ကောင်းကင်ဘုံမှလူများ ရောက်ရှိလာခြင်း
Vol. 115 Ch. 1606
ဟွင့်သွမ့်ပင်လယ်က အလွန်ဆန်းကြယ်သောနေရာတစ်ခု ဖြစ်သည်။
ထိုနေရာသည် ကောင်းကင်ဘုံနှင့် အထက်ဘုံတို့ကြားမှ နေရာတစ်ခုဖြစ်ပြီး အလွန်ကြီးမားသော ဆန်းကြယ်နယ်မြေတစ်ခုဟု ဆိုနိုင်သည်။
မူလတွင် အထက်ဘုံမှနေ၍ ကောင်းကင်ဘုံသို့ တက်လှမ်းရန် အုပ်ချုပ်သူအဆင့်သို့ ရောက်နေရန် လိုအပ်ခဲ့သည်။ သို့သော် တမလွန်ဘုံ၏ ကောင်းကင်ဘုံကို ကျူးကျော်မှုက ပိုပြင်းထန်လာသောအခါ ကောင်းကင်ဘုံမှ စွမ်းအားကြီး သိုင်းသမားများသည် ဟွင့်သွမ့်ပင်လယ်ထဲ၌ တည်နေရာပြောင်းရွှေ့အစီအရင်များစွာ တည်ဆောက်ခဲ့ကြသည်။ ထို့ကြောင့် အထက်ဘုံမှ နတ်ဘုရားဧကရာဇ်အဆင့်နှင့်ညီသော အဆင့်ရှိသည့် စွမ်းအားကြီး သိုင်းသမားတိုင်း ဟွင့်သွမ့်ပင်လယ်မှနေ၍ ကောင်းကင်ဘုံသို့ တက်နိုင်လာသည်။ ထိုနည်းနှင့်ဆိုလျှင် သိုင်းသမားတစ်ယောက်သည် အုပ်ချုပ်သူအဆင့်သို့ မရောက်သေးသော်လည်း ကောင်းကင်ဘုံကိုတက်၍ စစ်ပွဲတွင် ပါဝင်နိုင်ပေသည်။
ဟွင့်သွမ့်ပင်လယ်ထဲတွင် အမြဲတမ်း မြူခိုးများ ရှိနေသည်။ ထိုနေရာမှာ ရေပြင်ကြီး မဟုတ်ပေ။ လေထဲတွင် မျောလွင့်နေသော ကျွန်းများရှိသည့် နေရာတစ်ခုသာ။ ထို့ကြောင့်လည်း ထိုနေရာကို ဟွင့်သွမ့်ပင်လယ်ဟု ခေါ်ခြင်းဖြစ်သည်။
ဟွင့်သွမ့်ကျွန်းမှာ လေထဲရှိ ဧရာမကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ ထိုကျွန်းသည် ချော်ရည်မြေရိုင်းကဲ့သို့ လေထဲတွင် မျောလွင့်နေသော ဧရာမကျောက်တုံးကြီးတစ်တုံးပင်။
ဟွင့်သွမ့်ပင်လယ်သည် တစ်သောင်းသော မသေမျိုးတောင်များနှင့် စီရင်စုနယ်များရှိသောနေရာဟု ကျော်ကြားသည်။ ယင်း၏ ဆိုလိုရင်းမှာ လေထဲတွင် မျောလွင့်နေသော ကျွန်းပေါင်း တစ်သောင်းရှိသည်ဟူသော အဓိပ္ပာယ်ပင်။
ထိုကျွန်းတစ်သောင်းကို မျိုးနွယ်ကြီးလေးခုက ထိန်းချုပ်ထားသည်။ ထိုမျိုးနွယ်များက ကောင်းကင်ဘုံမှ အင်အားကြီးမျိုးနွယ်များနှင့် ရင်းနှီးသော ဆက်ဆံရေးရှိကြသည်။
ဟွင့်သွမ့်ပင်လယ်ထဲမှ မျိုးနွယ်ကြီးလေးခုစလုံးက ဒေသခံ နတ်ဘုရားမျိုးနွယ်များဖြစ်ကြသည်။ တက်လှမ်းလာသူများက ဟွင့်သွမ့်ပင်လယ်တွင် မည်သည့်အာဏာမှ မရနို်ငပေ။ မျိုးနွယ်ကြီးလေးခုသည် အထက်ဘုံမှ စွမ်းအားကြီး သိုင်းသမားများကိုလည်း အထင်မကြီးချေ။ သိုင်းသမားတစ်ယောက်က မည်မျှ သန်မာပါစေ ထိုမျိုးနွယ်များထဲ ဝင်ခွင့်မရှိပါပေ။
ဟွင့်သွမ့်ပင်လယ်ထဲတွင် ကိစ္စများက အတော်လေး လွတ်လပ်လွယ်ကူသည်။ မြို့ထဲတွင် ပြဿနာမရှာရန်မှလွဲ၍ အခြားစည်းမျဉ်းများ၊ ကန့်သတ်ချက်များ မရှိပေ။ လူတစ်ယောက်သည် မိမိကြိုက်သောနေရာသို့ သွားနိုင်သည်။ မည်သူကမှ တားဆီး၍မရချေ။
သို့သော်...
ဟွင့်သွမ့်ပင်လယ်ထဲရှိ ရတနာပေါများသော ကျွန်းများမှာတော့ မျိုးနွယ်ကြီးလေးခု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ထိုမျိုးနွယ်များသည် သူတို့၏ အရင်းအမြစ်များ၊ သူတို့ပိုင်သောအရာများကို လာရောက်မခိုးယူသ၍၊ သူတို့ကို ဒေါသထွက်အောင် မလုပ်သ၍ မည်သူ့ကိုမှ အာရုံထားမည် မဟုတ်ပေ။
ထို့ကြောင့် အထက်ဘုံမှ စွမ်းအားကြီး သိုင်းသမားများသည် အကျိုးအမြတ်ရစရာ မရှိသဖြင့် ဟွင့်သွမ့်ပင်လယ်သို့ လာခဲကြသည်။ အထက်ဘုံတွင်ဆိုလျှင် သူတို့သည် ဘုံအရှင်တစ်ပါး ဖြစ်လာဖို့အထိ မျှော်မှန်းနိုင်ပြီး ကောင်းကင်ဘုံတွင်ဆိုလျှင် တမလွန်ဘုံစစ်တပ်နှင့် တိုက်ခိုက်ကာ အမည်တစ်လုံး တွင်လာအောင်လုပ်၍ စီရင်စုနယ်တစ်ခု သို့မဟုတ် ဒေသတစ်ခုကို အုပ်ချုပ်ရနိုင်သည်။
သို့သော် ဟွင့်သွမ့်ပင်လယ်ထဲတွင်မူ မျိုးနွယ်ကြီးလေးခုမှ မဟုတ်ပါက မည်သည့်အကျိုးအမြတ်မှ ရနိုင်မည် မဟုတ်ချေ။ မြို့ငယ်လေးတစ်မြို့၏ အရှင်ပင် ဖြစ်လာခွင့်မရပေ။
“ဟွင့်သွမ့်ပင်လယ်ရဲ့ မျိုးနွယ်ကြီးလေးခုက တော်တော်လေး ဉာဏ်ကောင်းတာပဲ”
ချီချင်ချန်၏ ဟွင့်သွမ့်ပင်လယ်အကြောင်း ရှင်းပြချက်များကို နားထောင်ပြီးနောက် ကျန်းရီ အထင်ကြီးသွား၏။ မျိုးနွယ်ကြီးလေးခုသည် အင်အားပူးပေါင်းကာ အပြင်လူများကို လက်မခံဘဲ သူတို့၏ပိုင်နက်ကို ထိန်းသိမ်းထားကြသည်။ ထိုနည်းနှင့်မှ သူတို့၏အာဏာက တည်မြဲမည်ဖြစ်သည်။
အကယ်၍ အထက်ဘုံမှ စွမ်းအားကြီး သိုင်းသမားများက ဤနေရာသို့ အဆက်မပြတ် တည်နေရာပြောင်းရွှေ့လာပြီး သူတို့၏ ပိုင်နက်များကို တတိတိ သိမ်းယူမည်ဆိုလျှင်၊ မျိုးနွယ်ကြီးလေးခုအကြားတွင် ပဋိပက္ခများဖြစ်လာအောင် မီးမွှေးမည်ဆိုလျှင် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပင် ဟွင့်သွမ့်ပင်လယ်က ကစဉ့်ကလျားဖြစ်သွားပြီး သူတို့၏ပိုင်နက်အားလုံးလည်း သိမ်းယူခံလိုက်ရမည်ဖြစ်သည်။
“ဟုတ်တယ်...”
ချီချင်ချန်က ခေါင်းညိတ်ကာ ပြောသည်။
“အထက်ဘုံက စွမ်းအားကြီး သိုင်းသမားတွေ အများကြီးက ဒီကိုလာပြီး ပိုင်နက်တွေ သိမ်းယူချင်ခဲ့ကြတာ၊ ဒါပေမဲ့ သူတို့ မျိုးနွယ်ကြီးလေးခုရဲ့ ဖိနှိပ်မှုကို ခံခဲ့ကြရတယ်။ ရှင် ရှစ်ရှဲ့ဘုရင်နဲ့ ရှောင်ယောင်ဘုရင်ကို ကြားဖူးတယ်မဟုတ်လား။ သူတို့နှစ်ယောက်ကလည်း ဒီကိုလာပြီး ပိုင်နက်တွေ သိမ်းပိုက်ဖို့ လုပ်ခဲ့ကြတာ... နောက်ဆုံးတော့ အသတ်ခံရလုနီးပါးပဲ ဖြစ်သွားခဲ့တယ်။ ရှစ်ရှဲ့ဘုရင်က မျိုးနွယ်ကြီးတစ်ခုထဲ ဝင်ချင်ခဲ့တာ... ဒါပေမဲ့ အဲ့မျိုးနွယ်က သူ့ကို လုံးဝလျစ်လျူရှုခဲ့တယ်။ အဲ့မျိုးနွယ်တွေက အုပ်ချုပ်သူအဆင့် သိုင်းသမားတွေကိုတောင် သူတို့မျိုးနွယ်ထဲ အဝင်မခံဘူး”
“ဪ...”
ကျန်းရီ လက်ဟန်ပြု၍ ပြန်ပြောလိုက်သည်။
“သူတို့အကြောင်း အရေးမစိုက်ဘဲ နေကြတာပေါ့။ ကျွန်တော်တို့က ဒီကို ပြဿနာလာရှာတာမှ မဟုတ်ဘဲ။ မိစ္ဆာသတ်ဖြတ်နန်းတော်ကို ရှာတွေ့ပြီး အဲ့ထဲက ရတနာတွေကိုရရင် အထက်ဘုံကို ချက်ချင်းပြန်ကြမယ်”
“ကောင်းပြီ”
ချီချင်ချန် ခေါင်းညိတ်လိုက်သည်။ တည်နေရာပြောင်းရွှေ့ ပြီးလျှင်ပြီးချင်း ဟွင့်သွမ့်ကျွန်းသို့ ထွက်ခဲ့ခြင်းမှာ သူမ မည်သည့်ပြဿနာမှ မကြုံလို၍ဖြစ်သည်။ သူမတို့နှစ်ယောက်သည် မိစ္ဆာသတ်ဖြတ်ပုလဲကို အသုံးပြု၍ မိစ္ဆာသတ်ဖြတ်နန်းတော်ကို ရှာကာ ထိုနန်းတော်ထဲရှိ ရတနာများကို ရယူပြီးသည်နှင့် အထက်ဘုံသို့ ပြန်ကြမည်ဖြစ်သည်။
ဝှစ်...
စစ်ရထားလုံး၏ အမြန်နှုန်းက မဆိုးပေ။ ဘွဲ့ထူးရစစ်နတ်ဘုရားများ၏ အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်သည်။ ဟွင့်သွမ့်ပင်လယ်က ကျယ်ပြောသော်လည်း သူတို့တွင် အချိန်လဝက်ရှိသေးသည်။ ထိုအချိန်အတွင်း သူတို့ မိစ္ဆာသတ်ဖြတ်နန်းတော်ကို ရှာနိုင်လောက်ပေသည်။
***
“အာ...”
ကျန်းရီနှင့် ချီချင်ချန်တို့ ဟွင့်သွမ့်ပင်လယ်သို့ တည်နေရာပြောင်းရွှေ့သွားသည်မှာ နာရီနှစ်ဆယ်ကျော် ကြာပြီးနောက်တွင် မိစ္ဆာချေဖျက်တောင်ကြားထဲရှိ ဧရာမတည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုက လင်းလက်လာသဖြင့် အားလုံး အံ့အားသင့်သွားကြ၏။
ထိုတည်နေရာပြောင်းရွှေ့အစီအရင်က မလင်းလက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် မည်သူကမှ ထိုအစီအရင်ကိုသုံး၍ ဤနေရာသို့ တည်နေရာပြောင်းရွှေ့ မလာကြပေ။ ၎င်းအစီအရင်မှာ ဟွင့်သွမ့်ပင်လယ်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော အစီအရင်တစ်ခု ဖြစ်သည်။
ပုံမှန်အခြေအနေအောက်တွင်ဆိုလျှင် အထက်ဘုံ ဘုံအားလုံးမှ စွမ်းအားကြီး သိုင်းသမားများသည် ကောင်းကင်ဘုံ သို့မဟုတ် ဟွင့်သွမ့်ပင်လယ်မှနေ၍ အထက်ဘုံသို့ ပြန်လာမည်ဆိုလျှင် သူတို့၏ဘုံများသို့သာ တည်နေရာပြောင်းရွှေ့ကြသည်။ မိစ္ဆာချေဖျက်တောင်ကြားထဲသို့ တည်နေရာပြောင်းရွှေ့လာခဲသည်။ ထို့ကြောင့် ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။ ယခု တည်နေရာပြောင်းရွှေ့လာသူမှာ ကောင်းကင်ဘုံမှ ဒေသခံဖြစ်ရပေမည်။
ထင်ထားသကဲ့သို့ပင်...
တည်နေရာပြောင်းရွှေ့အစီအရင်က နာရီနှစ်ဆယ်ကြာအောင် လင်းလက်ပြီးနောက် အစီအရင်ထဲတွင် လူအနည်းငယ် ထွက်ပေါ်လာသည်။ သူတို့အားလုံးက ဘွဲ့ထူးရစစ်နတ်ဘုရားများဖြစ်ပြီး စစ်နတ်ဘုရားစံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ သူတို့၏ မျက်နှာထားများက ဝံ့ကြွားနေသည်။ သူတို့သည် အခြားလူများကို အထင်သေးသကဲ့သို့ပင်။
“အရှင်တို့ကို နှုတ်ခွန်းဆက်ပါတယ်”
တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်ရသော တပ်မှူးက ခပ်သွက်သွက် ဦးညွှတ်ကာ လေးလေးစားစား နှုတ်ဆက်လိုက်၏။ ထိုလူအနည်းငယ်က ကောင်းကင်ဘုံရှိ မျိုးနွယ်ကြီးများမှဖြစ်ကြောင်း ပြောနေရန်ပင် မလိုပေ။ ထိုအုပ်စုထဲမှ အကြီးအကဲတစ်ယောက်က တပ်မှူးကို လှမ်းကြည့်ကာ ပြန်ပြောလိုက်သည်။
“ကျုပ်က ဟန်ကျီပါ... ဟန်မျိုးနွယ်က အကြီးအကဲတစ်ယောက်ပဲ။ ကျုပ်ကို ခင်ဗျားတို့ရဲ့ ခေါင်းဆောင်ဆီ ခေါ်သွားပေးပါ”
“ဟန်မျိုးနွယ်ကလား”
တပ်မှူး ပို၍ရိုကျိုးသွား၏။ ဟန်မျိုးနွယ်မှာ ကောင်းကင်ဘုံတွင် အလွန်ကျော်ကြားသော မျိုးနွယ်တစ်ခုဖြစ်သည်။ ဟန်မျိုးနွယ်ခေါင်းဆောင်မှာ မိုးပြာမဟာဧကရာဇ်လက်အောက်မှ စစ်သူကြီးတစ်ယောက်ဖြစ်ပြီး ဩဇာအာဏာ အတော်လေးရှိပေသည်။
တပ်မှူးသည် ဟန်ကျီနှင့်အဖော်များကို ရဲတိုက်တစ်လုံးသို့ ခေါ်သွားလိုက်သည်။ ထို့နောက်တွင် ရင်ပြင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်လာသည်။ ပုံမှန်အခြေအနေအောက်တွင် ကောင်းကင်ဘုံမှ လူများက ဤသို့ ရောက်လာကြမည် မဟုတ်ပေ။ ဤသို့ တစ်ယောက်ယောက် ရောက်လာတိုင်း ကိစ္စကြီးတစ်ခု ဖြစ်နေတတ်သည်။ ဤတစ်ခေါက်တွင်လည်း ကိစ္စကြီးတစ်ခု ဖြစ်နေသည်လော။
နာရီအနည်းငယ် ကြာပြီးနောက် သတင်းများ စတင် ပေါက်ကြားလာပြီး မိစ္ဆာချေဖျက်စစ်တပ်နှင့် အထက်ဘုံတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပေသည်။
ဟန်မျိုးနွယ်မှလူများက ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့ကို သတင်းဖြန့်ခိုင်းခဲ့သည်။ သူတို့က အထက်ဘုံတွင် ပစ္စည်းတစ်ခုလာရှာခြင်းပင်။ ထိုပစ္စည်းမှာ နဂါးပုံသဏ္ဌာန်ပါသည့် ပုလဲလုံးတစ်လုံးဖြစ်သည်။ ထိုပုလဲလုံးကို ရှာတွေ့သည့် မည်သူမဆို ၎င်းကို ရှေးဦးဝိညာဉ်ရတနာနှစ်ခုနှင့် လဲလှယ်နိုင်သည်။ ၎င်းရတနာနှစ်ခုထဲမှ တစ်ခုမှာ တိုက်ခိုက်အမျိုးအစား ဓားရှည်တစ်လက် ဖြစ်သည်။ ထို့ပြင် ရှာတွေ့သူသည် ကောင်းကင်ဘုံသို့ တက်လာသည်နှင့် ဟန်မျိုးနွယ်ထဲ တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်သည်။
ထိုသတင်း ပျံ့နှံ့သွားသည်နှင့် အထက်ဘုံ၏ ဘုံတစ်သောင်းစလုံး တက်ကြွသွားလေသည်။
လူများစွာသည် မိစ္ဆာသတ်ဖြတ်ပုလဲအကြောင်းကို မသိကြပေ။ မိစ္ဆာသတ်ဖြတ်စံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်မှနေ၍ ထိုပုလဲရုပ်ပုံများကို ထုတ်ဝေပေးလိုက်သောအခါ လူများသည် ၎င်းပုလဲကို နေရာအနှံ့တွင် လိုက်ရှာကြတော့သည်။ နာရီနှစ်ဆယ်အတွင်းမှာပင် စစ်ဆေးရန်အတွက် ပုလဲလုံးရာကျော် တင်သွားလာကြသည်။ သို့သော် တစ်လုံးမှ မိစ္ဆာသတ်ဖြတ်ပုလဲ မဟုတ်ပေ။
မျိုးနွယ်ကြီးများစွာသည်လည်း သူတို့၏ လူများကို စေလွှတ်၍ ထိုပုလဲလုံးကို လိုက်ရှာစေခဲ့သည်။ ထိုမျိုးနွယ်ကြီးများသည် မိစ္ဆာသတ်ဖြတ်ပုလဲလုံးအကြောင်းကို ကြားဖူးကြသည်။ သို့သော် သူတို့သည် ထိုအကြောင်းကို တစ်လောကလုံးကို ထုတ်ပြောမည် မဟုတ်ပေ။ ထိုပုလဲလုံးရှိလျှင် မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ဝင်နိုင်ကြောင်း သို့မဟုတ် ဟန်မျိုးနွယ်သို့ ရောက်နိုင်ကြောင်း သူတို့သိသည်။ ၎င်းပုလဲက ရှေးဦးဝိညာဉ်ရတနာနှစ်ခု တန်သည် မဟုတ်လော။
ဘုံတစ်သောင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ စွမ်းအားကြီး သိုင်းသမားများစွာသည် ဆန်းကြယ်နယ်မြေများသို့ သွား၍ပင် ရှာဖွေကြသည်။ အထက်ဘုံတစ်ခုလုံးသည် ရှေဦးဝိညာဉ်ရတနာနှစ်ခုကို အသည်းအသန် လိုချင်နေကြပေသည်။ နေရာများစွာတွင် တိုက်ပွဲများ ဖြစ်ပွားလာသည်။ သေဆုံးမှုများလည်း ရှိလာသည်။ အချို့ဆိုလျှင် ပုလဲကို ရှာတွေ့ပြီဟုဆိုကာ ဟန်မျိုးနွယ်ဝင်များကို သွားရှာကြသည်။
သိမ်းငှက်စိမ်းဘုရင်က အခန်းအောင်းကျင့်ကြံနေခဲ့၍ ထိုကိစ္စများကို မသိသေးပေ။ သို့သော် ဝိညာဉ်ဘုရင်၊ ဆောင်းဥတုအရှင်၊ တိရှအရှင်နှင့် အခြားသူအချို့မှာမူ တစ်စုံတစ်ခု လွဲနေပြီဟု ခံစားနေကြရသည်။ အထူးသဖြင့် မိစ္ဆာသတ်ဖြတ်ပုလဲအကြောင်းကို သိထားသော ဆောင်းဥတုအရှင်က ပို၍ပင် မသင်္ကာဖြစ်လာပေသည်။
မိစ္ဆာသတ်ဖြတ်ပုလဲတစ်လုံးက အထက်ဘုံတွင် ရှိကြောင်းကို ဟန်မျိုးနွယ်က မည်သို့ သိသနည်း။ သူတို့မျိုးနွယ်က ပုလဲလုံးက အထက်ဘုံအတွင်း ဝင်သွားသည်ကို ခြေရာခံနိုင်သော စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားခြင်းလော။
ဟန်မျိုးနွယ်က ထိုအကြောင်းကို သိထားလျှင်ပင် အဘယ်ကြောင့် ပုလဲကို ပေါ်ပေါ်ထင်ထင် ရှာရသနည်း။ ယင်းမှာ အထက်ဘုံရှိ မျိုးနွယ်အားလုံးကို မိစ္ဆာသတ်ဖြတ်ပုလဲက အထက်ဘုံတွင် ရှိနေကြောင်း ပြောလိုက်သကဲ့သို့ပင် မဟုတ်လော။ အကယ်၍ ၎င်းကို မျိုးနွယ်ကြီးတစ်ခုက ရှာတွေ့သွားလျှင် သူတို့သည် အဘယ်ကြောင့် ၎င်းကို ဟန်မျိုးနွယ်အား ရောင်းပါမည်နည်း။
လက်ရှိတွင် ဆောင်းဥတုအရှင်သည် အကြောင်းအရာများကို မဆက်စပ်နိုင်သေးပေ။ သို့သော် တစ်စုံတစ်ခု လွဲနေကြောင်းတော့ သူ သေချာသိပေသည်။ သူသည် ဆောင်းဥတုဘုံမှ လူများကို စေလွှတ်၍ မိစ္ဆာသတ်ဖြတ်ပုလဲကို ရှာစေလိုက်၏။ သူ ထိုသို့လုပ်ခြင်းမှာ ကျန်းရီနှင့် ချီချင်ချန်တို့က ပုလဲလုံးကို ရထားသည်ဆိုသောအချက်ကို ဖုံးကွယ်ပေးရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်လည်း ဆောင်းဥတုဘုံအတွင်း လှည့်လည်သွားနေလိုက်သည်။
အထက်ဘုံတစ်ခွင်လုံးတွင် တစ်ရက်တိတိ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီးမှ ပြန်တည်ငြိမ်လာသည်။
ကောလာဟလတစ်ခု စတင်ပျံ့နှံ့လာသည်။ တစ်ယောက်ယောက်က ကျန်းရီကို ထိုပုလဲနှင့်အတူ တွေ့ခဲ့ရသည်။ ကျန်းရီက ချီချင်ချန်၊ အဆိပ်ဝိညာဉ်တို့နှင့်အတူ ဟွင့်သွမ့်ပင်လယ်သို့ သွားသည်။ ထိုပုလဲမှာ မိစ္ဆာသတ်ဖြတ်ပုလဲဖြစ်သည်။
ထိုကောလာဟလက နာရီအနည်းငယ်အတွင်းမှာပင် အထက်ဘုံတစ်ခွင်လုံးသို့ ပျံ့နှံ့သွား၏။ ဆောင်းဥတုအရှင်၊ ဝိညာဉ်ဘုရင်၊ တိရှအရှင်နှင့် အခြားသူများသည် ထိုကောလာဟလကို ကြားလိုက်သောအခါ ရုတ်ခြည်း မျက်နှာထားပြောင်းသွားကြသည်။ သူတို့သည် ထိုကိစ္စနှင့်ပတ်သတ်၍ အလွန်စိတ်မသက်မသာ ခံစားနေရပေသည်။
ဟန်မျိုးနွယ်ဝင်များ အထက်ဘုံကို ရောက်ရှိလာပြီး မိစ္ဆာသတ်ဖြတ်ပုလဲကို ပေါ်ပေါ်ထင်ထင် ရှာခဲ့ခြင်း၏ နောက်ကွယ်တွင် အကြံတစ်ခုရှိကြောင်း ထင်ရှားသည်။ သူတို့သည် ကျန်းရီနှင့် ချီချင်ချန်တို့က မိစ္ဆာသတ်ဖြတ်နန်းတော်သို့သွား၍ ရတနာများ သွားရှာကြောင်း တစ်လောကလုံးကို သိသွားစေလိုခြင်းဖြစ်ပေသည်။