မိစ္ဆာသတ်ဖြတ်ပုလဲ
Vol. 115 Ch. 1600
“သေသွားတဲ့ မျိုးနွယ်ဝင် အရေအတွက်အတိုင်း မင်းကိုယ်မင်း ဓားနဲ့ထိုးမှာလား”
လူများစွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကိစ္စများက မည်သို့အဆုံးသတ်သွားမည်ကို သူတို့ မသေချာတော့ပေ။ ဤတစ်ခေါက်တွင် အနည်းဆုံး လူထောင်ကျော် သေဆုံးခဲ့သည်။ ကျန်းရီကို သူ့ကိုယ်သူ အကြိမ်ထောင်ကျော် ဓားနှင့်ထိုးမည်လော။
“အာ...”
ချီချင်ချန်သည် ကျန်းရီ၏ခန္ဓာကိုယ်မှ စီးကျလာသော သွေးများကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူမ ဆက်မကြည့်နိုင်တော့ပေ။ သူမအတွက် ဒဏ်ရာရခြင်းမှာ အသေးအဖွဲသာ။ သူမသည် လူများစွာ သေဆုံးသည်ကိုပင် မြင်ခဲ့ဖူးပြီဖြစ်သည်။ သို့သော် မိမိကိုယ်ကိုယ် ရက်ရက်စက်စက် ပြုမူခြင်းကိုတော့ သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ထို့ပြင် ထိုသို့လုပ်နေသူက သူမ အတော်လေး သဘောကျမိသော ယောက်ျားတစ်ယောက် ဖြစ်နေပေသည်။
စွက်...စွက်...
ကျန်းရီသည် စကားပြောပြီးသည်နှင့် ဓားမြှောင်ဖြင့် သူ၏ဝမ်းဗိုက်၊ ပေါင်နှစ်ဘက်၊ ပခုံးနှစ်ဘက်နှင့် ရင်ဘတ်တို့ကို ဆက်ထိုးလိုက်၏။ သွေးများက အဆက်မပြတ် စီးကျလာသည်။ ထိုးချက်တိုင်းက နက်သည်။ မိမိကိုယ်ကိုယ် ထိုးခြင်းဖြစ်သော်လည်း မညှာကြောင်း ထင်ရှားသည်။ တစ်ချက်ထိုးလိုက်တိုင်း တစ်ခါသွေးပန်းထွက်လာသည်။ ထိုမြင်ကွင်းမှာ အလွန်ထိတ်လန့်ဖွယ်ပင်။
ငါးချက်၊ ဆယ်ချက်... အချက်နှစ်ဆယ်...
ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ဓားထိုးသံမှလွဲ၍ အခြားအသံတစ်သံမှ ရှိမနေပေ။ လူအားလုံး၏ မျက်ဝန်းများထဲတွင်လည်း ကြောက်ရွံ့မှုများ၊ အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။
ထိုနေရာရှိ လူများစွာသည် ဒူပေနာပေကျပြီးသော သိုင်းသမားများပင်။ သူတို့သည် မရေမတွက်နိုင်သော လူများကိုလည်း သတ်ခဲ့ဖူးသည်။ သို့သော် ယခုတွင်မူ သူတို့ ကျန်းရီကို ကြောက်ရွံ့နေပေပြီ။ ထိုသို့ ကြောက်ရွံ့မိခြင်းမှာ ကျန်းရီ၏ အင်အားနှင့် ကျောထောက်နောက်ခံကြောင့် သို့မဟုတ် မြစ်ဖြူဘုရင်ကပင် ကျန်းရီကို ရွံ့နေခြင်းကြောင့် သို့မဟုတ် ကျန်းရီ၏ မျက်နှာထားက ရေခဲတမျှ အေးစက်နေခြင်းဖြစ်ကြောင့် ဖြစ်နိုင်သည်။ တဖြည်းဖြည်းဖြင့် လူများစွာ၏ မျက်နှာများ ဖြူဖျော့လာကြပေသည်။
ချီချင်ချန် ခေါင်းကို တစ်ဘက်လှည့်လိုက်၏။ ခြင်္သေ့ဝါဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့လည်း အကြည့်လွှဲလိုက်ကြသည်။ မြစ်ဖြူဘုရင်သာ ကျန်းရီနှင့် မျက်လုံးချင်းစုံ၍ ကြည့်နေသည်။ သူသည် ကျန်းရီ၏ ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများကို ကြည့်ရင်း ကြက်သီးမွေးညင်းများပင် ထသွားသည်။
လူထောင်ကျော် သေဆုံးခဲ့သည်။ ကျန်းရီက အမှန်ပင် သူ့ကိုယ်သူ ဓားဖြင့် အချက်ထောင်ကျော် ထိုးမည်ဆိုလျှင် သေမည်၊ မသေမည်ကို အတပ်မပြောနိုင်ပေ။ သူ သေသွားမည်ဆိုလျှင် မြစ်ဖြူဘုရင် သေချာပေါက် ကျေနပ်ပေလိမ့်မည်။
သို့သော် ပြဿနာမှာ...
မြစ်ဖြူဘုရင်က ကျန်းရီအား သူ့ကိုယ်သူ အကြိမ်များစွာ ဓားဖြင့်ထိုးခွင့် ပြုဝံ့ပါသလော။ ကျန်းရီ၏အနောက်တွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားရှိသည်။ အကယ်၍ ဤတစ်ခေါက်တွင် ကျန်းရီက မသေဘဲ မြစ်ဖြူဘုရင်အပေါ် အငြိုးထားသွားမည်ဆိုလျှင် နောင်၌ မြစ်ဖြူဘုံက အေးချမ်းနိုင်ပါဦးမည်လော။ ကျန်းရီက တစ်ခေါက်ရောက်လာတိုင်း လူထောင်ကျော်ကိုသတ်ကာ သူ့ကိုယ်သူ ဓားဖြင့် အချက်ထောင်ကျော် ထိုးမည်ဆိုလျှင် လအနည်းငယ်အတွင်း ပိုင်မျိုးနွယ် မျိုးတုံးသွားနိုင်သည် မဟုတ်လော။
“တော်ပြီ...”
ကျန်းရီက သူ့ကိုယ်သူ ဓားဖြင့် အချက်လေးဆယ်ထိုးပြီးနောက်တွင် မြစ်ဖြူဘုရင်က မည်းမှောင်သော မျက်နှာထားဖြင့် အော်ပြောလိုက်၏။ ထို့နောက် သူ ကျန်းရီကိုကြည့်ကာ ပြောလိုက်သည်။
“ကျန်းရီ... ဒီတစ်ခေါက်ကိစ္စကို ငါ ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါ မင်း ပြဿနာလာရှာရဲရင်တော့ ငါ မင်းကို သတ်ပစ်မယ်လို့ ကျိန်တယ်။ ထွက်သွား...”
ဝှစ်...
ချီချင်ချန်သည် ချက်ချင်းပင် ကျန်းရီ၏ကိုယ်ထဲသို့ သူမ၏ကောင်းကင်စွမ်းအား ထည့်သွင်းပေးလိုက်၏။ သူမ ကျန်းရီကို စိုးရိမ်တကြီးဖြင့်ကြည့်၍ မေးလိုက်၏။
“ရှင် အဆင်ပြေရဲ့လား”
“ယောက်ျားဆိုတာ မလုပ်နိုင်တာ မရှိဘူး။ ဒါလေးတွေက အပေါ်ယံဒဏ်ရာလေးတွေပါ။ ကျွန်တော်က အဲ့လောက်မနုပါဘူး”
ကျန်းရီ ပြုံးလိုက်၏။ သူ့နှုတ်ခမ်းစွန်းမှနေ၍ သွေးများစီးကျလာသည်။ သို့သော် သူ သွေးများကို သုတ်မပစ်ဘဲ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“စစ်သူကြီး... ဆန်းကြယ်ဧကရာဇ်ရဲ့ဇနီးကို အရင်သွားကယ်လိုက်ပါ”
ချီချင်ချန် ကျန်းရီကို စိုက်ကြည့်လိုက်ပြီးနောက် ဆန်းကြယ်ဧကရာဇ်၏ဇနီးထံသို့ ပျံသန်းသွားလိုက်သည်။ ဆန်းကြယ်ဧကရာဇ်၏ဇနီးကို ဖမ်းထားသော အကြီးအကဲသည် သူမကို လျင်မြန်စွာ လက်လွဲပေးလိုက်၏။ ချီချင်ချန်သည် ဆန်းကြယ်ဧကရာဇ်၏ဇနီးက ဒဏ်ရာအနည်းငယ်ရထားခြင်းသာဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိလိုက်ရမှ သက်ပြင်းချလိုက်နိုင်၏။ သူမ ဆန်းကြယ်ဧကရာဇ်၏ဇနီးကို ခေတ္တမျှ ကုသပေးပြီးနောက် လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်သည်။ ထို့နောက် ရွှမ်ကော်အာထံ အသံပို့လွှတ်ကာ သူမ၏အမေကို မထိသေးရန် ပြောလိုက်လေသည်။
“ကျန်းရီ... ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ။ ရှင် ဒီပုံစံနဲ့ တည်နေရာပြောင်းရွှေ့နိုင်လား”
ချီချင်ချန်သည် ကျန်းရီထံ ပြန်ပျံသန်းလာပြီး စိုးရိမ်ဟန်ဖြင့် အသံပို့လွှတ်လိုက်၏။
ရွှီး...
ကျန်းရီ၏လက်ထဲတွင် အာကာပြင်စုတ်ဖြဲလက်အိတ် ထွက်ပေါ်လာသည်။ ထို့နောက် သူ အာကာပြင်ကို ချက်ချင်းစုတ်ဖြဲ၍ ပြောလိုက်၏။
“ဝင်ပါ”
ချီချင်ချန်သည် ကျန်းရီ၏ ဆိုလိုရင်းကို နားလည်၏။ ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေသို့ ပြန်သွားကာ ခေတ္တမျှ အားဖြည့်ပြီးမှ မိစ္ဆာချေဖျက်တောင်ကြားသို့ တည်နေရာပြောင်းရွှေ့မည်ဖြစ်သည်။ ချီချင်ချန် အာကာပြင်စုတ်ပြဲရာအတွင်းသို့ ဝင်သွားလိုက်၏။ ကျန်းရီသည် မြစ်ဖြူဘုရင်ကို လှမ်းကြည့်လိုက်ပြီး စုတ်ပြဲရာအတွင်း မဝင်ခင် စကားတစ်ခွန်း ချန်ထားခဲ့သည်။
“အရှင်သုံးယောက်... အခု ကျွန်တော် သွားပါတော့မယ်။ တစ်ရက်ရက်ကျ ပြန်တွေ့ကြသေးတာပေါ့”
ရွှီး...
ကျန်းရီ စုတ်ပြဲရာအတွင်း ဝင်သွားပြီးနောက် စုတ်ပြဲရာက လျင်မြန်စွာ ပြန်ဆက်သွားသည်။ မြစ်ဖြူဘုရင်သည် ကျန်းရီထွက်သွားသည်အထိ စောင့်ပြီးမှ လက်ဝါးချက်အနည်းငယ် ရိုက်ထုတ်လိုက်၏။ အနီးမှ ရဲတိုက်များ အမှုန့်ဖြစ်သွားကြသည်။ မြစ်ဖြူမြို့တစ်ခွင်လုံးတွင် ပေါက်ကွဲသံများ အတော်ကြာအောင် ပဲ့တင်ထပ်သွားပေသည်။
***
“ကျုပ် သူ့ကို သတ်ချင်တယ်၊ ကျုပ် သူ့ကို သတ်ချက်တယ်...အား...”
မြစ်ဖြူဘုရင်သည် ကောင်းကင်ကန္တာရဘုရင်နှင့် ခြင်္သေ့ဝါဘုရင်တို့ကို ဧရာမရဲတိုက်ကြီးတစ်လုံးထဲသို့ ခေါ်သွားလိုက်၏။ ရဲတိုက်ထဲရောက်သောအခါ သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကောင်းကင်ကန္တာရဘုရင်နှင့် ခြင်္သေ့ဝါဘုရင်တို့သည် လေးနက်သော မျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ယခုတွင် ကျန်းရီက အားလုံး၏ ခေါင်းအထက်၌ ဝဲနေသော ဓားတစ်လက်ကဲ့သို့ ဖြစ်နေပေပြီ။ ယနေ့တွင် သူက မြစ်ဖြူမြို့သို့ ရောက်လာကာ သတ်ဖြတ်ခဲ့ရာ နောက်တစ်ရက်တွင် ကောင်းကင်ကန္တာရမြို့နှင့် ခြင်္သေ့ဝါမြို့သို့ ရောက်လာကာ သတ်ဖြတ်နိုင်ပေသည်။ သူသည် သူအလိုရှိသူကို သတ်ဖြတ်နိုင်သည်။ မည်သူကမှ သူ့ကို မတာဝံ့ပေ။
ပိုင်တိဂူ အသတ်ခံခဲ့ရသည်။
ပိုင်မျိုးနွယ်ဝင် အယောက်ထောင်ကျော်လည်း အသတ်ခံခဲ့ရသည်။ ထိုသို့သတ်ဖြတ်ခဲ့သူက ကျန်းရီမဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်နေလျှင် ထိုသူ အကြိမ်ကြိမ် သေပြီးလောက်ပေပြီ။ တရားခံက အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်နေလျှင်ပင် မြစ်ဖြူဘုရင်၊ ကောင်းကင်ကန္တာရဘုရင်နှင့် ခြင်္သေ့ဝါဘုရင်တို့သည် အင်အားပူးပေါင်းကာ ထိုသိုင်းသမားကို သတ်ပစ်ကြမည်ဖြစ်သည်။
သို့သော် ဤတစ်ခေါက်တွင် သူတို့ မည်သို့မှ မလုပ်နိုင်ခဲ့ပေ။ သူတို့ မျက်နှာမပျက်ရစေရန် သရုပ်ဆောင်၍သာ ကျန်းရီကို ပြန်လွှတ်လိုက်ရသည်။ အစောတွင် ကျန်းရီက သူ့ကိုယ်သူ ဓားနှင့်ထိုးနေစဉ်၌ ကျန်းရီ ဒဏ်ရာအပြင်းအထန် ရမသွားစေနှင့်၊ သူတို့အပေါ် အငြိုးမထားပါစေနှင့်ဟုပင် သူတို့ မျှော်လင့်ခဲ့ရသည်။
နာကြဉ်းမှု...
အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားသုံးယောက်သည် ထိုခံစားချက်ကို မွေးကတည်းက မခံစားခဲ့ရဖူးပေ။ ယခုတွင် သူတို့ရင်ထဲ၌ မီးတောက်လောင်နေရာ သူတို့ ထိုမီးကို မည်သို့ငြှိမ်းသက်ရမည်ကို မသိကြချေ။
“ကျုပ် သူ့ကို သတ်နိုင်မဲ့ နည်းလမ်းတစ်ခု ရှာရမယ်”
မြစ်ဖြူဘုရင် ထပ်မံ ရေရွတ်လိုက်၏။ ချော်ရည်မြေရိုင်းမှ ပြန်လာပြီးနောက်တွင် သူ မြစ်ဖြူဘုံသို့ တိုက်ရိုက်ပြန်မလာဘဲ ကောင်းကင်ကန္တာရဘုံ၌ နေနေခဲ့သည်။ ထိုသို့နေနေခြင်းမှာ ကျန်းရီအား မည်သို့သတ်ရမည်ကို ဆွေးနွေးရန်ဖြစ်သည်။ ထိုစဉ်က သူ တုံ့ဆိုင်းနေခဲ့သည်။ ယခုတွင်မူ သူ စိတ်ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ ကျန်းရီကို သတ်ရန် နည်းလမ်းပေါင်းစုံ စဉ်းစားရပေမည်။ မဟုတ်လျှင် ပိုင်မျိုးနွယ်၏ဂုဏ်သတင်းက ထာဝရပျက်သုဉ်းသွားပေလိမ့်မည်။ သူသည်လည်း အထက်ဘုံတွင် မျက်နှာထပ်ပြဝံ့တော့မည် မဟုတ်ချေ။
“အစ်ကိုပိုင်...”
ခြင်္သေ့ဝါဘုရင်သည် မြစ်ဖြူဘုရင်၏ ရေရွတ်သံများကို ကြားသောအခါ စိတ်ပျက်လာပြီး ပြောလိုက်သည်။
“ကိုယ့်ဘာသာ ရေရွတ်မနေပါနဲ့တော့။ လူတိုင်းက ကျန်းရီကို သေစေချင်ကြတာပဲ။ ဒါပေမဲ့ သူ့ကို ဘယ်သူသတ်ရမှာလဲ။ ဘယ်သူက ဟိုမိစ္ဆာမျိုးနွယ်ကို ယှဉ်နိုင်လဲ။ ကျုပ်တို့ ခင်ဗျားရဲ့ ဦးရီးတော်နှစ်ကို အကူအညီတောင်းပြီး မိုးပြာမဟာဧကရာဇ်ကို အထက်ဘုံကို ဆင်းလာဖို့ ဖိတ်ခေါ်ခိုင်းမှနဲ့တူတယ်”
မိုးပြာမဟာဧကရာဇ်မှာ ကောင်းကင်ဘုံ၏ မဟာဧကရာဇ်လေးပါးထဲမှ တစ်ပါးဖြစ်သည်။ ပိုင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က မိုးပြာမဟာဧကရာဇ်၏ အရေးပေးခြင်းကို ခံရသော လက်အောက်ငယ်သားတစ်ယောက် ဖြစ်နေသည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်သာ အထက်ဘုံကို ဆင်းလာမည်ဆိုလျှင် ထိုမိစ္ဆာမျိုးနွယ်ဝင်ကို ကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့သော် မိုးပြာမဟာဧကရာဇ်က ဆင်းလာပါမည်လော။
သေချာပေါက် ဆင်းလာမည် မဟုတ်ချေ။
သို့ဖြစ်ရာ မည်သူကမှ ထိုမိစ္ဆာမျိုးနွယ်ဝင်ကို မယှဉ်နိုင်ပေ။ မည်သူကမှလည်း ကျန်းရီကို မသတ်ဝံ့ပေ။
ခြင်္သေ့ဝါဘုရင်သည် သက်ပြင်းချကာ ပြောလိုက်၏။
“တကယ်တော့ ကျုပ်မှာ အကြံတစ်ခုရှိတယ်။ ဒါပေမဲ့ ကျုပ် ဆုံးရှုံးရမှာတွေက တော်တော်များလိမ့်မယ်...”
“ဘာအကြံလဲ”
မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့၏ မျက်လုံးများ အရောင်လက်သွား၏။ ခြင်္သေ့ဝါဘုရင်က အတန်ငယ် တုံ့ဆိုင်းနေကြောင်း တွေ့သောအခါ မြစ်ဖြူဘုရင်က ချက်ချင်း အော်ပြောလိုက်သည်။
“လောင်ဟွမ်... အခုက ဘယ်လို အခြေအနေလဲ။ ခင်ဗျား ဆုံးရှုံးရမှာတွေကို ကျုပ်တို့က ပြန်ပေးမှာပေါ့။ ခင်ဗျား အကြံကိုသာ မြန်မြန်ပြောစမ်းပါ”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ခြင်္သေ့ဝါဘုရင်၏ လက်စွပ်က လင်းလက်သွားပြီး ပုလဲစိမ်းတစ်လုံး ထွက်ပေါ်လာ၏။ ပုံပန်းသွင်ပြင်နှင့်ပင် ထိုပုလဲက သေချာပေါက် ရတနာတစ်ခုဖြစ်မည်ဖြစ်ကြောင်း သိနိုင်သည်။ ၎င်းပေါ်တွင် နဂါးပုံသဏ္ဌာန်တစ်ခု ခပ်ရေးရေး ပေါ်လာသည်။ ၎င်းအထဲ၌ နဂါးစိမ်းတစ်ကောင် ပိတ်မိနေပုံပင်။ ခြင်္သေ့ဝါဘုရင် ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားတို့ ဒါက ဘာလဲဆိုတာ သိကြလား”
မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့သည် ပုလဲစိမ်းကို စေ့စေ့စပ်စပ်ကြည့်လိုက်ကြ၏။ ထို့နောက် ကောင်းကင်ကန္တာရဘုရင်က အံ့ဩတကြီးနှင့် ပြောလိုက်သည်။
“မိစ္ဆာသတ်ဖြတ်ပုလဲလား”
“ဟင်းဟင်း... အမှန်ပဲ”
ခြင်္သေ့ဝါဘုရင်က ခပ်သဲ့သဲ့ပြုံးကာ ဆက်ပြောသည်။
“ကျုပ် ဒီပုလဲအတွက် တန်ကြေးကြီးကြီး ပေးခဲ့ရတာ။ မိစ္ဆာသတ်ဖြတ်ပုလဲ ထွက်ပေါ်လာရင် မိစ္ဆာသတ်ဖြတ်နန်းတော် ပွင့်မယ်။ မိစ္ဆာသတ်ဖြတ်ပုလဲ ထွက်ပေါ်လာပြီဆိုတော့ မိစ္ဆာသတ်ဖြတ်နန်းတော်က အလွန်ဆုံး သုံးလအတွင်းမှာ ပွင့်မှာပဲ”
မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ မြစ်ဖြူဘုရင်က တောက်ပသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
“လောင်ဟွမ်... ခင်ဗျား အဲ့ပုလဲကို ကျန်းရီကို ပေးမှာလား။ သူ့ကို မိစ္ဆာသတ်ဖြတ်နန်းတော်ထဲသွားအောင် လုပ်ဖို့ပေါ့လေ။ ကျုပ်တို့က သူ့ကို မိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှာ အလစ်ဝင်တိုက်ရမှာလား”
“မှားတယ်...”
ခြင်္သေ့ဝါဘုရင်သည် ကောက်ကျစ်စွာပြုံး၍ ပြောလိုက်၏။
“မိစ္ဆာသတ်ဖြတ်နန်းတော်က ကောင်းကင်ဘုံမှာဆိုပေမဲ့ ကျုပ်တို့ ကျန်းရီကို အလစ်ဝင်တိုက်မယ်ဆိုရင် ဟိုမိစ္ဆာမျိုးနွယ်က သေချာပေါက် သိမှာပဲ။ သူ ကျုပ်တို့ကို လိုက်သတ်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ ဘာလို့ ထောင်ချောက်တစ်ခု မဆင်မှာလဲ။ ကောင်းကင်ဘုံမှာ စွမ်းအားကြီး သိုင်သမားတွေ အများကြီးရှိတယ်။ အထက်ဘုံက နံပါတ်တစ်ပါရမီရှင်က ကောင်းကင်ဘုံကို တက်လာပြီဆိုတဲ့ သတင်းကိုသာ ဖြန့်လိုက်မယ်ဆိုရင် ကောင်းကင်ဘုံက လူတွေက သေချာပေါက် ကျန်းရီကို ပြဿနာရှာကြမှာပဲ။ ပြီးတော့... မိစ္ဆာသတ်ဖြတ်နန်းတော်က ဘယ်အချိန်၊ ဘယ်နေရာမှာ ထွက်ပေါ်လာမယ်ဆိုတဲ့ သတင်းကို ကျုပ်တို့ တမလွန်ဘုံကို ပေးလိုက်မယ်။ အဲ့လိုဆို အကျိုးဆက်က ဘယ်လိုဖြစ်လာလိမ့်မယ်လို့ ခင်ဗျားတို့ထင်လဲ”
ရှူး...ရှူး...
မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ သူတို့၏ကျောရိုးတစ်လျှောက်လည်း အေးစိမ့်သွားပေသည်။