← Chapters

ကောင်းကင်ဘုံ၏ မျိုးရိုးမြင့်သူများ

Vol. 115 Ch. 1604

ကောင်းကင်ဘုံ၏ မျိုးရိုးမြင့်သူများ

Vol. 115 Ch. 1604

ကျန်းရီနှင့် ချီချင်ချန်တို့က မိစ္ဆာသတ်ဖြတ်ပုလဲတစ်လုံးကို ‘မတော်တဆ’ ရှာတွေ့ခဲ့သည်။ သူတို့နှစ်ယောက်စလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။ မိစ္ဆာသတ်ဖြတ်နန်းတော်ထဲတွင် ရတနာများစွာ ရှိသည်။ ကမ္ဘာဦးဝိညာဉ်ရတနာများပင် ရှိနေသေးသည်။

အလွန်ကြီးမားသော အထက်ဘုံတွင် ကမ္ဘာဦးဝိညာဉ်ရတနာ မည်မျှသာ ရှိသနည်း။

သုံးခုသာ ရှိသည်။

ထိုကမ္ဘာဦးဝိညာဉ်ရတနာ သုံးခုမှာလည်း တိုက်ခိုက်အမျိုးအစား၊ ခုခံအမျိုးအစားများ မဟုတ်ကြဘဲ ထောက်ပံ့အမျိုးအစားချည်းသာ ဖြစ်သည်။ ဥပမာအားဖြင့် တိရှအရှင်၏ ကောင်းကင်ဝိညာဉ်နာရီကို ကြည့်ပါ။ ၎င်းက စွမ်းအားကြီးသော်လည်း အသုံးပြုသူ၏ စိတ်ဝိညာဉ်ကို အင်အားတိုးမြှင့်ပေးရုံသာ တတ်နိုင်သည်။ ၎င်းကို အသုံးပြုလျှင် မိမိ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက များစွာပို၍ စွမ်းအားကြီးလာမည်ဖြစ်သည်။ သို့သော် တိရှအရှင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ပြောပလောက်အောင် စွမ်းအားမကြီးချေ။ ထို့ကြောင့် ၎င်းရတနာက သူ့အတွက် များစွာအသုံးမဝင်ပေ။

မိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှ ကမ္ဘာဦးဝိညာဉ်ရတနာများကမူ ကွဲပြားပေသည်။ ထိုနန်းတော်ထဲတွင် ကမ္ဘာဦးဝိညာဉ်ရတနာ သုံးခုကျော် ရှိသည်ဟု ဆိုကြသည်။ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်က ခုခံအမျိုးအစားဖြစ်ပြီး မိစ္ဆာသတ်ဖြတ်ဓားက တိုက်ခိုက်အမျိုးအစားဖြစ်သည်။ မိစ္ဆာသတ်ဖြတ်နန်းတော်မှာ ပို၍ပင် အထင်ကြီးစရာကောင်းသည်။ အခြားအရာများကို ထည့်မတွက်သေးနှင့်ဦး ထိုရတနာသုံးခုထဲမှ တစ်ခုကို ရလိုက်လျှင်ပင် ရရှိလိုက်သူ၏ တိုက်ခိုက်စွမ်းအားက များစွာတိုးတက်သွားမည်ဖြစ်သည်။

ထိုနန်းတော်ထဲတွင် ဆန်းကြယ်စွမ်းရည် အမျိုးမျိုးနှင့် လျှို့ဝှက်အတတ် အမျိုးမျိုးလည်း ရှိသေးသည်။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်၏ စွမ်းအားအကြီးဆုံးအပိုင်းမှာ သူ့ဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များဖြစ်သည်။ အတိတ်တွင် သူသည် ကောင်းကင်ဘုံသို့ တက်လှမ်းရန် ရွေးချယ်ခဲ့ပြီးနောက် ရှေးဟောင်းဆန်းကြယ်နယ်မြေအမျိုးမျိုး၊ အထိမ်းအမှတ်နယ်မြေအမျိုးမျိုးနှင့် အပျက်အစီးနယ်မြေအမျိုးမျိုးသို့ ဝင်ကာ ရှေးဟောင်းဆန်းကြယ်စွမ်းရည်များကို ရှာဖွေခဲ့သည်။

ဤလောကထဲတွင် ဆန်းကြယ်စွမ်းရည်အများဆုံး ပိုင်ဆိုင်ထားသူမှာ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ပင်ဖြစ်သည်။ မဟုတ်လျှင် သူက ထိပ်တန်း တမလွန်ဘုရင်ဆယ်ပါးနှင့် တစ်ကိုယ်တော်တိုက်ခိုက်ကာ ထိုထဲမှ ငါးပါးကို သတ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ သူသည် တမလွန်ဘုံဧကရာဇ်နှင့်လည်း သုံးရက်၊ သုံးညကြာအောင် တိုက်ခိုက်ခဲ့ပြီးမှ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။

ချီချင်ချန်သည် မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်ရောက်သောအခါ ဆောင်းဥတုအရှင်ထံ ဆက်သွယ်၍ မိစ္ဆာသတ်ဖြတ်နန်းတော်အကြောင်းကို မေးလိုက်၏။ ဆယ့်နှစ်နာရီအတွင်းမှာပင် ဆောင်းဥတုအရှင်က အကြောင်းပြန်ခဲ့သည်။ ထို့ပြင် သူသည် လူတစ်ယောက်ကို စေလွှတ်၍ လက်ရေးဖြင့် ရေးထားသော စာတစ်စောင်ကိုလည်း ပို့ပေးလိုက်သည်။

“အဲ့ဒါက တကယ်ကို ဟွင့်သွမ့်ပင်လယ်ထဲမှာပဲ”

ချီချင်ချန်သည် စာကို ဖတ်ပြီးနောက် ကျန်းရီအား ပေးလိုက်၏။ ကျန်းရီလည်း စာကို သေချာ ဖတ်ရှုလိုက်သည်။

ဆောင်းဥတုအရှင်၏စာအရ မိစ္ဆာသတ်ဖြတ်ပုလဲလုံးများ ထွက်ပေါ်လာပြီးနောက် သုံးလအကြာတွင် မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။ ၎င်းနန်းတော်သည် ပုံမှန်ဆိုလျှင် ဟွင့်သွမ့်ပင်လယ်ထဲမှာပင် ထွက်ပေါ်လာတတ်သည်။ နန်းတော် ထွက်ပေါ်မလာခင် တစ်လခွဲအလို၌ မိစ္ဆာသတ်ဖြတ်ပုလဲလုံးများက အလိုလို လင်းလက်လာကြမည်ဖြစ်ပြီ ၎င်းတို့၏ပိုင်ရှင်ကို မိစ္ဆာသတ်ဖြတ်နန်းတော်ဆီ ခေါ်သွားပေးမည်ဖြစ်သည်။

မိစ္ဆာသတ်ဖြတ်ပုလဲလုံးတစ်လုံးရှိလျှင် လူသုံးယောက်ဝင်နိုင်သည်။ ဆောင်းဥတုအရှင်သည် ထိုကိစ္စတွင် ဝင်မပါလိုသဖြင့် ကျန်းရီနှင့် ချီချင်ချန်တို့ကိုသာ ဆုံးဖြတ်ချက်ချခိုင်းခဲ့သည်။ သို့သော် သူတို့နှစ်ယောက် ထိုသတင်းကို မပေါက်ကြားပါစေနှင့်ဟုတော့ စာထဲတွင် သေသေချာချာ ရေးထားသည်။ ထို့ပြင် သူတို့ မိစ္ဆာသတ်ဖြတ်နန်းတော်ဆီသို့ လျှို့ဝှက်၍ သွားရမည်ဖြစ်သည်။ သူတို့ သည်းခံနိုင်သလောက်သာ သည်းခံရမည်။ သူတို့ သည်းမခံနိုင်တော့လျှင် ရတနာရှာရန်ကို မေ့ပစ်၍ မိစ္ဆာသတ်ဖြတ်နန်း‌တော်ထဲမှ ထွက်ကာ အထက်ဘုံသို့ ချက်ချင်း ပြန်လာရပေမည်။

အဘယ်ကြောင့်ဆိုသော် သမိုင်းတစ်လျှောက်တွင် ရတနာရှာရန် လာခဲ့သူများက ကောင်းကင်ဘုံ၏ မျိုးနွယ်ကြီးများမှ လူများဖြစ်၍ပင်။ ထိုလူများက အမှန်တကယ် ဩဇာအာဏာရှိသူများ ဖြစ်သည်။ သူတို့ကို အပြစ်ပြုမိ၍ မဖြစ်ပေ။ မဟုတ်လျှင် အကျိုးဆက်များက ဆိုးဝါးသွားပေလိမ့်မည်။

ကောင်းကင်ဘုံ၏ မျိုးရိုးမြင့်သူများ...

ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ သူ အစိုးရိမ်ဆုံးမှာ ယင်းကိုပင်ဖြစ်သည်။ ကောင်းကင်ဘုံမှ သခင်လေးများနှင့် သခင်မလေးများအတွက် သူတို့က နိမ့်ကျသူများသာ။ ယင်းမှာ အထက်ဘုံမှ လူများက အနိမ့်ဘုံမှ တက်လှမ်းလာသူများကို အထင်သေးသလိုမျိုးပင်ဖြစ်သည်။ သူနှင့် ချီချင်ချန်တို့က ရတနာသွားရှာမည်ဆိုလျှင် ထိုသခင်လေးများနှင့် သခင်မလေးများသည် သူတို့ကို သူတို့၏ပါးစပ်ထဲမှအစာကို လာလုသူများအဖြစ် မြင်ကြပေလိမ့်မည်။ ထို့ပြင် ချီချင်ချန်က လှပသည်။ အကယ်၍ ကောင်းကင်ဘုံမှ သခင်လေးတစ်ယောက်က သူမကို မျက်စိကျသွားမည်ဆိုလျှင် သေချာပေါက် ပြဿနာတက်လာပေလိမ့်မည်။

“ကျန်းရီ... ရှင်က ကောင်းကင်ဘုံက မျိုးရိုးမြင့်တဲ့သူတွေကြောင့် စိုးရိမ်နေတာမလား”

ချီချင်ချန်သည် ကျန်းရီက နှုတ်ဆိတ်နေသည်ကို သတိပြုမိလိုက်၍ မေးလိုက်၏။ ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထိုအခါ သူမ အတန်ငယ် ပြုံးကာ ဆက်ပြောလိုက်လေသည်။

“တကယ်တော့ ရှင် စိုးရိမ်စရာ မလိုပါဘူး။ မိစ္ဆာသတ်ဖြတ်နန်းတော်က အကြီးကြီးပါ။ ကျွန်မတို့ ဝင်သွားတာနဲ့ တခြားသူတစ်ယောက်နဲ့မှ ကြုံရမှာ မဟုတ်ပါဘူး။ ပြီးတော့ မိစ္ဆာသတ်ဖြတ်နန်း‌တော်ထဲမှာ ထွက်ပေါ်တွေ အများကြီးရှိတယ်။ ကျွန်မတို့ အလွယ်လေး ထွက်ပြေးနိုင်ပါတယ်။ ကျွန်မတို့ ဟွင့်သွမ့်ပင်လယ်ထဲ ပြန်ထွက်နိုင်မယ်ဆိုရင် သေချာပေါက် လုံခြုံမှာပါ”

“ကျွန်တော်တို့က ဟွင့်သွမ့်ပင်လယ်ထဲမှာ လုံခြုံမှာလား”

ကျန်းရီ နားမလည်နိုင်ဖြစ်သွား၍ မေးလိုက်၏။

“ဘာလို့ အဲ့လိုပြောရတာလဲ”

“ဟင်းဟင်း... အချိန်ကျလာရင် ရှင်နားလည်ပါလိမ့်မယ်”

ချီချင်ချန် များစွာ ရှင်းပြမနေပေ။ သူမကို စိုးရိမ်နေစေသည်က အခြားတစ်ခုဖြစ်သည်။ သူမ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မတို့ ဘယ်သူ့ကို ခေါ်သွားသင့်လဲ။ အဲ့လူရဲ့ စွမ်းရည်တွေက မဆိုးမှဖြစ်မယ်၊ အဲ့လူကို အားကိုးလို့လည်း ရရမယ်။ အဲ့လိုလူမျိုးကို ရှာဖို့က ခက်တယ်”

ကျန်းရီနှင့် ချီချင်ချန်တို့ နှစ်ယောက်စလုံးက အလွန်စွမ်းအားကြီးသူများပင်။ သာမန်ဘွဲ့ထူးရစစ်နတ်ဘုရားမျာက သူတို့နှင့် လိုက်နိုင်ရန် အဆင့်မမီပေ။ သူတို့ အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုသာ လက်ခံနိုင်သည်။ သို့သော် ဆောင်းဥတုအရှင်က သူတို့နှင့်လိုက်မည် မဟုတ်ချေ။ သို့ဖြစ်ရာ သူတို့နှင့်အတူ မည်သူ့ကို ခေါ်သွားရမည်နည်း။

ကျန်းရီ တိတ်ဆိတ်သွား၏။ သိမ်းငှက်ဘုရင်လေးသာ ရှိနေလျှင် သူ့ကို ခေါ်သွားနိုင်သည်။ သို့သော် သိမ်းငှက်ဘုရင်လေးက အခန်းပိတ်ခံထားရသည်။ သူတို့နှစ်ယောက် သိမ်းငှက်စိမ်းဘုရင်ကို ဆက်သွယ်၍ သိမ်းငှက်ဘုရင်လေးကို လွှတ်ပေးဖို့ တောင်းဆို၍လည်း မရသည် မဟုတ်လော။

“လောလောဆယ်တော့ ဆက်ကျင့်ကြံပြီး တာဝန်တွေ ဆက်ထမ်းဆောင်ကြတာပေါ့။ အချိန်က စောပါသေးတယ်။ မိစ္ဆာသတ်ဖြတ်ပုလဲ လင်းလက်လာဖို့ လဝက်လောက် လိုလိမ့်ဦးမယ်။ အဲ့အချိန်အထိ ဘယ်သူ့ကို‌ ခေါ်သွားရမယ်ဆိုတာ မဆုံးဖြတ်နိုင်သေးရင် ကျွန်မတို့နှစ်ယောက်ပဲ သွားကြတာပေါ့”

ချီချင်ချန်သည် ခေတ္တမျှ တွေးတောပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ ခေါ်သွားရန် သင့်တော်သူကို ရှာမတွေ့လျှင် မည်သူ့ကိုမှ ခေါ်မသွားခြင်းက ပိုကောင်းပေသည်။ မဟုတ်လျှင် ထိုသူအတွက် သူမတို့ ပြဿနာကြုံရနိုင်သည်။ ထို့ပြင် အကြံသမားတစ်ယောက်ကို ခေါ်သွားမိလျှင်လည်း နောက်ကျောဓားထိုးခံရနိုင်သည်။

ကျန်းရီသည် တွေးတောပြီးနောက် ချီချင်ချန်၏ ဆုံးဖြတ်ချက်က သင့်တော်ကြောင်း သဘောပေါက်သွား၏။ မိစ္ဆာသတ်ဖြတ်နန်းတော်က မည်သည့်အချိန်တွင် ထွက်ပေါ်လာမည်ကို မည်သူမှ အတိအကျ မသိပေ။ သို့သော် ၎င်းနန်းတော် ထွက်ပေါ်လာရန် လဝက် သို့မဟုတ် တစ်လ သို့မဟုတ် နှစ်လလောက်တော့ လိုပေလိမ့်ဦးမည်။ ထိုအချိန်လောက်ဆို သိမ်းငှက်ဘုရင်လေး အပြင်ပြန်ထွက်ခွင့် ရနေလောက်ပေသည်။

***

မီးဖီးနစ်တပ်သည် တာဝန်အသစ်တစ်ခုကို ချက်ချင်း လက်မခံခဲ့ပေ။ ကျန်းရီက အခန်းအောင်း ကျင့်ကြံရန် ရွေးချယ်ထားသည်။ သူ မဟာနတ်ဘုရားအတတ်နှင့် အနှစ်သာရကို ဆက်လေ့လာနေသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဉ်ကိုလည်း ပိုသန်မာလာအောင် လုပ်နေသည်။ ဤတစ်ကြိမ်တွင် သူ မဟာနတ်ဘုရားအတတ်ကို ဦးစားပေး ကျင့်ကြံသည်။ သူ့တွင် သာမန်လူများက မဖျက်ဆီးနိုင်သော ရှေးဦးဝိညာဉ်ရတနာတစ်ခု ရှိနေသည်။ အကယ်၍ သူ၏ ရုပ်ခန္ဓာသာ ပိုသန်မာလာမည်ဆိုလျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် သူ့ကို အလွယ်တကူ သတ်နိုင်‌တော့မည် မဟုတ်ချေ။

ကျန်းရီသည် မဟာနတ်ဘုရားအတတ်၏ ဒုတိယအဆင့်ကို ကျင့်ကြံနိုင်နေပြီဖြစ်သော်လည်း ထိုအတတ်က အလွန်ခက်ခဲသည်။ အတန်ငယ် တိုးတက်အောင် လုပ်ရန်အတွက်ပင် အလွန်ခက်နေသည်။ သူ့တွင် နတ်ဘုရားသစ်ရွက်ရှိနေသည်ပင် ထိုသို့ဖြစ်နေခြင်းဖြစ်သည်။ မဟုတ်ပါက သူ နှစ်ဆယ်ချီ ကျင့်ကြံလျှင်ပင် ဒုတိယအဆင့်ကို အောင်မြင်လိမ့်မည် မဟုတ်ချေ။

ကျန်းရီသာ မဟာနတ်ဘုရားအတတ်၏ ဒုတိယအဆင့်ကို အောင်မြင်အောင် ကျင့်ကြံနိုင်မည်ဆိုလျှင် သူ့ရုပ်ခန္ဓာက အဆတစ်ထောင်ပို၍ သန်မာလာမည်ဖြစ်သည်။ ယင်းမှာ ကြောက်မက်ဖွယ်ပင်။ ထိုအခါကျလျှင် သူ၏ရုပ်ခန္ဓာက ကောင်းကင်ဘုရင်ဝူ၊ ဆောင်းဥတုအရှင်နှင့် အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ ရုပ်ခန္ဓာများနှင့်ပင် ယှဉ်နိုင်လာမည်ဖြစ်သည်။ ထိုရုပ်ခန္ဓာကို ရှေးဦးဝိညာဉ်ရတနာနှင့် ပေါင်းလိုက်မည်ဆိုလျှင် သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ့ကို သတ်နိုင်တော့မည် မဟုတ်ချေ။

သို့သော် ထိုအရာက မျှော်လင့်ချက်သာ ဖြစ်သည်။ လက်တွေ့တွင်မူ အချိန်အတော်ကြာ ကျင့်ကြံပြီးသည်အထိ ကျန်းရီ သူ၏မဟာနတ်ဘုရားအတတ်ကို အတန်ငယ် တိုးတက်လာအောင်သာ လုပ်နိုင်ခဲ့သည်။ ယခု သူ မိုးမြေစွမ်းအားကို ထုတ်သုံးလျှင် သူ့ရုပ်ခန္ဓာက အဆတစ်ရာ့နှစ်ဆယ် ပိုသန်မာလာပြီဖြစ်သည်။ သို့သော် အဆတစ်ထောင် ပိုသန်မာလာရန် အဝေးကြီး လိုပေသေးသည်။

မကြာသေးခင်က ကျန်းရီသည် အဆတစ်သိန်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းကို အသုံးပြု၍ သူ၏ကောင်းကင်စွမ်းအားကိုလည်း ကျင့်ကြံနေခဲ့သည်။ သူ၏ကောင်းကင်စွမ်းအားက တိုးတက်လာရာ သူ၏ရုပ်ခန္ဓာကလည်း ပိုသန်မာလာသည်။ မိုးမြေစွမ်းအားကို သုံးလိုက်လျှင်မူ ပိုသန်မာလာပေမည်။ ယခင်တွင် သူ၏ရုပ်ခန္ဓာက ချီချင်ချန်၏ ရုပ်ခန္ဓာနှင့် ယှဉ်နိုင်ခဲ့သည်။ ယခု သူ မိုးမြေစွမ်းအားကို သုံးလိုက်မည်ဆိုလျှင် သူ့ရုပ်ခန္ဓာအင်အားက ချီချင်ချန်၏ ရုပ်ခန္ဓာအင်အားထက်ပင် ကျော်လွန်သွားမည်ဖြစ်သည်။

ကျန်းရီသည် ကျင့်ကြံခြင်းတွင်သာ စိတ်နှစ်ထားခဲ့၍ အချိန်ကို မေ့လျော့နေခဲ့၏။ နောက်တွင် သူ တာဝန်များ ထပ်သွားမထမ်းဆောင်တော့ရန် ဆုံးဖြတ်ခဲ့သည်။ ချီရွယ်က သူ့ကို တစ်ခေါက်လာရှာခဲ့သည်။ သို့သော် သူ ထွက်မတွေ့လိုက်ပေ။ အချိန်ကျမှ သူ ထွက်လာမည်ဖြစ်ကြောင်း ချီချင်ချန်အား ပြောပေးရန်သာ ချီရွယ်ထံ အသံပို့လွှတ်လိုက်ပေသည်။

***

ရွှီး...

လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများက လင်းလက်လာသဖြင့် ကျန်းရီ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူ အကာအရံများကို ပိတ်ကာ အပြင်ဘက်သို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် သူ မျက်လုံးပြူးသွား၏။ သူက နေ့ခင်းကြောင်‌တောင် တစ္ဆေတစ်ကောင် မြင်လိုက်ရသကဲ့သို့ပင်။

ဝှစ်...

ကျန်းရီ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲမှ ပျံထွက်လိုက်၏။ အပြင်ဘက်တွင် သာမန်ရုပ်ရည်ရှိသော အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် ရပ်နေသည်။ ကျန်းရီသည် အပြင်သို့ ရောက်သည်နှင့် အံ့အားသင့်နေသော လေသံဖြင့် ပြောလိုက်၏။

“တကယ်ပဲ ခင်ဗျားလား... အဆိပ်ဝိညာဉ်...”

အသက်လတ်ပိုင်းအရွယ် ယောက်ျားက ဒူးတစ်ဘက်ထောက်၍ ပြန်ပြောလိုက်သည်။

“အရှင်ငယ်... ကျွန်တော် ပြန်လာပါပြီ”

“ကောင်းတယ်... ကောင်းတယ်”

ကျန်းရီ အဆိပ်ဝိညာဉ်ကို ခပ်သွက်သွက် ထူလိုက်ကာ စိတ်လှုပ်တရှားဖြင့် ပြောလိုက်သည်။

“ရီချန်တို့ရော ဘယ်မှာလဲ။ သူတို့ရော ပြန်လာပြီလား”

“မလာသေးပါဘူး...”

အဆိပ်ဝိညာဉ်က အပြစ်ရှိဟန်ဖြင့် ပြော၏။

“သူတို့က သိမ်းငှက်ငယ်တောင်ကြားထဲမှာပဲ ရှိပါသေးတယ်။ ကျွန်တော်တစ်ယောက်ပဲ အကာအရံတွေကို ဖောက်ထွက်နိုင်ခဲ့တာပါ။ သိမ်းငှက်စိမ်းဘုရင်က အခန်းအောင်းကျင့်ကြံနေလို့ ကျွန်တော်တို့ သိမ်းငှက်ငယ်တောင်ကြားကို မဖွင့်နိုင်ပါဘူး။ သူတို့လည်း အပြင်ထွက်လာလို့ မရဘူး။ အရှင်မသုံးယောက်က သူတို့ကို မစိုးရိမ်ဖို့ အရှင်ငယ်ကို ပြောပေးဖို့ ကျွန်တော့်ကို မှာလိုက်ပါတယ်။ သူတို့ အဲ့မှာ ဘေးကင်းလုံခြုံကြပါတယ်”

“ဪ...”

ကျန်းရီ၏ မျက်ဝန်းထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်သွား၏။ ဝိညာဉ်မျိုးနွယ်က အကာအရံများကို ဖောက်ထွင်နိုင်ရာ အဆိပ်ဝိညာဉ် အပြင်ထွက်လာနိုင်ခြင်းမှာ မထူးဆန်းပေ။ ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... မီးဖီးနစ်တပ်ကို ပြန်သွားပြီး အဲ့မှာ နေနေလိုက်ပါ။ ကျွန်တော် ခဏလောက် ဆက်ကျင့်ကြံလိုက်ဦးမယ်။ ကျွန်တော် အရေးကြီးတဲ့ဟာတစ်ခုကို ကျင့်ကြံနေတာ။ ရက်နည်းနည်းလောက်နေမှ ပြန်ထွက်လာခဲ့မယ်”

“အရှင်ငယ်... အရှင်ငယ် ဆက်ကျင့်ကြံလို့ မရ‌တော့ဘူး”

အဆိပ်ဝိညာဉ်က ခေါင်းခါ၍ ပြုံးလိုက်၏။

“တကယ်တော့ ကျွန်တော် ပြန်ရောက်နေတာ ဆယ့်နှစ်ရက်တောင် ရှိသွားပါပြီ။ ကျွန်တော် ဒီကိုလာခဲ့တာ မိစ္ဆာသတ်ဖြတ်ပုလဲ လင်းလက်လာပြီလို့ စစ်သူကြီးက ပြောလို့ပါ။ ကျွန်တော်တို့ ဟွင့်သွမ့်ပင်လယ်ကို သွားရတော့မယ်။ ဟုတ်သား... စစ်သူကြီးက ကျွန်တော့်ကို အတူလိုက်ခဲ့လို့ရတယ်လို့ ပြောပါတယ်”

All Chapters