← Chapters

အမှတ်မထင် ပြန်တွေ့ရခြင်း

Vol. 20 Ch. 273

အမှတ်မထင် ပြန်တွေ့ရခြင်း

Vol. 20 Ch. 273

သူ့အိတ်ကပ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံး အများအပြားကို သုံးစွဲပြီးသည့်နောက်မှာ ဟန်လိသည် သူ၏ ရှေးဟောင်းဆေးဖော်စပ်နည်းအသစ်အတွက် လိုအပ်သော ဆေးအမယ်အများစုကိုပါ စုဆောင်းနိုင်ခဲ့သည်။

ကျန်သည့်ဆေးအမယ်များအတွက်မူ ဟန်လိသည် အံတင်းတင်းကြိတ်ကာ သက်တမ်းလေးရာရှိသော စိတ်ဝိညာဉ်ဆေးပင်နှစ်ပင်ကို ထုတ်ရောင်းခဲ့ရသည်။ တခြားတစ်ဖက်တွင်လည်း သူက မိစ္ဆာတာအိုကျင့်ကြံသူများကို သတ်ဖြတ်ရာတွင် တာဝန်ယူ ပါဝင်ခဲ့သည်။ ထိုနည်းလမ်းဖြင့် သူသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ဆုလဒ်အဖြစ် ရခဲ့သလို ရန်သူတို့၏ သိုလှောင်အိတ်များထဲမှ ရှာတွေ့သော ပစ္စည်းများကိုပါ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ခဲ့သေးသည်။

သူ ပိုင်ဆိုင်ထားသော ရတနာအများစုနှင့် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ခွန်အားကြောင့် ဟန်လိသည် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် စစ်ပွဲတွင် ရင်ဆိုင်ရလျှင်ပင် ဘေးကင်းကင်းနှင့် လွတ်မြောက်နိုင်စွမ်း ရှိပေသည်။ အလားတူပင် အခြေခံတည်ဆောက်ခြင်း အစောပိုင်း သို့မဟုတ် အလယ်အဆင့်များက သူ့ရှေ့ တည့်တည့်ရောက်လာပါကလည်း ဟန်လိလက်ချက်ကြောင့် ထိုသူတို့မှာ အသက်ဆုံးရှုံးရသည်သာ။

ဤသို့ဖြင့် ဟန်လိသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ ကျင့်ကြံသူများကြား၌ ပြီးခဲ့သော တစ်နှစ်မှာ နာမည်ရလာခဲ့သည်။ လူတိုင်းသည် အဝါရောင်မေပယ်တောင်ကြား ကြမ်းသော တစ်ယောက် ပေါ်ထွက်လာတာကို သိခဲ့သည်။ သူ၏ ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်သာ ဖြစ်သော်လည်း သူသည် မိစ္ဆာတာအိုကျင့်ကြံသူ ဆယ်ယောက်ကျော်ကို အမဲလိုက် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

တခြားသော ဂိုဏ်းအနည်းငယ်၏ တပ်စခန်းများ၌လည်း ပစ္စည်းအမယ်များ လဲလှယ်သော နေရာများ ရှိတာကို ကြားသည့်အခါ ဟန်လိက ဖက်တီးချန်ကို ဆေးဖော်စပ်နည်းများ ရှာပေးနိုင်မလားဟု အကူအညီတောင်းထားခဲ့သည်။ သို့ပေမည့် သူက များများစားစားတော့ မမျှော်လင့်ထားပေ။

ဤသို့ဖြင့် ဟန်လိသည် ဖက်တီးချန်ကို နှုတ်ဆက်စကား ပြောရန် ဟန်ပြင်စဉ် သူ့နှာခေါင်းထံ ရနံ့တစ်ခု ရုတ်တရက် ရောက်လာချေသည်။ မင်သက်သွားကာ ဟန်လိက တဖက်သို့ ခေါင်းလှည့်ကြည့်မိသည်။ ထိုအခါ သူ ရှိရာသို့ လာနေသော ကျော့ရှင်းအေးစက်သော အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို မြင်သည်။

ထိုရောက်လာသော အမျိုးသမီး၏ မထိရက်စရာမျက်နှာနှင့် သွယ်လျသော ခန္ဓာကိုယ်တို့ကို ကောင်းကောင်း မြင်ရပြီးနောက်မှာ ဟန်လိ၏ အမူအရာက ပြောင်းလဲမသွားခဲ့ပါ။ သို့သော် စိတ်ထဲတွင်မူ မသက်မသာ ခံစားမိသွားသည်။ အခု ရောက်လာသော မိန်းမပျိုမှာ သူနှင့် အသားချင်းထိခဲ့ဖူးသော ဂျူနီယာညီမချန် တကယ်ကြီး ဖြစ်နေလေသည်။ ထိုညတုန်းက စွဲမက်တောင့်တဖွယ် မြင်ကွင်းအကြောင်း သူ စဉ်းစားမိသွားသည့်အခါ သူ့စိတ်ထဲ၌ ထူးခြားသော ခံစားချက်တစ်မျိုး မြင့်တက်လာ၏။

သူနှင့် ထိုမိန်းမပျိုချန်တို့သည် တားမြစ်ဧရိယာကနေ ထွက်လာပြီးနောက်ပိုင်းမှာ တစ်ယောက်နှင့်တစ်ယောက် လုံးဝ မဆုံခဲ့ကြတော့ပေ။ ထို့ကြောင့် သူမက သည်တပ်စခန်းသို့ ဘယ်အချိန်က ရောက်လာခဲ့သလဲကို သူ မသိပါ။

“ဦးလေးငါး…ဒါက ရှင် ကျမကို တောင်းဆိုထားတဲ့ ပစ္စည်းပဲ…”

ဂျူနီယာညီမချန်က ဟန်လိကို မထူးခြားနားစွာ ကြည့်၏။ ခဏအကြာတွင် သူမ၏မျက်လုံးထဲတွင် အံ့အားသင့်ဟန် ဖြတ်ပြေးသွားသည်။ သို့သော် သူမက ဖက်တီးချန်ရှေ့သို့ ရောက်လာပြီး သိုလှောင်အိတ်တစ်အိတ်ကို ပေး၏။

“ဟားဟား…တူမလေး ချောင်ချန်က အချိန်မှန် ရောက်လာတာပဲ။ ကျုပ်လည်း ဒီပစ္စည်းတွေအကြောင်း ခုလေးတင် စဉ်းစားမိနေတာ…”

“ဦးလေးငါးလား…”

ဟန်လိသည် ဖန်တီးချန်၏ ရာထူးကြောင့် အချိန်တစ်ခုကြာ မင်သက်သွားလေ၏။

သူသည် ထိုဖန်တီးချန်သည် ဂျူနီယာညီမချန်၏ စီနီယာတစ်ယောက် ဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်ဟူသော သူ၏ အနေအထားအရ ချန်ဂိုဏ်း၌ ဖက်တီးချန်၏ အဆင့်အတန်းသည် နိမ့်ကျမှာ မဟုတ်တာ သေချာသည်။

ဟန်လိကို ဘာသိဘာသာ တချက်ကြည့်ပြီးနောက် ဂျူနီယာညီမချန်က သူ့ထံ လုံးလုံး အကြည့်ရောက်မလာတော့ပေ။ ထိုသို့သော အေးစက်စက်ဆက်ဆံမှုက ဟန်လိစိတ်ထဲ မပျော်မရွှင် ဖြစ်သွားစေသည်။

“စီနီယာအစ်ကိုချန်…ကျုပ် ခု သွားတော့မယ်။ နောက်ကျမှပဲ ခင်ဗျားရှိ ထပ်လာလည်တော့မယ်…” ဟန်လိက ယဉ်ယဉ်ကျေးကျေး ပြော၏။ သူက ဒီမှာ ဆက်နေချင်စိတ် မရှိတော့ပေ။ သူက ခေါင်းလှည့်ကာ သည်ဈေးဆိုင်အခန်းထဲကနေ လှမ်းထွက်သွားသည်။

ထိုအခါကျမှ ချန်ချောင်ချန်၏ အေးစက်စက်အကြည့်က ပျောက်ကွယ်သွားသော ဟန်လိ၏ ပုံရိပ်ထံ ရောက်သွားသည်။ သူမက မျက်မှောင်ကြုတ်ကာ သိုလှောင်အိတ်ကို စစ်ဆေးနေသော ဖက်တီးချန်ကို မေး၏။

“ဦးလေးငါး…ဒီငကြောက်က ရှင့်ရှိကနေ တစ်ခုခု ဝယ်ဖို့ ကြိုးစားနေတာလား…”

“ငကြောက် ဟုတ်လား…”

ဖက်တီးချန်က ချန်ချောင်ချန်၏ စကားကြောင့် တုန်လှုပ်သွားရသည်။

“ဟုတ်တယ်လေ…အစောလေးက ဒီမှာ ရပ်နေတဲ့ကောင်ကို ပြောတာ…”

“နင် ပြောနေတာ ဟန်လိကိုလား…” ဖက်တီးချန်သည် သူ၏ခပ်မှေးမှေး မျက်လုံးကို ပုတ်ခတ်ကာ မေးသည်။ သူ့မျက်နှာထက်တွင်လည်း မယုံကြည်နိုင်ဟန် ဖြစ်ပေါ်နေသည်။

“ဟုတ်ပါတယ်။ ကျမ သူ့ကို ပြောတာ။ ဘာများ ဖြစ်လို့လဲ…”

ချန်ချောင်ချန်က သိချင်စိတ်ဖြင့် မေးသည်။

အတိတ်တုန်းက တားမြစ်ဧရိယာကနေ ပြန်ထွက်လာခဲ့စဉ် သည်ဂျူနီယာညီမချန်သည် ဟန်လိကို အကောင်းမမြင်ခဲ့ပေ။ သူမသည် ဟန်လိကို ကံကောင်းလွန်း၍သာ တိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သူဟာ ထင်ထားခဲ့သည်။

ဖက်တီးချန်က ခဏ ငြိမ်သွား၏။ ထို့နောက်တွင် သူက သက်ပြင်းချကာ တမူထူးသော လေသံဖြင့် ပြောလာသည်။

“ချောင်ချန်…နင်က ခုမှ ဒီကို ရောက်လာတာ။ တချို့ကိစ္စတွေနဲ့ ပတ်သတ်ပြီး မောက်မာလွန်းနေတယ်။ နင်က သူ့ကို ငကြောက်ကောင်လို့ ဘာကြောင့် ထင်နေမှန်း ငါ မသိပေမယ့် နင်နဲ့ ဂိုဏ်းတူတဲ့သူက ဒီမှာ အတော်လေး နာမည်ကျော်တယ်။ သူက တခါတည်း အခြေခံတည်ဆောက်ခြင်းဆယ်ယောက်ကျော်ကိုပါ ရှင်းထုတ်ပြစ်တဲ့ထိ ပြတ်သားသန်မာတဲ့သူပဲ။ နောက်ထပ် တိုက်ပွဲနည်းနည်းလောက် ထပ်တိုက်ပြီးရင် အဖွဲ့ခေါင်းဆောင်အဖြစ် အဲ့လူကို ငါ ထောက်ခံပေးတော့မှာ။ သူ့ကိုသာ ငါတို့ဘက် ပါအောင် လုပ်နိုင်ခဲ့ရင် သူဟာ ငါတို့အတွက် အကူအညီ အများကြီး ဖြစ်စေလိမ့်မယ်…”

“သူက အခြေခံတည်ဆောက်ခြင်းဆယ်ယောက်ကျော်ကို ရှင်းထုတ်ခဲ့တာလား…”

ဂျူနီယာညီမချန်က မေးသည်။ သူမ၏ အေးစက်စက်ဟန်ပန်ပေါ်တွင် အံ့အားသင့်ဟန် ဖြစ်ပေါ်မိ၏။ သူမသည် သူမ ကြားရသည့်စကားကို မယုံကြည်နိုင် ဖြစ်နေချေသည်။

သူမက သည်အရောင်းအဝယ်အခန်း၏ အဝင်တံခါးဝထံ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားသည်။ သိုသော် ဟန်လိကမူ သည်ကနေ ထွက်သွားတာ အချိန်တစ်ခုပင် ကြာနေခဲ့ပေပြီ။

သည်နေရာကနေ ထွက်လာပြီးနောက်မှာ ဟန်လိက ခဏစဉ်းစားပြီး သူ့ဆရာ၊လီဟွာယွမ်၏ နေအိမ်ထံ ဦးတည်လာခဲ့သည်။ သူက သူ့ဆရာထံ လေးစားမှု သွားပြရမည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် လီဟွာယွမ်၏ နေထိုင်ရာနေရာသည် တခြားသော သာမန်ကျင့်ကြံသူများ ယှဉ်၍ မရနိုင်ပေ။ သူက အစီအရင်၏ အလယ်၌ သေသေသပ်သပ်အိမ်တစ်ခုမှာ နေသည်။ သူ့ဇနီးလည်း သူနှင့်အတူ နေ၏။

ဟန်လိ၏ စီနီယာအစ်ကိုခုနစ်ယောက်ကမူ အစိမ်းရောင်လှိုင်းဂယက်လှိုဏ်ဂူ အပြင်ဘက်တွင် စောင့်ကြပ်ပေးရသော အကြီးဆုံးအစ်ကိုကလွဲ၍ ကျန်သည့်သူအားလုံးမှာ တာဝန်အသီးသီး ယူထားပြီး ဒီနေရာတွင် ရှိမနေကြပေ။ ဒီမှာ ရှိနေသည့် တစ်ဦးတည်းသောသူမှာ လေးယောက်မြောက်အစ်ကို စုန့်မင်တစ်ယောက်သာ။

ဟန်လိ လီဟွာယွမ်ကို လာတွေ့သည့် ပထမဆုံးနေ့၌ သူ၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ထိ ရောက်နေတာကို မြင်သည့်အခါ သူ့ဆရာဖြစ်သူမှာ ကြီးစွာ အံ့အားသင့်သွားရသည်။

တကယ်တော့ ဟန်လိသည် လွန်ခဲ့သော နှစ်အနည်းကမှ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ဝင်ရောက်ခဲ့သူ မဟုတ်လား။ ပုံမှန်ဆို ပါရမီကောင်းသော ကျင့်ကြံသူများသည်ပင် အစောပိုင်းအဆင့်ကနေ အလယ်အဆင့်သို့ ရောက်ရန် ဆယ်နှစ်လောက် အချိန်ယူရသည်။ ထို့ကြောင့် ဟန်လိ၏ ခုန်ပေါက်တိုးတက်မှုက လီဟွာယွမ်ကို စူးစမ်းချင်စိတ် ဖြစ်စေခဲ့သည်။

သူက ဟန်လိ၏ ကျင့်ကြံမှုတိုးတက်လာသည်နှင့် ပတ်သတ်ပြီး မေးခွန်းတချို့ မေးခဲ့သည်။

ဟန်လိသည် အမှန်တိုင်း မပြောမှာ သေချာ၏။ သူကိုယ်တိုင် ဝေခွဲမရဟန် အမူအရာ ပြသသည်။ သူသည်ပင် မည်သို့ဖြစ်ပျက်ခဲ့မှန်း မသိလေသည့်အလား။ ထိုအခါ လီဟွာယွမ်သည် စိတ်ပျက်သွားကာ သည်ကိစ္စကို ထပ်မေးမနေတော့ပေ။ သူသည် ခုလက်ရှိ၌ အခက်အခဲများစွာကို ရင်ဆိုင်ဖြေရှင်းနေရသည် ဖြစ်ရာ သည်ကိစ္စကို စုံစမ်းစစ်ဆေးနေဖို့ စိတ်အခြေအနေ ပေးမနေပေ။

ယန်ဂိုဏ်း၏ အညံ့ခံသည့်ကိစ္စ၊ တုန်ရွှမ်အာက ရန်သူ၏ လက်ထဲ ကျရောက်သွားသည့် ကိစ္စတို့ကိုမူ လီဟွာယွမ်နှင့် ဟုန်ဖူတို့က သိထားပြီး ဖြစ်သည်။ သည်ကိစ္စကြောင့် အလွန်ဒေါသထွက်ခဲ့ရတာကလွဲ၍ သူတို့က ဟန်လိအပေါ် ပြစ်တင်ကြိမ်းမောင်းခြင်း မရှိခဲ့ပေ။ တကယ်တော့ ရန်သူ၏ ခွန်အားက ကြီးမားလွန်းခဲ့ပေ၏။ ဟန်လိ အသက်ရှင်လျက် လွတ်မြောက်လာနိုင်ဖို့ပင် အလွန်ခက်ခဲခဲ့တာ မဟုတ်လား။

ဟန်လိက သည်ကိစ္စများကို တွေးနေရင်းဖြင့် လီဟွာယွမ်၏ နေအိမ်အပြင်ဘက် ရောက်လာသည်။

သူ၏ စီနီယာအစ်ကို(လေး)စုန်မင်သည် လက်ပိုက်ကာ အိမ်၏ အပြင်ဘက်တွင် ရပ်နေသည်။ သူသည် နေရာတွင် သတိအပြည့်၊စွမ်းအားအပြည့် ရပ်နေသည့်အလား။

ဟန်လိကို မြင်သည့်အခါ စုန်မင်၏မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အယောင် ပေါ်သည်။ သူက လေးလေးနက်နက် ပြောလေသည်။

“ဂျူနီယာညီလေးဟန်။ မင်း ဆရာ့ကို လာပြီး ဂါဝရပြုတာလား…”

ဟန်လိက ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောသည်။ “ဟုတ်ပါတယ်…”

ဟန်လိသည် ကျော်ကြားလာခဲ့ပြီးနောက်မှာ စုန်မင်က ဟန်လိကို သူနှင့် ပြိုင်ရန် အတင်းအကြပ် ပြောခဲ့ပေသည်။ ဟန်လိသည် သူ၏ အကာအကွယ်များကို ထွင်းဖောက်နိုင်ရန် မှော်ပစ္စည်းတစ်ခုအပေါ် မှီခိုကာ တည်တည်ငြိမ်ငြိမ် အနိုင်ရခဲ့သော်လည်း သူက ဟန်လိကို တဖြည်းဖြည်းချင်း ပိုခင်မင်လာခဲ့သည်။ သူတို့နှစ်ယောက်သည် ရယ်ကာမောကာဖြင့် စကားစမြည် ပြောနေကြလေသည်။

“ညီလေးဟန်…ဆရာက ခုလက်ရှိ ဧည့်သည်တချို့နဲ့ ဆွေးနွေးနေတယ်။ ဒါ့ကြောင့် မင်း အပြင်မှာပဲ စောင့်နေသင့်တယ်။ မင်း စဉ်းစားကြည့်စမ်း။ ကျုပ် ကျင့်ကြံမှုမှာ တချို့တိုးတက်မှုတွေ ရှိလာခဲ့တယ်။ ဘာကြောင့်များ မင်းက ငါနဲ့ လက်ရည်ထပ်မစမ်းပါနဲ့…”

စုန်မင်သည် ဟန်လိကို ပြုံး၍ ရှင်းပြသည်။ သို့သော် သူ့စကားထဲတွင် ဟန်လိကို ယှဉ်ပြိုင်ရန် ဖိတ်ခေါ်မှုက ကပ်ပါလာသည်ပင်။ ဟန်လိမှာ အကြီးအကျယ် ခေါင်းကိုက်ရသည်။

စီနီယာအစ်ကိုစုန်သည် သူ့ကို ရှုံးသွားတည်းက မကြာခဏ ထပ်၍ လက်ရည်စမ်းရန် ပြောနေခဲ့ပေသည်။ သို့သော် ဟန်လိသည် သူ၏ခွန်အား အမှန်ကို ဘယ်လိုလုပ် ပြသချင်စိတ် ရှိပါမည်နည်း။ သူသည် အကြိမ်တိုင်း ငြင်းဆိုခဲ့သည်။

အဝါရောင်မေပယ်တောင်ကြားတွင်သာ ဖြစ်နေခဲ့ပါက သည်စီနီယာအစ်ကိုစုန်ကို ခွာချဖို့ လွယ်လိမ့်မည် မဟုတ်ပေ။ ကံကောင်းစွာဖြင့် သည်တပ်စခန်းတွင် အားကောင်းသော ကျင့်ကြံသူများစွာနှင့် ပြိုင်ဘက်များစွာ ရှိနေတာ ဖြစ်သည်။ စုန်မင်သည် ဟန်လိကို အကြိမ်အနည်းငယ်လောက် အတင်းပြောပြီးနောက် မအောင်မြင်သည့်အခါ သူသည် သူ၏ ယှဉ်ပြိုင်စိတ်ကို ဆက်၍ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဘဲ တခြားသူများကို သွားရှာခဲ့တော့သည်။

သို့မှသာ ဟန်လိသည် သက်ပြင်းချနိုင်ခဲ့သည်။

စုန်မင်၏ နောက်ဆုံးစကားကို ကြားရသည့်အခါ ဟန်လိသည် ခါးသီးစွာ ရယ်မောသည်။ မည်သို့ပင်ဖြစ်စေ သူက လွယ်လင့်တကူ သဘောမတူဝံ့ပေ။

သို့သော် ဟန်လိသည် လီဟွာယွမ်နှင့် ဧည့်သည်များ ဆွေးနွေးနေတာကိုတော့ အတော်လေး စိတ်ဝင်စားမိသည်။

တကယ်တော့ စုန်မင်၏ လေသံအရ အခန်းထဲရှိ လူများအပေါ် လေးစားသမှု ရှိနေသည်။ ထိုသူများမှာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများသာ ဖြစ်လိမ့်မည်။ သို့သော် သူသည် စုန်မင်ထံမှ သတင်းထပ်နှိုက်ရန် ဟန်ပြင်စဉ် တင်းတင်းစေ့ကာ ပိတ်ထားသော တံခါး ပွင့်လာပြီး အမျိုးသားကျင့်ကြံသူနှင့် အမျိုးသမီးကျင့်ကြံသူတချို့ အထဲမှ လှမ်းထွက်လာသည်။

လီဟွာယွမ်နှင့် သူ့ဇနီးတို့သည် နောက်မှ နီးနီးကပ်ကပ် လိုက်ပါလာပြီး ထိုသူများကို လိုက်ပါပို့ဆောင်သည်။

မျှော်လင့်ထားသည့်အတိုင်း သူတို့သည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုအုပ်စု၌ အမျိုးသားသုံးယောက်နှင့် အမျိုးသမီးသုံးယောက်တို့ ပါဝင်တာကို သူ ကောင်းကောင်းတွေ့မြင်သည်။ သူတို့၏ ကျင့်ကြံမှုများမှာ မခန့်မှန်းနိုင်လောက်အောင် နက်နဲကြသည်။

သူနှင့်စုန်မင်တို့သည် လမ်းတွင် ပိတ်ရပ်မနေဝံ့၊ ဘေး ဘယ်ညာသို့ နောက်ဆုတ်ပေးကာ ရပ်ကြသည်။

လီဟွာယွမ်သည် ဟန်လိကို မြင်သည်။ သူက ပြုံးရုံသာ ပြုံးပြသည်။ ထို့နောက်တွင် ဟန်လိအပေါ် အာရုံမစိုက်တော့ပေ။ တခြားကျင့်ကြံသူများသည်လည်း ဟန်လိကို တချက်သာ ကြည့်သည်။ ထို့နောက် သူတို့က သူ့ကို ရှိလေသည်ဟုပင် မထင်ကြတော့။ တကယ်တော့ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် သူတို့၏ အာရုံစိုက်ခြင်း ခံရဖို့ မထိုက်တန်သေးပါ။

သို့သော် မျက်နှာတွင် ဇာပုဝါဖုံးထားသည့် သွယ်လျကာ ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားနှင့် အမျိုးသမီးကမူ ဟန်လိထံတွင် အကြည့်ခဏ ရပ်သွားပြီး သူမ၏ပုံရိပ်က လှုပ်ခါသွားသည်။ တချိန်တည်းမှာ သူမ၏ တောက်ပသော မျက်လုံးထံမှ အမျိုးအမည် ဖမ်းဆုပ်ရန် ခက်ခဲသော အလင်းတစ်ခု တောက်ပသွားသည်။

“နတ်သမီးနန်းကုန်က ကျုပ်ရဲ့ ဒီတပည့်ကို အရင်တုန်းက မြင်ခဲ့ဖူးလို့လား…”

ထိုအမျိုးသမီးကျင့်ကြံသူ၏ ထူးခြားသော အပြုအမူကို သတိပြုမိသည့်အခါ တခြားကျင့်ကြံသူများသည် သူမကို ထူးဆန်းသလို လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ကုန်သည်။ လီဟွာယွမ်သည်ပင် တုန်လှုပ်အံ့အားသင့်သွားပြီး ထိုသို့ မေးလာသည်။

‘နတ်သမီးနန်းကုန်’ ဟူသော အမည်သည် ဟန်လိ၏နားထဲ ရောက်လာသည့်အခါ ဟန်လိ၏ စိတ်နှလုံး ခုန်ပေါက်သွားသည်။ သူ့စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားသည်။

သူသည် သူ့အမူဟန်ပန်ကို ကြိုးစား၍ ထိန်းထားသော်လည်း သူသည် ထိုအမျိုးသမီးကျင့်ကြံသူထံ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။

All Chapters