ချိန်းဆိုထားခြင်း
Vol. 20 Ch. 274
“မဟုတ်ပါဘူး။ သူက မတွေ့တာကြာတဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တူလို့ပါ…”
နတ်သမီးနန်းကုန်၏ မျက်လုံးထဲရှိ ထူးခြားသောဟန်ပန်မှာ ပျောက်ကွယ်သွားသည်။ သူမ၏ ကြည်လင်အေးစက်သောဟန် ပြန်ပေါ်လာသည်။
ထိုစကားကြောင့် ဟန်လိမှာ ခါးသီးစွာ ခံစားရသည်။
“အို…တကယ့်ကို တိုက်ဆိုင်တာပဲ…” လီဟွာယွမ်သည် ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောသည်။ ဟန်လိကိုတော့ ခြေဆုံးခေါင်းဆုံး ထပ်ကြည့်သေးသည်။ သို့သော် ဟန်လိ၏ မျက်နှာမှာ ရေကဲ့သို့ တည်ငြိမ်နေသည်။ မူမမှန်သော တုန့်ပြန်မှု တစိုးတစိမျှ ပေါ်မနေပေ။
တခြားကျင့်ကြံသူများကလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကုန်သည်။ သူတို့သည် နတ်သမီးနန်းကုန်၏ စကားကို မည်မျှ ယုံသလဲကိုတော့ ကောင်းကင်နှင့်မြေကြီးသာ သိပေလိမ့်မည်။
နတ်သမီးနန်းကုန်သည် သူမ၏ စကားများကို တခြားသူများ မယုံနိုင်ချေများတာကို သိသည်။ သို့သော် သူမသည် ထွေထွေထူးထူး ထပ်မပြောတော့၊ ဆက်၍ ထွက်လာတော့သည်။ ကျန်သည့်သူများသည် ဟန်လိကို နက်ရှိုင်းသောအဓိပ္ပာယ်နှင့် လှမ်းကြည့်သည်။ ထို့နောက်တွင် သူတို့က လီဟွာယွမ်နှင့် သူ့ဇနီးကို နှုတ်ဆက်ကာ ထွက်ခွာလာသည်။
ထိုဧည့်သည်များကို လိုက်ပို့ပေးပြီးနောက်မှာ လီဟွာယွမ်၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူက မျက်မှောင်တင်းတင်း ကြုံ့၏။ ထို့နောက်တွင် တဖက်သို့ လှည့်ကာ ဟန်လိကို မထူးခြားနားဟန်ဖြင့် ပြောသည်။
“ငါ့နောက် လိုက်ခဲ့၊ ငါ မင်းကို မေးစရာ တချို့ ရှိတယ်…”
ဤသည်ကို မြင်သည့်အခါ ဟန်လိသည် ခါးသီးစွာဖြင့် သူ့ကိုယ်သူသာ အပြစ်တင်မိတော့သည်။ သို့သော် သူက သဘောတူရန်သာ တတ်နိုင်၏။ သူ့ဆရာ၏ ဇနီးကမူ ဟန်လိကို စကားအနည်းငယ်ဖြင့် အားပေးစကားပြောကာ ထို့နောက်တွင် အခန်းထဲ ဝင်သွားသည်။
ဟန်လိသည် ဧည့်သည်အခန်းထဲ လျှောက်လာချိန်မှာ လီဟွာယွမ်သည် ထိုင်ခုံပေါ်တွင် အတွေးများနေဟန်ဖြင့် ထိုင်နေလျက် ရှိသည်။
“မင်းနဲ့ လမျက်နှာဖုံးဂိုဏ်းက နန်းကုန်ဝမ်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် သိတာလား…”
လီဟွာယွမ်သည် သူ့ရှေ့ရှိ ဟန်လိကို ကြည့်ကာ စဉ်းစားခန်းဝင်နေတာ ရပ်ပြီး ကွေ့ဝိုက်မနေဘဲ တည့်မေးသည်။
ဟန်လိသည် ခဏ ငြိမ်သက်သွားသည်။ သူ့စိတ်ထဲ၌ မျိုးစုံ စဉ်းစားကြည့်နေသည်။ သူသည် နန်းကုန်ဝမ်၏ ထူးခြားသော အပြုအမူကို သူ့ဆရာ သတိပြုမိသွားမှန်း သိ၏။ သူ ဆင်ခြေပေးရန် နည်းလမ်း ရှိမနေပေ။ သို့ဖြစ်၍ သူက ဝန်ခံကာ ခေါင်းညိတ်ပြသည်။
“ဒီတပည့်ဟာ သိုင်းဒေါ်လေး နန်းကုန်နဲ့ တစ်ခါ တွေ့ခဲ့ဖူး၊ ဆုံခဲ့ဖူးတာ အမှန်ပါပဲ…”
ဟန်လိသည် လွယ်လွယ်နှင့် ထိုသို့ ဖြေလာသည့်အခါ လီဟွာယွမ်သည် တမျိုးခံစားမိသည်။ သူ့မျက်နှာထက်ရှိ အမူဟန်ပန်က ချက်ခြင်း နွေးနွေးထွေးထွေး ပိုဖြစ်လာသည်။
“နင် ငါတို့ကို အတိအကျ ပြောပြလို့ ရမလား…” လီဟွာယွမ်ဇနီးက သိချင်စိတ်ဖြင့် မေးလာသည်။ အစောပိုင်းလေးတုန်းက နန်းကုန်ဝမ်သည် ငြင်းဆန်ခဲ့သည်။ အခု သည်တပည့်က သူတို့ တစ်ယောက်နှင့်တစ်ယောက် သိခဲ့ဖူးသည်ဟု ရုတ်တရက် ပြောလာသည်။ စိတ်ဝင်စားဖွယ်ဇာတ်လမ်းတစ်ခုတော့ ရှိနေမှာ သေချာလေပြီ။
လီဟွာယွမ်သည် သူ့ဇနီး၏ အမေးကို ကြားသည့်အခါ သူလည်း ခေါင်းညိတ်ကာ ဟန်လိကို လှမ်းကြည့်သည်။ သူလည်း ဒီဇာတ်လမ်းတစ်ခုလုံးကို သိချင်နေမိ၏။
“ဆရာ…ကျေးဇူးပြုပြီး ကျနော့်ကို ခွင့်လွှတ်ပေးပါ။ သိုင်းဒေါ်လေးနန်းကုန်နဲ့ ပတ်သတ်တဲ့ ကိစ္စဟာ ကိုယ်ရေးကိုယ်တာပါ။ ဒီတပည့်က အဲ့ကိစ္စကို မပေါက်ကြားစေရဘူးလို့ ကတိခံထားရပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…ဆရာနဲ့ ဆရာကတော်တို့…”
ဟန်လိသည် အမှန်တကယ် ငြင်းဆန်လိုက်ပေသည်။
သူ့စကားများကို ကြားသည့်အခါ လီဟွာယွမ်နှင့် သူ့ဇနီးတို့သည် အလွန်အံ့ဩသွားကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး လီဟွာယွမ်က ဖြည်းဖြည်းချင်း ပြောလာသည်။
“မင်းက သူမနဲ့ သဘောတူညီချက် ရှိထားမှတော့ ဆရာက အဲ့ကတိကို အတင်းအကြပ် ဖောက်ဖျက်ခိုင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာအနေနဲ့ မင်းကို သတိပေးချင်တာ တစ်ခုတော့ ရှိတယ်။ ဒီနတ်သမီးနန်းကုန်နဲ့ ပတ်သတ်တဲ့နေရာမှာ မင်း အကန့်အသတ်ထားတာ အကောင်းဆုံးပဲ။ လမျက်နှာဖုံးဂိုဏ်းရဲ့ ညှို့ငင်နိုင်တဲ့ ပညာရပ်တွေက အတော်လေး အထင်ကြီးဖွယ်ကောင်းတာကို သိသင့်တယ်။ မင်းအနေနဲ့ သူမရဲ့ တာအိုအောက်မှာ ကျရှုံးသွားမှာကို ငါ စိုးရိမ်မိတယ်။ ဒါပေမဲ့ မင်းစိတ်က ရှင်းလင်းနေပုံ ရတော့ ငါ့အနေနဲ့ စိတ်ချပါပြီ…”
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် စိတ်အေးသွားသည်။ ဟန်လိက ‘ဟုတ်ကဲ့ပါ’ ဟူသော စကားကို အထပ်ထပ် ပြောလေ၏။
ဟန်လိ၏ လေးစားသမှုထားသော ဟန်ပန်ကို မြင်သည့်အခါ လီဟွာယွမ်၏ စိတ်ထဲရှိ မသက်မသာ ဖြစ်မှုမှာ ပျောက်ကွယ်သွားသည်။ သူက ကျင့်ကြံခြင်းနှင့် ပတ်သတ်သော ဟန်လိ၏ မေးခွန်းများကိုပါ ပျော်ပျော်ရွှင်ရွှင် ဖြေပေးနေသေးသည်။ ဟန်လိသည်လည်း စိတ်ပါဝင်စားစွာ နားထောင်သည်။ သူသည် လီဟွာယွမ်၏ စကားတိုင်းကို တစ်ခုတလေမှ လက်လွှတ်မသွားစေပေ။
ဟန်လိ၏ တုန့်ပြန်မှုကြောင့် လီဟွာယွမ်သည် ကျေနပ်သွားသည်။ လီဟွာယွမ်သည် အံ့အားသင့်ဖွယ်ကောင်းသော အရာတစ်ခုကို ရုတ်တရက် ပြောလာသည်။
“ဟန်လိ…ငါ့မှာ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု ရှိနေတယ်။ အဲ့အတွက် မင်း တာဝန်ယူပေးနိုင်မလား…”
“ကိုယ်ရေးကိုယ်တာ ကိစ္စလား…”
ဟန်လိသည် စိတ်ထဲ၌ အံ့ဩသွားမိသည်။ သို့သော် သူက အထွန့်မတက်ဘဲ ချက်ခြင်း ပြန်ဖြေသည်။
“ဆရာ စိတ်ထဲရှိတာ တပည့်ကို ပြောနိုင်ပါတယ်။ ဒီတပည့် အကောင်းဆုံး ဖြည့်ဆည်းပေးပါ့မယ်…”
ဟန်လိ၏ ခပ်သွက်သွက် တုန့်ပြန်မှုအပေါ် လီဟွာယွမ်က ကျေနပ်သွားသည်။ သူက ထရပ်ကာ ခြေလှမ်းအနည်းငယ် လှမ်းလျှောက်ပြီးနောက် လေးလေးနက်နက်လေသံဖြင့် ပြောသည်။
“တကယ်တော့ အဲ့တာဝန်ဟာ အန္တရာယ် မများလွန်းပါဘူး။ ငါက မင်းကို သက်တော်စောင့်တစ်ယောက်အဖြစ် ယာယီလုပ်ဆောင်ပေးဖို့ အကူအညီတောင်းချင်တာ။ မိသားစုဝင်တစ်ယောက်ရဲ့ ဘေးကင်းမှုအတွက်ပေါ့…”
“သက်တော်စောင့်…တစ်ယောက်ယောက်ကို ကာကွယ်ပေးရမှာလား…” ဟန်လိ မင်သက်သွားသည်။ သူက လီဟွာယွမ် ထပ်ပြောလာမည့် စကားများကို စောင့်နေလိုက်သည်။
“အစတုန်းကတော့ ငါတို့က မင်းရဲ အစ်ကို(လေး)စုန်မင်ကို သွားခိုင်းမလို့။ ဒါပေမဲ့ မကြာသေးခင်တုန်းက မင်းဟာ မိစ္ဆာတာအိုကျင့်ကြံသူတွေ အများအပြားကို သတ်နိုင်ခဲ့တယ်လို့ ငါ ကြားခဲ့ရတယ်။ ဒါက ငါ့ကိုကော၊ မင်းဆရာကတော်ကိုကော အတော်လေး အံ့အားတသင့် ဖြစ်စေခဲ့တယ်။ ငါ့ရဲ့ သင်ပြမှုအောက်မှာ ကြမ်းလှတဲ့တစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ငါ တကယ် မထင်ထားမိဘူး။ ဒါ့ကြောင့် ငါ့အနေနဲ့ မင်းသွားပေးရင် ငါ ပိုစိတ်အေးရလိမ့်မယ်…”
လီဟွာယွမ်သည် အားပါးတရ ရယ်မောသည်။ အခုအခိုက်အတန့်တွင် သူ့စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်နေသည်။
တချိန်တည်းမှာ ဘေးမှ မိန်းမပျိုမှ အလားတူ အဓိပ္ပာယ်ရသော စကားများကို ပြုံး၍ ပြောသည်။
“ဒါ့အပြင် စုန်မင်ဟာ သူ ငယ်ရွယ်စဉ်တည်းက အစိမ်းရောင်လှိုင်းဂယက်ဂူမှာ နေနေခဲ့တာ။ အပြင်လောက အတွေ့အကြုံ သိပ်မရှိဘူး။ ဒါ့ကြောင့် နင် သွားပေးတာက ပိုအဆင်ပြေတယ်။ တကယ်တော့ နင် ကာကွယ်ပေးရမယ့်သူဟာ သာမန်လောကရဲ့ သေမျိုးတစ်ယောက်ပဲ…”
လီဟွာယွမ်နှင့်သူ့ဇနီးတို့ထံမှ ချီးကျူးစကားများကို ကြားရပြီးနောက်မှာ ဟန်လိသည် ရှိုးတိုးရှန့်တန့် ဖြစ်ကာ ရယ်မောမိသည်။ သို့သော် သူ ကာကွယ်ပေးရမည့်သူအကြောင်း ကြားသည့်အခါ သူ့အမူအရာက သာမန်သာ ဖြစ်သော်လည်း သူ့စိတ်ထဲကမူ အထွန့်တက်မိသည်။
“သာမန်သေမျိုးတစ်ယောက်က ဘာအန္တရာယ်များ ကြုံရလို့လဲ။ သူ့ကို စောင့်ရှောက်ဖို့အတွက်ဆို ချီစုဆောင်းခြင်းတပည့်တစ်ယောက်ဆို လုံလောက်တာထက် ပိုနေပြီ။ ဘာကြောင့်များ သူတို့က အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်ကို သွားစေချင်တာလဲ…”
လီဟွာယွမ်သည် ဟန်လိ၏ စိတ်အတွေးကို ခန့်မှန်းမိပုံ ပေါ်သည်။ ထို့ကြောင့် သူက ရှင်းပြပေးလာသည်။
“ငါ ကာကွယ်ပေးချင်တဲ့သူဟာ ငါ့အသက်ကို တစ်ကြိမ် ကယ်ခဲ့ဖူးတဲ့ ငါ့ရဲ့ စီနီယာအစ်ကိုရဲ့ မျိုးဆက်ပဲ။ ဒါပေမဲ့ သူ့သားဟာ စိတ်ဝိညာဉ်ရင်းမြစ် မပိုင်ဆိုင်ထားတဲ့အတွက် သေမျိုးတစ်ယောက်သာ ဖြစ်တယ်။ မကျင့်ကြံနိုင်ဘူး။ သူဟာ သေမျိုးလောကမှာပဲ နေထိုင်ရတယ်။ ဒါ့ကြောင့် သူ မသေခင်မှာ ငါ အသက်ရှင်နေသရွေ့ သူ့မျိုးဆက်တွေကို စောင့်ရှောက်ပေးဖို့ ငါ့အနေနဲ့ ကတိပေးထားခဲ့တယ်။ ဒီမိသားစုကို ငါ လျှို့ဝှက် စောင့်ရှောက်ပေးခဲ့တာ နှစ်ရာချီလောက် ရှိကောပေါ့။ ငါ့အနေနဲ့ သူတို့ကို ချမ်းသာကြွယ်ဝအောင်လုပ်ပေးခဲ့၊ အန္တရာယ်တွေ ဖယ်ရှားပေးခဲ့တယ်…”
လီဟွာယွမ်သည် စကားပြောနေတာကို ရပ်သည်။ သူသည် အတိတ်တုန်းက ကိစ္စများကို ပြန်တွေးမိသွားသည် ထင်ရ၏။ သို့သော် တအောင့်အကြာတွင် သူ့အမူအရာကို ပြန်ထိန်းကာ ဆက်ပြောသည်။
“ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာ မိစ္ဆာတာအိုခြောက်ဂိုဏ်းဟာ ငါတို့ဂိုဏ်းခုနစ်ဂိုဏ်းက သူတွေ လျှို့ဝှက် ထောက်ပံ့ပေးနေတဲ့ သေမျိုးလောကက လူတချို့ကို ရှင်းဖို့ အဆင့်နိမ့်တပည့်အချို့ကို စေလွှတ်ခဲ့တာကို ငါ သတိပြုမိခဲ့တယ်။ သူတို့က ငါတို့ ဂိုဏ်းခုနစ်ဂိုဏ်းဆီ သေမျိုးလောကရဲ့ အခြေခံသတ္တုအမယ်တွေ ထောက်ပံ့ပေးမှုတွေကို ထိခိုက်စေချင်တာ။ အဲ့မိသားစုနဲ့ ငါ့ကြား ပတ်သတ်မှုကြောင့် သူတို့ကိုလည်း မိစ္ဆာတာအိုဂိုဏ်းရဲ့ ကျင့်ကြံသူတွေ ရှင်းပစ်ဖို့ များတယ်။ ဒါ့ကြောင့်လည်း ငါက မုန်တိုင်းတိုက်ခတ်လာတဲ့အချိန် အဲ့မိသားစုကို ဘေးကင်းအောင် လုပ်ပေးရမယ့် တာဝန်ရှိနေတယ်။ တကယ်တော့ မိစ္ဆာဂိုဏ်းကသူတွေက သူတို့ကို ဘာပြဿနာမှ စမရှာရင်တော့ ပိုကောင်းတာပေါ့…”
ထိုစကားများကို ကြားရပြီးနောက် ဟန်လိသည် တလေးတစား ခေါင်းညိတ်ကာ သူ သဘောပေါက်ကြောင်း ပြသသည်။
ကောင်းပြီ၊ ခုလက်ရှီ မိသားစုခေါင်းဆောင်ဆီ မင်း ဘယ်သူဘယ်ဝါနဲ့ အခြေအနေတွေအကြောင်း စာတစ်စောင် ရေးပေးလိုက်မယ်။ ငါနဲ့ ပြီးတဲ့ သိုင်းဘိုးဘေးတို့ကြား ကိစ္စကို သိတဲ့သူဆိုလို သူ တစ်ယောက်ပဲ ရှိတာ။ ဒီခရီးစဉ်အတွင်း ငါ့အနေနဲ့ မင်းဟာ တာဝန်တစ်ခု သွားရောက်ထမ်းဆောင်တာလို့ တခြားသူတွေကို ပြောထားလိုက်မယ်။ အပြစ်ပေးခံရမှာကိုလည်း မင်း ပူစရာ မလိုဘူး။ ဒါ့အပြင် ဒီကျောက်စိမ်းပြားထဲမှာ အဲ့မိသားစုရဲ့ ဂိုဏ်းအကြောင်း အသေးစိတ်အချက်အလက်တွေ ပါတယ်။ ဒါကို မင်းနဲ့အတူ ယူသွားလိုက်ပါ…။ နှောင့်နှေးသွားရင် အခြေအနေတွေက ပြောင်းလဲသွားနိုင်တာကြောင့် မင်း မနက်ဖြန် မနက်ကြရင် ထွက်သွားတော့…”
လီဟွာယွမ်သည် ထိုအမိန့်များကို ပေးလာသည်။
“အမိန့်အတိုင်းပါ…” ဟန်လိသည် ဦးညွှတ်ကာ ပြန်ဖြေသည်။
……
ဟန်လိသည် နတ်လေလှေပေါ်တွင် ထိုင်နေလျက် မြေပြင်အထက် ပေများစွာအကွာကနေ မြန်နှုန်းပြည့်ဖြင့် ပျံသန်းနေသည်။ ခုလက်ရှိ သူ၏ ပန်းတိုင်မှာ သူတာဝန်ထမ်းဆောင်ရမည့် ယွဲ့ဒေသ၏ မြို့တော်၊ ယွဲ့ကျင်းသို့ မဟုတ်ပေ။ သူသည် ယွမ်ဝူဒေသထံ ဦးတည်ကာ ပျံသန်းနေတာ ဖြစ်သည်။
သည်တာဝန်၏ လွတ်လပ်မှုကို အခွင့်ကောင်းယူကာ ဟန်လိသည် ချီယွမ်ရှောင်းနှင့်သူ တွေ့ရန် ချိန်းထားသော နေရာထံ အလျင်စလို သွားနေသည်။ ထို့အပြင် သူသည် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပြန်ပြုပြင်ပေးနိုင်မည့် အစီအရင်ဆရာသခင်ကိုပါ တွေ့ချင်သေးသည်။
ဂိုဏ်းခုနစ်ဂိုဏ်းသည် စစ်ပွဲအတွင်း ကြီးကြီးမားမား အရေးနိမ့်သွားခဲ့ပါက ထိုအစီအရင်သည် သူ လွတ်မြောက်ဖို့အတွက် နောက်ဆုံးဝှက်ဖဲတစ်ခု ဖြစ်လာနိုင်လိမ့်မည်။ မဟုတ်ပါက မိစ္ဆာဂိုဏ်းများ၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာ သူသည် အကောင်းဆုံး အသက်ရှင်နိုင်အောင် လုပ်နေရလိမ့်မည်။ ထိုအခြေအနေ၌ သူ၏ ကျင့်ကြံမှု တိုးတက်အောင် ကျင့်ကြံဖို့ အချိန်ဘယ်ရပါတော့မည်နည်း။
ဟန်လိသည် သည်ခရီးစဉ်၌ ဘာမတော်တဆမှ မဖြစ်လာနိုင်လောက်ဟု ထင်ထားသည်။ ရက်နှစ်ဆယ်လောက်သော အချိန်ကာလတစ်ခုက လီဟွာယွမ် သူ့ကို ပေးအပ်ထားသော တာဝန်ကို မထိခိုက်စေဘဲ သူ့ကိစ္စကိုယ်သူ လုပ်ဆောင်ရန် လိုအပ်တာထက် ပိုနေသည်။ ထို့ကြောင့် သူက စိတ်အေးလက်အေးဖြင့် ရှေ့သို့ ဆက်ပျံသန်းလာခဲ့သည်။
ချီယွမ်ရှောင်းနှင့် ဟန်လိတို့ တွေ့ဖို့ ချိန်းထားခဲ့သော နေရာသည် ယွမ်ဝူဒေသရှိ မြို့ငယ်တစ်ခုမှ လဘ္ဘက်ရည်ဆိုင်တစ်ခုတွင်ပင်။
ချီယွမ်ရှောင်း ပြောခဲ့ပုံအရ ယင်းလဘ္ဘက်ရည်ဆိုင်ကို သူ၏ ငယ်သားများထဲမှ တစ်ယောက်က ဖွင့်လှစ်ထားတာ ဖြစ်သည်။ ထို့ကြောင့် ဟန်လိက သည်တည်နေရာကို ရှာနိုင်သည်နှင့် ချီယွမ်ရှောင်းဖြင့် လွယ်လင့်တကူ ဆက်သွယ်နိုင်လိမ့်မည်။
ဟန်လိသည် တလမ်းလုံး လျှပ်စီးတန်းအလား မြန်ဆန်စွာ သွားနေသည်။ သူသည် တခြားကျင့်ကြံသူအချို့နှင့် တွေ့လျှင်လည်း သူ့လမ်းကိုယ်သူသာ ဆက်သွားပြီး ထိုသူများကို အာရုံမစိုက်ခဲ့ပေ။ ခုနစ်ရက်၊ ရှစ်ရက်လောက် ပျံသန်းလာခဲ့ပြီးနောက်မှာ နောက်ဆုံး၌ ဟန်လိသည် ရွှေမြင်းမြို့ဟု အမည်ရသော မြို့ငယ်တစ်ခုကို ရောက်လာခဲ့ပေပြီ။
ရုတ်ရုတ်သဲသဲ မဖြစ်စေလို၍ ဟန်လိသည် သူ၏ မှော်ပစ္စည်းကို မြို့နှင့် ကီလိုမီတာအနည်းငယ် အကွာတွင် သိမ်းဆည်းကာ မြေပေါ်သို့ သက်ဆင်းသည်။
သည်မြို့က သိပ်မကြီးသော်လည်း မြို့တံခါးအပြင်ဘက်တွင်မူ လူများ ဥဒဟိုသွားလာနေကြသည်။
ဟန်လိ၏ သွင်ပြင်က ရိုးရှင်းသည်။ သူသည် ကျောင်းတော်သားဝတ်စုံကို လဲဝတ်ထားသည်။ မြို့ထဲရှိ လူများထဲ ရောနှောဝင်လာသည့်အခါ သူသည် ထွေထွေထူးထူး အာရုံစိုက်စရာ ဖြစ်မနေဘဲ သူလိုငါလိုသာ။ သည်လိုဖြင့် သူသည် မြို့ထဲသို့ ဝင်လာခဲ့တော့၏။
ထိုလဘ္ဘက်ရည်ဆိုင်၏ ဂုဏ်သတင်းမှာ မထင်မရှား မဟုတ်ပေ။ ဟန်လိသည် ကြည်သာနွေဦးလဘ္ဘက်ရည်ဆိုင်၏ နေရာကို ကလေးတစ်ယောက်အား လွယ်လင့်တကူ မေးကာ ၎င်းနေရာထံ ဦးတည်၍ လျှောက်လာခဲ့တော့သည်။
သူ ကြည်သာနွေဦးလဘ္ဘက်ရည်ဆိုင်ရှေ့တွင် ရပ်နေသည့်အခါ စိတ်ဝင်တစား ဖြစ်မိသွားသည်။