိုသတ်မယ်၊ မင်းကိုသတ်မယ်”
မြစ်ဖြူဘုရင် အော်ပြောလိုက်ပြီး အရှေ့သို့ ပျံထွက်ရန် လုပ်လိုက်၏။ သို့သော် ခြင်္သေ့ဝါဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့က သူ့ကို အသည်းအသန် ဆွဲထားလိုက်ကြသည်။ ချီချင်ချန်သည် အဖြစ်အပျက်များကို ကြည့်ရင်း ဇောချွေးများ ပြန်လာ၏။ သူတို့၏ သရုပ်ဆောင်ပုံက အမှန်ပင် မဆိုးချေ။
ချီချင်ချန် လက်ဝှေ့ယမ်းကာ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“ကျန်းရီ... ပေါက်ကရတွေ လုပ်မနေနဲ့တော့။ ရွှမ်ယဲ့ရဲ့ဇနီးက သေလုမြောပါး ဖြစ်နေပြီ။ ဒီကိစ္စကို မြန်မြန်ဖြတ်ပြီး မိစ္ဆာချေဖျက်တောင်ကြားကို ပြန်ကြတာပေါ့”
ကျန်းရီ မျက်နှာတည်သွားသည်။ မြစ်ဖြူဘုရင်က သူမျက်နှာမပျက်ရစေရန် ဂယ်ပေါက်တစ်ခု လိုချင်ခြင်းပင်။ ကျန်းရီသာ ထိုဂယ်ပေါက်ကို ဖွင့်မပေးလျှင် ဤကိစ္စက အဆုံးသတ်လှလိမ့်မည် မဟုတ်ချေ။ သို့သော် သူ ရှေးဦးဝိညာဉ်ရတနာကိုတော့ မပေးနိုင်ပေ။ နတ်ဘုရားအမြစ်များမှာလည်း သူ ကြိုးစားပမ်းစား ရှာဖွေထားရသည့်အရာများပင်။ ထို့ကြောင့် ၎င်းတို့ကို ပိုင်မျိုးနွယ်အား ပြန်မပေးလိုချေ။
ကျန်းရီသည် ထိုကိစ္စကို အတော်ကြာ တွေးတောလိုက်ပြီးနောက် ဓားမြှောင်တစ်ချောင်း ထုတ်လိုက်၏။ သူ့ကိုယ်ပေါ်မှ ကျောက်စိမ်းဖြူ စစ်ချပ်ဝတ်လည်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် ဓားမြှောင်ဖြင့် သူ့ကိုယ်သူ အကြိမ်အနည်းငယ် ထိုးလိုက်လေသည်။ ချက်ချင်းပင် သွေးများစီးကျလာသည်။ သို့သော် ကျန်းရီ၏ မျက်နှာထားက အနည်းငယ်မှ ပြောင်းလဲမသွားပေ။
ကျန်းရီ မြစ်ဖြူဘုရင်ကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ ပြောလိုက်သည်။
“မြစ်ဖြူဘုရင်... ခင်ဗျားရဲ့မျိုးနွယ်ဝင်တွေ ဘယ်နှစ်ယောက် သေသွားလဲဆိုတာ ရေတွက်လိုက်ပါ။ အဲ့အရေအတွက်အတိုင်း ကျွန်တော့်ကိုယ်ကျွန်တော် ဓားနဲ့ထိုးပါမယ်။ အဲ့လိုဆို ကျေနပ်ပြီလား”