← Chapters

မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်

Vol. 115 Ch. 1603

မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်

Vol. 115 Ch. 1603

“အာ... စစ်သူကြီးက ရတနာတစ်ခုကို ရှာတွေ့သွားတာလား။ ကံကောင်းလိုက်တာ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲ့ရတနာက အရမ်းတန်ဖိုးကြီးတယ်ဆိုတာ သိနိုင်တယ်”

ကျန်းရီ ပုလဲလုံးကို စိတ်ဝင်စားသွား၏။ သူ အရှေ့သို့ ကိုင်းကာ ပုလဲလုံးကို အနီးကပ်ကြည့်လိုက်သည်။ ၎င်း၏ အရှိန်အဝါက အလွန်ဆန်းကြယ်၏။ ထိုအရှိန်အဝါမှာ ရှေးဦးဝိညာဉ်ရတနာတစ်ခု၏ အရှိန်အဝါကဲ့သို့ပင်။

ချီချင်ချန်က မည်သို့မှ မပြောဘဲ ပုလဲလုံးကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။ ခေတ္တကြာပြီးနောက် သူမ ပုလဲလုံးထဲသို့ ကောင်းကင်စွမ်းအားအနည်းငယ် ထည့်သွင်းလိုက်၏။ ကောင်းကင်စွမ်းအား ဝင်သွားသည်နှင့် ပုလဲလုံးက တောက်ပစွာ လင်းလက်လာသည်။ ပုလဲလုံးထဲရှိ မိုးနဂါးကလည်း အသက်ဝင်လာသကဲ့သို့ စတင်ကူးခတ်လာ၏။ ယင်းမှာ အလွန်ဆန်းကြယ်ပေသည်။

“တကယ်ပဲ...”

ချီချင်ချန်၏ မျက်လုံးများ အရောင်လက်လာသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူမ ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်၏။

“ဒါက မိစ္ဆာသတ်ဖြတ်ပုလဲပဲ။ ကျန်းရီ... အဲ့အရှင်မက ရှင့်အပေါ် အရမ်းကောင်းတာပဲ”

ကျန်းရီ အိုးတိုးအန်းတန်းဖြင့် နှာခေါင်းပွတ်ကာ ‌မေးလိုက်၏။

“အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ အဲ့ပုလဲလုံးက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ အဲ့ဒါကို ရှာတွေ့တာ စစ်သူကြီး မဟုတ်ဘူးလား”

“သေချာပေါက် ရှင်နဲ့ ဆိုင်တာပေါ့”

ချီချင်ချန်သည် ပုလဲလုံးကို ကျန်းရီအား လှမ်းပေးလိုက်ပြီး မြေပြင်ရှိ တွင်းကို ညွှန်ပြကာ ပြောလိုက်၏။

“ဒီပုလဲလုံးက မြေအောက်တွင်းထဲမှာ ရှိနေတာ။ ဒီအနားက ဖြတ်သွားသူတိုင်း အဲ့ဒါကို အာရုံခံနိုင်လောက်တယ်။ ဒါပေမဲ့ ရှင် အရင်တစ်ခေါက် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာ ရှိနေခဲ့တုန်းက ဘာလို့ အဲ့ဒါကို မတွေ့ခဲ့ရတာလဲ။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။ တစ်ယောက်ယောက်က ရှင့်အတွက် ဒီပုလဲလုံးကို တမင်ချန်ခဲ့ပေးတာဆိုတဲ့ အဓိပ္ပာယ်ပဲ။ မိစ္ဆာအရှင်မက ဒီပုလဲလုံးကို ရှင့်အတွက် ချန်ခဲ့ပေးတာပဲ”

“ဪ...”

ကျန်းရီသည် ပုလဲလုံးကို လက်ဖြင့်ဆကြည့်လိုက်ပြီး နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ ထို့နောက် သူ ပုလဲလုံးကို ချီချင်ချန်အား ပြန်ပေးလိုက်သည်။

“ဒါကို ရှာတွေ့တဲ့သူက စစ်သူကြီးဆိုတော့ စစ်သူကြီးပဲ ယူလိုက်ပါ။ ဒီပုလဲက ကျွန်တော့်အတွက် အသုံးဝင်မဲ့ပုံလည်း မပေါ်ပါဘူး”

“...”

ချီချင်ချန် မျက်လုံးပင့်လိုက်ပြီး ခံစားချက်အမျိုးမျိုးကို တစ်ပြိုင်တည်း ခံစားလိုက်ရ၏။ ထို့နောက် သူမ မျက်စောင်းထိုးလိုက်ရာ ကျန်းရီ ရင်တုန်သွားသည်။

“ရှင်က ဘာသိလဲ။ ရှင် အဲ့ပုလဲကို သွားရောင်းမယ်ဆိုရင် သူတို့ရဲ့ ရှေးဦးဝိညာဉ်ရတနာတွေနဲ့ လဲမဲ့သူတွေတောင် ပေါ်လာလိမ့်ဦးမယ်”

“ဗျာ...”

ကျန်းရီ အံ့ဩသွား၏။ ထိုပုလဲကို ရှေးဦးဝိညာဉ်ရတနာတစ်ခုနှင့်ပင် လဲလှယ်နိုင်သည်လော။ သူ ပုလဲကို ပြန်ကြည့်လိုက်ပြီး ပုလဲအတွင်းသို့ ကောင်းကင်စွမ်းအား အနည်းငယ် ထည့်သွင်းလိုက်သည်။ သို့သော် ၎င်းက ဘာထူးခြားကြောင်း သူ မသိသေးပေ။ ထို့ကြောင့် သူ နားမလည်ဟန်ဖြင့် ချီချင်ချန်ကိုကြည့်ကာ ပြောလိုက်သည်။

“ဒီပုလဲက ဘာလဲ။ ဒါက တစ်ခုခုထူးခြားတယ်လို့ ကျွန်တော် မခံစားရပါဘူး။ မိုးနဂါးကတော့ မဆိုးပါဘူး”

“အဲ့ဒါက မိစ္ဆာသတ်ဖြတ်ပုလဲပဲ”

ချီချင်ချန်က လေးနက်သောမျက်နှာထားဖြင့် ရှင်းပြသည်။

“အဲ့ဒါက ရတနာတစ်ခု မဟုတ်ဘူး၊ ထူးခြားတဲ့စွမ်းရည်တွေလည်း မရှိဘူး။ အဲ့ပုလဲက ဆန်းကြယ်တဲ့နန်းတော်တစ်ခုကို ဖွင့်နိုင်တဲ့ သော့ပဲ။ အဲ့လိုပုလဲမျိုး နှစ်ဆယ့်ခုနစ်လုံး ရှိတယ်”

“သော့လား”

ချီချင်ချန် ဆိုလိုသည်ကို ကျန်းရီ တစ်ဝက်မျှ နားလည်လိုက်၏။ သူ ခေတ္တမျှ ပြန်တွေးတောကြည့်ပြီးနောက် ရုတ်တရက် မျက်လုံးများ အရောင်လက်သွားသည်။

“မိစ္ဆာသတ်ဖြတ်ပုလဲတဲ့လား.. မိစ္ဆာသတ်ဖြတ်၊ ဒီပုလဲက မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်နဲ့ သက်ဆိုင်နေတာလား”

“မဆိုးဘူး... ဆက်စပ်တွေးတတ်သားပဲ”

ချီချင်ချန် ခေါင်းညိတ်ကာ ဆက်ရှင်းပြလိုက်သည်။

“မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ပါရမီရှင်တစ်ယောက်ပဲ။ သူက အနိမ့်ဘုံကနေ တက်လှမ်းလာပြီးတဲ့နောက် အထွတ်အထိပ်ဆီကို ကြယ်တာရာတစ်ခုလို ထိုးတက်သွားခဲ့တယ်။ နှစ်ပိုင်းအတွင်းမှာပဲ သူ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာခဲ့တယ်။ နောက်တော့ သူ ကောင်းကင်ဘုံကို တက်သွားတယ်။ သူက တစ်ကိုယ်တော်၊ ဓားတစ်လက်နဲ့ မဟာဧကရာဇ်ဖြစ်လာခဲ့တယ်။ မိစ္ဆာသတ်ဖြတ်ဘုံကို သိမ်းပိုက်ပြီး မိစ္ဆာသတ်ဖြတ်စံအိမ်ကို ထူထောင်ခဲ့တယ်...”

“ဒါပေမဲ့ နှမြောစရာက သူ သူ့ရဲ့စစ်တပ်ကို ဦးဆောင်ပြီး တမလွန်ဘုံက ကျူးကျော်လာတဲ့သူတွေကို သွားရှင်းပစ်တုန်း တမလွန်ဘုံရဲ့ ထောင်ချောက်ထဲ ကျသွားခဲ့တယ်။ စစ်တပ်တစ်ခုလုံးလည်း ဖရိုဖရဲဖြစ်ကုန်တယ်။ သူက တပ်သားတွေကို ကာကွယ်ဖို့ တမလွန်ဘုံအရှင်နဲ့ တစ်ယောက်တည်းတိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးတော့ တမလွန်ဘုံအရှင်ကိုယ်တိုင် သူ့ကို သတ်ပစ်လိုက်တယ်...”

“သူက မသေခင်မှာ သူ့ရဲ့စစ်ချပ်ဝတ်နဲ့ လက်နက်တွေကို မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ပို့လွှတ်ခဲ့တယ်။ ပြီးတော့ အာကာပြင်ကို စုတ်ဖြဲပြီး မိစ္ဆာသတ်ဖြတ်နန်းတော်ကို အာကာသဟင်းလင်းပြင်ထဲ ပို့လိုက်တယ်။ အဲ့မိစ္ဆာသတ်ဖြတ်နန်းတော်ကိုက ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုပဲ။ သာမန်လူတွေက အဲ့နန်းတော်ကို ရှာနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲကနေပြီး မိစ္ဆာသတ်ဖြတ်ပုလဲလုံး နှစ်ဆယ့်ခုနစ်လုံး ပျံထွက်လာတတ်တယ်။ အဲ့ပုလဲတွေရဲ့ အကူအညီနဲ့ လူတွေက မိစ္ဆာသတ်ဖြတ်နန်းတော်ကို ရှာပြီး နန်းတော်ထဲ ဝင်နိုင်တယ်...”

“ပြောကြတာကတော့ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှာ လျှို့ဝှက်အတတ် အမျိုးသုံးထောင်၊ ဆန်းကြယ်စွမ်းရည် အမျိုးခုနစ်ထောင်၊ ရှေးဦးဝိညာဉ်ရတနာ အခုတစ်သောင်းနဲ့ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ရဲ့ မိစ္ဆာသတ်ဖြတ်ဓားနဲ့ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်တို့ ရှိတယ်တဲ့။ အဲ့ဓားနဲ့ချပ်ဝတ်က ကမ္ဘာဦးဝိညာဉ်ရတနာတွေပဲ။ လူတွေ အဲ့ဒါတွေကို ရနိုင်၊ မရနိုင်ကတော့ ကိုယ့်ရဲ့ကံတရားအပေါ်မှာ မူတည်တယ်။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ် သေပြီးတဲ့နောက် မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာခဲ့တာ ဆယ့်သုံးကြိမ် ရှိသွားပြီ။ တစ်ခါထွက်ပေါ်လာတိုင်း နန်းတော်ထဲ ဝင်နိုင်ခဲ့သူတွေက အကျိုးအမြတ်တွေ အများကြီးရခဲ့ကြတယ်။ မိစ္ဆာသတ်ဖြတ်စံအိမ်က တပည့်တွေဆို တစ်ခါမှ လက်ဗလာနဲ့ ပြန်လာရတယ်ဆိုတာ မရှိခဲ့ဘူး...”

ချီချင်ချန်က အရာအားလုံးကို အ‌သေးစိတ် ရှင်းပြလိုက်သည်။ ကျန်းရီသည် ရှင်းပြမှုကို နားထောင်ရင်း ရင်ခုန်မြန်၍ မြန်၍ လာပေသည်။

ရှေးဦးဝိညာဉ်ရတနာများကပင် အလွန်စွမ်းအားကြီးနေပြီဖြစ်သည်။ သို့ဖြစ်ရာ တာအိုကောင်းကင်ဝိညာဉ်ရတနာများနှင့် ကမ္ဘာဦးဝိညာဉ်ရတနာများဆိုလျှင် မည်မျှ စွမ်းအားကြီးမည်နည်း။ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်ကို ဝတ်ဆင်ထားသူကို အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် သတ်ဖြတ်နိုင်ပါမည်လော။

‘ဒီပုလဲကို နတ်ဘုရားသစ်ပင်က ချန်ပေးခဲ့တာပဲ ဖြစ်ရမယ်’

ကျန်းရီ ခေတ္တမျှ တွေးတောလိုက်၏။ ကိစ္စများက ဤမျှမတိုက်ဆိုင်နိုင်ပေ။ ပုလဲကို မြေအောက်ခပ်တိမ်တိမ်နေရာတွင် မြှုပ်ထားခြင်းပင်။ သို့ဖြစ်ရာ ဤနေရာမှ ဖြတ်သွားမိသူတိုင်း ၎င်းကို အာရုံခံမိနိုင်သည်။

သို့သော် ကျန်းရီသည် ပြန်လှန်တွေးတောပြီးနောက် ပုလဲလုံးကို ချီချင်ချန်ကိုသာ ပေးလိုက်၏။

“စစ်သူကြီး... ရတနာတွေကို စစ်သူကြီးပဲ သွားရှာလိုက်ပါ။ ကျွန်တော်က စစ်သူကြီးလောက် မသန်မာပါဘူး၊ ပြီးတော့ ကျွန်တော် ရတနာတွေလည်း မလိုသေးဘူး။ ကျွန်တော့်မှာ ရှေးဦးဝိညာဉ်ရတနာသုံးခုတောင် ရှိနေပြီ။ ဒါပေမဲ့ စစ်သူကြီးက ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ထားရတုန်းပဲ”

“ဟင်းဟင်း...”

ချီချင်ချန် ရယ်လိုက်ပြီး ခေါင်းခါ၍ ပြောလိုက်သည်။

“ပုလဲတစ်လုံးကို သုံးယောက်ဝင်ခွင့်ရှိတယ်။ သဘောထားကြီးချင်ယောင်ဆောင်မနေပါနဲ့တော့... ရှင်လည်း ဝင်ချင်တယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မတို့ အတူဝင်လို့ရပါတယ်။ ကျွန်မတို့က မိစ္ဆာသတ်ဖြတ်စံအိမ်ကပဲ... ဒီတစ်ခေါက် ကျွန်မတို့ ကံကောင်းပြီး ဆန်းကြယ်စွမ်းရည်တစ်မျိုးမျိုး ဒါမှမဟုတ် လျှို့ဝှက်အတတ်တစ်မျိုးမျိုးကို ရမလားဆိုတာ ကြည့်ကြတာပေါ့”

“သုံးယောက်လား...”

ကျန်းရီ၏ မျက်လုံးများ လင်းလက်သွား၏။ ရတနာများစွာ ရရှိနိုင်မည့် အခွင့်အရေးကို မည်သူက ငြင်းမည်နည်း။ ထို့ပြင် ကံကောင်းလျှင် ဆန်းကြယ်စွမ်းရည်များ၊ လျှို့ဝှက်အတတ်များနှင့် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်၏ ဓားနှင့်ချပ်ဝတ်ကိုပင် ရနိုင်လောက်သေးသည်။

“ကောင်းပါပြီ... ကျွန်တော်တို့ အတူဝင်ကြတာပေါ့။ သုံးယောက်ဝင်ခွင့်ရတာဆိုတော့ တစ်ယောက်ကို ထပ်ခေါ်လို့ရသေးတယ်။ အဲ့တစ်ယောက်ကို စစ်သူကြီး ကြိုက်တဲ့သူကို ခေါ်ပါ”

ကျန်းရီ စိတ်လှုပ်တရှားပြောလိုက်၏။ ထို့နောက် သူ မေးခွန်းများ မေးလိုက်သည်။

“ကျွန်တော်တို့ ဘယ်တော့ သွားကြမှာလဲ။ မိစ္ဆာသတ်ဖြတ်နန်းတော်က ဘယ်မှာလဲ”

“ဘာတွေလောနေတာလဲ”

ချီချင်ချန်က ခါးသက်သက်ပြုံး၍ ပြန်ပြောလိုက်၏။

“အရင်တစ်ခေါက် ကျွန်မ မိစ္ဆာသတ်ဖြတ်နန်းတော်နဲ့ ပတ်သတ်တဲ့ သတင်းတွေကို ဖတ်ကြည့်တုန်းက အချက်အလက်တွေ အများကြီး သိခဲ့ရတယ်။ မိစ္ဆာသတ်ဖြတ်ပုလဲလုံးတွေ ပေါ်လာပြီး သုံးလနေရင် မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာလိမ့်မယ်။ ဒါပေမဲ့ နန်းတော်က ကောင်းကင်ဘုံမှာပဲ ထွက်ပေါ်လာလေ့ရှိတယ်။ ကျွန်မတို့ ကောင်းကင်ဘုံကို သွားရလိမ့်မယ်။ စိတ်မလှုပ်ရှားပါနဲ့။ အရင်ဆုံး ဒီအကြောင်းကို ကျွန်မခမည်းတော်ဆီ သတင်းလှမ်းပို့လိုက်မယ်”

“ကောင်းကင်ဘုံလား”

ကျန်းရီ သူ့‌ခေါင်းအထက်ရှိ အာကာပြင်ကို မော့ကြည့်လိုက်သည်။ ရုတ်တရက် သူ့လည်ဂုတ်တွင် ကြက်သီးမွေးညင်းများ ထသွားသည်။ သူသည် ကောင်းကင်ဘုံကို တစ်ခါမှ မရောက်ဖူးသေးပေ။ ကောင်းကင်ဘုံနှင့်ယှဉ်လျှင် အထက်ဘုံက ကစားကွင်းတစ်ခုကဲ့သို့ပင်။ ကောင်းကင်ဘုံမှ ဘုံအများစုကို တမလွန်ဘုံက သိမ်းပိုက်ထားသည်။ ဘုံတစ်ခုသာ တောင့်ခံနေနိုင်သည်။ ကောင်းကင်ဘုံတစ်ခွင်လုံးတွင် မိစ္ဆာများ ရှိနေကြသည်။

“ရှင့်ပုံစံကို ကြည့်စမ်းပါဦး”

ချီချင်ချန်သည် ကျန်းရီ၏ မျက်နှာထားကို တွေ့သောအခါ ခနဲ့လိုက်၏။

“ကျွန်မတို့က တကယ်ကြီး ကောင်းကင်ဘုံကို သွားရမှာ မဟုတ်ပါဘူး။ ထုံးစံအတိုင်း မိစ္ဆာသတ်ဖြတ်နန်းတော်က ကောင်းကင်ဘုံနဲ့ အထက်ဘုံကြားမှာရှိတဲ့ ဟွင့်သွမ့်ပင်လယ်ထဲမှာ ထွက်ပေါ်လာလောက်မှာပါ။ အရင်အခေါက်တွေကလဲ အဲ့ပင်လယ်ထဲမှာ ထွက်ပေါ်လာခဲ့တာပဲ။ မစိုးရိမ်ပါနဲ့... ဟွင့်သွမ့်ပင်လယ်က အရမ်းလုံခြုံပါတယ်။ အဲ့မှာ လူသားတပ်သားတွေ အခြေချနေလို့ တမလွန်ဘုံတပ်သားတွေက အဲ့ကို လာခဲပါတယ်။ သူတို့ အဲ့ပင်လယ်ထဲ ဝင်လာရင်လည်း လူသားစစ်တပ်က သူတို့ကို ဝိုင်းပြီး တိုက်ခိုက်နိုင်ပါတယ်”

“ဪ...”

ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အခု အဲ့အကြောင်းတွေ ပြောနေလည်း ဘာမှ အကျိုးမရှိပါဘူး။ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိရအောင် လုပ်ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့။ ဟုတ်သား... လူတစ်ယောက်စာ လွတ်နေသေးတယ်။ စစ်သူကြီးရဲ့ ခမည်းတော်ကို ကျွန်တော်တို့နဲ့အတူ လိုက်လာဖို့ ပြောရင် မကောင်းဘူးလား။ အဲ့ဒါဆို ကျွန်တော်တို့ ပိုလုံခြုံမှာပေါ့”

“ခမည်းတော်လား...”

ချီချင်ချန် ခေါင်းခါကာ ပြန်ပြောသည်။

“ခမည်းတော်က သေချာပေါက် သွားမှာမဟုတ်ဘူး။ သမိုင်းတစ်လျှောက်မှာ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲဝင်ပြီး ရတနာရှာခဲ့တဲ့သူတွေက လူငယ်တွေချည်းပဲ။ မျိုးဆက်ဟောင်းတွေက တစ်ခါမှ ဝင်မပါဖူးဘူး။ ရတနာတွေ သွားရှာရတာက လူငယ်တွေအတွက် ပိုလွယ်တယ်။ အင်း.. အဲ့အကြောင်းကို ကျွန်မတို့ ပြန်ရောက်မှ ဆက်ပြောကြတာပေါ့”

“ကောင်းပါပြီ...”

ကျန်းရီ နတ်ဘုရားသစ်ပင် ရှိနေခဲ့သောနေရာကို လှမ်းကြည့်၍ သုံးကြိမ်ဦးညွှတ်လိုက်၏။ ထို့နောက် အာကာပြင်စုတ်ဖြဲလက်အိတ်ကိုထုတ်ကာ ချီချင်ချန်ကို ဦးဆောင်၍ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေအပြင်သို့ ထွက်လိုက်လေသည်.

ဝှစ်...

ကျန်းရီနှင့် ချီချင်ချန်တို့ ထွက်သွားပြီးနောက် တစ်နာရီအကြာတွင် တောင်ဘက်မှနေ၍ အရိပ်နက်တစ်ခု လွင့်မျောလာ၏။ ထိုလူသည် ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး အထက်သို့ မော့ကြည့်ကာ ပြုံးလိုက်သည်။

“အရှင်... အရှင်ရဲ့ ခန့်မှန်းချက်က အရမ်းမှန်တာပဲ။ ငါးက ငါးစာကို ဟပ်လိုက်ပြီ။ ကျန်းရီနဲ့ ချီချင်ချန်တို့နှစ်ယောက်စလုံး မိစ္ဆာသတ်ဖြတ်နန်းတော်ဆီ သွားကြတော့မယ်။ အစီအစဉ် အကောင်အထည်ပေါ်လာပါပြီ...”

All Chapters