မိစ္ဆာမီးတောက်၏ အစွမ်း
Vol. 20 Ch. 267
“နောက်ဆုတ်ကြ…အားလုံးပဲ အစီအရင်ကြီးထဲ ပြန်ဆုတ်ကြတော့…”
လုထျန်မင်သည် အလံများပေါ်ရှိ အဇူရာမီးတောက်များက ကြီးသထက် ကြီးလာတာကို မြင်သည့်အခါ ချောက်ချားစွာ လှမ်းအော်ပြီး သူကိုယ်တိုင် ဦးဆောင်၍ သူ၏နောက်မှ အစီအရင်ကြီးထံ ပြန်ပြေးသည်။
သူ့အသံကို ကြားသည့်အခါ သူ့ဘေးမှ ကျင့်ကြံသူများကလည်း သူ့နောက်သို့ ချက်ခြင်း လိုက်ကာ နောက်ပြန်ဆုတ်သည်။
ရွှမ်ယဲ့သည်လည်း တုန့်နှေးမနေ၊ အလားတူ အမိန့်မျိုးပေးကာ နောက်ဆုတ်၏။
သို့ပေမည့် ဟန်လိဘက်ခြမ်းမှ ကျင့်ကြံသူများကမူ အချိန်မရွေးနောက်ဆုတ်နိုင်ကာ တိုက်ပွဲအသာစီး ယူထားနိုင်သော ကျင့်ကြံသူအနည်းငယ်ကလွဲ၍ အများစုသည် ရန်သူ၏ အဝိုင်းခံရကာ လွတ်ဖို့လမ်း မရှိတော့ပေ။ ဟန်လိ၏ ရန်သူကလည်း သူ့ကို ထိန်းထားနိုင်ဖို့ အကြမ်းပတမ်း တိုက်ခိုက်၏။
သို့ရာတွင် ဟန်လိက အေးစက်စက် ရယ်သည်။ သူက တခြားမှော်လက်နက်များကို ပြန်သိမ်းဆည်းပြီးနောက်မှာ အဖြူရောင်ကြေးခွံဒိုင်းကို လှည့်ကစားကာ ရန်သူ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့၍ မဟာအစီအရင်ထဲ လွယ်လင့်တကူ ပြန်ရောက်သွားခဲ့သည်။ ကောင်းကင်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများသည် အစီအရင်၏ အပြင်ဘက်တွင် ရပ်ကာေ မချင်တင်ကဲ စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
သူ့ဘက်ခြမ်းမှ တစ်ဝက်ကျော် အပြင်ဘက်တွင် ကျန်ခဲ့ကာ မလွတ်မြောက်တော့တာ မြင်သည့်အခါ ရွှမ်ယဲ့သည် ပို၍ အကြမ်းပတမ်း တိုက်ခိုက်၏။ သူ့စိတ်ထဲ၌လည်း အခြေအနေမကောင်းတော့တာ သိနေသည်။ သို့သော် သူသည် တခြားကျင့်ကြံသူများကို ကူညီရန် ဟန်ပြင်သည့်အခါ လုထျန်မင်က သူ့ကို နောက်သို့ အတင်းပြန်ခေါ်သည်။
“နောက်ကျသွားပြီ။ ဒီအဇူရာနေမင်းမိစ္ဆာမီးတောက်ကို ဆင့်ခေါ်ပြီးသွားပြီ…”
လုထျန်မင်က ခေါင်းယမ်းကာ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြော၏။
ထိုစကားကို ကြားသည့်အခါ ဟန်လိလည်း အနီရောင်အလံများကြားရှိ မီးတောက်များမှာ ထိုးထွက်လာခဲ့ပြီးသည်ကို သတိပြုမိသည်။ မီးတိုင်လုံးကျော် ဆယ်ခုကျော်သည် လေထဲသို့ ထိုးတက်ကာ အချင်းဆယ်မီတာလောက် ရှိသည့် ဧရာမမီးလုံးကြီးများ ဖြစ်လာပြီး လေထဲ၌ လွင့်မြောနေ၏။ မျက်စိဖမ်းစားနိုင်လှ၏။
“ဒါက…”
မင်သက်သွားပြီးနောက်မှာ ရွှမ်ယဲ့က တစ်ခုခု ပြောရန် ဟန်ပြင်သည်။သို့သော် အနီရောင်ဝတ်စုံနှင့် ကျင့်ကြံသူများ၏ ထပ်လှုပ်ရှားမှုများကြောင့် သူ့အမူအရာကို လွန်စွ ရုပ်ဆိုးသွားစေလေ၏။
ထိုသူများက အစီအရင်အပြင်ဘက်တွင် ကျန်ခဲ့သော ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများအပေါ်ရှိ အလံထိပ်များကို လက်ညွှန်ကြသည်။ ချက်ခြင်းပင် မီးတောက်လုံးကြီးတစ်ခုသည် တစ်မီတာပတ်လည်ရှိ မီးတောက်လုံးငယ် ဆယ်ခုကျော်အဖြစ်သို့ ကွဲထွက်ကာ ထိုကျင့်ကြံသူများထံ တိုက်ရိုက် တိုးဝင်သည်။
ယင်းမီးလုံးများ၏ အမြန်နှုန်းက ကြောက်လန့်စရာတည်း။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ ရှေ့သို့ ရောက်လာသည်။
ထိုသူများက ၎င်းမီးလုံးများကို မှော်ပစ္စည်းအမျိုးမျိုးသုံးကာ ခုခံသည်။
သို့သော် သူတို့သည် မီးကိုတွေ့သည့် ပိုးဖလံများကဲ့သို့ လုံးဝ အရည်ပျော်ကျသွားရသည်သာ။ ထိုကဲ့သို့ လက်မခံနိုင်ဖွယ် မြင်ကွင်းကို မြင်ရသည့်အခါ ထိုကျင့်ကြံသူများ၏ မျက်နှာများသည် နှင်းကဲ့သို့ သေလောက်အောင် ဖြူရောကုန်သည်။
သူတို့အားလုံးသည် ထိုမီးလုံးများနှင့် ထိသည်နှင့် လုံးဝ ဖျက်စီးခံရလေ၏။ အရိပ်အယောင်ပင် မကျန်ခဲ့သည့် အဖြစ် ဆိုက်ရောက်သွားသည်။
ယင်းသို့သော ရက်ရက်စက်စက် အသက်ခံရသည့် မြင်ကွင်းကို မြင်ရပြီးနောက်မှာ ကျန်သည့် ကျင့်ကြံသူများမှာ မနှေးဖင့်ဝံ့တော့ပေ။ သူတို့သည် ဒဏ်ရာအပြင်းအထန် အရခံကာ တဖက်ရန်သူများကို ဖောက်ထွက်၍ အစီအရင်ထံ အသည်းအသန် ပြန်ပြေးကြသည်။
သို့ပေမည့် ထိုနှစ်ယောက်၊သုံးယောက်မှာလည်း ရန်သူ၏ မှော်လက်နက်များကြောင့် ချက်ခြင်း သေသွားရသည်ပင်။
ထိုသို့ဖြင့် စိတ်ဝိညာဉ်ကျောက်တွင်းကို ကာကွယ်နေသော ဂိုဏ်းကြီးခုနစ်ဂိုဏ်းဘက်မှ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်နှင့် အမြုတေဖွဲ့စည်းခြင်း တစ်ယောက်တို့သည် သေဆုံးသွားရပြီ။ သူတို့ဘက်မှ ဆုံးရှုံးမှုက များပြားလှချေ၏။
သို့ပေမည့် ရန်သူ့ဘက်မှ အဇူရာနေမင်းမိစ္ဆာမီးတောက်၏ စွမ်းပကားက ထိုမျှမကပေ။
အနီရောင်ကျင့်ကြံသူများ၏ လမ်းညွှန်မှုအောက်မှာ အဇူရာမီးလုံးများသည် စုပေါင်းသွားကာ မီးပင်လယ်ကြီးတစ်ခု ဖြစ်လာ၏။ ၎င်းမီးပင်လယ်က မိစ္ဆာလေးပါးအစီအရင်ထံ တရကြမ်း တိုးဝင်လာချေသည်။
ထိုအခိုက်တွင် အစီအရင်တွင်း၌ ပုန်းနေသော ကျင့်ကြံသူများ၏ အမူအရာများမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူတို့အားလုံးမှာ ကြောက်ကုန်ပြီ။ ထိုသည်ကို မြင်သည့်အခါ ရွှမ်ယဲ့က မျက်မှောင်တင်းတင်းကြုတ်၍ လုထျန်မင်ကို ပွင့်ပွင့်လင်းလင်း မေးသည်။
“အစ်ကိုလု၊ ဒီမီးတောက်တွေက ဘာများလဲ။ ကျုပ်တို့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေတောင် အဲ့လောက် ကြောက်ဖို့ ကောင်းတဲ့မီးတောက်ကို မထုတ်လွှတ်နိုင်ကြဘူး။ ဒီအစီအရင်ရဲ့ စွမ်းအားဟာ ဒီမီးတောက်တွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိလောက်တယ်မလား…”
လုထျန်မင်သည် ခါးသီးစွာ ရယ်မောမိ၏။ တခြားကျင့်ကြံသူများကလည်း သူ့ကို အာရုံစိုက်ကာ လှမ်းကြည့်လာသည်ကို မြင်သည့်အခါ သူလည်း အကူအညီမဲ့စွာ ရှင်းပြရုံသာ တတ်နိုင်တော့သည်။
“မင်းတို့အားလုံးကို အမှန်တိုင်းပဲ ပြောပြတော့မယ်။ ကျုပ်၊လုပ်က စစ်ပွဲရှေ့တန်းမှာတုန်းက ဒီမီးတောက်တွေရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို ကိုယ်တိုင်မြင်ခဲ့၊ကြုံခဲ့ဖူးတယ်။ ဒါက မိစ္ဆာလေးပါးအစီအရင်ကို ချိုးဖျက်နိုင်၊မနိုင်ကိုတော့ ကျုပ်လည်း မခန့်မှန်းတတ်ဘူး။ ကျုပ် စီနီယာတစ်ယောက်ဆီက ကြားဖူးတာကတော့ ဒီမီးတောက်တွေကို လွယ်လွယ် ထုတ်လွှတ်လို့ မရဘူး။ မီးတောက်ရိုင်းကျင့်ကြံသူတွေဟာ ဒီအဇူရာနေမင်းမိစ္ဆာမီးတောက်ပညာရပ်ကို ကျင့်ကြံတာအပြင် သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံတွေကိုပါ ထိခိုက်စေတဲ့ တန်ကြေးပေးပြီးမှ ဒီမီးတောက်တွေကို ထုတ်ဖော်နိုင်ကြတာတဲ့။ ဒါ့ကြောင့်လည်း ဒီမီးတောက်တွေကို ခုခံဖို့ အရမ်း ခက်ခဲနေတာ…”
လုထျန်မင်ထံမှ စကားများသည် ရွှမ်ယဲ့နှင့် တခြားကျင့်ကြံသူများကို တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသွားစေသည်။ သူတို့အားလုံး စိတ်ပျက်လက်ပျက် ဖြစ်ကုန်သည်။
ထိုအချိန်တွင် အဇူရာမီးတောက်များသည် ဟန်လိတို့ဘက်မှ မိစ္ဆာလေးပါးအစီအရင်ကို တိုက်ခိုက်လာခဲ့ပြီ။ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီ။ ကျင့်ကြံသူအားလုံး၏ အာရုံကို ချက်ခြင်း စွဲဆောင်သွားသည်။
သူတို့သည် အဇူရာမီးတောက်လှိုင်းများက အစီအရင်၏ အလင်းအကာအရံကို တရစပ် ထိုးနှက်နေတာကို မြင်၏။ တစ်လှိုင်းပြီး တစ်လှိုင်းပင်။ အလင်းအကာအရံပေါ်တွင် ဂယက်များ ထလာတာ မရပ်တော့ပေ။ သို့သော် အဆုံးသပ်၌ ၎င်းက ကြောက်မက်ဖွယ်မီးတောက်များကို ခုခံနိုင်လိုက်သည်။ သို့ကျမှ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။
သို့သော် သိပ်မကြာလိုက်ပါ။ သူတို့သည် စိတ်အေးမနေနိုင်ကြတော့ပေ။ အကြောင်းမှာ မိစ္ဆာလေးပါးအစီအရင်၏ အလင်းသည် ကြမ်းကြုတ်လှသော မီးတောက်များ၏ အောက်မှာ တဖြည်းဖြည်းချင်း မှိန်ဖျော့လာသောကြောင့်ပင်။
ဤသည်မှာ မဟာအစီအရင် ပျက်စီးတော့မည့် လက္ခဏာ ဖြစ်၏။ အနီရောင်ဝတ်စုံနှင့် လူများသည် ချွေးများဖြင့် ရွှဲနစ်နေသော်လည်း အလံကြီးများကို ဝေ့ရမ်းရတာ သူတို့အတွက် ကျိန်းသေပေါက် ပြဿနာ မရှိချေ။
အစီအရင်အတွင်းရှိ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများကတော့ နောက်ဆုတ်ရန် နည်းလမ်းများကို ခေါင်းပူသည့်အထိ စဉ်းစားနေကြပြီ ဖြစ်၏။
တခြားသော စိတ်ဝိညာဉ်ကျောက်မိုင်းများ ခြုံခိုတိုက်ခိုက်ခံရသည်ကို ကြည့်ပါက မိစ္ဆာတာအိုဂိုဏ်းများ၏ လက်ထဲ ကျရောက်သွားသော ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ချက်ခြင်း အသက်မခံရသော်လည်း သူတို့သည် ရန်သူ၏ ဓားစာခံများ ဖြစ်ကုန်ကြ၏။ ထိုအခါ မည်သို့မည်ပုံ ဆက်ဆံခံရမည်ကို အဘယ်သူက သိပါ့မည်နည်း။
တိုက်ပွဲများ အခါခါ ဖြစ်ပြီးသည့်နောက်မှာ ဂိုဏ်းခုနစ်ဂိုဏ်းနှင့် မိစ္ဆာတာအိုဂိုဏ်းများကြား အမုန်းတရားကမူ ပင်လယ်ကဲ့သို့ နက်ရှိုင်းနေခဲ့ပေပြီ။ ထို့ကြောင့် တဖက်သူများက ဓားစာခံများကို မည်သို့ ကောင်းကောင်း ဆက်ဆံပါ့မည်နည်း။ အထူးသဖြင့် အပူပန်ရဆုံးမှာ ရန်သူတို့က လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို နှုတ်ယူသည့် ရက်စက်သော ပညာရပ်များကို ကျင့်ကြံကြသူများ ဖြစ်၍ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ပို၍ စိတ်မအေးနိုင် ဖြစ်ရခြင်းပင်။
ထို့ကြောင့် ရွေးချယ်စရာ တစ်ခုခု ရှိခဲ့လျှင် မည်သူကမျှ လက်နက်ချလိမ့်မည် မဟုတ်ပေ။
“ဒီနဲ့ ဆယ်မိုင်ပတ်လည်လောက်မှာ ဥမင်လမ်းတစ်ခု ရှိတာ ငါ သိတယ်။ အဲ့ကနေ ကျုပ်တို့ လွတ်နိုင်လောက်မှာပါ…”
သည်ကျောက်တွင်းမှာ ဆယ်စုနှစ်ကျော် စောင့်ကြပ်နေသော အဘိုးအိုရှုက ရုတ်တရက် စိတ်အေးသက်သာဟန်နှင့် ပြောလာ၏။
သူ၏စကားက ရွှမ်ယဲ့နှင့် တခြားကျင့်ကြံသူများကို အံ့အားတသင့်၊ စိတ်လှုပ်တရှား ဖြစ်သွားစေသည်။
“ညီအစ်ကိုယု…ခင်ဗျား ပြောတာ သေချာလား…”
“သိပ်ကောင်းတယ်…ကျုပ်တို့ နောက်ဆုံးမှာတော့ လွတ်နိုင်ပြီ…”
စိုးရိမ်ထိတ်လန့်နေသော ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် တက်တက်ကြွကြွ ဖြစ်လာ၏။ သူတို့၏ ပျော်ရွှင်မှုကို မထိန်းထားနိုင် ဖြစ်ရသည်။
ဟန်လိလည်း ထို့အတူသာ။ အဇူရာနေမင်းမိစ္ဆာမီးတောက်များကို ရင်ဆိုင်မည့် နည်းလမ်း သူ့တွင် အမှန်တကယ် ရှိမနေခဲ့ချေ။ သူ ထွက်ပြေးချင်လျှင်ပင် ဘယ်ကစရမှန်း မသိ ဖြစ်နေခဲ့သည်။
ရွှမ်ယဲ့နှင့်လုချန်မင်တို့က သူတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းကာ ယုရှင်းပြောသည့် ဥမအကြောင်း သေချာအောင် ထပ်မေး၏။ ထို့နောက်တွင် ခဏ စဉ်းစားပြီး သူတို့က နောက်ဆုတ်ရန် အမိန့်ပေးသည်။
စိတ်ဝိညာဉ်ကျောက်တုံးအတွင်မူ သူတို့က မပူပေ။ အများဆုံးမှ ရန်သူသည် ဥမင်လမ်း၏ ဝင်ပေါက်ကိုသာ ဖျက်စီးနိုင်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်လုပ်ခြင်းကို ရပ်တန့်စေရုံသာ။ မိစ္ဆာတာအိုကျင့်ကြံသူများသည် သည်တွင်းမှ စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ကိုပင် ယူကြလိမ့်မည် မဟုတ်ပေ။ သည်တွင်းများ၌ အလုပ်လုပ်ကြသော သေမျိုးများသည်ပင် တိုက်ပွဲ၌ ဒဏ်ရာရကြမည် မဟုတ်ပါ။
သို့ဖြစ်၍ သူတို့သည် သူတို့ လွတ်လမ်းကို ရှာရန်သာ လို၏။
ယုရှင်း၏ ဦးဆောင်မှုဖြင့် ဟန်လိနှင့် တခြားသော ကျင့်ကြံသူ အရောက်ငါးဆယ်လောက်မှာ စိတ်ဝိညာဉ်ကျောက်တွင်း၏ မြေအောက်ဥမင်လမ်းထဲ ဝင်လာကြ၏။ သို့သော် သူတို့ မြေအောက်သို့ ဝင်လာကြရုံ ရှိသေး သည်ချောက်နက်တစ်ခုလုံးမှာ တခဏ တုန်ခါသွား၏။
“မိစ္ဆာလေးပါးအစီအရင် ဖျက်စီးခံလိုက်ရပြီ…” ရွှမ်ယဲ့က အော်ဟစ်၏။
ချက်ခြင်းပင် ကျင့်ကြံသူများသည် ခြေလှမ်း အရှိန်တင်ကြတော့သည်။
……
ဥမင်လမ်းအတွင်း၌ ကျင့်ကြံသူများ၏ လက်ထဲရှိ လအလင်းကျောက်များကြောင့် အလင်းရောင် ရနေ၏။ ဥမင်နံရံများသည် ချောမွေ့နေသည်ကို မြင်သည့်အခါ သဘာဝအတိုင်းမဟုတ်ဘဲ လူလုပ်ထားမှန်း သိသာသည်။ သို့အတွက် ကျင့်ကြံသူများမှာ အံ့အားသင့်ရ၏။
ယုရှင်း၏အထင်နှင့်အပြောအရ သည်ဥမင်သည် မူလတုန်းက ရှည်လျားသော စိတ်ဝိညာဉ်ကျောက်တုံးကြောတစ်ခု ဖြစ်ခဲ့လောက်၏။ မိုင်းတူးသမားများက သည်ကြောတလျှောက် တူးရင်းတူးရင်း တခြားတစ်ဖက်ထိ ထွက်ပေါက်တစ်ခု ဖြစ်သွားခဲ့တာပင်။
သည်ဥမင်လမ်း တည်ရှိနေခြင်းနှင့် ၎င်းကို ယုရှင်းက မှတ်မိနေတာအပေါ် ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက သူတို့သည် ယနေ့၌ မည်သည့်နေရာကို ထွက်ပြေးရမှန်း တကယ်မသိ ဖြစ်သွားလိမ့်မည်။
သို့သော် သည်အချိန်မှာပင် ဥမင်လမ်းက ရုတ်တရက် အပြင်းအထန် တုန်ခါလှုပ်ရမ်းလာ၏။ ကျယ်လောင်စွာ မြည်ဟိန်းသံများ ကြားရပြီးနောက်မှာ ၎င်းသည် တဖြည်းဖြည်း စတင် လဲပြိုလာတော့သည်။
မရေမတွက်နိုင်သော ဖုန်မှုန့်များနှင့် ကြီးမားသော ကျောက်တုံးကြီးများသည် အလန့်တကြား ဖြစ်သွားသော ကျင့်ကြံသူများအပေါ် တိုက်ရိုက်ကျဆင်းကာ သူတို့ကို မြေမြှုပ်တော့၏။ မြေအောက်တစ်ခုလုံး ပိန်းပိန်းမှောင်သွားချေသည်။
နာရီများစွာ ကြာပြီးနောက်မှာ မြေအောက်ဂူတစ်ခုရှိ တစ်ခုသော ကျောက်နံရံ၌ ကြီးမားသော အပေါက်တစ်ခု ရုတ်တရက် ပွင့်လာ၏။ ထို့နောက်တွင် ကင်းလိပ်ချောနှင့်တူသော ရုပ်သေးသားရဲတစ်ကောင်က ယင်းအပေါက်ကနေ တဟုန်ထိုး ထွက်ကာ ၎င်း၏ ဦးခေါင်းကို ဆန့်၍ ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့် ကြည့်၏။ ထို့နောက် ၎င်းသည် တွင်းနက်ထဲ ပြန်ခုန်ဝင်သွားသည်။
ထမင်းအိုးတကျက်စာလောက် ကြာပြီးနောက်မှာ ထိုကင်းလိပ်ချောရုပ်သေးသားရဲက ကျောက်နံရံထဲကနေ ထပ်ခုန်ထွက်လာပြန်၏။ သည်တစ်ကြိမ်၌ ကင်းလိပ်ချော၏ နောက်မှာ လူတစ်ယောက်ပါ တွား၍ လှမ်းထွက်လာ၏။ ထိုသူမှာ မြေအောက်လမ်း ပြိုကျသည့် ကပ်ဘေးကနေ ရှင်သန်လာသော ဟန်လိမှလွဲ၍ တခြားသူ မဟုတ်ပါ။
ဟန်လိက ထရပ်၏။ သူက ဘေးပတ်လည်သို့ တချက်ကြည့်သည်။ သူ့မျက်နှာထက်တွင် ပျော်ရွှင်ဟန် ပေါ်နေသည်။ သူသည် ဘဝအသစ်တစ်ခု ထပ်ရလိုက်သည့်အလား။