သွေးနီ
Vol. 20 Ch. 269
“ဒီကောင်က ကျုပ်တို့ကို တချိတည်းနဲ့ အပြတ် ဖျက်ချင်နေတာလား…” ကျုံးဝူသည် ဖြူဖောဖြူရောလေသံဖြင့် မေး၏။
ရွှမ်ယဲ့က ပြန်မပြောပေ။ ထိုအစား သူ့လက်ကို ပင့်မြှောက်၏။ မီးလုံးခုနစ်ခုသည် သူ့လက်ကနေ ပျံသန်းထွက်ကာ ပြည့်ကျပ်နေသော ပင့်ကူအိမ်ထံ တိုးဝင်သွား၏။
ဖောက်၊ဖောက်။ ပင့်ကူအိမ်မှာ လုံးလုံး ဘာမျှ ဖြစ်မသွား၊ မီးလောင်ရာလေးကိုပင် မမြင်ရချေ။
တခြားသူများသည် အံ့အားသင့်မသွားကြပေ။ သူတို့သည် ဒီပင့်ကူအိမ်က ကျိုးပဲ့ပျက်စီးလွယ်မည် မဟုတ်တာကို မျှော်လင့်ထားပြီး ဖြစ်၏။
သည်အချိန်အတွင်း အဖြူရောင်ပင့်ကူကြီးက ၎င်း၏ ခြေထောက်ကို အနည်းငယ် ကွေးကာ ၎င်း၏ ကြမ်းတမ်းသော ခွန်အားနှင့်အတူ ရွှမ်ယဲ့ထံ တကိုယ်လုံး ပစ်၍ တန်းမတ်စွာ ဝင်လာ၏။ ရွှမ်ယဲ့က မျက်နှာပျက်သွား၏။ သူက အဝါရောင်အဆောင်တစ်ခုကို ဂူကြမ်းပြင်ပေါ် ဖိနှိပ်၏။ ချက်ခြင်းလက်ငင်း ၎င်းသည် ကြမ်းပြင်ပေါ် ပျော်ဝင်သွားသည်။
ဆက်တိုက်ဆိုသလို ကြီးမားသော ကျောက်ချွန်တစ်ခုက မလှမ်းမကမ်းတွင် မြင့်တက်လာခဲ့ပြီး လေထဲသို့ ခုန်တက်လာသော ပင့်ကူ၏ ဝမ်းဗိုက်ကို ထိုးစိုက်သွား၏။ ပင့်ကူသည် ဂူမျက်နှာကြက်နှင့် တပ်ရိုက်ခံရသကဲ့သို့ ဖြစ်သွားပြီး ထိုအချိန်အတွင်း လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။
“ကောင်းတယ်…”
လုထျန်မင်းက ဤသည်ကို မြင်သည့်အခါ ကျယ်လောင်စွာ လှမ်းအော်၏။ သူ့ပုံစံ၌ ပျော်သွားဟန် ပေါ်သည်။
ယင်းနောက်မှာ သူက ဂူမျက်နှာကြက်ထံ အစိမ်းရင့်ရောင်အိတ်တစ်ခုကို ပစ်ထည့်သည်။
ယင်းအခိုက်မှာ မျက်နှာကြက်တွင် ချုပ်နှောင်ခံရသော ပင့်ကူကြီးက စူးစူးရှရှ စအော်သည်။ ၎င်း၏ ခြေထောက်များကို ဝမ်းဗိုက်ထိ ကွေးညွှတ်၍ ကျောက်ချွန်ကို တင်းကြပ်စွာ ယှက်လိမ်၏။ ထို့နောက် ၎င်းက ကြမ်းတမ်းစွာဖြင့် ကျောက်ချွန်ကို ဆွဲနှုတ်၏။
ကျောက်များ ကြေမွသံကို ကြားရ၏။ ကျောက်ချွန်၏ ထိပ်သည် မရေမတွက်နိုင်သော ကျောက်စကျောက်နများအဖြစ်သို့ လွယ်လင့်တကူ ပျက်စီးသွားချေသည်။
လွတ်လပ်မှု ပြန်ရလာပြီးနောက် သည်ပင့်ကူသားရဲကောင်သည် အောက်သို့ ခုန်ဆင်းသည်။ ၎င်း၏မျက်လုံး ကျဉ်းကျဉ်းမှာ အစိမ်းရောင်အလင်း လင်းလက်၏။ ၎င်းသည် ဒေါသထွက်နေပေပြီ။
၎င်း၏ ခန္ဓာကိုယ်ကို ကိုင်း၏။ ထို့နောက် ပြန်ဆန့်၏။ ၎င်းသည် ကျင့်ကြံသူများထံ ထပ်မံ၍ ခုန်ပေါက်ဝင်ချင်ဟန် တူသည်။
သို့သော် ယင်းအခိုက်မှာ အိတ်ထံမှ အလင်းတစ်ခု ထိုးထွက်ပြီး လေထဲတွင် ရှိနေသော ပင့်ကူအား ရိုက်ခတ်သည်။ ထို့နောက်မှ သည်အလင်းက မထင်မှတ်စွာ ကြုံ့သွားသော ပင့်ကူကိုပါ ဆောင်ယူ၍ အလွန်လျင်မြန်စွာ အိတ်ထဲသို့ ပြန်ဝင်သွားသည်။
ဟန်လိနှင့် တခြားသူများမှာ ပါးစပ်ဟောင်းလောင်း ဖြစ်သွား၏။ ကြမ်းလှဟန်တူသော ပင့်ကူမှာ ခုလောက် အလွယ်တကူ အသက်ရှင်လျက် အဖမ်းခံလိုက်ရပြီလား။ စိတ်ကူးကြည့်ဖို့ပင် ခက်လှ၏။
လုထျန်မင်သည်လည်း ကျေနပ်အံ့အားသင့်ဟန် ဖြစ်ပေါ်နေသည်။
သူ၏ နေလအိတ်က အစွမ်းထက်ကောင်းမွန်တာ မှန်သော်လည်း နတ်ဆိုးသားရဲများစွာကို စုဆောင်းဖမ်းဆီးရန် အကြိမ်များစွာ အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့တိုင် ၎င်းက ဒီပင့်ကူကြီးကို အဆင်ပြေစွာ ဖမ်းဆီးနိုင်စွမ်း ရှိတုန်းပင်။ သည့်အတွက်ကြောင့် သူ ကိုယ်တိုင် အံ့ဩသွားခဲ့တာ ဖြစ်သည်။ သူ့စိတ်ထဲ၌လည်း ကျေနပ်အားရမှု မြင့်တက်လာ၏။ သူသာ ဒီပင့်ကူကောင်ကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့ပါက သူ၏ စွမ်းအားသည် အဆများစွာ မတိုးတက်လာဘဲ ဘယ်နေပါတော့မည်နည်း။
ထိုအတွေးကြောင့် လီထျန်မင်သည် တည်ငြိမ်ဟန် ရှိနေသော်ငြားလည်း သူ၏ ပျော်ရွှင်မှုကမူ မျက်နှာတွင် ပေါ်နေသည်။ သူက အစိမ်းရောင်အိတ်ထံ လက်ဝေ့ရမ်း၏။ ၎င်းအိတ်သည် လူတိုင်း၏ အကြည့်အောက်မှာပင် ဖြည်းဖြည်းချင်း ပြန်လည် ပျံသန်းလာချေ၏။
တခြားကျင့်ကြံသူများသည် ထိုသို့ နတ်ဆိုးသားရဲတစ်ကောင် အသက်ရှင်လျက် ဖမ်းနိုင်ခြင်းသည် ဝိညာဉ်သားရဲတောင်မှ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေခြင်းကြောင့်မှန်း သိသည်။ သူတို့သည် မနာလိုအားကျ မဖြစ်မိဘဲ မနေနိုင် ဖြစ်ရ၏။ သို့ပေမည့် ထိုစဉ်မှာပင် ပျံသန်းလာနေသော အိတ်က လေထဲတွင် ရုတ်တရက် ရပ်သွားကာ ဆက်၍ မရွေ့လာတော့ပေ။
လုထျန်မင် ထိပ်ပြာသွား၏။ သူက မှော်စွမ်းအား ပိုစိုက်ထည့်ကာ သည်အိတ်ကို ပြန်သိမ်းယူရန် ကြိုးစားသည်။ သို့သော် အိတ်သည် အကြိမ်ကြိမ် ဝေ့ယမ်းလျက် လေထဲတွင်သာ ရပ်နေတုန်းပင်။
ဘေးမှ ကြည့်နေသူတိုင်းက တစ်ခုခုတော့ မှားနေပြီဟု သိ၏။ သူတို့သည် သတိအနေအထား ရှိနေသည်။
ထိုသားရေအိတ်၏ မျက်နှာပြင်တွင် အချိုင့်အဖုများ ရုတ်တရက် ပေါ်လာ၏။ အိတ်ထဲရှိ ပင့်ကူက ရုန်းကန်သောကြောင့် ထိုသို့ ဖြစ်လာပုံ တူသည်။ ၎င်းအချိုင့်အဖုများသည် ခဏ ကြာပြီးနောက်မှာ ပျောက်ကွယ်သွားတော့သည်။ သို့သော် တအောင့်အကြာမှာ ၎င်းသည် ဖောင်းကားလာပြီး ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ အိတ်သည် အပိုင်းပိုင်းအစစ ဖြစ်ကုန်တော့၏။ အဖြူရောင်ပင့်ကူကြောင့် သည်မှော်ပစ္စည်းမှာ ဖျက်စီးခံလိုက်ရပေပြီ။
၎င်းပင့်ကူသားရဲမှာ လွတ်လာသည်နှင့် ရူးသွပ်လာပုံ ရသည်။ ၎င်း၏ အဖြူရောင်ခန္ဓာကိုယ်က အနီရောင်သို့ ဖြည်းဖြည်းချင်း ပြောင်းလာပြီး သွေးနီရောင်အလင်းတန်းများစွာ ထိုးထွက်သည်။ ၎င်း၏ ထက်ရှသော သွားများကို ကြိတ်ခြေသည်။ ဆူညံသံများ ထွက်ပေါ်လာ၏။
လုထျန်မင်နှင့် တခြားသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ ခြေလေးငါးခြောက်လှမ်းလောက် ဆုတ်၏။ သူတို့နှင့် ပင့်ကူကြား အကွာအဝေးကို ကွာဟစေ၍ မှော်ပစ္စည်းများထံမှ ပေါက်ကွဲမှုများကို အသုံးပြုရန် စီစဉ်ထားခြင်းပင်။ သို့သော် သွေးနီရောင်ပင့်ကူက ၎င်း၏ ခြေလက်များစွာကို လှုပ်ရှားကာ အဝေးဆုံးရှိ ကျင့်ကြံသူနှစ်ယောက်ထံ လျှပ်စီးအလား လျင်မြန်စွာဖြင့် တိုးဝင်လာသည်။
အဖြူရောင်အလင်းတန်းနှစ်ခုက လင်းလက်သွားတာကိုသာ မြင်ရပြီးနောက်မှာ ထိုကျင့်ကြံသူနှစ်ယောက်၏ အကာအကွယ်အရံအတားများသည် တချက်တည်းနှင့် ဖျက်စီးခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များသည် နှစ်ပိုင်းပြက်သွားတော့သည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ ကျုံးဝူ ဖြစ်နေ၏။ ကံမကောင်းလှချေ။ သူသည် အဝေးဆုံးတွင် ရှိနေ၍ သူ့ကိုယ်သူ ဘေးကင်းပြီဟု ထင်ထားခဲ့သူပင်။
ပင့်ကူ၏လျှပ်စီးအလား လျင်မြန်မှုနှင့်အတူ သေဆုံးသွားရသော ကျင့်ကြံသူနှစ်ယောက်ကို မြင်ရပြီးနောက်မှာ အဝေးသို့ ထွက်ပြေးကြသော အခြားကျင့်ကြံသူများမှာလည်း အလန့်တကြား ဖြစ်ကုန်၏။ သူတို့၏မျက်နှာများပါ ဖြူရောကုန်သည်။
သို့သော် သူတို့အဖို့ နောက်ကျသွားခဲ့လေပြီ။ နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ်က မြန်လှ၏။ သွေးနီအလင်းတန်းအဖြစ်သို့ ပြောင်းကာ ဓားဆိပ်ကမ်းဂိုဏ်းမှ ကျင့်ကြံသူထံ တိုးဝင်သည်။
ထိုကျင့်ကြံသူ၏ မျက်နှာမှာ သေလောက်အောင် ဖြူရောသွားချေသည်။ သူ အံတင်းတင်းကြိတ်လျက် ဓားနက်နှစ်ချောင်းကို ချဉ်းကပ်လာသော ပင့်ကူထံ ပစ်သွင်းသည်။
သို့သော် ပင့်ကူသည် ပါးစပ်ဟကာ တောက်ပသော အဖြူရောင်အရည်ကို ဓားများထံ ပစ်သွင်းသည်။ ဓားများသည် ၎င်းတို့၏ မှော်စွမ်းအား ဆုံးရှုံးကာ ဂူကြမ်းပြင်ပေါ် ပြုတ်ကျသွားချေ၏။ ထို့နောက်တွင် ပင့်ကူသည် ခုန်ပေါက်ဝင်လာပြီး ဓားဆိပ်ကမ်းဂိုဏ်းမှ ကျင့်ကြံသူ၏ ဦးခေါင်းကို ကိုက်ပစ်၏။
ဟန်လိ အပါအဝင် တခြားသူများသည် ဆက်၍ တွေဝေမနေနိုင်တော့ဘဲ အဆောင်များနှင့် မှော်ပစ္စည်းများဖြင့် ၎င်းပင့်ကူ၏ ဦးခေါင်းထံ စေလွှတ်တိုက်ခိုက်သည်။
သို့သော် ပင့်ကူ၏ ခန္ဓာကိုယ်သည် သွေးနီရောင် ပြောင်းသွားတည်းက ၎င်းသည် လေအလား လျင်မြန်၏။ သည်ကျဉ်းမြောင်းသော ဂူထဲမှာ မှော်ပစ္စည်းများနှင့် မှော်ပညာရပ် များသည် ၎င်း၏ လျင်မြန်စွာ လှုပ်ရှားမှုအောက်ကို အမှီ မလိုက်နိုင်ကြပေ။ တအောင့်ကြာပြီးနောက်မှာ နောက်ထပ် ကျင့်ကြံသူနှစ်ယောက်သည်လည်း ၎င်း၏ ကြမ်းတမ်းထက်ရှသော သွားများနှင့် မိတ်ဆက်သွားရပြန်သည်။
သူတို့ထဲမှ တစ်ယောက်က လက်ဦးမှုယူကာ ရောင်စုံလည်စီးတစ်ခုကို အချိန်မီ အသုံးပြုခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း ပင့်ကူက ၎င်းကို ဆုတ်ဖြဲပစ်ကာ သူ့ကို သတ်ပစ်သည်။ ထိုပင့်ကူ၏ ခြေလက်များနှင့် သွားများမှာ အမှန်တကယ် ထက်ရှလှ၏။ ၎င်းတို့၏ မာကြောမှုမှာလည်း ထိပ်တန်းမှော်ပစ္စည်းတစ်ခု သို့မဟုတ် ယင်းထက် ပိုမြင့်နေမှာ သေချာသည်။
ခုချိန်၌ ယုထျန်မင်၊ ရွှမ်ယဲ့နှင့် ဟန်လိတို့သာ ကျန်တော့သည်။ သူတို့သုံးယောက်သည် လန့်လည်းလန့်၊ ဒေါသလည်း ထွက်လွန်းသဖြင့် သူတို့၏ အသားအရေမှာ ပြာနှမ်းနေလေပြီ။
သူတို့သာ လွတ်လွတ်လပ်လပ်နေရာတွင် ရှိနေပါက သည်ကျင့်ကြံသူများသည် ခုလောက်ထိ အလွယ်တကူ မသေနိုင်ပေ။
ဘန်း။ ပင့်ကူက လုထျန်မင်၏ဘေးသို့ ဖြတ်ခနဲ ရောက်လာ၏။ ၎င်းက သူ၏ အရံအတားကို ခန္ဓာကိုယ်ဖြင့် ဝင့်ဆောင့်ကာ ဖျက်စီးရန် ကြိုးစားနေစဉ် အနက်ရောင်အရာဝတ္ထုတစ်ခုသည် ပင့်ကူကို ဝင်ရောက်ဟန့်တား၏။ ၎င်းမှာ သေးသွယ်လုံးဝန်းသော ဒိုင်းငယ်တစ်ခု ဖြစ်၏။ သို့သော် ပင့်ကူကို တားဆီးနေရသည့်အခါ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ရာများ ပေါ်လာသည်။
၎င်းဒိုင်းငယ်မှာ ထူးခြားသောလိပ်ခွံတစ်ခု ဖြစ်နေချေ၏။ မသိမသာ အက်ရာများ ဖြစ်ပေါ်သည်ကလွဲ၍ ၎င်းဒိုင်းသည် လုံးလုံး မထိခိုက်သွားသေးပေ။ အံ့အားသင့်ဖွယ် ကောင်းလှ၏။
သက်ရောက်မှု မရှိတာကို မြင်သည့်အခါ ပင့်ကူကြီးသည် လုထျန်မင်ကို တိုက်ခိုက်နေတာ လက်လျော့ပြီး ဖြတ်ခနဲ ဟန်လိဘက်ခြံသို့ ပါးစပ်ကြီး ဖြဲကာ ရောက်လာ၏။
သို့သော် ဟန်လိက အေးစက်စက်အမူအရာနှင့် ရှိ၏။ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ဝေဝါးကာ ချက်ခြင်းပင် ပျောက်ကွယ်သွားသည်။ ထို့နောက်မှာ သူသည် မီတာနှစ်ဆယ်ကျော်လောက်တွင် ပြန်ပေါ်လာသည်။ ထိုသည်က နတ်ဆိုးသားရဲပင့်ကူကို အကြောင်သား ဖြစ်သွားစေ၏။
ထိုစဉ် ရွှမ်ယဲ့က အဝါရောင်ခွက်ငယ်တစ်ခုကို ထုတ်ကာ ပင့်ကူဘေးနား ရောက်လာ၏။ ခွက်ငယ်သည် အဝါရောင်လင်းလက်ကာ ချဲ့ကား၏။ ရွှမ်ယဲ့က ၎င်းခွက်ဖြင့် ပင့်ကူကို အုပ်မိုးကာ ထပ်မံချုပ်နှောင်၏။ ဟန်လိသည်လည်း သူ၏ နဂါးနက်ဆုပ်ကိုင်ခြင်းကို အကြီးဆုံးအရွယ်အစားထိ ချဲ့ကားကာ ခွက်၏ အပေါ်သို့ သတိထားကာ လွှမ်းခြုံစေသည်။ ပင့်ကူက နောက်ထပ် လွတ်မြောက်သွားမှာကို သူ စိုးရိမ်၍ ဖြစ်၏။
“မင်းတို့နှစ်ယောက် စိတ်အေးအေးထားပါ။ ကျုပ်ရဲ့ ကောင်းကင်ခြုံလွှမ်းခြင်းခွက်ဟာ ကြေးအနှစ်သာရကနေ သန့်စင်ထားတဲ့ မှော်ရတနာပဲ။ ဒီကောင် လွတ်မြောက်နိုင်စွမ်း ရှိတော့မှာ မဟုတ်ပါဘူး…” ရွှမ်ယဲ့၏ အမူအရာမှာ စိတ်အေးသွားပြီး ဟန်လိနှင့်လုထျန်မင်တို့ကို ရှင်းပြသည်။
ထိုစကားကို ကြားသည့်အခါ ဟန်လိလည်း စိတ်သက်သာသွား၏။ သူသည် သူ၏ နဂါးနက်ဖမ်းဆုပ်မှုလက်သည်းကို ပြန်သိမ်းယူသည်။ သူက အမှန်တကယ် စိတ်အေးသွားပုံ ရသည်။
သို့ပေမည့် လုထျန်မင်က ကြေးခွက်ရှေ့သို့ လျှောက်လာပြီး ၎င်းကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်ပြီးနောက် စိတ်ပူပန်ဟန်ဖြင့် ခေါင်းရမ်းကာ ပြောသည်။ “အဲ့လို မဟုတ်လောက်ဘူး။ ကျုပ် စိတ်မချသေးဘူး။ သားရဲကောင်ကို ချုပ်နှောင်ထားဖို့ ဒီခွက်ကို ဆက်ပြီး အသုံးပြုပေးပါ။ ကျုပ်ကို မှော်ရတနာတစ်ခု အသုံးပြုဖို့ ပြင်ဆင်နိုင်အောင် အချိန်တစ်ခုပေး၊ ပြီးရင် ဒီမွန်းစတားကောင်ကို သတ်ပစ်မယ်…”
ရွှမ်ယဲ့သည် ထိုစကားကို ကြားသည့်အခါ မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူက ဘာမျှတော့ မပြောပေ။ လုထျန်မင် ပြောသည့်အတိုင်း ဆက်လုပ်ပေးသည်။
ဟန်လိသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် အရိုးစု၏ အမိန့်ပေးတံဆိပ်ပြားထံ အကြည့်ရောက်သွားသည်။ ခဏစဉ်းစားပြီးနောက်မှာ သူက ဘေးတစ်ဖက်သို့ လျှောက်လာပြီး တင်ပလ္လင်ချိတ်ထိုင်ကာ တရားထိုင်၏။ ခုကိစ္စကို တခြားနှစ်ယောက် ဖြေရှင်းရန်သာ ထားခဲ့၏။
ထိုအချိန်၌ လုထျန်မင်သည် မိုးပြာအလင်းရှိသော အဆောင်စာရွက်တစ်ခုကို ထုတ်ယူသည်။ သူက ၎င်းကို သူ့လက်ဝါးနှစ်ဖက်ကြား ဖိချပြီး စိတ်ဝိညာဉ်စွမ်းအား ဖြည်းဖြည်းချင်း ဖြည့်သည်။
တအောင့်ကြာပြီးနောက်မှာ သူက သူ့လက်နှစ်ဖက်ကို ပြန်ခွာ၏။ အနီရောင်တုတ်ချောင်းတစ်ခုသည် ထိုးထွက်လာပြီး သူ့ခေါင်းထက်မှာ လည်ပတ်သည်။
“ခင်ဗျား အဆင်သင့်ပဲလား…ကျုပ် ဒီသားရဲကောင်ကို လွှတ်ပေးလိုက်တော့မယ်…”
ရွှမ်ယဲ့သည် ထိုသည်ကို မြင်သည့်အခါ ခွက်ငယ်ကို ထိန်းချုပ်လျက် ပူပန်စွာ မေးသည်။
“ အဆင်သင့်ပဲ။ မင်းတို့နှစ်ယောက်လုံး သေနိုင်ပြီ။ ဒီမဟာဖယ်ရှားခြင်းတံဆိပ်ပြားက ငါ့ဟာပဲ…” လုထျန်မင်သည် မျက်လုံးမျက်ဆန် ပြူး၍ လူယုတ်မာဟန်ပန် ရုတ်တရက် ဖြစ်ပေါ်လာသည်။
သူ၏ အော်သံနှင့်အတူ အနီရောင်တုတ်၏ ထိပ်မှ အလင်းတန်းများစွာ မရေမတွက်နိုင်အောင် ထွက်လာ၏။ သည်အလင်းများကနေ အနီရောင်တုတ်ငယ် တစ်ခု၊ တစ်ခုမှသည် နှစ်ခု၊ နှစ်ခုမှသည် လေးခု စသဖြင့်စသဖြင့် ပွားလာ၏။ ထို့နောက်မှာ လုထျန်မင်၏ ထိန်းချုပ်မှုအောက်၌ တုတ်အများစုသည် အကာအကွယ်အစီအရင်ထဲမှာ ရှိနေသော ရွှမ်ယဲ့ထံ တိုးဝင်သည်။ ကျန်အနည်းငယ်ကမူ တရားထိုင်နေသော ဟန်လိထံ ဦးတည်၏။
ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ အမူအရာက မသိမသာ ပြောင်းလဲသွား၏။ သူက တိုးဝင်လာသော အဆောင်ရတနာများကို မထုံတတ်တေး စိုက်ကြည့်၏။ ရွှမ်ယဲ့၏ အမူအရာကမူ အကြောင်သား ဖြစ်နေသည်။ သူသည် ကပ်ဘေးတစ်ခု ကျရောက်လာနေတာကို မမြင်သည့်အလား။
ထိုနှစ်ယောက်၏ အမူဟန်ပန်ကို မြင်သည့်အခါ လုထျန်မင်၏ ဂုဏ်ဝင့်နေသောဟန်မှာ တောင့်တင်းသွားသည်။ သူက စိတ်ထဲကနေလည်း ‘မကောင်းတော့ဘူး’ ဟု အော်ပြောမိကာ လိပ်ခွံဒိုင်းကို ချက်ခြင်း ထုတ်ယူရန် တွေးသည်။ သို့သော် သူ၏နောက်တွင် မြေကျွံသံကို ကြားရ၏။ ထို့နောက်မှာ အနီရောင်အလင်းတန်းတစ်ခုသည် သူ့ဘေးဘက်ခြမ်းကနေ လာထိုးစိုက်သည်။
ရုတ်ချည်းမှာပင် လုထျန်မင်၏ ခန္ဓာကိုယ်သည် ဂူကြမ်းပြင်ပေါ်သို့ နှစ်ပိုင်းကွဲကာ ပြုတ်ကျသွားလေ၏။ ချက်ခြင်းပင် အနီရောင်အလင်းတန်းက အကွာအဝေးတစ်ခုထံ ခုန်ထွက်သွားပြီး ရပ်သွား၏။ ၎င်းမှာ မထင်မှတ်စွာဖြင့် ချုပ်နှောင်ခံထားရသော သွေးနီပင့်ကူပင်။ ၎င်းသည် အချုပ်အနှောင်ကနေ ဘယ်အချိန်က လွတ်မြောက်သွားတာကိုတော့ မသိရလေပါ။