← Chapters

မဟာဖယ်ရှားခြင်းတံဆိပ်ပြားနှင့် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်

Vol. 20 Ch. 271

မဟာဖယ်ရှားခြင်းတံဆိပ်ပြားနှင့် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်

Vol. 20 Ch. 271

“မဟာဖယ်ရှားခြင်းတံဆိပ်ပြား…” ဟန်လိသည် သည်အမည်ကို အရင်က လုံးဝ မကြားဖူးပေ။ လုထျန်မင်နှင့် ရွှမ်ယဲ့တို့သည် တခြားသူများအားလုံးကို သုတ်သင်ဖို့ လုပ်ဆောင်ခဲ့ပုံ ထောက်တော့ သည်ပစ္စည်းသည် အဖိုးတန်မှာ သိသာသည်။

သို့သော် သက်တံအရိုးစု၏ ထူးခြားသောအသွင်အပြင်ကို မြင်သည့်အခါ ဟန်လိသည် လက်လွတ်စပယ် မလှုပ်ရှားဝံ့ပေ။

သူက သူ၏ရွှေရောင်ဓားသွားများကို ထုတ်ကာ အရိုးစုကို သတိထား၍ ထိကြည့်သည်။ ထူးထူးခြားခြားဘာမျှ ဖြစ်မလာတာကို မြင်သည့်အခါ သူက စိတ်ချသွားပြီး အနားသို့ ပိုတိုးသည်။ သူသည် အမိန့်ပေးတံဆိပ်ပြားကို အာရုံစိုက်ကာ စူးစမ်းကြည့်သည်။

အမိန့်ပေးတံဆိပ်ပြားက ကြယ်ရောင်ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေ၏။ ထိုတံဆိပ်ပြားသည် ရိုးရှင်းသောအသွင်အပြင်များနှင့် ရှေးကျသော စာလုံးတစ်လုံးကို ရေးထိုးထားသည်။ ၎င်းမှာ ရှေးကျသော အရာဝတ္ထုတစ်ခု ဖြစ်တာ ထင်ရှားသည်။ တခြားနေရာများကမူ သူ ရှာဖွေနေဖို့ ထိုက်တန်သည့်အရာ မရှိပေ။

ဟန်လိက ခဏစဉ်းစား၏။ ထို့နောက်မှာ သူ့ရွှေရောင်ဓားသွားကို အသုံးပြုကာ အရိုးစုထံကနေ သည်တံဆိပ်ပြားကို လှမ်းယူသည်။ အမိန့်ပြားတံဆိပ်ပြားက လွယ်ကူစွာ အောက်သို့ ပြုတ်ကျလာသည်။ သူက ၎င်းကို ကောက်ယူကြည့်သည်။ သူ ထင်ထားသကဲ့သို့ ၎င်းကို သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားတာ မဟုတ်မှန်း သတိပြုမိသည်။ ၎င်းမှာ ပျော့ပျောင်းသလို၊ မာကြောမှုလည်း ရှိ၏။ ၎င်းကို သစ်သားကနေ သန့်စင်ထားပုံ တူသည်။

ဟန်လိက သည်တံဆိပ်ပြားကို ကိုင်ဆကြည့်ပြီးနောက်မှာ ၎င်းအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအား နည်းနည်း ထည့်သွင်းသည်။

သို့သော် တံဆိပ်ပြားထံမှ အားကောင်းလှသောစုပ်အားတစ်ခု ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအား မြောက်များစွာကို ယူဆောင်သွားသည်။ အလန့်တကြားဖြင့် ဟန်လိက သူ၏စိတ်ဝိညာဉ်စွမ်းအားကို ချက်ခြင်း ဖြတ်တောက်သည်။ ထိုအခါကျမှ စုပ်အားသည် ပျောက်ကွယ်သွားသည်။

ထိုသို့ ခံလိုက်ရသဖြင့် ဟန်လိသည် ၎င်းကို မဆင်မခြင် ထပ်မံ၍ မစမ်းသပ်ကြည့်ဝံ့တော့ပေ။ သူက ၎င်းကို သူ့သိုလှောင်အိတ်ထဲ သေချာ ထည့်သိမ်းလိုက်တော့သည်။

ထို့နောက်တွင် သူက ဆန်းကြယ်သော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အလွှာများကို ကြည့်သည်။ သူသည် ၎င်းအစီအရင်က မည်သည့်နေရာသို့ ဦးတည်သလဲအပေါ် အလွန်သတိထားနေ၏။

ဟန်လိက ၎င်းကို အလျင်စလို အသုံးမပြုမှာ သေချာသည်။ အကြောင်းမှာ သည်အစီအရင်တွင် ထိခိုက်ပျက်စီးမှု ရှိထားသောကြောင့်ပင်။ များများစားစား မဟုတ်သော်လည်း ၎င်း၏ လုပ်ဆောင်နိုင်စွမ်းကို မပြည့်မစုံ ဖြစ်သွားစေဖို့ကမူ လုံလောက်နေသည်။

သူက မျက်လုံးကစားကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်၏။ သူ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အသွင်အပြင်နှင့် ပုံစံကို စ၍ မှတ်တမ်းတင်သည်။ သူသည် တည်နေရာရွှေ့ပြောင်းခြင်းပညာရပ်ကို သိလာနိုင်ခဲ့ပါက တခြားသူများကို သည်အကြောင်းအား မေးကြည့်ရန် ပြင်ဆင်ထားတာ ဖြစ်သည်။

ထိုအရာများကို ပြုလုပ်ပြီးသည့်နောက်မှာ ဟန်လိသည် သည်လှိုဏ်ဂူ ပတ်ပတ်လည်ကို ကြည့်၏။ သူ တစ်ခုခု မေ့ကျန်ခဲ့တာ၊လက်လွတ်သွားတာ ရှိလေးမလားဟုပင်။

ထိုသို့ဖြင့် သူသည် ကျောက်တိုင်လုံးတစ်ခု၏ နောက်မှာ တလက်လက် ရှိသည့် ထွင်းဖောက်မြင်နိုင်သော ဥနှစ်လုံးကို တွေ့လိုက်ရချေ၏။ ၎င်းတို့၏ အရွယ်အစားမှာ လက်သီးဆုပ်ခန့် ရှိသည်။

ထိုသည်ကို မြင်သည့်အခါ သူက ကျေနပ်အံ့အားသင့်သွား၏။ ခန့်မှန်းနေစရာပင် မလိုပေ။ ယင်းတို့မှာ ပင့်ကူသားရဲ၏ ဥများ ဖြစ်မှန်း သူ သိသည်။

ပင့်ကူ၏ ကြမ်းကြုတ်မှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရပြီးနောက် သည်အခွင့်အရေးကို ဟန်လိက အဘယ်သို့ လွဲချောစေပါမည်နည်း။ သူက ဝိညာဉ်သားရဲတောင်၏ ကျင့်ကြံသူထံမှ ဝိညာဉ်သားရဲများကို ထည့်သိမ်းဖို့ အထူးပြုထားသော သားရေအိတ်တစ်ခုကို ရှာကာ သည်ဥများကို ၎င်းထဲသို့ ထည့်၍ သူ့သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။

ထိုသို့ အကျိုးအမြတ် ရပြီးနောက် ဟန်လိသည် ပို၍ အာရုံစိုက်စွာ ဘေးဘီသို့ ရှာကြည့်သေးသည်။ သို့သော် ကံမကောင်းစွာဖြင့် သူ မည်သည့်အရာကိုမျှ ထပ်မတွေ့ရတော့ပေ။

သို့အတွက်ကြောင့်တော့ ဟန်လိက စိတ်ထဲ ထားမနေပါ။ သူသည် အကျိုးအမြတ်များစွာ ရထားခဲ့ပြီး မဟုတ်လား။

သူက အဖြူရောင်ပင့်ကူကြီး၏ အလောင်းထံ ပြန်သွားပြီး ယဉ်ကျေးမနေဘဲ ၎င်း၏ ခြေတံလက်တံများကို ဖြတ်တောက်ပြီး သူ့သိုလှောင်အိတ်ထဲ ထည့်သိမ်းပြန်သည်။ ထို့နောက်တွင် သူက ရွှမ်ယဲ့၊ လုထျန်မင်နှင့် တခြားကျင့်ကြံသူများ၏ အလောင်းများကို မီးလုံးများ အသုံးပြု၍ ပြာချပစ်ကာ သည်နေရာတွင် သူတို့ကို မြေမြှုပ်ပေးသည်။ ဟန်လိ၏အကြည့်က သက်တံအရိုးစုထံ ရောက်သွားသည့်အခါတွင်မူ သူက ၎င်းထံ မီးလုံးအနည်းငယ်ဖြင့် လှမ်းပစ်သည်။ သူက သည်အရိုးစုကိုပါ ပြာချပစ်ရန် ရည်ရွယ်တာ ဖြစ်သည်။ သို့သော် ရလဒ်ကမူ အရိုးစုသည် မီးတောက်များနှင့် ပေါင်းစပ်သွားပြီး သက်တံပုလဲ ရှစ်ခုအဖြစ် သိပ်သည်းသွားချေ၏။ သို့အတွက် ဟန်လိမှာ ကြီးစွာ အံ့အားတသင့် ဖြစ်သွားကာ သည်ပုလဲများကို သိချင်စိတ်ဖြင့် စုဆောင်းသည်။

ထို့နောက်တွင် ဟန်လိသည် ဒီနေရာကနေ ထွက်ခွာချင်လာခဲ့ပြီ။ သို့သော် ဒီနေရာရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မည်သူမျှ မတွေ့အောင် လုပ်ဖို့အတွက် သူသည် မိုးပြာဓားအနှစ်သာရအလင်းတန်းများကို အသုံးပြုကာ သူ ထွက်သွားချိန်၌ သည်လှိုဏ်ဂူ၏ ဝင်ပေါက်ကို လုံးလုံး ပိတ်ထားမည် ဖြစ်သည်။ အနာဂတ်မှာ သူ့မှတ်ဉာဏ်ထဲကအတိုင်း သည်နေရာကို သူ ပြန်လာရှာမည် ဖြစ်၏။

ထို့နောက်တွင် ဟန်လိသည် လေဝင်လာသောအရပ်ထံ ဆက်သွားကာ နောက်ဆုံး၌ ထွက်ပေါက်တစ်ခုကို တွေ့တော့သည်။ အဆုံးသပ်မှာတော့ သူသည် မြေမျက်နှာပြင်ပေါ် ပြန်ရောက်သွားခဲ့လေပြီ။

သည်အနီးဝန်းကျင်တွင် မိစ္ဆာတာအိုကျင့်ကြံသူများ ရှိနေမည်ကို စိုးရိမ်၍ သူ ကြာကြာမနေဝံ့ဘဲ သူ၏ နတ်လေလှေငယ်ကို အသုံးပြုကာ ထိုက်ယွဲ့တောင်တန်းရှိရာထံ ဦးတည်ပျံသန်းလာတော့သည်။

နောက် ရှစ်ရက်လောက် ကြာသည့်အခါတွင်တော့ ဟန်လိသည် အဝါရောင်မေပယ်တောင်ကြားထံ ပြန်ရောက်လာခဲ့ပေပြီ။ သူသည် တာဝန်ရှိ ဂိုဏ်းအကြီးအကဲထံ သူတို့၏ ဆုံးရှုံးမှုများနှင့် ပတ်သတ်ပြီး သွားရောက်တင်ပြခဲ့ပြီးနောက်မှာ သူ့အင်မောတယ်လှိုဏ်ဂူထံသို့ ပြန်လာခဲ့တော့သည်။

ခုချိန်တွင် ဒုတိယမြောက် စစ်ပွဲလှိုင်းက စနေပြီမှန်း သူ သိ၏။ ထို့အပြင် ဂိုဏ်းကြီးခုနစ်ဂိုဏ်းသည် စစ်ပွဲစကတည်းက အနီးအနားနိုင်ငံနှစ်ခုမှ အကူအညီများစွာကို လက်ခံရထားပြီး မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းကို ခုလက်ရှိတွင် အနိုင်ရနေပုံ ပေါ်သည်။ သို့ဖြစ်၍ အဝါရောင်မေပယ်တောင်ကြားသည် စိတ်အေးလက်အေး ရှိနေသည်။ စစ်ပွဲ စစချင်းတုန်းကကဲ့သို့ ကြောက်ကြောက်လန့်လန့် ရှိမနေကြတော့ပေ။

ပြန်ရောက်လာပြီးနောက် ဟန်လိက သူ၏ အင်မောတယ်လှိုဏ်ဂူမှာ အရင်ကအတိုင်း ရှိနေဆဲ ဖြစ်နေတာကို မြင်သည်။ သို့မှ သူလည်း စိတ်အေးနိုင်တော့သည်။

ခုချိန်ခါတွင် သူ့ဂိုဏ်းကိုယ်သူ ပြန်လာခြင်းမှ သိပ်လျောက်ပတ်လှသည်မဟုတ်၊ တိုက်ခိုက်ဖို့အတွက် စာရင်းပေးရခြေ များသော်လည်း တိုက်ပွဲမဝင်ရဖို့ ဆင်ခြေအမျိုးမျိုးပေးသော ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ တပည့်များအားလုံးသည် အပြစ်အမျိုးမျိုး ပေးခံရမည်သာ။ ပြဏ်ဒဏ်ပေါ့ပါက စိတ်ဝိညာဉ်ကျောက်တုံးများ သိမ်းဆည်းခံရမည်။ ကြီးလေးပါက လူတစ်ယောက်၏ မှော်စွမ်းအားကို ဖျက်စီးခံရမည် ဖြစ်သည်။

ထို့အပြင် တခြားသူများက သူ့ကို ဂိုဏ်းကြီးခုနစ်ဂိုဏ်းက အပြစ်ပေးပုံအဆင့်ဆင့် တစ်ရာကျော်လောက်ရှိကြောင်းကို ပြောပြခဲ့သေးသည်။

ထို့အပြင် သူတို့သည် တိုက်ပွဲကွင်းကနေ ထွက်ပြေးလာရတာပဲဖြစ်ဖြစ် သို့မဟုတ် သူတို့၏လုပ်ငန်းတာဝန် ပြီးမြောက်တာပဲဖြစ်ဖြစ် ဂိုဏ်းထံ ပြန်တင်ပြရသေးသည်။

တင်ပြခြင်းမရှိဘဲ ရှောင်တိမ်းခြင်း သို့မဟုတ် တခြားနိုင်ငံတစ်ခုခုထံ ထွက်ပြေးခြင်းတို့အတွက် အကျိုးဆက်ကမူ ပို၍ ပြင်းထန်ပေသည်။ ထိုသူများကို ဂိုဏ်းကြီးခုနစ်ဂိုဏ်းပူးပေါင်းအဖွဲ့က လိုက်လံ သတ်ဖြတ်မည် ဖြစ်သည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်း တည်ရှိနေသ၍ ထိုသို့သော အမဲလိုက်မှုက အဆုံးသပ်မည် မဟုတ်ပေ။

ယခုအချိန်တွင် ဟန်လိသည် အဝါရောင်မေပယ်တောင်ကြားကနေ ထွက်သွားချင်စိတ်၊ ယွဲ့ဒေသကနေ ထွက်ပြေးချင်စိတ် မရှိသေးပေ။ သူသည် အမိန့်များကို နာခံရန် ပြန်လာခဲ့တာ ဖြစ်သည်။

အမှန်တကယ်တွင် သူ့အထင် ကောင်းကင်တောင်ပိုင်းဒေသတစ်ခုလုံးတွင် အေးချမ်းသော နေရာ အဘယ်သို့ ရှိနိုင်ပါ့မည်နည်း။ မိစ္ဆာတာအိုဂိုဏ်းနှင့် လမ်းမှန်တာအိုတို့၏ ပဋိပက္ခက ဆက်ဖြစ်နေအုံးမှာ မဟုတ်လား။ ဒေသတိုင်းရှိ ကျင့်ကြံခြင်းလောကများသည် စစ်ပွဲအခြေအနေသို့ ရောက်လိမ့်မည်။ အချိန်သာ ကွာပေလိမ့်မည်။ သည့်အတွက် သူသည် ယွဲ့ဒေသတွင်သာ နေမည် ဖြစ်သည်။ တကယ်တော့ လူတစ်ယောက်သည် မွေးရပ်မြေကနေ ထွက်သွားရန် ခက်သည်။

ဟန်လိက သူ၏ အင်မောတယ်လှိုဏ်ဂူသို့ ပြန်ရောက်လာသည့်အခါ သူ ပထမဆုံး လုပ်သည်မှာ ပင့်ကူဥများကို စိတ်ဝိညာဉ်စိမ့်တွင်းနားမှာ ထားတာ ဖြစ်သည်။ စိတ်ဝိညာဉ်ချီကြောင့် ယင်းတို့သည် ကြီးထွားလာလိမ့်မည်။

ထို့နောက်တွင် သူသည် နှစ်ရက်ကြာ တံခါးပိတ်ကျင့်ကြံနေပြီး မဟာဖွံ့ဖြိုးခြင်းပညာရပ်ကို နောက်ဆုံး၌ သန့်စင်နိုင်ခဲ့လေပြီ။ တိုက်ဆိုင်မှုလေပဲလား မသိ။ အချိန်အတန်ကြာ အဆင့်တစ်နေခဲ့သော မိုးပြာအနှစ်သာရဓားပညာရပ်၏ အဆင့်ငါးကိုပါ ချိုးဖျက်သွားနိုင်သည်။ သို့အတွက် သူသည် အံ့အားတသင့် ဖြစ်ရသည်။ ထိုသို့ ချိုးဖျက်နိုင်ခြင်းက ဟန်လိကို အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ထိ ဝင်ရောက်စေနိုင်ခဲ့သည်။

ဟန်လိက ဤသည်ကို အာရုံခံမိသည့်အချိန်၌ သူ အလွန်ပျော်မြူးသွားသည်။ တကယ်တော့ ကျင့်ကြံခြင်းလောက၌ တိုးတက်မှုတိုင်းက အခုလို မတည်မငြိမ် ဖြစ်နေချိန်ကာလမှာ အသက်ရှင်နိုင်ချေကို ပို၍ မြင့်စေသည် မဟုတ်လား။

သို့သော် ဟန်လိသည် ရက်ပေါင်းများစွာ တကိုယ်တည်း နေနေပြီးနောက်မှာ ဂိုဏ်းက သူ့ကို တာဝန်တစ်ခု ပေးအပ်လာခဲ့ပြီ။ သည့်အတွက် သူ မလွယ်ကူ သကဲ့သို့ ခံစားရချေ၏။

သူ၏ အတွေ့အကြုံများအရ တာဝန်ပေးခဲလေလေ ပေးအပ်ခံရသည့် တာဝန်မှာ ပို၍ အန္တရာယ်များလေလေပင်။ သိုသော် ဟန်လိက အကောင်းဘက်ကနေ လှည့်တွေးပါ၏။ ခုချိန်က စစ်ပွဲကာလ မဟုတ်လား။ ထို့ကြောင့် ဘေးကင်သော တာဝန်များဟူ၍ ရှိနေမည် မဟုတ်ပေ။ စိတ်ဝိညာဉ်ကျောက်တွင်းကို စောင့်ကြပ်ခဲ့စဉ်ကပင် သူ အသက်ဆုံးရှုံးလုနီးနီး ဖြစ်ခဲ့ရသေးသည် မဟုတ်လား။

ထိုသို့တွေးကာ ဟန်လိ၏ စိတ်က တည်ငြိမ်မှု ပြန်ရလာသည်။ သူသည် သည်တာဝန်ကို အသုံးချကာ မဟာဖယ်ရှားခြင်းအမိန့်ပြားအကြောင်း စစုံစမ်းရင် ကောင်းလေမလား။

သူ၏ဆရာဖြစ်သူ လီဟွာယွမ်နှင့် ဟုန်ဖူတို့ကို သူက တုန်ရွှမ်အာအကြောင်း ရှင်းပြရန် မလိုတော့ပေ။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် သူတို့သည် တာဝန်များဖြင့် ဂိုဏ်းကနေ ထွက်သွားခဲ့တာ ကြာပေပြီ။

အဝါရောင်မေပယ်တောင်ကြား၏ အသိအမြင်ခန်းမတွင် နှစ်ရက်တာလောက် ရှာဖွေပြီးနောက်မှာ ဆန်းကြယ်လှိုဏ်ဂူအသိသညာများ စာအုပ်ထဲ၌ မဟာဖယ်ရှားခြင်းတံဆိပ်ပြားအကြောင်းကို ရိုးရှင်းသော မိတ်ဆက်တစ်ခုကို ရှာတွေ့ခဲ့သည်။

ထိုစာအုပ်အရ သည်အမိန့်ပြားကို ရှေးဟောင်းကျင့်ကြံသူများသည် အလွန်တရာ ဝေးကွာသော နေရာများထံ ဖြတ်သန်းဖို့ တည်နေရာရွှေ့ပြောင်းရာတွင် အသုံးပြုသည်ဟု ဆိုသည်။ လူတစ်ယောက်သည် ထိုမှော်ပစ္စည်းကို ပိုင်ဆိုင်ထားမှ ဖြစ်လိမ့်မည်။ သို့မဟုတ်ပါက ထိုခရီးစဉ်၏ ဘေးကင်းမှုကို အာမခံနိုင်မည် မဟုတ်ပေ။

၎င်းနှင့် အလားတူသော လျှပ်တပြတ်ရွှေ့လျားမှုများ တံဆိပ်ပြားလည်း ရှိသေးသည်။ ကျင့်ကြံသူတစ်ယောက်သည် ၎င်းတံဆိပ်ပြားနှင့်ဆို ဟင်းလင်းပြင်၏ ကျယ်ပြောသော အကွာအဝေးကို တည်နေရာရွှေ့ပြောင်းစဉ် ဖိအားကြောင့် မသေဆုံးနိုင်တော့ပေ။ မဝေးလှသော အကွာအဝေးများကို တည်နေရာရွှေ့ပြောင်းခြင်းအတွက်မူ ဖိအားကို လစ်လျူရှုထားနိုင်သည်။ ဥပမာ ယွဲ့လုခန်းမထ့ တည်နေရာရွှေ့ပြောင်းပေးနိုင်သော အစီအရင်ငယ်ကို အသုံးပြုခဲ့ချိန်က ဟန်လိသည် မည်သို့မျှ မသက်မသာ ဖြစ်မှုကို မခံစားခဲ့ရပေ။

လျှပ်တပြတ်ရွှေ့လျားမှုများတံဆိပ်ပြားက ရှည်လျားသော အကွာအဝေး တည်နေရာရွှေ့ပြောင်းရာတွင် ဘေးကင်းမှုကို ဘယ်လိုဘယ်ပုံ အာမခံသည်ဟူသော အချက်ကိုမူ သည်စာအုပ်၌ ရှင်းပြမထားခဲ့ပေ။ ထို့အပြင် သည်တံဆိပ်ပြားကို ဖန်တီးသော ပညာရပ်မှာ ရှေးဟောင်းကျင့်ကြံခြင်းလောက၏ ဝရုန်းသုန်းကားအခြေအနေအတွင်း ပျောက်ဆုးသွားခဲ့လေပြီ။ ခုလက်ရှိ၌ ယင်းပစ္စည်းကို ပိုင်ဆိုင်ထားသူဟူ၍ လုံးလုံး မကြားဖူးတော့ပေ။

သို့ပေမည့် ခုလက်ရှိ ကျင့်ကြံခြင်းလောက၌ ထိုသို့ ဖြစ်ချင်မှ ဖြစ်နေပါလိမ့်မည်။

အကြောင်းမှာ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များသည် မဟာဖယ်ရှားခြင်းတံဆိပ်ပြားထက်ပင် ပို၍ စောသော ဒဏ္ဌာရီလာ အရာဝတ္ထုတစ်ခု ဖြစ်သည်။ ၎င်းကို ကောင်းကင်တောင်ပိုင်းဒေသ၌ ရှာမတွေ့နိုင်သော်လည်း တခြားနေရာများတွင်မူ ရှိချင်ရှိနေနိုင်၏။

သို့သော် ခုလက်ရှိ ကျင့်ကြံခြင်းလောက၌ အဝေးဆုံး တည်နေရာရွှေ့ပြောင်းပေးနိုင်သော အစီအရင်သည် ကီလိုမီတာငါးဆယ်လောက်သာ သွားနိုင်သည်။ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များကမူ ကီလိုမီတာသန်းနှင့်ချီကာ သွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဂိုဏ်းတစ်ခုသည် တည်နေရာရွှေ့ပြောင်းအစီအရင် သုံးလေးခုကိုသာ တည်ဆောက်နိုင်ကြသည်။ ကုန်ကျစရိတ်များလွန်းသောကြောင့် ဖြစ်၏။

ဟန်လိသည် မဟာဖယ်ရှားခြင်းတံဆိပ်ပြား၏ အသုံးဝင်မှုကို အခုအခါ၌ ကောင်းကောင်း နားလည်သွားသည့်အခါ ပထမဆုံး သူ့စိတ်ထဲ၌ တွေးမိသည်မှာ ‘မြေအောက်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ ဖြစ်နေမလား’ ဟူ၍ပင်။

ထိုခန့်မှန်းမှုကြောင့် သူ့စိတ်မှာ များစွာ လှုပ်ခတ်သွားရသည်။ ဤသည်မှာ ဖြစ်နိုင်ခြေ မြင့်မားလှတာ သူ သိ၏။

အမှန်သာဖြစ်ခဲ့လျှင် သည်မဟာဖယ်ရှားခြင်းတံဆိပ်ပြားနှင့် ယင်းအစီအရင်ကို ပြန်ပြုပြင်ပါက သူသည် အနည်းဆုံး ကီလိုမီတာငါးသန်းအကွာသို့ ချက်ခြင်း သွားနိုင်မည် ဖြစ်သည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းခြောက်ဂိုဏ်းတို့ကြား အရှုပ်အထွေးတွင် ပါဝင်နေရန် လိုအပ်တော့မည် မဟုတ်ပေ။ သူသည် နေရာသစ်တစ်ခုသို့ သွားကာ ထိုနေရာတွင် ဆက်၍ ကျင့်ကြံနိုင်လိမ့်မည်။

သည်အတွေးကြောင့် ဟန်လိသည် မတည်ငြိမ်နိုင် ဖြစ်သွားရ၏။

သူသည် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းနှင့် ပတ်သတ်ပြီး စာအုပ်များထဲ၌ စရှာကြည့်တော့သည်။ မြေအောက်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြု၍၊ ပြန်ပြင်၍ ရနိုင်မည့် နည်းလမ်းတစ်ခု ရှိလား၊မရှိလား သိနိုင်ဖို့အတွက်ပင်။

ဟန်လိသည် အသိသညာခန်းမရှိ စာကြည့်တိုက်များတွင် ရက်ပေါင်းများစွာ ရှာဖွေနေခဲ့သည်။ သို့သော် သူသည် ရှေးဟောင်းအစီအရင်များနှင့် ပတ်သတ်သည့် မန္တာန်စာအုပ် တစ်ခုတစ်လေကိုပင် ရှာမတွေ့ပေ။ သို့အတွက် သူ အကြီးအကျယ် စိတ်ပျက်သွားရသည်။

ထိုအခိုက်တွင် ဟန်လိက သည်အစီအရင်ကို ပြုပြင်ဖို့ ကူညီပေးနိုင်ခြေ ရှိသော တစ်ဦးတည်းသောသူကို တွေးမိသွားသည်။

All Chapters