← Chapters

အကြံအစည်

Vol. 115 Ch. 1607

အကြံအစည်

Vol. 115 Ch. 1607

‘အဲ့ဒါက တမင်ကြံစည်ထားတာပဲ။ ဒါပေမဲ့ မြစ်ဖြူဘုရင်က အဲ့လိုမျိုး မကြံစည်နိုင်လောက်ဘူး။ နောက်ကွယ်က ကြိုးကိုင်တဲ့သူက ဘယ်သူလဲ။ မိစ္ဆာသတ်ဖြတ်ပုလဲက လျှို့ဝှက်ချက်တစ်ခုပဲ... ဘယ်သူက အဲ့အကြောင်းကို သိသွားတာလဲ’

ဆောင်းဥတုအရှင်သည် ဆောင်းဥတုခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်လျက် တွေးတောနေ၏။ သူ နားမလည်နိုင်သောအရာများစွာ ရှိနေပေသည်။

သို့သော် တစ်စုံတစ်ယောက်က နောက်ကွယ်မှ ကြိုးကိုင်နေကြောင်းတော့ ထင်ရှားသည်။ မဟုတ်လျှင် သတင်းများက အချိန်တိုအတွင်း အထက်ဘုံ ဘုံတစ်သောင်းလုံးသို့ ပျံ့နှံ့မသွားနိုင်ပေ။ ထိုသတင်းများကို ဖုံးဖိရန်ပင် အချိန်မရခဲ့ချေ။

ရှေးဦးဝိညာဉ်ရတနာနှစ်ခု ပေးမည်ဟု ဆိုခဲ့ခြင်းက ဘုံတစ်သောင်းလုံး၏ အာရုံကို စွဲဆောင်နိုင်ခဲ့သောအရာဖြစ်သည်။ ထိုကဲ့သို့သော သတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားမည့် သတင်းမျိုးပင်။ မည်သူကမှ ထိုသတင်းကို မဖုံးဖိနိုင်ပေ။

အရေးအကြီးဆုံးမှာ ကျန်းရီနှင့် ချီချင်ချန်တို့က အမှန်ပင် မိစ္ဆာချေဖျက်တောင်ကြား၌ ရှိမနေခြင်းပင်။ သူတို့ အဘယ်ကြောင့် မိစ္ဆာချေဖျက်တောင်ကြားတွင် မရှိရကြောင်းကို မည်သူမှ ရှင်းရှင်းလင်းလင်း မသိထား။ သိရန် တစ်ခုတည်းသောနည်းမှာလည်း ထိုနှစ်ယောက်ကို မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်လာရန် ဆင့်ခေါ်ရန်သာရှိသည်။ သို့သော် သူတို့ ထွက်သွားသည်မှာ ကြာခဲ့ပြီဖြစ်၍ ဆောင်းဥတုအရှင်ပင် သူတို့နောက်ကို လိုက်သွားနိုင်တော့မည် မဟုတ်လောက်ပေ။

ဆောင်းဥတုအရှင်၊ ဝိညာဉ်ဘုရင်နှင့် တိရှအရှင်တို့က ကျန်းရီနှင့် ချီချင်ချန်ကို ကူညီလိုလျှင်ပင် မည်သို့ကူညီရမည်ကို သိကြမည် မဟုတ်ချေ။ သဲလွန်စများ မရှိဘဲ ထိုနှစ်ယောက်ကို ကျယ်ပြောသော ဟွင့်သွမ့်ပင်လယ်ထဲတွင် လိုက်ရှာရန်မှာ ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ပင်ဖြစ်သည်။ ဝိညာဉ်ဘုရင်က ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားအားလုံးကို စေလွှတ်၍ သူတို့ကို လိုက်ရှာခိုင်းမည်ဆိုလျှင်ပင် အချိန်တိုအတွင်း ရှာတွေ့လိမ့်မည် မဟုတ်ချေ။

‘ဒီကိစ္စမှာ ခြင်္သေ့ဝါဘုရင်၊ မြစ်ဖြူဘုရင်နဲ့ ကောင်းကင်ကန္တာရဘုရင်တို့ သုံးယောက်စလုံး ပတ်သတ်နေလိမ့်မယ်’

ဟန်မျိုးနွယ်ကို အကူအညီတောင်းရန် ကောင်းကင်ဘုံနှင့် အဆက်အသွယ်ရှိသော မြစ်ဖြူဘုရင်သာ လုပ်ဆောင်နိုင်သည်။ သို့သော် မြစ်ဖြူဘုရင်က အကြံအစည်များ ကြံစည်ရာတွင် မတော်ပေ။ ခြင်္သေ့ဝါဘုရင်ကမူ သူ၏အကြံအစည်များကြောင့် ကျော်ကြားသူဖြစ်သည်။ မကြာသေးခင်က ထိုသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် တပူးပူးတတွဲတွဲ ရှိနေခဲ့သည်။ ထို့ကြောင့် ဆောင်းဥတုအရှင် ဆက်စပ်တွေတောနိုင်လိုက်သည်။

သို့သော် သူ ခန့်မှန်းမိလျှင်လည်း ဘာလုပ်နိုင်မည်နည်း။

ထိုသုံးယောက်ကို စွပ်စွဲရန် မည်သည့်သက်သေအထောက်အထားမှ မရှိပေ။ သူတို့က တစ်ခုမှလည်း မလုပ်ခဲ့ချေ။ သတင်းများက လျှို့ဝှက်၊ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ ထိုသတင်းများက သူတို့ထံမှ အစပြုခဲ့ခြင်းဖြစ်ကြောင်းကို မည်သူက သက်သေပြနိုင်မည်နည်း။

‘အဲ့သုံးယောက်က မိစ္ဆာသတ်ဖြတ်ပုလဲကို ကျန်းရီနဲ့ ချင်ချန်ကို တမင်ပေးလိုက်တာလား’

ဆောင်းဥတုအရှင်သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်၏။ သို့သော် လောလောဆယ်တွင် သူ မည်သို့မှ မလုပ်နိုင်သေးပေ။ ကျန်းရီနှင့် ချီချင်ချန်တို့ကို ဟွင့်သွမ့်ပင်လယ်ထဲတွင် လိုက်ရှာရန်မှာ မဖြစ်နိုင်လုနီးနီးပင်။ ဤတစ်ကြိမ်တွင် သူတို့နှစ်ယောက် ဘေးကင်းကင်းနှင့် လွတ်မြောက်လာနိုင်ပါစေဟုသာ သူ မျှော်လင့်နိုင်ပေသည်။

ဟန်မျိုးနွယ်ဝင်များက အထက်ဘုံသို့ ဆင်းသက်လာပြီဖြစ်၍ အထက်ဘုံ၏ နံပါတ်တစ်ပါရမီရှင် ကျန်းရီနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမား ချီချင်ချန်တို့က မိစ္ဆာသတ်ဖြတ်နန်းတော်သို့သွားကာ ရတနာရှာမည်ဆိုသော သတင်းက ကောင်းကင်ဘုံရှိ မျိးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများထံသို့ သေချာပေါက် ရောက်ရှိသွား‌လောက်ပေပြီ။ ထိပ်တိုက်တွေ့ဆုံရမည့်အဖြစ်ကို ရှောင်လွဲ၍ မရနိုင်‌တော့ပေ။ ကျန်းရီနှင့် ချီချင်ချန်တို့ လွတ်မြောက်လာနိုင်မည်၊ မနိုင်မည်မှာ သူတို့အပေါ်တွင်သာ မူတည်တော့သည်။

ချီချင်ချန်၏အကျင့်စရိုက်က တည်ငြိမ်၍သာ တော်သေးသည်။ ကျန်းရီကလည်း သူမ၏စကားကို နားထောင်ပုံပေါ်သည်။

ဆောင်းဥတုအရှင်သည် ထိုအကြောင်းကိုတွေးရင်း အတန်ငယ် စိတ်သက်သာရာရသွားသည်။ လူငယ်များသည် လောကဓံများကို သူတို့ဘာသာ တွေ့ကြုံခံစားရမည်ဖြစ်သည်။ ချီချင်ချန်သည်လည်း ကိစ္စများစွာကို သင်ယူရပေဦးမည်။ ဆောင်းဥတုအရှင်သည် ထိုအတိုင်းတွေးကာ သူ့ဘာသာ စိတ်ဖြေရပေသည်။

ဟန်မျိုးနွယ်ဝင်များသည် အထက်ဘုံတွင် တစ်ရက်နှင့် နေ့တစ်ပိုင်း စောင့်နေပြီးနောက် ကောင်းကင်ဘုံသို့ ပြန်၍တည်နေရာပြောင်းရွှေ့သွားကြ၏။ သူတို့ ထွက်ခွာသွားသောအခါ အထက်ဘုံက ပြန်၍ငြိမ်သက်လာသည်။ သို့သော် ကျန်းရီနှင့် ချီချင်ချန်တို့က မိစ္ဆာသတ်ဖြတ်နန်း‌တော်သို့သွား၍ ရတနာသွားရှာကြသည်ဆိုသော အကြောင်းမှာမူ အထက်ဘုံတစ်ခွင်လုံးတွင် ပြောစရာအကြောင်းတစ်ခု ဖြစ်နေပေသည်။ သူတို့က ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများနှင့် ပဋိပက္ခဖြစ်မည်လော။ ဟွင့်သွမ့်ပင်လယ်ထဲတွင် သေဆုံးသွားမည်လော။ သို့မဟုတ် ရှားပါးရတနာများကို ရရှိခဲ့မည်လော။

ဟန်မျိုးနွယ်ဝင်များ ရောက်ရှိလာခဲ့ခြင်း၏ ရည်ရွယ်ချက် အစစ်အမှန်ကို မည်သူမှ မသိပေ။ မည်သူကမှလည်း ခြင်္သေ့ဝါဘုရင်နှင့် သူ့အဖော်နှစ်ယောက်က အလွန်ကောက်ကျစ်ကာ တမလွန်ဘုံထံ သတင်းပေးလိမ့်မည်ဟု မတွေးကြလောက်ချေ။

ခြင်္သေ့ဝါဘုရင်နှင့် သူ့အဖော်နှစ်ယောက်သည် မိစ္ဆာသတ်ဖြတ်နန်းတော်က မည်သည့်အချိန်၊ မည်သည့်နေရာတွင် ထွက်ပေါ်လာမည်ကို အတိအကျ မသိကြပေ။ တမလွန်ဘုံက မိစ္ဆာသတ်ဖြတ်နန်းတော်အကြောင်းကို သိသွားလျှင်လည်း ဘာအရေးနည်း။ သူတို့က ဟွင့်သွမ့်ပင်လယ်ထဲသို့ တပ်သားများစေလွှတ်ဝံ့ပါမည်လော။

တမလွန်ဘုံက သူတို့၏ ထိပ်တန်းတပ်ဖွဲ့များကို ဟွင့်သွမ့်ပင်လယ်ထဲသို့ လျှို့လျှို့ဝှက်ဝှက် စေလွှတ်ခဲ့လျှင်လည်း မိစ္ဆာသတ်ဖြတ်နန်းတော် ထွက်ပေါ်လာမည့် အချိန်နှင့် နေရာကို အတိအကျမသိလျှင် ထိုတပ်ဖွဲ့များသည် ဦးတည်ရာမဲ့သော ခြင်များကဲ့သို့ ဟွင့်သွမ့်ပင်လယ်ထဲ လှည့်ပတ်သွားနေရမည်ဖြစ်ပြီး နောက်ဆုံးတွင် ဟွင့်သွမ့်ပင်လယ်ထဲမှ မျိုးနွယ်ကြီးလေးခု၏ ရှင်းပစ်ခြင်းကို ခံလိုက်ရမည်ဖြစ်ပေသည်။

***

ဟွင့်သွမ့်ပင်လယ်ထဲတွင် စစ်ရထားလုံးတစ်စီးက လျင်မြန်စွာ ပျံသန်းနေ၏။ ထိုစဉ် ရထားလုံးအပြင်၌ အဆိပ်ဝိညာဉ် ထွက်ပေါ်လာ၏။ သူ့မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ၊ သံသယများနှင့် ပြည့်နှက်နေသည်။ သူ လက်ဆုပ်ကာ တင်ပြလိုက်သည်။

“အရှင်ငယ်၊ စစ်သူကြီး... တစ်ခုခုတော့ လွဲနေပါပြီ”

စစ်ရထားလုံးက တစ်ရက်နှင့် နေ့တစ်ပိုင်းကြာ ပျံသန်းနေခဲ့ပြီး လမ်းတစ်လျှောက်တွင် မည်သည့်ပြဿနာနှင့်မှ မကြုံခဲ့ရပေ။ ထို့ကြောင့် ကျန်းရီနှင့် ချီချင်ချန်တို့သည် ရထားလုံးထဲ၌ တိတ်တဆိတ်ထိုင်ကာ မျက်လုံးမှိတ်၍ ကျင့်ကြံနေကြသည်။ အဆိပ်ဝိညာဉ်၏အသံကို ကြားသောအခါမှ သူတို့နှစ်ယောက် မျက်လုံးဖွင့်လိုက်ကြ၏။ ကျန်းရီက အဆိပ်ဝိညာဉ်ကို ကြည့်ကာ မေးလိုက်သည်။

“ဘာလွဲနေတာလဲ”

အဆိပ်ဝိညာဉ် တင်ပြသည်။

“လွန်ခဲ့တဲ့ ခြောက်နာရီကစပြီး အရှေ့က ထောက်လှမ်းရေးအရေအတွက်က မြန်မြန်ဆန်ဆန် တိုးလာပါတယ်။ ကျွန်တော် ထောက်လှမ်းရေး ဆယ်လှိုင်းကျော်လောက်နဲ့ တိုးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အကုန်လုံးကို ကျွန်တော် အဝေးကို မျှားခေါ်သွားနိုင်ခဲ့ပါတယ်”

“ထောက်လှမ်းရေးတွေလား”

ကျန်းရီနှင့် ချီချင်ချန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် ကျန်းရီက အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။

“အနီးနားမှာ ကျွန်းတွေ ရှိလို့လား။ အဲ့လူတွေက မျိုးနွယ်ကြီးလေးခုရဲ့ ထောက်လှမ်းရေးတွေ ဖြစ်နိုင်လား”

“အနီးမှာ ဘာကျွန်းမှ မရှိပါဘူး”

အဆိပ်ဝိညာဉ်က ပြတ်သားစွာ ပြန်ဖြေသည်။ ထို့နောက် သူ ခေါင်းခါ၍ ဆက်ပြောလေသည်။

“သူတို့က မျိုးနွယ်ကြီးလေးခုက ဟုတ်လား၊ မဟုတ်လားဆိုတာ‌တော့ ကျွန်တော် မသိပါဘူး။ မျိုးနွယ်ကြီးလေးခုကလူတွေကို ကျွန်တော် မခွဲနိုင်ပါဘူး”

“ဆက်ပြီး ထောက်လှမ်းနေပါ”

ကျန်းရီနှင့် ချီချင်ချန်တို့သည် ခေတ္တမျှ တွေးတောလိုက်သော်လည်း အခြေအနေကို နားမလည်နိုင်ကြပေ။ ချီချင်ချန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အဲ့ထောက်လှမ်းရေးတွေကို အဝေးကို ထပ်မျှားခေါ်မသွားပါနဲ့တော့။ တကယ်လို့ တစ်ယောက်ယောက်က အနားကို ချဉ်းကပ်လာရင် ဒီသတင်းပို့ကျောက်စိမ်းအဆောင်ကို သုံးပြီး ကျွန်မကို ဆက်သွယ်ပါ။ သူတို့ကို ရှောင်ဖို့ ကျွန်မ ဦးတည်ချက် ပြောင်းလိုက်မယ်။ ကျွန်မတို့ တိုက်ခိုက်လို့ မဖြစ်ဘူး”

“ဟုတ်ကဲ့ပါ”

အဆိပ်ဝိညာဉ်သည် လက်ဆုပ်ကာ အမိန့်နာခံ၍ ကိုယ်ပြန်ဖျောက်လိုက်၏။ ဤနေရာက အခြားသူများ၏ ပိုင်နက်ပင်။ အဆိပ်ဝိညာဉ် မဆင်မခြင် မပြုမူဝံ့ပေ။ သူတို့သာ မျိုးနွယ်ကြီးလေးခုကို ဒေါသထွက်သွားစေမည်ဆိုလျှင် သူတို့သုံးယောက် အထက်ဘုံသို့ ပြန်နိုင်လိမ့်မည် မဟုတ်ချေ။

ချီချင်ချန် ဆက်၍ ကျင့်ကြံမနေဝံ့တော့ပေ။ ကျန်းရီလည်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်၍ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေလိုက်သည်။

အဆိပ်ဝိညာဉ်၏ အမြန်နှုန်းက စစ်ရထားလုံး၏ အမြန်နှုန်းထက် များစွာပိုမြန်သည်။ သူသည် အရှေ့ကို ထောက်လှမ်းကာ သတင်းပို့ကျောက်စိမ်းအဆောင်ကို သုံး၍ ချီချင်ချန်ကို ဆက်သွယ်သည်။ ချီချင်ချန်သည် အဆိပ်ဝိညာဉ် ဆက်သွယ်တိုင်း စစ်ရထားလုံးကို ဦးတည်ရာ ပြောင်းနေပေသည်။ ထိုနည်းဖြင့်ဆိုလျှင် အရှေ့ရှိ ထောက်လှမ်းရေးများကို သူမတို့ တိတ်တဆိတ် ရှောင်ရှားနိုင်မည်ဖြစ်သည်။

“ထောက်လှမ်းရေးတွေက များလှပါလား။ အဲ့ဒါ ပုံမှန်မဟုတ်ဘူး”

ချီချင်ချန်သည် ခြောက်နာရီအတွင်း ဆယ်ကြိမ်ကျော် ဦးတည်ချက် ပြောင်းခဲ့ရသည်။ ထို့ကြောင့် ကျန်းရီ၏ မျက်နှာထားက အတန်ငယ် မည်းမှောင်လာသည်။

သေချာပေါက် တစ်စုံတစ်ခု ဖြစ်နေပေပြီ။ မူလတွင် သူတို့သည် တစ်ရက်နှင့် နေ့တစ်ပိုင်းကြာသည်အထိ ထောက်လှမ်းရေးတစ်ယောက်နှင့်မှ မကြုံခဲ့ရပေ။ ယခုတွင်မူ ထောက်လှမ်းရေးများစွာ ရောက်လာနေသည်။ ဟွင့်သွမ့်ပင်လယ်ထဲတွင် ကိစ္စကြီးတစ်ခု ဖြစ်နေခြင်းသာ မဟုတ်လျှင် ထိုထောက်လှမ်းရေးများက သူတို့အတွက် လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ကျန်းရီ... မစိုးရိမ်ပါနဲ့။ ကျွန်မတို့ မိစ္ဆာသတ်ဖြတ်ပုလဲ ရထားတဲ့အကြောင်းကို ခမည်းတော်ပဲ သိတာပါ။ အဲ့ထောက်လှမ်းရေးတွေက ကျွန်မတို့နောက်ကို လိုက်နေတာ မဟုတ်လောက်ပါဘူး”

ချီချင်ချန်က ကျန်းရီကို နှစ်သိမ့်လိုက်သည်။ သူမ သူမကိုယ်သူမလည်း နှစ်သိမ့်နေခြင်းဖြစ်မည်။

ကျန်းရီသည် ချီချင်ချန်၏စကားကို တွေးတောကြည့်ပြီးနောက် အတန်ငယ် စိတ်သက်သာရာရသွား၏။ သူတို့သည် ဟွင့်သွမ့်ကျွန်းတွင် လုံးဝမရပ်နားခဲ့ပေ။ အခြားကျွန်များထဲလည်း မဝင်ခဲ့ဘဲ တစ်လျှောက်လုံး လေထဲတွင်သာ ပျံသန်းနေခဲ့ခြင်းဖြစ်သည်။ ဟွင့်သွမ့်ပင်လယ်ထဲရှိ မည်သူကမှ သူတို့အကြောင်းကို မသိချေ။ သို့ဖြစ်ရာ အဘယ်သို့ ထိုထောက်လှမ်းရေးများက သူတို့ကို ပစ်မှတ်ထားနေခြင်း ဖြစ်ပါမည်နည်း။ ထို့ပြင် ထောက်လှမ်းရေးများက အလွန်လည်း များနေပေသည်။

ဝှစ်...ဝှစ်...

တစ်နာရီကြာပြီးနောက် အဆိပ်ဝိညာဉ်က ရုတ်တရက် လှည့်ပျံလာပြီး အလွန်လေးနက်စွာ ပြောလိုက်သည်။

“ကျွန်တော်တို့ အရှေ့ကို ဆက်သွားလို့ မဖြစ်တော့ဘူး။ အရှေ့မှာ ကျွန်းမျောတစ်စု ရှိနေတယ်။ အဲ့ကျွန်းမျောတွေ ပတ်ပတ်လည်မှာ ထောက်လှမ်းရေးတွေ အများကြီးပဲ။ ကျွန်တော်တို့ ကွေ့ပတ်သွားမှာ ရမယ်”

“ကျွန်းမျောတစ်စုလား... ကျွန်မတို့က ကြယ်တာရာကျွန်းစုနားကို ရောက်လာတာလား”

ချီချင်ချန်သည် မြေပုံတစ်ချပ်ကိုထုတ်၍ ကြည့်လိုက်၏။ ထို့နောက် သူမ သေချာသောလေသံဖြင့် ပြောလိက်သည်။

“ကျွန်မတို့က တကယ်ပဲ ကြယ်တာရာကျွန်းစုနားကို ရောက်လာတာပဲ။ ကြယ်တာရာကျွန်းစုထဲမှာ ကျွန်းတွေ အများကြီးပဲ။ မိစ္ဆာသတ်ဖြတ်ပုလဲက ကျွန်မတို့ကို ကြယ်တာရာကျွန်းစုဆီ ညွှန်ပြနေတယ်။ မိစ္ဆာသတ်ဖြတ်နန်းတော်က ကြယ်တာရာကျွန်းစုထဲမှာ ထွက်ပေါ်လာမှာလား”

ကျန်းရီ မျက်မှောင်ကြုတ်ကာ တွေးတောလိုက်၏။ ထို့နောက် အံကြိတ်၍ ပြောလိုက်သည်။

“စစ်သူကြီး... စစ်သူကြီးက ကျွန်တော့်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်နေလိုက်ပါ။ ကျွန်တော်နဲ့ အဆိပ်ဝိညာဉ်က ပုန်းကွယ်ခြင်းအတတ်ကို သုံးပြီး ကျွန်းစုထဲ ဝင်သွားလိုက်ပါမယ်။ ကျွန်တော်တို့ ပုန်းကွယ်ခြင်းအတတ်ကို သုံးထားရင် အဆင့်နိမ့် ထောက်လှမ်းရေးလေးတွေက ကျွန်တော်တို့ကို ထောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး”

“ကောင်းပြီလေ...”

ချီချင်ချန် ခေတ္တမျှ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ရှင် ဟွင့်သွမ့်ပင်လယ်ထဲက ဘယ်သူနဲ့မှ ပြဿနာမဖြစ်ပါဘူးလို့တော့ ကတိပေးရမယ်။ တကယ်လို့ တစ်ယောက်ယောက်က ရှင့်ကို အနိုင်လာကျင့်ရင် ရှင် ဒေါသကို မျိုသိပ်ထားပါ။ ဒီကိစ္စက အရမ်းအရေးကြီးတယ်... ကျွန်မတို့ ပဋိပက္ခတစ်ခု စလို့ မဖြစ်ဘူး”

“ကောင်းပါပြီ... ကျွန်တော် စစ်သူကြီးစကားကို နားထောင်ပါမယ်”

ကျန်းရီသည် ချီချင်ချန်ထံမှနေ၍ မိစ္ဆာသတ်ဖြတ်ပုလဲကို ယူလိုက်ပြီး ချီချင်ချန်၏ သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်သည်။ ထို့နောက် သူ ရထားလုံးအပြင် ထွက်၍ ရထားလုံးကို သိမ်းကာ ပုန်းကွယ်ခြင်းအတတ် ထုတ်သုံးလိုက်သည်။ ပြီးမှ သူ အဆိပ်ဝိညာဉ်ကို ပြောလိုက်သည်။

“သွားစို့...”

“ဟုတ်ကဲ့”

အဆိပ်ဝိညာဉ်၏ မျက်ဝန်းများ အကြိမ်အနည်းငယ် လင်းလက်သွားသည်။ တစ်စုံတစ်ခု ဖြစ်လာတော့မည်ဟု သူ ခံစားနေရသော်လည်း သူတို့တွင် အခြားရွေးချယ်စရာလည်း မရှိပေ။ ထောက်လှမ်းရေးများကို ဖောက်ထွက်နိုင်ရန်သာ ကြိုးစားရပေမည်။

ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ လေပြေတစ်ချက်အလား ထူထဲသော မြူခိုးဖြူများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

All Chapters