← Chapters

တစ်နှစ်

Vol. 20 Ch. 272

တစ်နှစ်

Vol. 20 Ch. 272

သူ တွေးမိသောသူမှာ လွန်ခဲ့သော နှစ်များစွာက သူနှင့် သိခဲ့ဖူးသော ချီယွမ်ရှောင်းပင်။ ချီယွမ်ရှောင်း၏ သူငယ်ချင်းဖြစ်သူသည် ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင် ကို ကျွမ်းကျင်သော အစီအရင်မန္တာန်သခင်တစ်ယောက် ဖြစ်၍ တခြားအစီအရင်များနှင့် ပတ်သတ်ပြီး သိနိုင်လောက်သည်။ ထိုရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကိုလည်း အစီအရင်မန္တာန်ဟု သတ်မှတ်နိုင်သည်။ သို့ဖြစ်၍ ချီယွမ်ရှောင်း၏ ထိုမိတ်ဆွေက မြေအောက်မှ အစီအရင်ကို ပြန်ပြုပြင်ဖို့ ကူညီပေးနိုင်လောက်မည်။

ဟန်လိက ထိုသို့တွေးမိပြီး သူ့စိတ်ထဲ လှုပ်ရှားသွားသည်။ သူတို့နှစ်ယောက် ပြန်ဆုံကြမည်ဟု ချိန်းထားသောနေ့မှာ အရမ်းမဝေးတော့ပေ။ သို့သော် သူသည် အချိန်မရေးတာဝန် ထမ်းဆောင်ရနိုင်သည်။ ထို့ကြောင့် သူ့ကို ချက်ခြင်း သွားရှာနိုင်မည် မဟုတ်ပေ။ ရွေးချယ်စရာ မရှိတော့ဘဲ သည်ခရီးစဉ်ကို နောက်ဆုတ်ရတော့မည်သာ။

သေချာစဉ်းစားပြီးနောက်မှာ ဟန်လိသည် အစီအရင်မန္တာန်စာအုပ်များကို ထပ်ကြည့်ချင်စိတ် မရှိတော့ဘဲ သူ့အင်မောတယ်လှိုဏ်ဂူထံ ပြန်လာခဲ့သည်။

သူ၏အင်မောတယ်လှိုဏ်ဂူသို့ ပြန်ရောက်လာပြီးနောက်မှာ ဟန်လိသည် ပင့်ကူဥများက ပိုကြီးလာခဲ့တာကို တွေ့ရသည်။ စိတ်ဝိညာဉ်စိမ့်တွင်းက သူတို့၏ ပေါက်ဖွားနှုန်းအပေါ် သက်ရောက်မှု ကောင်းကောင်း ရှိပုံရသည်။

ဟန်လိက ဤသည်ကို မြင်သည့်အခါ သူက ချက်ခြင်းပင် စိတ်ဝိညာဉ်ထိန်းချုပ်သော မန္တာန်အစီအရင်တစ်ခုကို ရေးဆွဲ၏။ ၎င်းမှာ ဥမပေါက်သေးသော နတ်ဆိုးသားရဲသန္ဓေသားလောင်းများကို ထိန်းချုပ်ဖို့အတွက် ကျင့်ကြံသူတစ်ယောက်၏ အခြေခံနည်းလမ်းတစ်ခုပင်။ ထို့နောက်တွင် သူက ယင်းမန္တာန်အစီအရင်ထဲ သွေးအနှစ်သာရ အချို့ သွန်းလှောင်းကာ ပင့်ကူဥများကို ၎င်းအတွင်း နေရာချသည်။ မန္တာန်အစီအရင်ကြောင့် သည်ဥနှစ်ဥသည် သွေးအနှစ်သာရကို စုပ်ယူကြသည်။ ထို့နောက်တွင် ဟန်လိက ၎င်းတို့ကို စိတ်ဝိညာဉ်စိမ့်တွင်းနား ပြန်ထားသည်။

ဟန်လိက ထိုသို့ ပြုလုပ်ပြီးသည့်အခါ အသံပို့လွှတ်ခြင်းအဆောင်တစ်ခု ရောက်လာပြီး သူ့ကို ပင်မအဆောင်ထံ ချက်ခြင်းလက်ရန် ပြောလေသည်။

သူ့စိတ်ထဲ တုန်လှုပ်သွားသည်။ သူသည် နောက်ဆုံး၌ သူ ထမ်းဆောင်ရမည့်တာဝန် ရောက်လာခဲ့ပြီမှန်း သိလိုက်ပြီ။

……

ယွဲ့ဒေသ၏ ဂိုဏ်းကြီးခုနစ်ဂိုဏ်းနှင့် မိစ္ဆာတာအိုခြောက်ဂိုဏ်းတို့ကြား အဓိကတိုက်ပွဲသည် ယွဲ့ဒေသနှင့် ချီကျိဒေသတို့၏ ဘုံနယ်စပ်ရှိ ရွှေရောင်ဗုံကွင်းပြင်၊ ကျောက်ဝိုင်းနေရာ၌ ဖြစ်သည်။ ထိုတိုက်ပွဲနေရာတွင် ဟန်လိသည် သူ၏ နဂါးနက်ဖမ်းဆုပ်မှုလက်သည်းနှင့် ရွှေရောင်ဓားသွားတို့ထံမှ အလင်းတန်းနှစ်ခုကို ထိန်းချုပ်လျက် တစ္ဆေဝိညာဉ်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်တစ်ယောက်နှင့် အသည်းအသန် တိုက်ခိုက်နေပေသည်.

ရန်သူ၏ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်ချီများ မြင့်တက်နေပြီး ဘေးပတ်ပတ်လည်တွင် လူသားအရိုးခေါင်းများ ရှိနေသော်ငြားလည်း ဟန်လိ၏ မှော်ပစ္စည်းနှစ်ခုထံမှ မုန်တိုင်းထန်သလို တိုက်ခိုက်မှုများအောက်တွင် ဟန်လိသည် ဟာကွက်တစ်ခု အလျင်အမြန်တွေ့ပြီး ထိုသူ့ကို အပိုင်းပိုင်း ခုတ်ပိုင်းပစ်နိုင်ခဲ့သည်။

သူက ရန်သူ့ခန္ဓာကိုယ်ပေါ်မှ သိုလှောင်အိတ်ကို ကျွမ်းကျင်စွာ လှမ်းယူသည်။ သည်လိုဖြင့် အဆုံးမရှိသော မြေရိုင်းကွင်းပြင်ကနေ နောက်ထပ်ကျင့်ကြံသူတစ်ယောက် ပျောက်ကွယ်သွားခဲ့ပြန်ပြီ။

ဟန်လိသည် အကျိုးအမြတ်ကို ရိတ်သိမ်းသည့်အခါ၌ ကောင်းကင်က မှောင်လာခဲ့ပြီ။ မိစ္ဆာတာအိုဂိုဏ်းနှင့် ဂိုဏ်းခုနစ်ဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများသည် တိုက်ခိုက်ရန် ရောက်လာခဲ့ကြပေပြီ။ ထိုတိုက်ပွဲက သူရှိနေသော နေရာထိ ပြန့်လာခဲ့ပါ သူ ကျိန်းသေပေါက် မမျှမတ သေသွားရနိုင်သည်။

သူသည် သူကိုယ်တိုင်မြင်ခဲ့ရသော အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်ကြား တိုက်ပွဲကို ပြန်စဉ်းစားကြည့်မိသည်။ သူ့စိတ်ထဲ၌ ထိတ်လန့်မှုက ခုထိ စွဲကျန်ခဲ့တုန်းပင်။

ဓားဆိပ်ကမ်းဂိုဏ်းနှင့် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်၏ မှော်တိုက်ပွဲသည် ကောင်းကင်နှင့်မြေကြီး ကွဲအက်စေခဲ့သည်။ ကီလိုမီတာများစွာထိ သက်ရောက်မှု ရှိခဲ့လေ၏။

အခု ကောင်းကင်သည် မသိမသာ နက်မှောင်လာသောအခါ ဟန်လိသည် လက်ဦးမှုယူကာ နောက်သို့ ပြန်ဆုတ်သည်။

လွန်ခဲ့သောတစ်နှစ်က သူနှင့် တခြားသူများသည် သည်နေရာသို့ စိတ်ဝိညာဉ်ကျောက်တုံးများ ပို့ပေးရန် တာဝန်ကျ၏။ ထို့နောက်တွင် သူတို့သည် သည်နေရာတွင်သာ ဆက်နေခဲ့ရပြီး ဂိုဏ်းကြီးခုနစ်ဂိုဏ်းအတွက် အသေခံတပ်သား ကျင့်ကြံသူများ ဖြစ်လာခဲ့ကြကာ တိုက်ပွဲကြီးများစွာတွင် ပါဝင်ခဲ့ကြရသည်။ သည်ရွှေရောင်ဗုံကွင်းပြင်၌ တိုက်ပွဲကြီးများ ဖြစ်သည့်အခါ တစ်ဘက်နှင့်တစ်ဘက် ရန်သူထောင်ချီသည် အသေအကြေ တိုက်ခိုက်ရတာ နေရာအနှံ့ပင်။

မိစ္ဆာတာအိုဂိုဏ်းများနှင့် ဂိုဏ်းခုနစ်ဂိုဏ်းတို့မှ ကျင့်ကြံသူများ၏ ဒုတိယကြိမ်မြောက် ထိပ်တိုက်တွေ့မှုသည် သရေ ဖြစ်လာသည့်အခါ နှစ်ဖက်သည် လတိုင်း တစ်ကြိမ်သာ အကြီးအကျယ်တိုက်ခိုက်ရန် ညှိနှိုင်းခဲ့ပြီး တိုက်ပွဲငယ်များကတော့ နေ့စဉ်နေ့တိုင်း တွေ့နေရလေသည်။

သည်အကြီးအကျယ်တိုက်ပွဲ၌ နှစ်ဖက်လုံးသည် ကျင့်ကြံသူထောင်ချီဖြင့် တိုက်ခိုက်ကြတာ ဖြစ်သည်။

ယင်းသို့ တိုက်ပွဲကြီးများမှာ မျှော်လင့်ထားသလိုတော့ မဟုတ်ပေ။ နှစ်ဖက်လုံးက သူတင်ကိုယ်တင် တိုက်ခိုက်ကြသော်လည်း သေဆုံးသည့်အရေအတွက်မှာ နည်း၏။ တစ်ဖက်က အသကုန် ကြိုးစားကာ တိုက်ခိုက်လာခဲ့လျှင် တခြားတစ်ဖက်သည် သူတို့၏ ပင်မအကာအကွယ်အရံအတားကို အသက်သွင်းလိမ့်မည်။ ထိုအခါကျလျှင် သူတို့ကို ထိခိုက်စေရန် အင်မတန် ခက်သွားလိမ့်မည်။

တခြားသော တိုက်ပွဲငယ်များတွင်မူ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှင့် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတို့ကြား ကွာဟချက်က ယှဉ်၍ မရသောကြောင့် သူတို့သည် အချိန်ခွဲကာ တိုက်ခိုက်ဖို့ သဘောတူထားကြသည်။ မနက်ပိုင်းတွင် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများကြား တိုက်ပွဲ၊ ညပိုင်းတွင် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများကြား အပြင်းအထန် တိုက်ပွဲတို့ကို ဆင်နွှဲကြလေ၏။

အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများသည် တစ်ယောက်ချင်းစီ တိုက်ခိုက်ကြရတာ ဖြစ်သည်။ သို့သော် သူတို့အတွက်တော့ အန္တရာယ်ကျရောက်လာခဲ့လျှင်တော့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်သည် သူ၏ အံ့ချီးဖွယ်ခွန်အားကို အစွမ်းကုန်အားထုတ်၍ လျင်မြန်လွန်းစွာ ထွက်ပြေးနိုင်ကြသည်။

သည်လိုဖြင့် တစ်နှစ်တာ ကုန်လွန်သွားခဲ့ပြီး ဖြစ်သည်။ နှစ်ဖက်လုံးသည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ရာချီ ဆုံးရှုံးခဲ့ရပြီးပင်။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများ၏ ဆုံးရှုံးမှုမှာလည်း မနည်းလှပါ။ ထို့ကြောင့် နှစ်ဖက်လုံး၏ ခေါင်းဆောင်များသည် သူတို့၏ ဆုံးရှုံးမှုများအတွက် စိတ်နှလုံး နာကျင်ရကာ စိတ်ဓာတ်အနည်းငယ်ပါ ကျကုန်သည်။

ချီစုဆောင်းခြင်း ကျင့်ကြံသူများအတွက်ကမူ သူတို့၏ မှော်စွမ်းအားသည် အားနည်းသောကြောင့် သူတို့၏ အင်အားကို ပြင်ဆင်ကာ အရေအတွက်ကို ထိန်းထားရသည်။ သို့သော် တိုက်ပွဲကာလ တစ်နှစ်တာအတွင်း အလစ်အငိုက်တိုက်ခိုက်မှုများလည်း ရှိသည်သာ။ မိစ္ဆာတာအိုဂိုဏ်းများနှင့် ဂိုဏ်းခုနစ်ဂိုဏ်းတို့သည် ဆက်လက်၍ သည်းမခံနိုင်ကြတော့ပေ။ ထိုအခါ နှစ်ဖက်လုံးသည် အားနည်းသော တခြားသူများကို ဦးတည်တိုက်ခိုက်ကာ သူတို့၏ ခွန်အားကို ထိန်းထားနိုင်အောင် လုပ်ဆောင်ကုန်သည်။

နှစ်ဖက်လုံးက အဆုံးအဖြတ်တိုက်ပွဲသည် နီးလာပြီကို ကောင်းစွာ သဘောပေါက်ကြလေ၏။

နတ်လေလှေပေါ်တွင် နှစ်နာရီလောက် ရှိနေပြီးသည့်နောက်မှာ ဟန်လိသည် သူတို့တပ်စခန်းရှိရာထံ ပြန်ရောက်လာသည်။

အတားအဆီးအစီအရင်ကြီးများအတွင်း၌ အရွယ်မျိုးစုံရှိသော သစ်သားအခန်း၊ ကျောက်အခန်းများစွာကို ဝိုးတဝါး မြင်ရနိုင်သည်။ ထိုအဆောက်အဦများသည် ကျင့်ကြံသူများက သစ်သားနှင့်မြေဓာတ် တာအိုမှော်ပညာရပ်များဖြင့် ဖန်တီးထားကြတာပင်။ တပ်ဖွဲ့စခန်းကို သူတို့၏ ဂိုဏ်းများအရ နေရာပိုင်းခြားထားသည်။

ဟန်လိသည် သူ့အခန်းထံ အရင်ဆုံးသွားသည်။ သူ့အခန်းမှာ သိပ်ကြီးမားခြင်း မရှိသော ကျောက်သားအခန်းတစ်ခု ဖြစ်သည်။ သူက တံခါးကို တင်းတင်းစေ့စေ့ ပိတ်ပြီးနောက် သူ့အခန်းကို အတားအဆီးအစီအရင်မန္တာန်ဖြင့် ယာယီချိပ်ပိတ်သည်။

ထို့နောက်တွင် သူသည် ယနေ့ ရလာခဲ့သော သိုလှောင်အိတ်ထဲမှ ပစ္စည်းအမယ်များကို ထုတ်သည်။

“လာပြန်ပြီလား ဒီလူအရိုးခေါင်းတွေနဲ့ အလံတွေ။ တစ္ဆေဝိညာဉ်ဂိုဏ်းက သူတွေကလွဲရင် ဘယ်သူကများ ဒီပစ္စည်းတွေကို အသုံးပြုပါ့မလဲ။ ချီးပဲ။ ဒီဓားကတော့ သိပ်မဆိုးဘူးဟ။ ငါ အပိုအနေနဲ့ ဆောင်ထားလိုက်မယ်။ ဒါက…”ဟန်လိသည် သိုလှောင်အိတ်ထဲရှိ အရာအားလုံးကို သိမ်းဆည်းပြီးနောက်မှာ အစီအရင်ကို ဖယ်ရှားကာ အပြင်သို့ ထွက်လာသည်။ သူသည် အချိုးအကွေ့များစွာကို ဖြတ်ကျော်လာပြီး သိသာသော အခန်းကြီးတစ်ခုထံ ဦးတည်၍ လျှောက်လာသည်။

ထိုသစ်သားအခန်းကြီးမှာ မီတာငါးရာလောက် ရှိပြီး ရွှေရောင်သုတ်ထားသေးသည်။ နေရောင်အောက်မှာဆို ၎င်းကို ရွှေဖြင့် ပြုလုပ်ထားသည့်အလား ထင်ရလေမည်။

ဟန်လိသည် ထိုအခန်း၏ တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လာသည်။ အခန်းထဲတွင် သက်ဝင်လှုပ်ရှားနေသည်။ ကျင့်ကြံသူများ ရောင်းချနေသော ဆိုင်ခန်းဆယ်ခုကျော် ရှိနေသည်။ ထိုဆိုင်များပေါ်တွင် ဈေးတင် ရောင်းချနေသော ပစ္စည်းအမယ်များစွာ ရှိနေသည်။

သည်မြင်ကွင်းကို အလွန်ရင်းနှီးပြီး ဖြစ်သော ဟန်လိသည် ဆိုင်ခန်းများကို အမြန်ဖြတ်ကျော်လာပြီး သူ့သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကို စိတ်ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်သည်။ ထိုပစ္စည်းများအားလုံး ပျောက်ကွယ်သွားချိန်တွင် သူ့၌ စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာကျော်လောက် ရှိလာခဲ့ပြီ။

ဟန်လိသည် တခြားအရာများကို ထွေထွေထူးထူး အာရုံမစိုက်တော့ဘဲ သည်အခန်းအလယ်ရှိ အကြီးဆုံးဆိုင်ထံ ဦးတည်ကာ လျှောက်လာသည်။

ထိုဆိုင်သည် မီတာနှစ်ဆယ်လောက် ရှိကာ တခြားဆိုင်များထက် သုံးလေးဆလောက်ကို ကြီးသည်။ ထိုဆိုင်ပိုင်ရှင်မှာ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ရှိသော ဖက်တီးတစ်ယောက် ဖြစ်၏။

ဟန်လိက အပိုစကားတွေမဆိုတော့ စိတ်ဝိညာည်ကျောက်တုံးအပြည့်ပါသည့် သူ့သိုလှောင်အိတ်ကို ထိုဖက်တီးထံ ပစ်ပေးကာ အားနာမနေဘဲ ပြောသည်။ “အစ်ကိုကြီးချန်…။ ကျုပ်မှာ နဂါးငိုမြက်အတွက် စိတ်ဝိညာဉ်ကျောက်တုံးငါးရာ ပါလာတယ်…”

“ဟားဟား…ညီအစ်ကိုဟန်က အထင်ကြီးစရာပဲ။ ခင်ဗျားက ဒီလောက်များတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ခုလောက်မြန်မြန် စုဆောင်းနိုင်တာပဲ…”

ဖက်တီးသည် ဟန်လိကို မြင်သည့်အခါ ချက်ခြင်း ပြုံးပြသည်။ ထို့နောက်တွင် ဖက်တီးသည် သိုလှောင်အိတ်ထဲ လက်နှိုက်ကာ စိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်တော့သည်။

“မဆိုးဘူး။ မဆိုးဘူး။ တကယ့်ကို စိတ်ဝိညာဉ်ကျောက်တုံးငါးရာ ပြည့်တာပဲ။ ရော့ ဒီမှာ နဂါးငိုမြက်။ သေချာ သိမ်းထားချေ…”

ဖက်တီးချန်သည် ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ကာ ပြုံးဖြီးဖြီးဖြင့် ဟန်လိထံ ၎င်းကို လှမ်းကမ်းပေးသည်။

ဟန်လိသည် ထိုသေတ္တာငယ်ကို ယူကာ အထဲ၌ ပါသည့်အရာကို ဖွင့်ကြည့်သည်။ ထို့နောက်တွင် သူက ခေါင်းညိတ်ပြကာ ၎င်းကို သိမ်းဆည်း၏။ ထိုသို့ ပြုလုပ်ပြီးနောက်မှာ သူက ဖက်တီးချန်ကို မျှော်လင့်သည့်ဟန်မဆိုသလောက် ပါဝင်သော လေသံဖြင့် မေးသည်။ “ကျုပ် အရင်တုန်းက တောင်းဆိုထားတဲ့ ဆေးဖော်စပ်နည်းတွေနဲ့ ပတ်သတ်ပြီးလို့ကော ဘာသတင်းများ ထူးသေးလဲ…”

“ဟူး..ဒီဆေးဖော်စပ်နည်းတွေဟာ ရှားပါးလွန်းပါတယ်။ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေမှာ တချို့တလေတော့ ရှိမှာပါ။ ဒါပေမဲ့လည်း ဒီဆေးဖော်စပ်နည်းတွေဟာ အလွန်တရာ အဖိုးတန်တယ်လေ။ ဘယ်သူကများ ထုတ်ပြီး ရောင်းချင်ပါ့မလဲ။ ဒါ့အပြင် အခြေခံတည်ဆောက်ခြင်းအဆင့်တွေအတွက် အသုံးတည့်တဲ့ ဆေးဖော်စပ်နည်းဆို ပိုလို့တောင် ခက်ခဲသေးတယ်။ ကျုပ် အားမစိုက်ပေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် ဘာတစ်ခုမှ မရှာနိုင်ခဲ့တာတော့ အမှန်ပဲ…”

ဖက်တီးချန်က ဟန်လိ၏ စကားများကို ကြားသည့်အခါ သူ့မျက်နှာသည် ခါးသီးဟန် ပေါ်ကာ ထိုစကားများကို ပြောလေသည်။

စိတ်နည်းနည်းပျက်သွားသော်လည်း ဟန်လိသည် မထူးခြားနားဟန်ဖြင့် ပြုံး၍ ပြောသည်။ “ကိစ္စမရှိပါဘူးလေ။ ရပါတယ်။ အရင်တုန်းက ရခဲ့တဲ့ ဆေးဖော်စပ်နည်းနှစ်ခုကို ရှာပေးခဲ့တဲ့အတွက်နဲ့တင် ကျုပ်က အစ်ကိုချန်ကို ကျေးဇူးတင်ရမှာပါ…”

ဖက်တီးချန်သည် ဟန်လိ၏ စကားများကို ကြားသည့်အခါ ပျော်ရွှင်စွာ ပြုံး၍ ပြောသည်။ “ဒီနှစ်ခုက ကျုပ် နှစ်ပေါင်းများစွာ သိမ်းဆည်းထားတဲ့ ပျက်စီးနေတဲ့ ဆေးဖော်စပ်နည်းတွေပါ။ ညီလေးဟန်က ဒီဟာတွေကို ယူချင်လိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဒါပေမဲ့လည်း ခင်မင်ရတဲ့ မိတ်ဆွေဟန်က ဒီဟာတွေကို ယူပြီး တိုးတက်အောင် လုပ်ကြည့်ချင်စိတ် ရှိနေခဲ့တယ်။ ဒါဟာ သာမန်လူတွေ မလုပ်နိုင်တဲ့ဟာပဲ။ တကယ်တော့ ဒီဆေးဖော်စပ်နည်းတွေကို စမ်းကြည့်တာဟာ အချိန်လည်းကုန်၊ စွမ်းအင်လည်း ကုန်တယ်လေ။ ညီလေးဟန် ဒီဆေးဖော်စပ်နည်းတွေကို ပြုပြင်နိုင်ခဲ့ရင် မျိုးဆက်များစွာအတွက်ပါ ကောင်းမွန်တဲ့ အရာ ဖြစ်ချင်ဖြစ်သွားနိုင်တယ်…”

ဖက်တီးချန်က ထိုသို့ ပြောလာသည်။

ဟန်လိသည် ပြုံးမိ၏။ သူက ဘာစကားမှ ထပ်မဆိုတော့ပေ။

ဟန်လိက သည်နေရာကို ရောက်လာသည့်အချိန်မှစ၍ တပ်စခန်းအတွင်း ရောင်းကြဝယ်ကြသော ဈေး၌ ဈေးမြို့များတွင်ပင် မတွေ့နိုင်သော ရှားပါးပစ္စည်းကောင်းများစွာ ရှိနေတာကို အံ့အားသင့်ဖွယ် တွေ့ခဲ့ရသည်။ ဆေးပင်များမှသည် မှော်ပစ္စည်းများနှင့် ကျင့်ကြံခြင်းပညာရပ်များထိ အားလုံးနီးပါး ဒီမှာ ရှိနေသည်။

စိတ်ဝိညာဉ်စုဆောင်းခြင်းဆေးလုံးအတွက် သူ့မှာ မရှိနေသော ဆေးဝါးအမယ်အားလုံးကို ဒီမှာ လွယ်လွယ်ကူကူ ရခဲ့ပေသည်။ ယင်းဆေးပင်များကို သက်တမ်းပိုရင့်မှည့်အောင် လုပ်ကာ သူသည် သူ၏ မှော်စွမ်းအားကို ချက်ခြင်း တိုးတက်စေခဲ့သည်။

သည်နေရာ ဖက်တီးချန်ထံကနေ စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင် အသုံးပြု၍ သူ မတရား လိုချင်နေသော ဆေးဖော်စပ်နည်းနှစ်ခုကိုပါ ရခဲ့ပေသည်။ ဤသည်က သူ့ကို ကျေနပ်အားရသလို အံ့အားတသင့်လည်း ဖြစ်စေခဲ့ပါသည်။

All Chapters