← Chapters

ခေါင်းဖြတ်ပစ်ခြင်း

Vol. 20 Ch. 270

ခေါင်းဖြတ်ပစ်ခြင်း

Vol. 20 Ch. 270

လီချန်မေ သေသွားသည်နှင့် အနီရောင်တုတ်ချောင်း ရာချီကို ထောက်ပိုးပေးထားသော မှော်စွမ်းအားလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ချက်ခြင်းပင် ယင်းတုတ်ချောင်းများသည် မိုးပြာအလင်းစက်များအဖြစ် ကွဲထွက်ကာ အတူတကွ စုစည်း၍ ရတနာအဆောင်တစ်ခုအဖြစ်သို့ ပြန်ပြောင်းကာ ဂူကြမ်းပြင်ပေါ် ကျရောက်သွားသည်။ ခုချိန်၌ ဟန်လိ၊ ရွှမ်ယဲ့နှင့် သွေးနီပင့်ကူတို့သာ ကျန်ခဲ့တော့သည်။

ရွှမ်ယဲ့က ဟန်လိကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေ၏။ သူက ဘာမျှ မလှုပ်ရှားသေးပေ။ ဟန်လိက သွေးနီပင့်ကူကို လှမ်းကြည့်သည်။ ထို့နောက် သူ့အကြည့်က ရွှမ်ယဲ့ထံ ကျရောက်သွား၏။ သူက သူ့လက်နှစ်ဖက်ကို အသာပင့်မြှောက်ကာ သူ၏ အဖြူရောင်ကြေးခွံဒိုင်းကို ထုတ်ယူ၏။ တချိန်တည်းမှာ သူ့ဘေးတွင် အဖြူရောင်အလင်းတန်းရှစ်ခု ပေါ်လာသည်။ ယင်းတို့မှာ ဟန်လိ၏ ရုပ်သေးသားရဲများပင်။

ရွှမ်ယဲ့၏ အမူအရာမှာ မသိမသာ ပြောင်းလဲသွားပြီး သူ့လက်ကို ပင့်မြှောက်ကာ အဝါရောင်ခွက်ငယ်ကို ပြန်ဆင့်ခေါ်သည်။ သူက ပြော၏။ “ဂျူနီယာညီလေးဟန်က ရုပ်သေးပညာရပ်တွေကို ကျွမ်းကျင်တဲ့သူ ဖြစ်နေလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားမိခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ အဲ့ပညာရပ်တွေအပေါ် မင်းရဲ့ ကျင့်ကြံမှုက ပြီးပြည့်စုံမှု မရှိသေးပုံပဲ။ ရုပ်သေးနည်းနည်းလောက်နဲ့ မင်းက ငါ့ကို တိုက်ခိုက်နိုင်လိမ့်မယ်လို့ ထင်နေတာလား…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ၌ သူ့အမူအရာသည် ပြောင်းလဲမသွားပေ။ သူက အေးတိအေးစက် မေး၏။

“ခင်ဗျားက ဒီပင့်ကူကို တမင် လွှတ်ပေးလိုက်တာမလား…”

“ဟုတ်တယ်…”

ရွှမ်ယဲ့သည် ဝန်ခံသည်။ ထို့နောက်မှာ သူက လက်ခုပ်တီးကာ အနီရောင်ပိတ်ဝတ်ရုံတစ်ခုကို ဆင့်ခေါ်သည်။

“ ခင်ဗျားက ဒီနတ်ဆိုးသားရဲကြောင့် သေရမှာကို မစိုးရိမ်တာလား…” ဟန်လိက အေးတိအေးစက် ရယ်မောကာ ပြော၏။

“ဟားဟား…ငါက သေရမှာလား။ ဒီအဆင့်လေး နတ်ဆိုးသားရဲလောက်ကများ…”

ရွှမ်ယဲ့သည် လှောင်ပြောပြောသည်။ သူ၏မျက်နှာတွင် အထင်သေးဟန်ဖြင့် ပြည့်နေ၏။

“မင်းသာ ဒီသားရဲကောင်နဲ့ ကစားနေလိုက်တော့။ မင်း အသက်ရှင်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်…”

ထိုသို့ပြောပြီး သူက ဝတ်ရုံရှည်နှင့် သူ့ခန္ဓာကိုယ်ကို ခြုံသည်။ သူသည် နေရာတွင်ပင် ရှိနေသေးသော်လည်း သူ့ခန္ဓာကိုယ်မှ အငွေ့အသက်အားလုံးသည် လုံးလုံး ပျောက်ကွယ်သွားလေသည်။

ဟန်လိသည် နည်းနည်းတော့ အံ့အားသင့်မိသွား၏။ သူသည် ထိုဝတ်ရုံရှည်ကို အကြိမ်ကြိမ် လှမ်းကြည့်မိသည်။

ထိုအခိုက်တွင် ရွှမ်ယဲ့က ဂူထောင့်သို ဖြည်းဖြည်းချင်း ဆုတ်သွား၏။ သူ့မျက်နှာပေါ်တွင်မူ အပြုံးတစ်ခု ရှိနေ၏။ ဟန်လိသည် ထိုဝတ်ရုံရှည်၏ အသုံးဝင်များကို ခန့်မှန်းမိသွားသည်။ သူ့အမူအရာက ပြောင်းလဲသွား၏။ သူသည် ပင့်ကူထံ အလျင်စလို လှမ်းကြည့်သည်။

သွေးနီရောင်ပင့်ကူသည် သူ့ကို စိုက်ကြည့်နေပြီးနောက်မှာ ၎င်း၏ သွားကြားထံမှ အက်သံများကို ကြားရတော့သည်။ ဟန်လိမှာ ၎င်းသားရဲ၏ ပစ်မှတ်ဖြစ်သွားခဲ့လေပြီ။

ခဏ စဉ်းစားပြီးနောက်မှာ ဟန်လိက ရွှမ်ယဲ့ရှိနေသော ဂူထောင့်ထံ တရကြမ်း တိုးဝင်သွားသည်။ သို့သော် သွေးပင့်ကူက ဟန်လိ လှုပ်ရှားတာကို မြင်သည်နှင့် ၎င်း၏ သွေးနီရောင်အလင်းသည် လွန်စွာ တောက်ပလာကာ ဟန်လိထံ ဦးတည်လာ၏။

သို့သော် ဟန်လိသည် ရုပ်သေးများကို ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ရုပ်သေးများ၏ ပါးစပ်ထဲမှ အလင်းတန်းများ ထိုးထွက်ကာ နီးကပ်လာသော ပင့်ကူထံ တိုးဝင်သည်။ အလင်းတန်းများက ပင့်ကူ၏ခန္ဓာကိုယ်ကို ထိမှန်သည့်အခါ၌ ၎င်းသည် တုန်ခါကာ နောက်သို့ ပြန်ဆုတ်သွား၏။ ထိုအခါ ၎င်းသည် ဟန်လိနောက်သို့ လိုက်လံရန် နည်းလမ်း မရှိတော့ပေ။

ရွှမ်ယဲ့က ဟန်လိ သူ့ထံ အလွန်မြန်စွာ ချဉ်းကပ်လာတာ မြင်သည့်အခါ သူ့စိတ်နှလုံး တုန်ယင်သွားသည်။

သူသည် ဟန်လိ၏ လျှပ်စီးအလား မြန်ဆန်သော လှုပ်ရှားမှု ပညာရပ်ကိုတော့ ရှိန်နေမိ၏။ ဟန်လိ သူ့အနားသို့ ရောက်လာခွင့် ဘယ်ပေးပါ့မည်နည်း။ သူက လက်ထဲရှိ ခွက်ငယ်ကကို ဟန်လိထံ ပစ်ထည့်၏။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှ အလင်းဖြာထွက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ အနီရင့်ရောင်သားရေချပ်ဝတ်တစ်ခု ပေါ်လာ၏။ ၎င်း၏ အသုံးဝင်မှု ဆုံးရှုံးသွားသည့်အခါ အနီရောင်ဝတ်ရုံကို ပြန်သိမ်းဆည်းသည်။

ဟန်လိက ဧရာမခွက်ကြီးက သူ့ကို တားဆီးလာတာကို မြင်သည်။ သူက လက်ဝေ့ယမ်း၏။ သူ့လက်တွင် ကြေးမုံငယ်တစ်ခု ပေါ်လာချေ၏။ တချိန်တည်းမှာ တောက်ပသော မိုးပြာမြူက ရှေ့သို့ ထိုးထွက်ကာ ခွက်ကြီးကို ၎င်း၏ မူလအရွယ်အစားသို့ ချက်ခြင်း ပြောင်းလဲစေကာ လေထဲတွင် တန့်သွားစေလေ၏။

“မိုးပြာကြေးမုံ…” ရွှမ်ယဲ့သည် အလန့်တကြား ထအော်သည်။ ၎င်းမှာ သူ့ဂိုဏ်း၏ ထိပ်တန်းမှော်ရတနာတစ်ခု ဖြစ်၏။ သူက ၎င်းကို မသိဘဲ ဘယ်နေပါ့မည်နည်း။ ရွှမ်ယဲ့က ထိတ်ပြာသွားကာ လှုပ်ရှားသည်။

သူက သူ၏ ကောင်းကင်ခြုံလွှမ်းခြင်းခွက်သည် သူ့ကို အချိန်တစ်ခု ရစေမည်ဟု ထင်ထားသည်။ သို့သော် ၎င်းသည် ဟန်လိကို နည်းနည်းလေးမျှ မဟန့်တားနိုင်ခဲ့ပေ။

ကံကောင်းစွာဖြင့် သူသည် ဟန်လိနှင့် ပေသုံးဆယ်လောက် အကွာမှာ ရှိနေတာ ဖြစ်၏။ သူက ရေခဲမုန်တိုင်းပညာရပ် အဆောင်ကို ထုတ်ကာ လှမ်းပစ်သည်။ ၎င်းသည် သိပ်သည်းသော ရေခဲစူးချွန်များအဖြစ် ပြောင်းသွား၏။ သူသည် ဟန်လိက အဖြူရောင်ဒိုင်းဖြင့် ကာကွယ်ရန် အသုံးပြုသည့်အခါ ဟန်လိ၏ လှုပ်ရှားမှု နှေးသွားလိမ့်မည်ဟု ထင်၏။ ထိုအခါ သူ့အတွက် အထင်ကြီးဖွယ်မှော်လက်နက်တစ်ခုကို ထုတ်ယူရန် လုံလောက်သော အချိန်ရသွားလိမ့်မည်။

ဟန်လိသည် ရေခဲစူးချွန်များကို မြင်သည်နှင့် သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက လက်ဝေ့ယမ်းကာ သူ၏ ဒိုင်းကို သိုလှောင်အိတ်ထဲ ပြန်သိမ်းသည်။ တချိန်တည်းမှာ သူက ရုတ်တရက် အရှိန်မြင့်သည်။ သူ၏ခန္ဓာကိုယ်သည် ဝေဝါးသွားကာ ရေခဲစူးချွန်တံတိုင်းကို တန်းတန်းမတ်မတ် ဖြတ်သန်းသွား၏။ သူ ဒဏ်ရာလည်း လုံးဝ မရခဲ့ပေ။

ရွှမ်ယဲ့က ထိုသည်ကို မြင်သည့်အခါ သူ့တည်ငြိမ်မှု ပျောက်ကွယ်သွား၏။

မျက်စိတစ်မှိတ်အတွင်း ဟန်လိက သူ့ရှေ့တွင် ရောက်လာခဲ့ပြီ။ မှော်ပစ္စည်းများ အသုံးပြုဖို့ အချိန်လုံးလုံး မရတော့သည် ဖြစ်ရာ သူက သူ၏ မှော်စွမ်းအားကို သူ့မီးချပ်ဝတ်ထဲ သွန်းလောင်းသည်။ ၎င်းက ထိပ်တန်းမှော်ပစ္စည်းတစ်ခု ထုတ်သုံးရန် အချိန်ရသည့်အထိ သူ့ကို ကာကွယ်ပေးထားနိုင်ဟု သူ မျှော်လင့်သည်။

ရန်သူ၏ ချပ်ဝတ်ထံမှ တလျှံလျှံတောက်ပသော အလင်းကို မြင်သည့်အခါ ဟန်လိဩ မျက်လုံးထံမှ ရူးသွပ်မှုအငွေ့အသက် ထိုးထွက်လာ၏။ သူက ပါးစပ်ဟသည်။ သူ ကြိုပြင်ဆင်ထားသော အနက်ရောင်အပ်တစ်ချောင်းက လေထုကို ခွင်းကာ ဝှီးခနဲ ထွက်သွားသည်။ ၎င်းက ရန်သူ၏ ချပ်ဝတ်ထံ အလွန်မြန်သောနှုန်းဖြင့် တိုးဝင်သွားကာ ပြင်းထန်သော ထိတိုက်မှုအသံကိုပါ ဟိန်းထွက်သွားစေသည်။

ထို့နောက်တွင် မိုးပြာဓားချီတန်းက လေထဲကနေ ပေါ်လာခဲ့သည်။ ဖြတ်ခနဲအတွင်း ဟန်လိသည် ရွှမ်ယဲ့၏ နောက်တွင် ရပ်နှင့်နေပြီး ဖြစ်သည်။

ရွှမ်ယဲ့သည် သူ၏ မူလနေရာတွင် အကြောင်သား ရပ်နေသည်။ သူ့ဝမ်းဗိုက်တွင် လက်သီးစုပ်ခန့် အပေါက်တစ်ခု ပေါ်လာပြီး ချပ်ဝတ်၏ စိတ်ဝိညာဉ်ချီမှာ ကွယ်ပျောက်သွားခဲ့ပြီ။ ယင်းနောက်မှာ သူ၏ ဦးခေါင်းသည် ဂူကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ဟန်လိသည် ရွှမ်ယဲ့၏ ချပ်ဝတ်ကို ရုတ်တရက် ချိုးဖျက်ပြီးသည့်နောက်မှာ သူက မိုးပြာအနှစ်သာရဓားကို ချက်ခြင်း အသုံးပြု၍ ထိုသူ့ကို ခေါင်းဖြတ်ခဲ့တာပင်။ သူက ခေါင်းပြတ်သွားသော ဟန်လိ၏ သိုလှောင်အိတ်ကို ယူမည်မှာ ပြောနေစရာပင် မလိုပါ။ ဟန်လိက လက်ထဲရှိ သိုလှောင်အိတ်ကို ကြည်သည်။ သူ့စိတ်ထဲ၌ ဖော်ပြ၍မရသော ခံစားချက်တစ်မျိုး ဖြစ်မိသည်။

မထင်မှတ်စွာဖြင့် သူက အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ခဲ့လေပြီ။ သူ လုပ်ဆောင်မှုအပေါ်ပင် သူ ယုံဖို့ ခက်နေသည်။

သို့သော် ဟန်လိသည် ရွှမ်ယဲ့ကို သူ သတ်နိုင်ခဲ့သည့် အကြောင်းရင်းမှာ ရွှမ်ယဲ့က နေရာကျဉ်းတွင် ကန့်သတ်ခံထားရခြင်းကြောင့်မှန်း ကောင်းကောင်းသိသည်။

ပုံမှန်နေရာတွင်သာ တိုက်ခိုက်ရပါက ရွှမ်ယဲ့က သူ့ကို သူ့အနားသို့ ကပ်လာခွင့် ပေးမည် မဟုတ်ပေ။

ရန်သူ၏ ချပ်ဝတ်ကို ဖျက်စီးဖို့အတွက်မူ ဟန်လိသည် မင်နက်ရေနဂါး၏ ဦးချိုကနေ သန့်စင်ထားသော ပေါက်ကွဲစေတတ်သည့် မှော်ပစ္စည်းကို ဖြုန်းတီးခဲ့ရပေသည်။ ၎င်းသည် ရန်သူ၏ ချပ်ဝတ်နှင့်အတူ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ဟန်လိက မိုးပြာကြေးမုံနှင့် အဝါရောင်ခွက်ငယ်ကို သိမ်းပြီးနောက်မှာ သူ၏နောက်တွင် ပေါက်ကွဲသံများ ရုတ်တရက် ဖြစ်ပေါ်သည်။ သို့အတွက်ကြောင့် ဟန်လိက ချက်ခြင်း တုန့်ပြန်သည်။ သူ့သိုလှောင်အိတ်ကို ပုတ်၏။ သူ၏ သိုလှောင်အိတ်ထဲမှ အဆင့်နှစ်ရုပ်သေးသားရဲနှစ်ကောင်သည် ပျံသန်းထွက်ကာ သွေးနီပင့်ကူ၏ တိုက်ခိုက်လာမှုကို ဟန့်တားသည်။ ခဏအကြာတွင် ယင်းရုပ်သေးနှစ်ကောင်သည် စုတ်ဖြဲခံရကာ အပိုင်းပိုင်း ဝါးစားခံရ၏။

ထိုအချိန်တွင် သွေးနီပင့်ကူက ခေါင်းငုံ့နေရာကနေ ဟန်လိထံ တိုးဝင်လာပြန်သည်။

ဟန်လိသည် လက်မြှောက်ကာ သူ၏ နဂါးနက်ဖမ်းဆုပ်ခြင်းလက်သည်းကို အကြီးဆုံးအနေအထားထိ ရောက်စေပြီး လေထဲရှိ ပင့်ကူကြီးကို ဟန့်တားသည်။

တအောင့်အကြာ၌ ရုပ်သေးသားရဲများထံမှ အလင်းတန်းများက သည်နတ်ဆိုးသားရဲပင့်ကူကောင်၏ ခန္ဓာကိုယ်ပေါ် အဆက်မပြတ် ထိုးနှက်သည်။ ၎င်းပင့်ကူကို ရှေ့ဆက်တိုးမလာနိုင်အောင် ဆက်တိုက် ဖိနှိပ်၏။

သွေးနီပင့်ကူက ၎င်း၏ပါးစပ်ကနေ ပင့်ကူမျှင်များစွာကို ထွေးထုတ်လာ၏။ ကံကောင်းစွာဖြင့် ဟန်လိသည် ပင့်ကူကောင်၏ ဒီတိုက်ကွက်ကို မြင်ထားဖူးပြီးသား ဖြစ်၍ သူ့ခန္ဓာကိုယ်ကို လှစ်ခနဲ လှုပ်ရှားကာ ရှောင်တိမ်းသည်။ ရုပ်သေးများကမူ ၎င်းပင့်ကူမျှင်များကို မရှောင်တိမ်းနိုင်ဘဲ ရစ်ပတ်ခံရသည်။

ဟန်လိက ရတနာအဆောင်ကို ထုတ်ကာ တိုက်ခိုက်မည်ဟု စဉ်းစားသေးသည်။ သို့သော် ထိုအတွေးကို သူ ချက်ခြင်း ပယ်ဖျက်၏။ တကယ်တော့ အကာအကွယ်ရတနာများ အသုံးပြုခြင်းနှင့် မှော်လက်နက်များ အသုံးပြုခြင်းသည် ဉာဏ်နည်းရာ ကျကာ သူ့ကို ပင့်ကူမျှင်များကြား ပိတ်မိသွားစေနိုင်၏။

ပိုကောင်းသော ရွေးချယ်စရာ မရှိလေတော့ချေ။ ဟန်လိက သက်ပြင်းချကာ သည်ပင့်ကူထံ သူ၏ တိုက်ခိုက်မှုများဖြင့်သာ ဆက်ထိန်းထားရ၏။ သူက နည်းနည်းလေးမျှ စိတ်မအေးနိုင်ပေ။

ဆယ့်ငါးမီနစ်ကြာသည့်အခါ ဟန်လိ ထင်ထားသည့်အတိုင်း အလှည့်အပြောင်း တစ်ခု ဖြစ်လာ၏။ သွေးနီပင့်ကူ၏ ခန္ဓာကိုယ်သည် အရောင်ဆုံးရှုံးကာ ၎င်း၏ကြေးခွံသည် ဖောင်းကြွဖုထစ်လာ၏။ ထိုနတ်ဆိုးသားရဲကောင်၏ အစစ်အမှန်အနှစ်သာရသည် အားအင်ကုန်ခမ်းလာတာ ထင်ရှားလေပြီ။ အဆက်မပြတ်တိုက်ခိုက်မှုများကို ခုခံနိုင်ဖို့ ၎င်း၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးရန် မှော်စွမ်းအားကို ဆက်လက် အသုံးပြုနိုင်ခြင်း မရှိတော့တာပင်။

ဟန်လိ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ခပ်ရေးရေး ပေါ်လာ၏။ ပင့်ကူသည်လည်း အခြေအနေကို သဘောပေါက်သွားဟန်တူကာ ဟန်လိ၏ အဆက်မပြတ် ခုခံတိုက်ခိုက်မှုများကနေ ပြန်ထွက်ပြေးရန် ကြိုးစားသည်။ ၎င်းက လှိုဏ်ဂူထွက်ပေါက်ထံ ခုန်ထွက်ရန် ကြံစည်စဉ် ရုပ်သေးများ၏ အလင်းတန်းများကြောင့် နောက်လန်သွား၏။

၎င်းပင့်ကူသားရဲ၏ အစစ်အမှန်အနှစ်သာရက ကုန်ခမ်းသွားသည့်အချိန် ၎င်းသည် တန်ပြန်တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့ပြီး အလုံးတစ်ခုဖြစ်သည့်အထိ ကြုံ့သွားလေ၏။ ထိုအခါ ဟန်လိသည် သူ၏ထက်ရှလှသော ငွေရောင်ဓားဖြင့် ညွှန်ပြီး ရှေ့သို့ ခြေလှမ်းများစွာ လှမ်းကာ ပင့်ကူ၏ ခေါင်းကို ဖြတ်၏။ မျှော်လင့်ထားသည့်အတိုင်း သည်သားရဲကောင်၏ အပြင်ပိုင်းအခွံက မာကြောလှသော်လည်း ၎င်း၏ခန္ဓာကိုယ်တွင်းမှ မှော်စွမ်းအားက အားဖြည့်ပေးခြင်း မရှိတော့သည့်အခါ ၎င်း၏ ကာကွယ်မှုကို ဓားသည် အလွယ်တကူ ခုတ်ပိုင်းသွားခဲ့လေပြီ။

နောက်ဆုံးမှာတော့ ဟန်လိသည် ဂူကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချ၏။ သူ မောပန်းနေပြီ။ သူသည် နေ့တစ်ဝက်လောက်ကြာ ငြိမ်သက်စွာ ရှိနေသည်။

အချိန်အတော်ကြာပြီးနောက်မှာ ဟန်လိသည် နေရာစုံတွင် ပြန့်ကြဲ‌ သေဆုံးနေသော ကျင့်ကြံသူများကို လှမ်းကြည့်သည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံသူများ၏ အသက်သည် ပျက်စီးလွယ်၊ထိခိုက်လွယ်သည်ဟု ခံစားမိသည်။ သူ့စိတ်ထဲ၌ ဝမ်းနည်းသလို ဖြစ်မိသည်။ သူသည်လည်း တနေ့၌ တခြားကျင့်ကြံသူများ၏ လက်ချက်ကြောင့် ဘဝဆုံးနိုင် သို့မဟုတ် သားရဲတစ်ကောင်ကောင်၏ ဝမ်းဗိုက်ထဲမှာ အစာဖြစ်သွားနိုင်သည် မဟုတ်လား။

သူ အပြည့်အဝ အနားယူပြီးနောက်မှာ ဟန်လိက ရတနာအဆောင်တုတ်ချောင်းငယ်ကို သိမ်းဆည်းသည်။ ထို့နောက်မှာ လူသေကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို ရှာဖွေသည်။

နောက်ဆုံးမှာ သူက သတိထားကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နား ချဉ်းကပ်လာသည်။ သူ့အကြည့်က သက်တံအရိုးစုထံ တလှည့်၊ အမိန့်ပေးတံဆိပ်ပြားထံ တလှည့် ကျရောက်နေ၏။

“မဟာဖယ်ရှားခြင်းတံဆိပ်ပြား၊ ဒါက လုထျန်မင် ခေါ်ခဲ့တဲ့ အမည်ပဲ…”

ဟန်လိသည် လေးလေးနက်နက်ဖြင့် စဉ်းစားခန်းဝင်နေလေ၏။

All Chapters