နတ်ဘုရားသစ်ပင်ပျောက်နေတယ်
Vol. 115 Ch. 1602
နောက်ဆုံးအခေါက် ယူခဲ့သော တာဝန်က ပရမ်းပတာအခြေအနေဖြင့် အဆုံးသတ်ခဲ့၍ ချီချင်ချန် မည်သည့်တာဝန်ကိုမှ ထပ်လက်မခံဝံ့သေးပေ။ ထို့ပြင် ကျန်းရီက ဆန်းကြယ်ဧကရာဇ်တို့ကို စောင့်ရှောက်ရဦးမည်ဖြစ်ပြီး သူကိုယ်တိုင်လည်း ဒဏ်ရာရနေသည်။ ထို့ကြောင့် အားလုံးကို တစ်ရက်အနားပေးရန် ချီချင်ချန် ဆုံးဖြတ်လိုက်သည်။
ဆန်းကြယ်ဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်က မဆိုးပေ။ သူက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်ပြီး သူ၏ တိုက်ခိုက်စွမ်းရည်က ဘွဲ့ထူးရစစ်နတ်ဘုရားများနှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။ မဟုတ်လျှင် သူ ပိုင်မျိုးနွယ်မှ စေလွှတ်လိုက်သော စွမ်းအားကြီး သိုင်းသမားများကို သတ်နိုင်ခဲ့မည် မဟုတ်ပေ။ သူ အလွန်လျင်မြန်စွာ ပြန်ကောင်းလာသည်။ အနိမ့်ဘုံအချိန် ရက်အနည်းငယ်အတွင်းမှာပင် သူ အပြည့်အဝ ပြန်ကောင်းသွားတော့သည်။
ကျန်းရီ အံ့အားသင့်ရသည်မှာ ဆန်းကြယ်ဧကရာဇ်၏ဇနီးက ပိုလျင်မြန်စွာ ပြန်ကောင်းလာခြင်းပင်။ အနိမ့်ဘုံအချိန် တစ်ရက်အတွင်းမှာပင် သူမ ပုံမှန်နီးပါး ပြန်ကောင်းသွားသည်။ သူမခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများလည်း ပျောက်ကွယ်သွားသည်။
“သက်ပြင်းမျိုးနွယ်... အဲ့မျိုးနွယ်က အရမ်းထူးခြားတဲ့ မျိုးနွယ်တစ်ခုပဲ။ ဒါပေမဲ့ သူတို့က ဘယ်တော့မှ မသေနိုင်တာတော့ မဟုတ်ဘူး။ ‘သက်ပြင်း’ဆိုတာ သူတို့ရဲ့ နတ်ဘုရားဝိညာဉ်တွေက မလွင့်ပြယ်နိုင်၊ သူတို့ရဲ့ ရုပ်ခန္ဓာတွေကို ဖျက်ဆီးလို့မရနိုင်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူတို့က ပြန်မွေးဖွားနိုင်တယ်။ ရှင့်မိတ်ဆွေရဲ့ တိုက်ခိုက်စွမ်းရည်က သေချာပေါက် စွမ်းအားကြီးမှာပဲ...”
“သူ သက်ပြင်းမျိုးနွယ်က အမျိုးသမီးနဲ့အတူ ကျင့်ကြံမယ်ဆိုရင် သက်ပြင်းချိပ်စည်းကို ကျင့်ကြံနိုင်လိမ့်မယ်။ အဲ့ဒါက အရမ်းစွမ်းအားကြီးတဲ့ စွမ်းရည်တစ်ခုပဲ။ သူ သက်ပြင်းအနှစ်သာရကိုတောင် သိမြင်နားလည်သွားနိုင်တယ်။ သူ ကံကောင်းမယ်ဆိုရင် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်တယ်”
ချီချင်ချန်က ရှင်းပြပြီးနောက် ကျန်းရီ အတန်ငယ် နားလည်လာသည်။ ထို့ပြင် သူမ၏နောက်ဆုံးစကားကို ကြားလိုက်သောအခါ သူ မျက်ခုံးလှုပ်သွားပြီး မျက်ဝန်းထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ ဆန်းကြယ်ဧကရာဇ်သာ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်မည်ဆိုလျှင် အခြားသူများ၏ အနိုင်ကျင့်မှုကို ခံရတော့မည် မဟုတ်ပေ။
ဆန်းကြယ်ဧကရာဇ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ ဖြစ်သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက် ပိုတိုးလာလျှင် ၎င်းနယ်နမိတ်ကို ကာကွယ်နိုင်မည့်လူ ပိုများလာလေပင်။ ထို့ကြောင့် ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်ကို ပိုသန်မာလာစေလိုပေသည်။
ကျန်းရီ အတော်ကြာအောင် တွေးတောပြီးနောက် ဆန်းကြယ်ဧကရာဇ်နှင့် သူ့မိသားစုကို ကျန်းရီစီရင်စုနယ်ဆီ ပို့ထားရန် ဆုံးဖြတ်လိုက်၏။ ထိုစီရင်စုနယ်ထဲတွင်ဆိုလျှင် တိရှအရှင်က သူတို့၏ လုံခြုံမှုကို တာဝန်ယူပေးနိုင်ပေသည်။ မိစ္ဆာချေဖျက်တောင်ကြားထဲတွင် ရန်သူများစွာ ရှိသည်။ ထို့ပြင် ဆန်းကြယ်ဧကရာဇ်၏ဇနီးကလည်း သက်ပြင်းမျိုးနွယ်မှ ဖြစ်နေသည်။ သို့ဖြစ်ရာ သူတို့ အလွယ်တကူ ပြဿနာနှင့် ကြုံရနိုင်သည်။
ယင်းတို့အပြင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က တိရှဘုံနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ဆန်းကြယ်ဧကရာဇ်ကို ကောင်းကင်ကြယ်တာရာနယ်နမိတ်ဆီ အလည်ပို့ပေးဖို့ ကျန်းရီ မိုလင်းအား အကူအညီတောင်းနိုင်ပေသည်။ သူ့အတွက်မူ သူ လက်တလောတွင် မပြန်လိုသေးပေ။ ရီချန်တို့ သူ့ဘေးပြန်ရောက်လာမှ သူ ချက်ချင်းပြန်မည်ဖြစ်သည်။ ယခုတွင်မူ သူက တစ်ယောက်တည်း ဖြစ်နေသည်။ အကယ်၍ ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်နှင့် အခြားသူများက အဘယ်ကြောင့် ရီချန်တို့က သူနှင့်အတူ ပြန်လိုက်မလာသနည်းဟု မေးမည်ဆိုလျှင် သူ မည်သို့ဖြေရမည်ကို မသိပေ။
ဆန်းကြယ်ဧကရာဇ်က ကျန်းရီ၏အစီအစဉ်ကို မငြင်းပေ။ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူ့အတွက်မှာ အတူတူပင်။ သူ၏ဇနီး၊ သူ၏သမီးနှင့် အတူရှိနေနိုင်သ၍ သူမတို့ကို ကာကွယ်ပေးရန် သူ ကောင်းကောင်းကျင့်ကြံနိုင်မည်ဖြစ်သည်။
ကျန်းရီ မိုချန်ဟဲနှင့် တိချန်ကျွင်းကို သွားရှာလိုက်သည်။ မိုချန်ဟဲက ဆန်းကြယ်ဧကရာဇ်တို့မိသားစုကို တိရှဘုံဆီ ကိုယ်တိုင်လိုက်ပို့၏။ ဆန်းကြယ်ဧကရာဇ်တို့သုံးယောက် တိရှဘုံတွင် လုံခြုံစေရမည်ဟုလည်း ကတိပေးခဲ့သေးသည်။
ဆန်းကြယ်ဧကရာဇ် ထွက်သွားပေပြီ။
ကျန်းရီ အတန်ငယ် ပျင်းလာ၏။ သူ့တွင် လုပ်စရာဟူ၍ တပ်ထဲ၌ ဆက်ကျင့်ကြံနေရန်သာရှိသည်။ သူ နတ်ဘုရားသစ်ရွက်ကို ကိုင်ကာ အနှစ်သာရကို ဆက်လေ့လာရင်း တာဝန်ထမ်းဆောင်ရန် အပြင်ပြန်ထွက်ရမည့်နေ့ကို စောင့်ဆိုင်းနေလေသည်။
ကျန်းရီ ကျန့်ရှဆန်းကြယ်နယ်မြေသို့လည်း သွား၍ ကျန့်ရှမျိုးနွယ်ဝင် ဆယ်သန်းကို ထပ်စုဆောင်းလိုက်သည်။ သူ့ဆောင်းဥတုပုလဲထဲတွင် ကျန့်ရှမျိုးနွယ်ဝင်များ သိပ်မကျန်တော့ပေ။ ၎င်းတို့က အလွန်အသုံးဝင်သည်။ ကျန့်ရှမျိုးနွယ်ဝင်တစ်သန်း ရှိနေမည်ဆိုလျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် သူ့ကို သတ်နိုင်ရန် များစွာအားစိုက်ထုတ်ရပေလိမ့်မည်။
တစ်ရက်မှာ လုံလောက်၏။ တစ်ရက်ပြည့်သောအခါ ချီချင်ချန် မီးဖီးနစ်တပ်ကို ဦးဆောင်၍ တာဝန်ထမ်းဆောင်ရန် ပြန်ထွက်၏။ ဤတစ်ခေါက် တာဝန်က ရိုးရှင်းသည်။ သူမတို့က ဘုံကြီးများနှင့်အဝေးရှိ နေရာတစ်ခုကို သွားရမည်ဖြစ်သည်။ ချီချင်ချန်သည် ကျန်းရီက ပြဿနာထပ်ရှာမည်ကို စိုးသဖြင့် အန္တရာယ်များသော တာဝန်ကြီးများကို လက်မခံဝံ့သေးပေ။
ယခုတာဝန်မှာ အလွန်ရိုးရှင်းသည်။ သူမတို့က အဆင့်နိမ့် တမလွန်ဘုံတမန်တော်များကို ရှင်းပစ်ရန်သာ။ နေ့ဝက်အတွင်းမှာပင် တစ်တပ်လုံး ပြန်လာနိုင်ခဲ့သည်။ သို့သော် ရရှိသည့် တိုက်ပွဲအမှတ်က အလွန်နည်းသည်ဟု ကျန်းရီ ခံစားရ၏။ ထို့ကြောင့် သူ အနားပင်မယူဘဲ ချီချင်ချန်ကို နောက်ထပ်တာဝန်တစ်ခု ထပ်လက်ခံရန် တောင်းဆိုလိုက်သည်။
ကျန်းရီထံတွင် ရှေးဦးဆန်းကြယ်နယ်မြေထဲ တစ်ကြိမ်ဝင်နိုင်ရန် တိုက်ပွဲအမှတ် အလုံအလောက် ရှိနေပြီဖြစ်သည်။ သို့သော် ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် သူ၏တိုးတက်မှုက အတန်ငယ် နှေးသည်။ သူသည် တာဝန်ငယ်လေးများကို ဆက်တိုက် ထမ်းဆောင်ကာ တိုက်ပွဲအမှတ် အလုံအလောက်ရသည်နှင့် ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲ ဝင်လိုခြင်းဖြစ်သည်။ ထိုမှ အနှစ်သာရကို တစ်ခေါက်တည်းနှင့် နားလည်သွားမည်ဖြစ်သည်။
အထက်ဘုံတွင် ကမ္ဘာဦးဆန်းကြယ်နယ်မြေက စွမ်းအားအကြီးဆုံး ဆန်းကြယ်နယ်မြေဖြစ်သည်။ ချီချင်ချန်သည် ထိုနယ်မြေထဲတွင် သုံးရက်ကြာ ကျင့်ကြံခဲ့သဖြင့် အနှစ်သာရကို သိမြင်နားလည်သွားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၎င်းနယ်မြေထဲတွင်ဆိုလျှင် သိမြင်နားလည်နိုင်စွမ်းက အလွန်မြင့်ကြောင်း ထင်ရှားပေသည်။
သို့သော် ကျန်းရီ ပြဿနာတစ်ခုကို ရှာတွေ့လိုက်သည်။ သူ့စိတ်ဝိညာဉ်က အလွန်အားနည်းနေသည်။ ထို့ကြောင့် ချီချင်ချန်နှင့်ယှဉ်လျှင် သူ၏နားလည်နိုင်စွမ်းက ပိုနှေးလောက်သည်။ သူ၏စိတ်ဝိညာဉ်က အချိန်တိုအတွင်း များစွာတိုးတက်မလာနိုင်ပေ။ ထိုအရာမှာ ဖြည်းဖြည်းချင်း လုပ်ဆောင်ရသောအရာပင်။
ထို့ကြောင့် ကျန်းရီသည် တစ်နှစ်တိတိ တာဝန်ထမ်းဆောင်ကာ ထိုအတောအတွင်း သူ၏စိတ်ဝိညာဉ်ကို သန်မာလာအောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲ ဝင်နိုင်ရန် တိုက်ပွဲအမှတ်များလည်း စုဆောင်းရဦးမည် မဟုတ်ပါလား။ သို့သော် ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲ တစ်ခါက်သွားပြီးလျှင်မူ သူ အနှစ်သာရကို သိမြင်နားလည်ကာ အုပ်ချုပ်သူအဆင့်သို့ ရောက်သွားနိုင်ပေသည်။
ကျန်းရီ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာရမည်။ ထိုမှ သူ သူတော်စင်ဝိညာဉ်ဘုံကို ခေါင်းမော့ရင်ကော့၍သွားကာ သူ့အမေကို လွှတ်ပေးရန် တောင်းဆိုနိုင်မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် ဝိညာဉ်ဘုရင်က သူမကို လွှတ်ပေးရန် ငြင်းမည်ဆိုပါကလည်း သူ အင်အားသုံး၍ သူမကို ကယ်နိုင်ပေလိမ့်မည်။ ယခုချက်ချင်း သူမကို လွှတ်ပေးရန် သွားမတောင်းဆိုရခြင်းမှာမူ ချော်ရည်မြေရိုင်းတွင် ဝိညာဉ်ဘုရင်က သူ့ဘက်မှ ရပ်တည်ပေးခဲ့၍ဖြစ်သည်။
ကျန်းရီသည် နတ်ဘုရားအမြစ် သန်းဆယ်ချီ အသုံးပြု၍ ဝိညာဉ်အားဖြည့်ရတနာများစွာကို ဝယ်လိုက်သည်။ ထိုမှ မည်သည့်အချိန်တွင်မဆို သူ၏စိတ်ဝိညာဉ်ကို အားဖြည့်နိုင်မည်ဖြစ်သည်။
ကျန်းရီနှင့် ချီချင်ချန်တို့ တာဝန်များကို အဆက်မပြတ် လက်ခံနေခဲ့၏။ သူတို့ အပြင်တစ်ခေါက်ထွက်တိုင်း တာဝန်သုံး၊ လေးခုကို တစ်ဆက်တည်းထမ်းဆောင်သည်။ ထို့နောက် တစ်ရက် အနားယူသည်။ ကျန်းရီသည် ထိုအနားယူသည့် ရက်များကိုလည်း ဖြုန်းတီးမပစ်ဘဲ မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံခြင်း၊ အနှစ်သာရကို လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။ သူသည် မကြာခဏဆိုသလိုလည်း တာဝန်မှ ပြန်ရောက်သည်နှင့် အဆတစ်သိန်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းသို့သွား၍ အခန်းအောင်းကျင့်ကြံခဲ့သည်။
ကျန်းရီ မဟာနတ်ဘုရားအတတ်၏ ဒုတိယအဆင့်ကို စတင်ကျင့်ကြံနိုင်နေပြီဖြစ်သည်။ သို့သော် သူ့ထံတွင် နတ်ဘုရားသစ်ရွက်ရှိနေသည်ပင် ထိုအဆင့်ကို အောင်မြင်ရန် အချိန်များစွာ လိုပေလိမ့်မည်။ အကယ်၍ သူ့ထံတွင်သာ နတ်ဘုရားသစ်ရွက် ရှိမနေလျှင် မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနိုင်ရန် နှစ်ပေါင်းမည်မျှ လိုမည်ကို သူ တွေး၍ပင် မကြည့်နိုင်ပါပေ။
***
ကျန်းရီသည် အခန်းအောင်းကျင့်ကြံလိုက်၊ တာဝန်များသွားထမ်းဆောင်လိုက်နှင့် လုပ်နေခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လကုန်ဆုံးသွားလေသည်။
ထိုတစ်လအတွင်း အထက်ဘုံ၌ ငြိမ်းချမ်းနေခဲ့သည်။ ဘုံများသည် ကျန်းရီနှင့် ပဋိပက္ခ မဖြစ်လိုကြပေ။ မိစ္ဆာချေဖျက်တပ်သားများကလည်း ကျန်းရီကို မိစ္ဆာတစ်ကောင်ကဲ့သို့ မမြင်ကြတော့ချေ။ သို့သော် သူတို့ သူ့ကို ကြောက်ရွံ့နေကြဆဲပင်။ မည်သူကမှ ကျန်းရီကို ရန်မစဝံ့ပေ။
ကျန်းရီ မချင့်မရဲအဖြစ်ရဆုံးမှာ သိမ်းငှက်စိမ်းဘုရင်က အခန်းအောင်းကျင့်ကြံရာမှ ပြန်ထွက်မလာသေးခြင်းပင်။ ထို့ကြောင့် ရီချန်တို့သည် သိမ်းငှက်ငယ်တောင်ကြားထဲတွင်သာ ရှိနေသေးသည်။ သိမ်းငှက်စိမ်းဘုရင်၏ ခွင့်ပြုချက် မရှိလျှင် မည်သူမှ ထိုတောင်ကြားထဲ မဝင်နိုင်ပေ။ ကျန်းရီသည် မင်ရည်တောင်ပံဆန်းကြယ်နယ်မြေသို့ သွားရန် အကြိမ်များစွာ တွေးမိခဲ့၏။ သို့သော် သူ၏ စွမ်းရည်အဆင့်အရ သူ ထိုင်စောင့်နေရုံသာ တတ်နိုင်ပေသည်။
“အရှေ့မှာ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ ရှိတယ်”
ယခုတွင် ကျန်းရီနှင့် ချီချင်ချန်တို့ အာကာသဟင်းလင်းပြင်ထဲတွင် ရှိနေကြသည်။ ဤတစ်ခေါက် သူမတို့ လက်ခံလာသော တာဝန်မှာ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေနှင့် သိပ်မဝေးသောနေရာတွင် ထမ်းဆောင်ရမည့်တာဝန်ဖြစ်သည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေတွင် တည်နေရာပြောင်းရွှေ့အစီအရင်အသစ် ပြန်မတည်ဆောက်ရသေးသဖြင့် ကျန်းရီ ထိုသို့ မသွားနိုင်ခဲ့ပေ။ ဤတစ်ခေါက်တွင်မူ သူတို့သွားရမည့်နေရာက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေအနီးရှိ နေရာတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် သူတို့ အခွင့်အရေးကို အသုံးချကာ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ သွားနေကြခြင်းပင်။
ကျန်းရီသည် နတ်ဘုရားသစ်ပင်အပေါ်တွင် ကျေးဇူးကြွေးတစ်ခု တင်နေသည်။ သို့သော် သူ နတ်ဘုရားသစ်ပင်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးမတင်ရသေးပေ။ ထို့ကြောင့် သူ အပြစ်ရှိသလို ခံစားနေရသည်။ ဤတစ်ခေါက်တွင် သူသည် နတ်ဘုရားသစ်ပင်ဆီ ကိုယ်တိုင်သွား၍ ကျေးဇူးတင်စကားပြောရန် ဆုံးဖြတ်ထားသည်။ ချီချင်ချန်က အတူလိုက်လာခဲ့ခြင်းမှာမူ ကျန်းရီအတွက် စိုးရိမ်၍ဖြစ်ပေသည်။
အတော်ကြာ ပျံသန်းပြီးနောက် ကျန်းရီနှင့် ချီချင်ချန်တို့ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ ရောက်ရှိလာ၏။ ထုံးစံအတိုင်း ချီချင်ချန်က ကျန်းရီ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်ပြီး ကျန်းရီက ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ဖောက်၍ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်လိုက်သည်။
‘အာ... ငါ့ကံက မဆိုးဘူးပဲ။ နတ်ဘုရားသစ်ပင်က တောင်ဘက်မှာ’
အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ရောက်သောအခါ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ပတ်ဝန်းကျင်တွင် ယခင်တစ်ခေါက်မှ ကျန့်ရှမျိုးနွယ်ဝင်များ၏ အကြွင်းအကျန်များကို တွေ့လိုက်ရသည်။ ဤလမ်းကြောင်းမှာ ယခင်က သူသွားခဲ့သော လမ်းကြောင်းနှင့်အတူတူပင်ဖြစ်သည်။ နတ်ဘုရားသစ်ပင်က သူတို့ရောက်နေသာနေရာနှင့် သိပ်မဝေးပေ။
“သွားမယ်”
ချီချင်ချန် အော်ပြောလိုက်သည်။ သူမ၏လက်ထဲတွင်လည်း အနီရောင်ဓားတစ်လက် ထွက်ပေါ်လာသည်။ သူမသည် လသားရဲများကို ခြောက်လွှတ်ရန် အသင့်ဖြစ်နေပေပြီ။ ကျန်းရီသည်လည်း ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်၍ ပြောလိုက်သည်။
“စစ်သူကြီး တိုက်ခိုက်စရာ မလိုပါဘူး။ သွားကြစို့”
ကျန့်ရှမျိုးနွယ်ဝင်များက သူတို့ကို ဝန်းရံထားလျှင် သူတို့နှစ်ယောက်စလုံး တောင်ဘက်သို့ အလွယ်တကူ ပျံသွားနိုင်မည်ဖြစ်သည်။ နာရီအနည်းငယ် ပျံသန်းပြီးနောက် သူတို့သည် နတ်ဘုရားသစ်ပင်ရှိနေသင့်သည့် နေရာသို့ ရောက်ရှိသွားကြသည်။ သို့သော် သူတို့၏မျက်ဝန်းများထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားပေသည်။
နတ်ဘုရားသစ်ပင်က မရှိတော့ပေ။ မြေပြင်တွင် ကျန့်ရှမျိုးနွယ်ဝင်များနှင့် လသားရဲများ၏ အလောင်းများ ရှိနေသေးသော်လည်း နတ်ဘုရားသစ်ပင်ကြီးက သဲလွန်စတစ်ခုမှ မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပေပြီ။ ၎င်းက မည်သည့်အခါကမှ မတည်ရှိခဲ့သကဲ့သို့ပင်။
“အဲ့ဒါက ဘယ်ကိုသွားနိုင်မလဲ။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲက တခြားနေရာတစ်ခုမှာလား။ ဒါမှမဟုတ် ကောင်းကင်ဘုံကို တက်သွားပြီလား”
ကျန်းရီ စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်၏။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အလွန်ကြီးသည်။ ကျန်းရီက ဤနေရာရှိ လသားရဲများကို နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ဖိနှိပ်နိုင်သော်လည်း အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ တစ်ခွင်လုံးကို ရှာဖွေနိုင်ရန် ရက်ပေါင်းများစွာ လိုပေလိမ့်မည်။
“ထားလိုက်ပါတော့ ကျန်းရီ။ အရှင်မက အခု ရှင်နဲ့ မတွေ့ချင်သေးလို့ နေမှာပေါ့။ နောက်ကျ အခွင့်အရေးရရင် ရှင် သူ့ကို ကျေးဇူးတင်နိုင်သေးတာပဲ”
ချီချင်ချန်သည် ကျန်းရီကို နူးညံ့စွာ နှစ်သိမ့်လိုက်ပြီး ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ဆန်းကြယ်နယ်မြေကို အာရုံခံလိုက်၏။ နတ်ဘုရားသစ်ပင်က အနီးနားတွင် ရှိနေမည်လောကို သူမ သိလိုခြင်းပင်။ သို့သော် အချည်းနှီးသာ။ သူမ သစ်ကိုင်းတစ်ကိုင်းကိုပင် ရှာမတွေ့ခဲ့ချေ။
“အာ... အဲ့ဒါက ဘာလဲ”
ရုတ်တရက် ချီချင်ချန် မျက်ခုံးလှုပ်သွား၏။ သူမ လှည့်ပတ်ကြည့်လိုက်ပြီး မြေပြင်ပေါ်ရှိ တစ်စုံတစ်ခုကို တွေ့သွားသည်။ သူမ ထိုနေရာကို ထပ်အာရုံခံလိုက်ပြီးနောက် လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ မြေပြင်ပေါ်တွင် တွင်းနက်ကြီးတစ်တွင်း ဖြစ်သွားလေသည်။
ချီချင်ချန်က ပုလဲလုံးတစ်လုံးကို ရှာတွေ့လိုက်ခြင်းပင်။
ပုလဲလုံးမှာ အစိမ်းနုရောင်ဖြစ်ပြီး ၎င်းပေါ်တွင် အစိမ်းရောင်နဂါးပုံတစ်ခု ရှိသည်။ ထိုပုလဲလုံးထဲ၌ မိုးနဂါးတစ်ကောင် ပိတ်မိနေသကဲ့သို့ပင်။