သံမဏိကဲ့သို့ မာကြောသော
Vol. 115 Ch. 1601
“မဖြစ်ဘူး”
မြစ်ဖြူဘုရင်သည် ထပ်မံတွေးတောပြီးနောက် တစ်စုံတစ်ခု မှားနေကြောင်း သတိပြုမိသွား၏။ သူ ခေါင်းခါကာ ပြောလိုက်သည်။
“ကျုပ်တို့ တမလွန်ဘုံကို သတင်းပေးလိုက်တာကို လူတွေသိသွားရင် ကျုပ်တို့ရဲ့မျိုးနွယ်သုံးခု သေချာပေါက် ပျက်သုဉ်းရလိမ့်မယ်။ ပြီးတော့ လူသားချင်းကြားက ပဋိပက္ခကြောင့် တမလွန်ဘုံကို ကူညီမယ်ဆိုတာ.. အကြံကောင်းတစ်ခု မဟုတ်ဘူးမလား”
“အမှန်ပဲ”
ကောင်းကင်ကန္တာရဘုရင်ကလည်း ခေါင်းညိတ်ကာ ဝင်ပြောသည်။
“ကျုပ်တို့အချင်းချင်း တိုက်ခိုက်လို့ရတယ်၊ ကျုပ်တို့လုပ်ချင်တာ လုပ်လို့ရတယ်... ဒါပေမဲ့ တမလွန်ဘုံနဲ့ ပူးပေါင်းလို့တော့ မရဘူး။ အဲ့အကြံက မကောင်းဘူးလို့ ကျုပ်လည်းထင်တယ်”
“ကျုပ်တို့က တမလွန်ဘုံနဲ့ ပတ်သတ်မယ်လို့ ဘယ်သူပြောလို့လဲ”
ခြင်္သေ့ဝါဘုရင်က ကျန်နှစ်ယောက်ကို စိုက်ကြည့်၍ ပြန်ပြော၏။
“တမလွန်ဘုံရဲ့ သူလျှိုတွေက ဘုံတိုင်းမှာရှိတယ် မဟုတ်ဘူးလား။ လောင်ပိုင်... မြစ်ဖြူဘုံမှာ တမလွန်ဘုံရဲ့ သူလျှိုတွေ တစ်ယောက်မှ မရှိဘူးလို့တော့ ကျုပ်ကို မပြောနဲ့။ တမလွန်ဘုံရဲ့ သူလျှိုတွေက ဘယ်သူဆိုတာ ခင်ဗျားသိလိမ့်မယ်လို့လည်း ကျုပ်ယုံတယ်။ ခင်ဗျားက ခင်ဗျားလိုသလို အသုံးချရအောင် သူလျှိုနည်းနည်းကို ချန်ထားတယ် မဟုတ်လား”
မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့ ခေါင်းညိတ်လိုက်ကြ၏။ ခြင်္သေ့ဝါဘုရင်၏စကားမှာ အမှန်ပင်။ စွမ်းအားကြီး သိုင်းသမားအချို့က တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံထားရပြီး ကောင်းစွာ ပုန်းကွယ်နေကြသည်။ သို့သော် သူတို့က မျိုးနွယ်အသီးသီး၏ ထိန်းချုပ်မှုအောက်တွင်ဖြစ်ရာ သူတို့ကို အချိန်မရွေး ရှင်းပစ်နိုင်သည်။ ထိုသူများကို ရှင်းမပစ်သေးဘဲ ချန်ထားခြင်းမှာ လိုအပ်လာလျှင် တမလွန်ဘုံကို သတင်းအမှားများပေးရန် ဖြစ်သည်။
“အဲ့ဒါကြောင့်...”
ခြင်္သေ့ဝါဘုရင်က ပြုံး၍ ဆက်ပြောသည်။
“တမလွန်ဘုံဘုရင်က ကျန်းရီနဲ့ပတ်သတ်တဲ့ကိစ္စတွေကို သိနေလောက်ပြီ။ သူက ကျန်းရီလို ပါရမီရှင်တစ်ယောက်ကို ပိုပြီးအင်အားကြီးမလာသေးခင် ရှင်းပစ်ချင်မှာပဲ။ ကျုပ်တို့က တမလွန်ဘုံကို တမင်သတင်းပေးနေစရာတောင် မလိုပါဘူး။ ကျန်းရီ မိစ္ဆာသတ်ဖြတ်နန်းတော်ကို သွားမဲ့အချိန်အထိစောင့်နေပြီး အဲ့အချိန်ကျ ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် လုပ်လိုက်ရုံပါပဲ။ တစ်ယောက်ယောက်က သေချာပေါက် တမလွန်ဘုံဆီ သတင်းလှမ်းပို့မှာပါ။ တမလွန်ဘုံက တပ်သားတွေ စေလွှတ်မလား၊ မစေလွှတ်ဘူးလားဆိုတာတော့ ကျုပ်တို့နဲ့ မဆိုင်ဘူးလေ”
“ကျုပ်နားလည်ပြီ...”
မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့ ခေါင်းညိတ်လိုက်ကြသည်။ ခြင်္သေ့ဝါဘုရင် ပြောသလိုသာဆိုလျှင် လုပ်ဆောင်ရန် မခက်ပေ။ အခြားလူများက ထိုကိစ္စကို စုံစမ်းမည်ဆိုလျှင်ပင် သူတို့ကို အပြစ်တင်၍ရမည် မဟုတ်ချေ။
ခြင်္သေ့ဝါဘုရင်က ဆက်ပြောသည်။
“မိစ္ဆာသတ်ဖြတ်နန်းတော်ကို သွားမဲ့သူတွေ အကုန်လုံးက ထိပ်တန်းမျိုးနွယ်ကြီးတွေက စွမ်းအားကြီး သိုင်းသမားတွေချည်းပဲ။ သူတို့မှာ ရတနာတွေ၊ နတ်ဘုရားဒိုင်းတွေ ရှိကြမှာပေါ့။ တမလွန်ဘုံက တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရင်တောင် အဲ့သခင်လေးတွေ ဘာမှဖြစ်ကြမှာ မဟုတ်ပါဘူး။ ပြီးတော့... ကောင်းကင်ဘုံအနှံ့မှာ တမလွန်ဘုံမိစ္ဆာတွေ ရှိနေတာပဲ မဟုတ်ဘူးလား။ ဒီတစ်ခေါက် ကောင်းကင်ဘုံက မျိုးနွယ်တွေအများကြီးကလည်း လှုပ်ရှားကြမှာ။ တကယ်ပဲ တစ်ခုခု ဖြစ်လာရင်တောင် သူတို့ဘက်က တစ်ယောက်ယောက်ဆီကနေ သတင်းပေါက်ကြားတာ ဖြစ်လိမ့်မယ်လို့ တွေးကြမှာပဲ။ အဲ့ကိစ္စနဲ့ ကျုပ်တို့က ဘာမှပတ်သတ်မှုရှိမှာ မဟုတ်ပါဘူး”
“ကောင်းပြီ...”
မြစ်ဖြူဘုရင် ဆုံးဖြတ်ချက်ချလိုက်ပြီး ခြင်္သေ့ဝါဘုရင်၏ပခုံးကို ပုတ်လိုက်၏။
“လောင်ဟွမ်... ကျုပ် ခင်ဗျားဆီ ဝါးပင်တစ်ရာ ပို့လိုက်မယ်။ ခင်ဗျား မိစ္ဆာသတ်ဖြတ်ပုလဲကို ရှာနိုင်တာ ကျုပ်လေးစားပါတယ်.. ဒါပေမဲ့ အဲ့ပုလဲကို ခင်ဗျား ကျန်းရီကို ဘယ်လိုပေးမှာလဲ”
“အဲ့ဒါက လွယ်ပါတယ်”
ခြင်္သေ့ဝါဘုရင်သည် မြစ်ဖြူဘုရင်က သူ့အား ဝါးပင်တစ်ရာပေးမည်ဆိုသော စကားကို ကြားသောအခါ ဝမ်းသာသွားပေသည်။ သူ ပြုံး၍ ပြောလိုက်သည်။
“ကျန်းရီနဲ့ ချီချင်ချန်တို့က တာဝန်တွေကို အဆက်မပြတ် ထမ်းဆောင်ကြမှာပဲ။ ကျုပ် အဲ့ပုလဲကို သူတို့ တာဝန်ထမ်းဆောင်ရမဲ့နေရာတစ်ခုမှာ အလွယ်လေး သွားထားထားနိုင်ပါတယ်။ ချီချင်ချန်က အဲ့ပုလဲကို သေချာပေါက်သိမှာပဲ။ မိစ္ဆာသတ်ဖြတ်ပုလဲကို လူသုံးယောက် သုံးလို့ရတယ်။ ချီချင်ချန်က ကျန်းရီနဲ့ ရင်းနှီးတယ်ဆိုတော့ သူ ကျန်းရီကို သေချာပေါက် ခေါ်သွားမှာပဲ”
“ချီချင်ချန်လား...”
မြစ်ဖြူဘုရင် တုံ့ဆိုင်းသွား၏။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး ပြန်ပြောလိုက်သည်။
“အဲ့ကောင်မလေးက ဆောင်းဥတုအရှင်ရဲ့ တစ်ဦးတည်းသော သမီးတော်နော်။ သူ သေသွားရင်...”
“ကျုပ်တို့ အများကြီး တွေးနေလို့မရဘူး...”
ကောင်းကင်ကန္တာရဘုရင်က လက်ဝှေ့ယမ်းကာ ဝင်ပြော၏။
“ကျုပ်တို့က သူတို့ကို သွားဖို့ ဖိအားပေးတာမှ မဟုတ်တာ။ ကျန်းရီ သေမှရမယ်.. မဟုတ်ရင် ကျုပ်တို့ စိတ်အေးနိုင်ပါ့မလား။ ဒီအကြံကိုပဲ အကောင်အထည်ဖော်ကြတာပေါ့”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
မြစ်ဖြူဘုရင် အံကြိတ်ကာ ပြောလိုက်သည်။
“လောင်ဟွမ်... လိုအပ်တာတွေ သွားစီစဉ်လိုက်ပါ။ ခင်ဗျား ကျုပ်တို့အကူအညီလိုရင်လည်း ကျုပ်တို့သုံးယောက် အတူပူးပေါင်း လုပ်ဆောင်ပါမယ်”
“ဟင်းဟင်း...”
ခြင်္သေ့ဝါဘုရင်က ခြောက်ကပ်ကပ်ရယ်၍ ပြန်ပြော၏။
“အနိမ့်ဘုံက တက်လာတဲ့ နိမ့်ကျတဲ့သူတစ်ယောက်က ကျုပ်တို့ခေါင်းပေါ်တက်ပြီး ကျုပ်တို့ရဲ့ဘဝတွေကို ခက်ခဲအောင် လုပ်ချင်တာပေါ့လေ.. ဒီတစ်ခေါက် သူ သေရမယ်၊ ပြီးတော့ သူ့အလောင်းကိုတောင် မြှုပ်စရာနေရာ မရှိစေရဘူး”
***
“ရှီး...အားလား.. နာလိုက်တာ”
အာကာသဟင်းလင်းပြင်ထဲတွင် ကျန်းရီနှင့် ချီချင်ချန်တို့ လျင်မြန်စွာ ပျံသန်းနေကြ၏။ ချီချင်ချန်က ကျန်းရီကို လက်တစ်ဘက်ဖြင့် ဆွဲခေါ်သွားနေသည်။ ကျန်းရီ၏ဓားဒဏ်ရာများက သွေးတိတ်သွားပြီဖြစ်သော်လည်း သူ နာကျင်စွာ ညည်းညူနေရသေးသည်။ မကြာခဏဆိုသလို သူ၏ညည်းသံကို ကြားနေရပေသည်။
“ဟားဟား...”
ချီချင်ချန်က မျက်လုံးပင့်၍ ပြောလိုက်၏။
“ယောက်ျားဆိုတာ မလုပ်နိုင်တာ မရှိဘူးလို့ ရှင်ပဲ ပြောခဲ့တာမလား။ အစောကတောင် ရှင် မျက်နှာသေကြီးနဲ့ နေခဲ့သေးတာပဲ... ဘာလို့ အခုမှ ဒီလောက်ညည်းနေရတာလဲ”
“ကျွတ်...”
ကျန်းရီ ချီချင်ချန်ကို စိုက်ကြည့်ကာ ပြန်ပြော၏။
“ကျွန်တော်က အပြင်လူတွေ အရှေ့မှာ ဘယ်လိုလုပ် ညည်းလို့ဖြစ်မလဲ။ လူတွေက ကျွန်တော့်သွားတွေကို ကျွတ်ထွက်အောင် လုပ်ခဲ့ရင်တောင် ကျွန်တော် သွေးပြန်မျိုချပြီး မညည်းမိအောင် တောင့်ထားရမှာပဲ။ ဒါပေမဲ့ အခု အပြင်လူတွေ မရှိဘူးမလား။ ကျွန်တော် ဘာလို့ ဟန်လုပ်နေရဦးမှာလဲ”
“အပြင်လူတွေလား”
ချီချင်ချန်၏ မျက်နှာကလေး နီမြန်းသွား၏။ ကျန်းရီ၏စကားက ဘာကို ရည်ညွှန်းသနည်း။ သူမက အပြင်လူမဟုတ်လျှင် အတွင်းလူလော။ ထိုအကြောင်းကို တွေးမိရုံဖြင့်ပင် သူမ ရှက်ဒေါသလေး ထွက်မိပေသည်။ ထို့ကြောင့် သူမ အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။
“ရှင် ဒီလိုခံနေရတာ ရှင့်အပြစ်ပဲလေ။ အရင်တစ်ခေါက်တုန်းက ရှင် ပိုင်တိထျန်းဆီကနေ နတ်ဘုရားအမြစ် သန်းရာချီ ရခဲ့တယ် မဟုတ်ဘူးလား။ အဲ့ဒါကို နတ်ဘုရားအမြစ် သန်းနှစ်ရာလောက် အလျော်ပေးလိုက်ရတာက ခက်လို့လား”
“ကျွန်တော် အလျော်ပေးမှာ မဟုတ်ဘူး”
ကျန်းရီ ချီချင်ချန်ကို ဆက်စိုက်ကြည့်၍ ပြောလိုက်၏။
“နတ်ဘုရားအမြစ် သန်းနှစ်ရာဆိုတာ အများကြီးပဲ။ ကျွန်တော် အဲ့လောက်ပေးမဲ့အစား ဓားထိုးပဲ ခံလိုက်မယ်။ ဓားထိုးခံရတဲ့ ဒဏ်ရာ အပေါ်ယံဒဏ်ရာလေးပဲ မဟုတ်လား။ နေ့တစ်ဝက်လောက် နားလိုက်ရင် ပြန်ကောင်းသွားမှာပါ။ နတ်ဘုရားအမြစ် သန်းနှစ်ရာကိုတော့ နေ့တစ်ဝက်နဲ့ ပြန်မရနိုင်ဘူး။ အဲ့လောက်များတဲ့ နတ်ဘုရားအမြစ်တွေကို ကျွန်တော်က ဘယ်က သွားပြန်ရှာရမှာလဲ။ ပြီးတော့ ကျွန်တော်က မှားတဲ့သူ မဟုတ်ဘူး။ စစ်သူကြီးကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီလောက်လွယ်လွယ် ထွက်လာမှာ မဟုတ်ဘူး။ ဒီကိစ္စကို ပိုကြီးသွားအောင် လုပ်ပစ်မှာ.. ဘယ်သူက ဘယ်သူ့ကို ကြောက်လဲဆိုတာ ကြည့်ရမှာပေါ့”
“ဟုတ်ပါပြီ...ဟုတ်ပါပြီ... ရှင်ပြောတာ မှန်ပါတယ်၊ ကျွန်မ ရှင့်နဲ့ စကားနိုင်မလုနိုင်ပါဘူး”
ချီချင်ချန် သက်ပြင်းချလိုက်သည်။ ကျန်းရီ၏အကျင့်စရိုက်က ထိုကဲ့သို့သာ။ သူက ခေါင်းမာကာ မာန်ဝံ့ကြွားသည်။ ယနေ့တွင် သူမကြောင့်သာ မဟုတ်လျှင် ကျန်းရီသည် အဆုံးအထိ တိုက်ခိုက်ပေလိမ့်မည်။
သို့သော် ပြန်တွေးကြည့်လျှင် သူမက ကျန်းရီကို ထိုအတွက်ကြောင့်ပင် လေးစားခြင်း မဟုတ်လော။ သူက သံမဏိကဲ့သို့ မာကြောပြီး မည်သူ့ကိုမှ ဦးမညွှတ်ပေ။ ယင်းမှာ သိုင်းပညာတာအို၏ စိတ်ဓာတ်ပင်။
ကျန်းရီ သူ၏ဟွင့်သွမ့်ချီပုလဲကို ထုတ်ကာ ဆန်းကြယ်ဧကရာဇ်ကို ကြည့်လိုက်၏။ ချီချင်ချန်သည်လည်း ရွှမ်ကော်အာနှင့် ဆန်းကြယ်ဧကရာဇ်၏ဇနီးကို ကြည့်လိုက်သည်။ ထိုသုံးယောက်စလုံး ဘေးကင်းကြောင်း အတည်ပြုပြီးသည်နှင့် သူတို့နှစ်ယောက် ပေါက်ကရများ ပြောနေခြင်းကို ရပ်လိုက်ကြ၏။ ကျန်းရီ မျက်လုံးမှိတ်ကာ သူ၏ ဒဏ်ရာများကို ကုသလိုက်သည်။ ချီချင်ချန်က ကျန်းရီကို ဆွဲခေါ်၍ အာကာသဟင်းလင်းပြင်ကိုဖြတ်၍ ဆက်ပျံသန်းနေပေသည်။
ပတ်ဝန်းကျင်က မည်းမှောင်တိတ်ဆိတ်နေသည်။ အာကာသဟင်းလင်းပြင်ထဲတွင် ပျံသန်းရခြင်းက အလွန်ပျင်းရိဖွယ်ကောင်းကာ အထီးကျန်ဆန်သည်။ မိမိနှလုံးသား၏ အနက်ရှိုင်းဆုံးနေရာရှိ အကြောက်တရားနှင့် အထီးကျန်မှုတို့ကိုလည်း ထွက်ပေါ်လာစေသည်။ တော်သေးသည်မှာ ချီချင်ချန်၏ဘေးတွင် ကျန်းရီရှိနေခြင်းပင်။ မည်သည်ကြောင့်ရယ်မသိ သူမ စိတ်အေးချမ်းနေသည်။ ကျန်းရီသာ သူမဘေးတွင် ရှိနေလျှင် သူမ မည်သည်ကိုမှ မကြောက်သကဲ့သို့ပင်။
မြစ်ဖြူဘုံက သူတော်စင်တစ်သောင်းဘုံနှင့် အတော်လေးဝေးသည်။ ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေနှင့်ဆိုလျှင် ပို၍ပင်ဝေးသေးသည်။ ချီချင်ချန်နှင့် ကျန်းရီတို့သည် နာရီနှစ်ဆယ်ကျော် ပျံသန်းပြီးမှ ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေအနီးသို့ ရောက်လာလေသည်။
ကြမ်းကြုတ်မီးတောက်ဆန်းကြယ်နယ်မြေ အပြင်ဘက်တွင် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များစွာ မရှိပေ။ ကျန်းရီ ဆန်းကြယ်နယ်မြေအတွင်း အလွယ်တကူပင် ဖောက်ဝင်နိုင်လိုက်သည်။ ထို့နောက် သူ ချီချင်ချန်ကို ဦးဆောင်ကာ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ သွားလိုက်၏။ သူတို့သည် တည်နေရာပြောင်းရွှေ့အစီအရင်အနီးတွင် နောက်ထပ်နာရီနှစ်ဆယ်ကျော်ကြာအောင် အားပြန်ဖြည့်လိုက်ပြီးမှ မိစ္ဆာချေဖျက်တောင်ကြားဆီ တည်နေရာပြောင်းရွှေ့လိုက်ပေသည်။
ကျန်းရီနှင့် ချီချင်ချန်တို့ မိစ္ဆာချေဖျက်တောင်ကြားထဲ ပြန်ရောက်သည်နှင့် သူတို့အပေါ်သို့ အကြည့်များစွာ ကျရောက်လာ၏။ ဤတစ်ကြိမ်တွင် ကျန်းရီက မိစ္ဆာတစ်ကောင်နှင့် ပိုတူနေပေပြီ။ အကြည့်များစွာထဲတွင် အကြောက်တရားများ ရှိနေသည်။ မြစ်ဖြူမြို့တွင် ဖြစ်ပျက်ခဲ့သော သတင်းက ဤသို့ရောက်နေပြီဖြစ်ကြောင်း ထင်ရှားသည်။ ကျန်းရီက လူသတ်စက်တစ်ခုကဲ့သို့ပင်။ မည်သူမှ သူ့ကို သွားမရှုပ်သင့်ချေ။
ကျန်းရီ ထိုအကြည့်များကို အရေးမစိုက်ပေ။ သူ ချီချင်ချန်နှင့်အတူ မီးဖီးနစ်တပ်စခန်းထဲ လျင်မြန်စွာ ပြန်သွားလိုက်သည်။ သူတို့ စခန်းထဲရောက်သောအခါ ဆန်းကြယ်ဧကရာဇ်၊ ရွှမ်ကော်အာနှင့် ဆန်းကြယ်ဧကရာဇ်၏ဇနီးတို့ကို အပြင်ထုတ်လိုက်၏။ ရွှမ်ကော်အာသည် သူမ၏မိဘများကို တွေ့သောအခါ စတင်ငိုကြွေးလေသည်။
ဆန်းကြယ်ဧကရာဇ်၏ ဒဏ်ရာများက အတော်လေးသက်သာလာပြီဖြစ်သည်။ သူသည် ရွှမ်ကော်အာ၏ ငိုသံကို ကြားသောအခါ နိုးလာ၏။ သူပုံစံက အများကြီး ပိုကောင်းနေပေပြီ။ သူ့ဘေးရှိ သူ့ဇနီးကို မြင်သောအခါတွင်လည်း သူ့မျက်နှာတစ်ခုလုံး ဝင်းပသွားသည်။ ထို့နောက် သူ ရွှမ်ကော်အာကို ချော့လိုက်ပြီး ကျန်းရီကို ကြည့်လိုက်သည်။
“ကျန်းရီ ကျေးဇူးတင်ပါတယ်”
“အဟင်း...”
ကျန်းရီ အတန်ငယ် ပြုံးကာ ပြန်ပြောလိုက်၏။
“ဆန်းကြယ်ဧကရာဇ်... ကျွန်တော့်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ကျွန်တော်တို့က မိသားစုတွေပဲ”
“မိသားစုလား”
ဆန်းကြယ်ဧကရာဇ်၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ အဝေးရှိ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ပြန်အမှတ်ရသွားပုံပင်။ သူ ခေတ္တမျှတွေးတောပြီးမှ ပြောလိုက်သည်။
“အဲ့မှာ အားလုံး အဆင်ပြေကြရဲ့လား”
“အဆင်ပြေပါတယ်.. ဒါပေမဲ့ ကျွန်တော်လည်း တက်လှမ်းလာပြီးကတည်းက အဲ့ကို ပြန်မရောက်သေးဘူး”
ကျန်းရီလည်း ကောင်းကင်ကြယ်တာရာနယ်နမိတ်နှင့် ထိုမှလူများအကြောင်းကို တွေးမိသွားသည်။ ကျန်းယွင်ဟိုင်နှင့် အခြားသူများ အသက်ရှင်နေသေးသလော။ ရုတ်တရက် သူ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲ ရောက်နေသော ရီချန်တို့ကို သတိရသွား၏။ သူ့အကြည့်က အတန်ငယ် မှေးမှိန်သွားသည်။ သို့သော် သူ အားတင်း၍ ပြုံးလိုက်၏။
“ဆန်းကြယ်ဧကရာဇ်... အားပြန်ဖြည့်ဖို့ပဲ အာရုံစိုက်ထားပါ။ ဧကရာဇ် ဒီမှာ သေချာပေါက် လုံခြုံမှာပါ။ တကယ်လို့ ဧကရာဇ် ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ပြန်ချင်တယ်ဆိုရင် ဧကရာဇ်ကို ပြန်ပို့ပေးဖို့ ကျွန်တော် တစ်ယောက်ယောက် စီစဉ်ပေးပါမယ်။ ကျွန်တော်လည်း တစ်ခေါက်လောက်တော့ ပြန်သွားကြည့်ချင်တယ်”
“ငါ့ကို ပြန်ပို့ပေးမှာလား”
ဆန်းကြယ်ဧကရာဇ်သည် အတန်ငယ် ခေါင်းရှုပ်သွားဟန်ဖြင့် ကျန်းရီကို ကြည့်လိုက်၏။ ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ သွားလည်ရန် သူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေးခဲ့ဖူးသည်။ သို့သော် သူ ပြန်မသွားနိုင်ခဲ့ပေ။ အနိမ့်ဘုံသို့ ပြန်သွားရန်မှာ အလွန်မလွယ်သောကိစ္စတစ်ခု မဟုတ်ပါလော။
ထိုပါရမီရှင်ကျန်းရီ အထက်ဘုံသို့ တက်လှမ်းလာခဲ့သည်မှာ မကြာသေးပေ။ သို့သော် သူက အလွန်အဆင်ပြေနေပြီလော။ အနိမ့်ဘုံသို့ပင် အလွယ်တကူ ပြန်နိုင်နေပြီလော။