ဟွင့်သွမ့်ပင်လယ်
Vol. 115 Ch. 1605
“အချိန်တောင်ကျပြီလား”
ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်၏။ အချိန်များစွာ ကုန်သွားခဲ့ပြီဖြစ်ကြောင်း သူ သတိမပြုမိခဲ့ပေ။ အဆိပ်ဝိညာဉ် ပြန်ရောက်နေသည်မှာပင် ဆယ့်နှစ်ရက် ရှိသွားပြီလော။ သူ ခေါင်းခါလိုက်၏။ အဆိပ်ဝိညာဉ်၏ နောက်ဆုံးစကားကို ပြန်တွေးပြီးနောက် သူ အားတက်လာကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“ခင်ဗျား လိုက်လာတော့ ကောင်းတာပေါ့။ ခင်ဗျားရှိနေရင် ကျွန်တော် စိတ်အေးရတယ်”
မူလတွင် ကျန်းရီ အဆိပ်ဝိညာဉ်ကို ခေါ်သွားရန် မတွေးခဲ့ခြင်းမှာ အဆိပ်ဝိညာဉ်က အချိန်မီ ထွက်လာနိုင်လိမ့်မည်ဟု မထင်ခဲ့၍ပင်။ သို့သော် ယခုတွင် အဆိပ်ဝိညာဉ်က ထွက်လာနိုင်ခဲ့ပြီဖြစ်၍ အကောင်းဆုံးအခြေအနေ ဖြစ်သွားသည်။ အထက်ဘုံတွင် အဆိပ်ဝိညာဉ်က ထိပ်တန်း ထောက်လှမ်းရေးတစ်ယောက်ဖြစ်သည်။ သူ၏ တိုက်ခိုက်စွမ်းအားကလည်း အတော်လေး ကောင်းသည်။ သူ၏သစ္စာရှိမှုကိုမူ မေးခွန်းထုတ်နေရန်ပင် မလိုပေ။ ထို့ကြောင့် အုပ်ချုပ်သူအဆင့် အောက်တွင် သူက အကောင်းဆုံး ရွေးချယ်စရာ ဖြစ်ပေသည်။
“သွားမယ်...”
ကျန်းရီ အဆိပ်ဝိညာဉ်ကို ခေါ်၍ မီးဖီးနစ်တပ်သို့ လျင်မြန်စွာ ပြန်သွားလိုက်၏။ ချီချင်ချန်က အဖြူရောင်ဝတ်စုံနှင့် အဖြူရောင်မြေခွေးမွေးခြုံထည်ကို ဝတ်ဆင်ထားရာ ပို၍ပင် သန့်စင် လှပနေသည်။
“ကျန်းရီ...”
ချီချင်ချန်သည် ကျန်းရီတို့နှစ်ယောက် ဝင်လာသည်ကို တွေ့လိုက်သောအခါ ပုလဲလုံးကို ထုတ်လိုက်၏။ ၎င်းက အမှန်ပင် အဆက်မပြတ် လင်းလက်နေသည်။ ၎င်းအတွင်းရှိ မိုးနဂါးကလည်း အဆက်မပြတ် ကူးခတ်နေပေသည်။
“အဲ့နဂါး ပျံတဲ့ဘက်ကို လိုက်သွားရင် မိစ္ဆာသတ်ဖြတ်နန်းတော်ကို တွေ့လိမ့်မယ်။ ဒါပေမဲ့ အရင်ဆုံး ဟွင့်သွမ့်ပင်လယ်ကိုတော့ သွားရမှာပေါ့”
ချီချင်ချန်က ပုလဲလုံးပေါ်ရှိ နဂါးပုံကို ညွှန်ပြကာ ရှင်းပြ၏။ ထို့နောက် သူမ မေးလိုက်သည်။
“ကျွန်မတို့ ဟွင့်သွမ့်ပင်လယ်ကို ဘယ်လို သွားကြမလဲ။ တိရှဘုံကနေ သွားမလား ဒါမှမဟုတ် ဆောင်းဥတုဘုံကနေ သွားမလား”
“အာ...”
ကျန်းရီသည် ဟွင့်သွမ့်ပင်လယ်အကြောင်းကို တစ်ခုမှ မသိပေ။ ထို့ကြောင့် သူ မေးလိုက်၏။
“ကွာခြားမှု ရှိလို့လား။ ကျွန်တော်တို့ မိစ္ဆာချေဖျက်တောင်ကြားကနေပြီးပဲ တိုက်ရိုက်သွားလို့ မရဘူးလား”
ချီချင်ချန်က မျက်လုံးပင့်၍ ပြုံးကာ ပြန်ပြောလိုက်သည်။
ကျန်းရီ... ရှင့်မှာ ရန်သူတွေ အများကြီးရှိတယ်။ တစ်ယောက်ယောက်က ရှင့်ကို အကွက်ဆင်ပြီး သတ်လိုက်မှာကို မကြောက်ဘူးလား။ ကျွန်မတို့ မိစ္ဆာချေဖျက်တောင်ကြားကနေ သွားလို့မဖြစ်ဘူး။ အရင်ဆုံး တိရှဘုံ ဒါမှမဟုတ် ဆောင်းဥတုဘုံကို သွားပြီးမှ ဟွင့်သွမ့်ပင်လယ်ကို ဆက်သွားရမယ်။ မဟုတ်ရင် ကျွန်မတို့ ဘယ်ကိုသွားတယ်ဆိုတာ ပေါက်ကြားသွားလိမ့်မယ်။ ဒီတစ်ခေါက် ကျွန်မတို့က အကြာကြီးသွားမှာဆိုတော့ သတိထားတာ အကောင်းဆုံးပဲ”
“ဪ... ကျွန်တော် နားလည်ပါပြီ”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး လက်မထောင်၍ ပြောလိုက်သည်။
“စစ်သူကြီးရဲ့ အတွေးအခေါ်တွေက တကယ်မဆိုးဘူး။၊ ကောင်းပြီ... ကျွန်တော်တို့ ဆောင်းဥတုဘုံကနေ သွားကြတာပေါ့။ အဲ့ဘုံက စစ်သူကြီးရဲ့ပိုင်းနက် မဟုတ်လား။ အဲ့ကနေသွားမယ်ဆိုရင် ကျွန်တော်တို့ သွားမဲ့နေရာကို ပိုကောင်းကောင်း လျှို့ဝှက်ထားနိုင်လောက်မယ်”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ...”
ချီချင်ချန်သည် ကျန်းရီ၏ ချီးကျူးမှုကို ခံလိုက်ရ၍ အတန်ငယ် ရှက်သွေးဖြာသွား၏။ သို့သော် ချက်ချင်း ဣန္ဒြေပြန်ဆည်ကာ ဆက်ပြောလိုက်သည်။
“ချီရွယ်၊ ချီရှား... ငါနဲ့ ကြီးကြပ်စစ်သူကြီး ဆောင်းဥတုဘုံကို ခဏသွားလိုက်ဦးလို့ တပ်ထဲမှာ အသိပေးလိုက်ပါ။ အဲ့အချိန်အတွင်း မီးဖီးနစ်တပ်က ကိုယ်ကြိုက်တဲ့တာဝန်ကို လက်ခံနိုင်တယ်။ ကျင့်ကြံချင်တဲ့သူတွေ၊ အနားယူချင်တဲ့သူတွေကလည်း သဘောရှိ လုပ်လို့ရတယ်။ ချီရှားက ငါနဲ့အတူ ပြန်လိုက်ခဲ့ပါ... ချီရွယ်ကတော့ ဒီမှာနေခဲ့ပြီး တပ်ကို ကြီးကြပ်ထားပါ”
ချီရွယ်နှင့် ချီရှားတို့ အမိန့်နာခံလိုက်ကြ၏။ မီးဖီးနစ်တပ်မှ တပ်သားများသည် ထိုသတင်းကို ကြားလိုက်သောအခါတွင် အံ့အားမသွားကြပေ။ သူတို့၏မျက်လုံးထဲတွင် ကျန်းရီနှင့် ချီချင်ချန်တို့၏ ဆက်ဆံရေးက ရှုပ်ထွေးသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က မျိုးနွယ်အကြီးအကဲများကို ပြန်တွေ့ခြင်းမှာ ပုံမှန်သာဖြစ်သည်ဟု တပ်သားများ တွေးကြပေသည်။
ကျန်းရီနှင့် ချီချင်ချန်တို့သည် ချီရွယ်နှင့် အဆိပ်ဝိညာဉ်တို့ကို ခေါ်၍ ဆောင်းဥတုဘုံသို့ တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ သူတို့အုပ်စု ထွက်သွားသောအခါ ရဲတိုက်များစွာထဲမှနေ၍ ထောက်လှမ်းရေးများ ထွက်လာပြီး မြစ်ဖြူဘုံ၊ ကောင်းကင်ကန္တာရဘုံနှင့် ခြင်္သေ့ဝါဘုံများဆီ ချက်ချင်းသတင်းပို့လိုက်ကြသည်။
မြစ်ဖြူဘုရင်၊ ကောင်းကင်ကန္တာရဘုရင်နှင့် ခြင်္သေ့ဝါဘုရင်တို့သည် သတင်းပို့ချက်ကို လက်ခံရရှိသောအခါ ဆောင်းဥတုမြို့ရှိ သူတို့၏ထောက်လှမ်းရေးများအား ကျန်းရီတို့ကို စောင့်ကြည့်ထားရန် ချက်ချင်းအမိန့်လှမ်းပေးလိုက်ကြ၏။
ကျန်းရီနှင့် ချီချင်ချန်တို့သည် ဆောင်းဥတုမြို့သို့ ရောက်သည်နှင့် ဆောင်ဥတုအရှင်ကို သွားတွေ့ကာ သူ၏အကြံပေးချက်များကို နားထောင်လိုက်ကြသည်။ ထို့နောက် သူတို့နှစ်ယောက်သည် အဆိပ်ဝိညာဉ်ကိုခေါ်၍ ဟွင့်သွမ့်ပင်လယ်ဆီသို့ တည်နေရာပြောင်းရွှေ့လိုက်ကြလေသည်။
“သူတို့က တကယ်ပဲ ဟွင့်သွမ့်ပင်လယ်ကို သွားတာပဲ...”
တည်နေရာပြောင်းရွှေ့အစီအရင်က နာရီနှစ်ဆယ်ကျော်ကြာအောင် လင်းလက်နေခဲ့၏။ ထိုအစီအရင်မှ အလင်းက ဆောင်းဥတုမြို့တစ်ခွင်လုံးကို လင်းထိန်နေစေသည်။ ကျန်းရီတို့က အထက်ဘုံရှိ နေရာတစ်ခုသို့ တည်နေရာပြောင်းရွှေ့ခြင်းဆိုလျှင် ထိုမျှကြာအောင် တည်နေရာပြောင်းရွှေ့ရမည် မဟုတ်ပေ။ ထို့ကြောင့် မျိုးနွယ်သုံးခုမှ ထောက်လှမ်းရေးများသည် ကျန်းရီနှင့် ချီချင်ချန်တို့က အမှန်ပင် ဟွင့်သွမ့်ပင်လယ်သို့သွားခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်ကြပေသည်။
“အစီအစဉ်စဖို့ အမိန့်ပေးလိုက်”
ခြင်္သေ့ဝါဘုရင်သည် သတင်းရသည်နှင့် အမိန့်ပေးလိုက်၏။ သူ့ရဲတိုက်၏ ဗဟိုခန်းမထဲရှိ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ယောက်က လက်ဆုပ်ကာ သူ့အမိန့်ကို နာခံလိုက်ပြီး ညွှန်ကြားထားသည့်အတိုင်း အစီအစဉ်ကို အကောင်အထည်ဖော်ရန် ထွက်သွားလေသည်။
***
ရွှီး...
ကျန်းရီ၊ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့သည် နှစ်ဆယ့်ခြောက်နာရီတိတိ တည်နေရာပြောင်းရွှေ့ခဲ့ရ၏။ ချီချင်ချန်မှလွဲ၍ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ နှစ်ယောက်စလုံး အတန်ငယ် မူးဝေနေကြသည်။ ငါးမိနစ်ခန့် အနားယူပြီးမှ သူတို့ အမူးပြေလာပေသည်။
“အာ...”
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားကြ၏။ သူတို့ကို မြူခိုးဖြူများက ဝန်းရံထားသည်။ မြူများက ထူထပ်လွန်းသဖြင့် အရှေ့ပေတစ်သောင်းလောက်အထိသာ လှမ်းမြင်နိုင်သည်။ သူတို့သည် သူတို့၏ကောင်းကင်စိတ်အာရုံများကို ထုတ်လွှတ်ကြည့်ပြီးနောက် ဤနေရာတွင် ကောင်းကင်စိတ်အာရုံများ အလုပ်မလုပ်ကြောင်းလည်း သိလိုက်ကြရလေသည်။
သူတို့က ကျောက်စိမ်းဖြူရင်ပြင်တစ်ခုပေါ်တွင် ရှိနေခြင်းပင်။ ရင်ပြင်ပေါ်၌ တည်နေရာပြောင်းရွှေ့အစီအရင် အခုရာဂဏန်းအနည်းငယ်မှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေပေ။ တည်နေရာပြောင်းရွှေ့အစီအရင်များကို စောင့်ကြပ်သူ ဆယ်ယောက်က စောင့်ကြပ်နေကြသည်။ သူတို့ထဲမှ သုံးယောက်မှာ အုပ်ချုပ်သူအဆင့် ဖြစ်ကြသည်။
“စကားအများကြီး မပြောနဲ့၊ မေးခွန်းအများကြီး မမေးနဲ့။ ကျွန်မ ညွှန်ကြားတာကို နားထောင်ကြ”
ချီချင်ချန်က ခေါင်းငုံ့၍ ကျန်းရီတို့နှစ်ယောက်ကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ထို့နောက် သူမသည် စောင့်ကြပ်သူဆယ်ယောက်ဆီ ရိုရိုသေသေ လျှောက်သွားလိုက်ပြီး ဦးညွှတ်ကာ မေးလိုက်၏။
“အရှင်တို့... ကျွန်မတို့က ဟွင့်သွမ့်ကျွန်းဆီ သွားချင်လို့ပါ။ ကျွန်မတို့ကို တည်နေရာပြောင်းရွှေ့ပေးပါ”
စောင့်ကြပ်သူကိုးယောက်က ဆက်၍ မျက်လုံးမှိတ်ထားကြပြီး ဘယ်ဘက်အစွန်မှ တစ်ယောက်ကသာ မျက်လုံးဖွင့်၍ ပြောလိုက်သည်။
“နတ်ဘုရားအမြစ်ဆယ်သန်း”
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ မျက်မှောင်ကြုတ်သွားကြ၏။ သို့သော် သူတို့နှစ်ယောက် မည်သို့မှ ဝင်မပြောဝံ့ပေ။ ချီချင်ချန်သည် အံ့ဩဟန်မပြဘဲ နတ်ဘုရားအမြစ်များကို ထုတ်ကာ စောင့်ကြပ်သူအား ပေးလိုက်၏။ ထို့နောက် သူမ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကို ခေါ်ကာ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲ ဝင်လိုက်လေသည်။
ရွှီး...
ထိုတည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာ၏။ ဤတစ်ကြိမ်တွင် သူတို့ အကြာကြီး တည်နေရာပြောင်းရွှေ့ရန် မလိုခဲ့ပေ။ ခြောက်နာရီကြာပြီးနောက် သုံးယောက်သား ဧရာမမြို့ကြီးတစ်မြို့အတွင်း၌ ပြန်ပေါ်လာပေသည်။
၎င်းမြို့က အလွန်စည်ကားသည်။ မြို့ရင်ပြင်ထဲ၌ လူများ ပျားပန်းခတ်နေသည်။ ထိုလူများကြား၌ ဘွဲ့ထူးရစစ်နတ်ဘုရားများနှင့် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များစွာကို တွေ့ရ၏။ ဤနေရာမှ အဆင့်အနိမ့်ဆုံး သိုင်းသမားများပင် နတ်ဘုရားဘုရင်များနှင့် စစ်ဘုရင်များ ဖြစ်ကြသည်။ နတ်ဘုရားစစ်သူကြီး တစ်ယောက်ကိုမှ မတွေ့ရပေ။
“သွားမယ်...”
ချီချင်ချန်တို့ ထွက်ပေါ်လာမှုက အတန်ငယ် အာရုံစိုက်ခံခဲ့ရ၏။ ချီချင်ချန်၏ အငွေ့အသက်က အလွန်ထူးခြားနေလွန်းသည်။ သို့သော် သူမက မျက်နှာကို ပုဝါတစ်စဖြင့် ကာထားသဖြင့် မည်သူကမှတော့ သူမ၏ ရုပ်ရည်ကို မမြင်နိုင်ကြပေ။ ထို့ကြောင့် လူများ၏ အာရုံစိုက်မှုက ခေတ္တသာ ခံခဲ့ပေသည်။
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့က ဟွင့်သွမ့်ပင်လယ်အကြောင်းကို တစ်ခုမှ မသိပေ။ ထို့ကြောင့် သူတို့သည် ချီချင်ချန်၏ဦးဆောင်ရာ နောက်သို့သာ လိုက်ကြရသည်။ မကြာခင်တွင် သုံးယောက်သား မြို့ပြင်သို့ ရောက်သွားကြ၏။ ထိုအခါမှ ချီချင်ချန်က စစ်ရထားလုံးတစ်စီးကို ထုတ်၍ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကို ကြည့်ကာ ပြောလိုက်သည်။
“ရထားလုံးထဲမှာ ပြောကြတာပေါ့”
သုံးယောက်စလုံး စစ်ရထားလုံးပေါ် တက်လိုက်ပြီး ရထားလုံးကို အဝေးသို့ မောင်းနှင်လိုက်သည်။ စစ်ရထားလုံးက အတော်လေး ကျယ်ဝန်းသဖြင့် လူဆယ်ယောက်ကျော် ဆန့်သည်။ ထိုရထားလုံးမှာ နတ်ဘုရားလှေနှင့် ဆင်တူသည်။ အတွင်းမှနေ၍ အပြင်ကို ဖောက်မြင်ရသည်။ သို့သော် မြို့ပြင်တွင် မြူခိုးဖြူများ ရှိနေသဖြင့် မြင်ကွင်းကတော့ မရှင်းပေ။ ထို့ပြင် ဤနေရာတွင်လည်း ကောင်းကင်စိတ်အာရုံများ အသုံးပြု၍မရချေ။
“ကျန်းရီ... ဘာလို့ ဟွင့်သွမ့်ပင်လယ်မှာ လုံခြုံမှာလဲဆိုတာ အခု ရှင် သိသွားပြီမလား”
ချီချင်ချန်သည် ပတ်ဝန်းကျင်ကို အံ့ဩတကြီး ကြည့်နေသော ကျန်းရီကို ကြည့်၍ ပြုံးကာ ပြောလိုက်၏။
“ဟွင့်သွမ့်ပင်လယ်က အရမ်းထူးခြားတဲ့နေရာတစ်ခုပဲ။ နေရာအနှံ့မှာ မြူခိုးတွေ ရှိနေတယ်။ ကျွန်မတောင် အရှေ့ကို ပေသုံးသောင်းထက် ပိုမမြင်ရဘူး။ ကျွန်မရဲ့ကောင်းကင်စိတ်အာရုံကိုလည်း သုံးမရဘူး။ ဒီနေရာမှ ရှင် ပုန်းကွယ်ခြင်းအတတ် သုံးလိုက်မယ်ဆိုရင် ဘယ်သူက ရှင့်ကို ဖမ်းနိုင်တော့မှာလဲ”
“နေရာကောင်းတစ်ခုပဲ”
ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့၏ မျက်လုံးများ အရောင်လက်လာ၏။ သူတို့နှစ်ယောက်သာ ပုန်းကွယ်ခြင်းအတတ် သုံးလိုက်မည်ဆိုလျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် သူတို့ကို ခြေရာခံနိုင်လိမ့်မည် မဟုတ်ချေ.
ရွှီး...
အဆိပ်ဝိညာဉ်သည် ချက်ချင်းပင် ပုန်းကွယ်ခြင်းအတတ်ကို သုံးကာ ရထားလုံးအပြင်သို့ ထွက်၍ ပတ်ဝန်းကျင်တွင် လှည့်ပတ်သွားကြည့်လိုက်၏။ ထို့နောက် သူ ရထားလုံးထဲ ပြန်ဝင်လာပြီး ကိုယ်ပြန်ဖော်ကာ လက်ဆုပ်၍ တင်ပြလိုက်သည်။
“အရှင်ငယ်... အရာအားလုံးက ပုံမှန်ပါပဲ။ စစ်သူကြီး.. ကျွန်တော်တို့က ဘယ်ကို သွားရမှာလဲ”
“ကျွန်မလည်း မသိဘူး”
ချီချင်ချန်သည် မိစ္ဆာသတ်ဖြတ်ပုလဲလုံးကို ထုတ်ကြည့်၍ ဆက်ပြော၏။
“အရှေ့ကိုပဲ ဆက်သွားကြတာပေါ့။ အဆိပ်ဝိညာဉ် အရှေ့ကို ထောက်လှမ်းပေးပါ။ တကယ်လို့ တစ်ယောက်ယောက် ပေါ်လာရင် ကျွန်မတို့ကို ချက်ချင်း အကြောင်းကြားပါ။ ကျွန်မတို့ သူတို့ကို ရှောင်ပြီးသွားကြမယ်။ အရင်ဆုံး နန်းတော်ပေါ်လာမဲ့နေရာကို ရှာကြတာပေါ့”
“နားလည်ပါပြီ”
အဆိပ်ဝိညာဉ် ပြန်ပျောက်ကွယ်သွား၏။ ကျန်းရီနှင့် ချီချင်ချန်တို့လည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ အတော်လေး စိတ်အေးနေပြီဖြစ်သည်။ သူတို့နှင့်အတူ အဆိပ်ဝိညာဉ် ရှိနေလျှင် သူတို့ အကြွင်းမဲ့လုံခြုံပေလိမ့်မည်။ မည်သူကမှ သူတို့အနားသို့ ခိုးကြောင်ခိုးဝှက် ကပ်လာနိုင်မည် မဟုတ်ပေ။
“မိစ္ဆာသတ်ဖြတ်နန်းတော်”
ကျန်းရီသည် အဝေးသို့ ငေးကြည့်၍ တီးတိုးရေရွတ်လိုက်၏။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်၏ ဆန်းကြယ်သော မိစ္ဆာသတ်ဖြတ်နန်းတော်က မည်သို့သောပုံစံ ရှိမည်နည်းဟု သူ တွေးကြည့်လိုက်သည်။ ထို့ပြင် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က မီးနဂါးဓားထဲရှိ ဆန်းကြယ်သော အဘိုးအိုလောဟုလည်း ထပ်မံတွေးမိသွားပေသည်။