သင်းရနံ့မွှေးမွှေး လဘ္ဘက်ရည်
Vol. 20 Ch. 275
ထိုလဘ္ဘက်ရည်ဆိုင်သည် ကြီးမားလှခြင်း မရှိပေ။ အထပ်သုံးထပ်ပါသော အဆောက်အဦတစ်ခုသာ။ ဆိုင်ထဲ မဝင်ခင်မှာပင် ဟန်လိသည် လဘ္ဘက်ရည် သင်းရနံ့ကို ရနေလေပြီ။
သူ အံ့အားသင့်သွား၏။ သူက လဘ္ဘက်ရည်များအကြောင်း ကောင်းကောင်း နားမလည်သော်ငြားလည်း သည်သင်းရနံ့ထဲတွင်မူ စိတ်ဝိညာဉ်ချီ အငွေ့အသက်ကို ခံစားမိသည်။
သူ့စိတ်ထဲ လန်းသွား၏။ သူက ဆက်၍ နှေးဖင့်မနေတော့ဘဲ အထဲသို့ ဝင်လာသည်။
ဆိုင်ထဲတွင် အခန်းကြီးတစ်ခန်းနှင့် အခန်းငယ်တစ်ခု ဖွဲ့ထားသည်။ ခုချိန်၌ ဧည့်သည်သုံးလေးယောက် တစ်စုစီဖြင့် ပြည့်နေသည်။ ဆိုင်ထဲတွင် ထိုင်ခုံအလွတ် ရှိမနေပေ။ စားပွဲထိုး ခုနစ်ယောက်လောက်က ဘေးမှာ အေးအေးဆေးဆေး ရပ်နေသည်။
ဆိုင်ထဲတွင် ဧည့်သည်များသော်လည်း ဆူညံမနေပေ။
အများစုက မျက်လုံးစင်း၍ သူတို့ရှေ့ရှိ ရနံ့သင်းသော လဘ္ဘက်ရည်ကိုသာ ဇိမ်ခံကာ သောက်နေသည်။ စကားတိုးတိုး ပြောနေသော လူအချို့တော့ ရှိသည်။
အလယ်ရှိ အကြီးဆုံးအခန်း၏ နံရံထက်မှာ တစ်မီတာမျှ ရှည်လျားသေ အဝါရောင်စက္ကူဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။ ၎င်းပေါ်၌ ‘ဧည့်သည်တိုင်းသည် တနေ့မှာ လဘ္ဘက်ရည်အိုးတစ်အိုးသာ အကန့်အသတ်ဖြင့် ရမည်’ ဟူသော စာသားကို ရေးထား၏။
၎င်းကို မြင်သည့်အခါ ဟန်လိသည် ရယ်ချင်မိသွားသည်။ အစားအသောက်ကို ထိုကဲ့သို့ ကန့်သတ်ထားသည့် ဆိုင်မျိုးကို ခုမှ ဟန်လိ ပထမဆုံး မြင်ဖူးတာ ဖြစ်၏။
သို့ပေမည့် သူသည် ရယ်ရုံသာရယ်ပြီး ဒီအကြောင်းကို ဒုက္ခခံ ဆက်မတွေးနေတော့ပါ။ ထိုအစား သူက အခန်းအနှံ့ ဝေ့ဝိုက်ကြည့်ရှုသည်။ သူသည် ဆိုင်ရှင်ပုံစံ ရှီသော လူတစ်ယောက်က အခန်းထောင့်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေတာကို လှမ်းမြင်သည်။
သူက အသက်ငါးဆယ်ဝန်းကျင်လောက် ရှိကာ ဆံပင်ဖြူများ ကျိုးတဲကျဲတဲ ပေါက်နေသည်။
သူက ကောင်တာရှေ့တွင် ရပ်က ခေါင်းငုံ့၍ ပေသီးခေါက်နေသည်။
ထိုစဉ် ဟန်လိက သူ့ထံ လှမ်းသွားပြီး ကောင်တာစားပွဲရှေ့မှာ ရပ်သည်။ ဆိုင်ရှင်က နည်းနည်းတော့ အံ့အားသင့်သွား၏။ သူက ဟန်လိကို သေချာမြင်သည့်အခါ သူ့အမူအရာသည် ချက်ခြင်း ပြောင်းလဲသွားသည်။
သူက တလေးတစား မေး၏။ “ဒီဂျူနီယာက စီနီယာ့ကို ဘာများ ကူညီပေးရမှာလဲ။ ကျနော် စွမ်းဆောင်ပေးပါ့မယ်…”
ဆိုင်ရှင်သည် မထင်မှတ်စွာဖြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။ သို့သော် သူ၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်လွန်းကာ ချီစုဆောင်းခြင်းအဆင့်လေးတွင်သာ ရှိသည်။
သူက ကျင့်ကြံမှုအဆင့် မှန်းမရသော စီနီယာတစ်ယောက်ကို ရင်ဆိုင်ရသည့်အခါ သူ့စိတ်ထဲ ဂနာမငြိမ် ဖြစ်ရ၏။
ဟန်လိက ထွေထွေထူးထူး ပြောမနေတော့၊ သူ့အိတ်ကပ်ထဲမှ မိုးပြာကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ကာ ကောင်တာစားပွဲပေါ် တင်သည်။
ဆိုင်ရှင်က ၎င်းကို မြင်သည့်အခါ သေချာ စိုက်ကြည့်သည်။ သို့သော် သိပ်မကြာခင်မှာ သူက ကျေနပ်အံ့အားသင့်ဟန်ဖြင့် ပြောသည်။ “ဒီတော့ စီနီယာဟန်ပေါ့။ သခင်လေးချီဟာ စီနီယာ ရောက်လာဖို့ နီးလာပြီလို့ ပြောထားခဲ့ပါတယ်။ ဂျူနီယာ စောင့်နေခဲ့တာ အတော်ကြာပါပြီ…”
ဟန်လိက သည်စကားကို ကြားသည့်အခါ၌ ကျောက်စိမ်းဆွဲသီးကို ပြန်သိမ်းပြီး အေးအေးဆေးဆေး ပြောသည်။ “ကျုပ်က မင်းတို့ဂိုဏ်းရဲ့ သခင်လေးနဲ့ တွေ့ချင်တယ်။ ဒါ့ကြောင့် ကျေးဇူးပြုပြီး လမ်းပြပါ…”
“အမိန့်အတိုင်းပါ…စီနီယာ…”
သူက ဆိုင်ရှိ စားပွဲထိုးထဲမှ နှစ်ယောက်ကို အရင်ဆုံး လှမ်းခေါ်သည်။ သူတို့ကို စကားတချို့ ပြောသည်။ ယင်းနောက်မှာ သူက ဟန်လိကို အနောက်ဘက်ရှိ တံခါးကနေ ခေါ်လာပြီး မြို့ထဲကနေ ထွက်ခွာကာ အနောက်ဘက်သို့ ဦးတည်သည်။ ရွှေမြင်းမြို့၏ အနောက်ဘက်ခြမ်းတွင် စိမ်းဝါရောင် တောင်ကုန်းများစွာ ရှိသည်။ ဆိုင်ရှင်က ဟန်လိကို တောင်ကုန်းများကို ကွေ့ကာဝိုက်ကာ ဖြတ်၍ ခေါ်လာသည်။ ထို့နောက်တွင် သူတို့သည် ဆယ့်ငါးဧကလောက် ကျယ်ဝန်းသော ချိုင့်ဝှမ်းတစ်ခုဆီ ရောက်လာသည်။
ထိုချိုင့်ဝှမ်း၏ အလယ်၌ အဖြူရောင်ကျောက်သားအဆောက်အဦငယ် ရှစ်ခုလောက် ရှိနေသည်။ ဝါးတော တစ်ခုလည်း ရှိသည်။
ဆိုင်ရှင်က ဟန်လိကို သည်နေရာသို့ ခေါ်လာပြီးနောက်မှာ ဦးညွှတ်၍ ပြောသည်။ “စီနီယာ…သခင်လေးဟာ ဒီအဆောက်အဦတွေထဲမှာ ရှိပါတယ်။ ဒါပေမဲ့ ဒီအဆောက်အဦတွေကို အစီအရင်မန္တာန်တချို့နဲ့ ခြုံလွှမ်းထားတယ်။ ဒါ့ကြောင့် အပြင်လူ ခေါ်မလာခင်မှာ ကျနော်က သခင်လေးရှိ အရင်ဆုံး သွားသတင်းပို့ ရပါတယ်။ ဒါပေမဲ့ သခင်လေးဟာ စီနီယာအကြောင်း ပြောထားတော့ စီနီယာက ကျနော်နဲ့ နီးနီးကပ်ကပ် လိုက်လာရင် အခုပဲ ဝင်နိုင်ပါပြီ။ မဟုတ်ရင် စီနီယာက အစီအရင်မန္တာန်တွေကို အသက်ဝင်မိသွားစေလိမ့်မယ်…”
ဟန်လိသည် သည်ချို့ဝှမ်းနှင့် အစီအစဉ်မကျ ရှိနေသော ဝါးတောအုပ်ကို ကြည့်ကာ ပြောသည်။ “ငါ နားလည်ပြီ။ ခုချက်ခြင်းပဲ လမ်းပြတော့…”
ဆိုင်ရှင်က ဟန်လိ၏ စကားကို ကြားသည့်အခါ သူက အသက်ဝဝရှုထုတ်၍ ဟန်လိကို အဆောက်အဦငယ်များထံ ဂရုတစိုက် ခေါ်လာသည်။
သူ့လျှောက်လာသော လမ်းကြောင်းက တမူထူးသည်။ သူသည် ရှေ့ခြေသုံးလှမ်းလှမ်းပြီး နောက်ကို ခြေနှစ်လှမ်း ပြန်ဆုတ်သည်။ ထို့နောက်တွင် ငါးလှမ်းလှမ်းကာ ကွေ့၍ ခြောက်လှမ်းဆက်လှမ်းသည်။ ခြေလှမ်းတာ အတော်လေး ဗရမ်းဗတာ နိုင်လှသည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် ချိုင့်ဝှမ်းအလယ်ရှိ အဆောက်အဦငယ်များထံ တဖြည်းဖြည်း ချဉ်းကပ်လာတော့သည်။
“သခင်လေး…စီနီယာဟန် ရောက်လာပြီ။ ကျေးဇူးပြုပြီး သခင်လေး ကိုယ်တိုင် ထွက်လာတွေ့ပေးပါ…”
“စီနီယာအစ်ကိုဟန် ရောက်လာပြီလား။ သိပ်ကောင်းတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါအုံး။ ကျနော် ခုချက်ခြင်း ထွက်လာပါ့မယ်…”
အခန်းတွင်းမှ ချီယွမ်ရှောင်း၏ ကျေနပ်အံ့ဩသောအသံ ထွက်ပေါ်လာသည်။ သို့သော် တအောင့်အကြာမှာ ဘန်းခနဲ မည်သံကို ကြားရပြီး ချီယွမ်ရှောင်း၏ ခါးသီးစွာ ဆဲရေးသံကို ကြားလိုက်ရတော့သည်။
“ချီးပဲကွာ…နောက်တစ်ခါ ကျရှုံးပြန်ပြီ…”
ကျောက်တံခါး ပွင့်လာပြီး ချီယွမ်ရှောင်းသည် စိတ်ပျက်လက်ပျက်ဟန်ဖြင့် ထွက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် မီးလောင်နံ့တို့ပါ ကပ်ပါလာသည်။
သို့ပေမည့် ဟန်လိကို မြင်ပြီးနောက် သူ့မျက်နှာက ဝင်းပသွားပြီး စိတ်လှုပ်တရှားဖြင့် ပြောသည်။ “တကယ်ပဲ စီနီယာကို၊ ဝမ်းသာစရာပဲ။ ကျေးဇူးပြုပြီး ကျနော့်နောက် လိုက်လာခဲ့ပေးပါ။ အိမ်ရှင်တစ်ယောက်ရဲ့ တာဝန်ကျေပွန်မှုကို ကျနော်က ပြသပေးပါ့မယ်။ ဒီမှာ ထိပ်တန်းလဘ္ဘက်ရည်တချို့ ရှိတယ်။ တခွက်နှစ်ခွက်လောက် မြည်းစမ်းကြည့်ကြစို့…”
ချီယွမ်ရှောင်းသည် ဟန်လိကို သူ့အိမ်ထဲ ဖိတ်ခေါ်သည်။ သူ့ပြောပုံဆိုပုံက လွန်ခဲ့သော နှစ်များက ဟန်လိ မြင်ခဲ့ဖူးတာထက် ပို၍ အတွေ့အကြုံ ကြွယ်ဝလာခဲ့ပေပြီ။
“ဒီတော့ ကျုပ်က မင်းကို ကျေးဇူးတင်ရမှာပေါ့…” ဟန်လိသည် သူ့ထံ၌ အကူအညီတောင်းစရာတစ်ခု ရှိနေသည်ဖြစ်ရာ ယဉ်ယဉ်ကျေးကျေး ပြောသည်။
ထို့နောက်တွင် သူသည် အိမ်ထဲ ဝင်လာပြီး သုံးမီတာလောက် ရှည့်သည့် စားပွဲတစ်ခုနားမှာ ထိုင်သည်။
“ စီနီယာ…ဟိုဟာ…” ချီယွမ်ရှောင်းသည် ဆိုင်ရှင်ကို လဘ္ဘက်ရည်တစ်အိုး သွားပြင်ရန် အမိန့်ပေးပြီးသည်နှင့် ဟန်လိကို တစ်ခုခုမေးချင်ဟန်ဖြင့် ခေါင်းလှည့်လာသည်။
ပြုံး၍ ဟန်လိသည် စာအုပ်တစ်အုပ်ကို ထုတ်ကာ စားပွဲပေါ်တင်ပေးသည်။ ၎င်းစာအုပ်၏ ငွေရောင်တောက်ပမှုက ရှိနေဆဲ ဖြစ်ကာ ချိပ်ပိတ်မှု ခုထိ မထိမခိုက် ရှိနေကြောင်းကို ပြသသည်။
ချီယွမ်ရှောင်းက သည်စာအုပ်ကို မြင်သည့်အခါ စိတ်လှုပ်ရှားသွားသည်။ သို့သော် သူက ၎င်းကို လက်လှမ်းယူမည်ဟု စဉ်းစားချိန်တွင် ရုတ်တရက် တစုံတစ်ခုကို သတိရသွားကာ ပြောသည်။ “စီနီယာ…ကျေးဇူးပြုပြီး ခဏ စောင့်ပေးပါအုံး…”
သူ ခပ်သွက်သွက် ထသွားသည်။
ဟန်လိက ပြုံးသည်။ ချီယွမ်ရှောင်း ထသွားသည့် အကြောင်းရင်းကို သူ ခန့်မှန်းမိပြီး ဖြစ်သည်။
သိပ်မကြာခင်မှာ ချီယွမ်ရှောင်းသည် အခန်းထဲကနေ သစ်သားသေတ္တာငယ်တစ်ခုနှင့်အတူ ပြန်ရောက်ချလာသည်။
“စီနီယာ…ဒါကတော့ ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ကို တိုးတက်အောင် လုပ်ပေးဖို့အတွက် အစီအရင်တည်ဆောက်တဲ့ မှော်ပစ္စည်းတစ်စုံပါ။ ဒါက ကျနော် ခန့်မှန်းခဲ့သလိုမျိုး မူလအစီအရင်ရဲ့ စွမ်းအားလောက် မမြင့်မားပေမယ့် အတိတ်တုန်းက ကျနော် ခင်ဗျားကို ပေးခဲ့တဲ့ အစီအရင်ထက်တော့ သုံးဆလောက် ပိုအားကောင်းပါတယ်…”
ချီယွမ်ရှောင်းသည် တောင်းပန်သည့်လေသံဖြင့် ပြောသည်။ သူသည် သဘောတူထားခဲ့သည့်အတိုင်း ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်၏ ခွန်အားကို တိုးတက်အောင် မလုပ်ပေးနိုင်သည့်အပေါ် ပူပန်နေပုံ ရသည်။
“သုံးဆလား…” ဟန်လိ၏ အမူအရာ ပြောင်းလဲသွားသည်။ သူ့စိတ်ထဲ၌ လွန်စွာ အံ့အားသင့်သွား၏။
မူလဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်၏ ဆယ်ပုံတစ်ပုံခွန်အားကို ပိုင်ဆိုင်ထားခြင်းကပင် ဟန်လိကို စိတ်ကျေနပ်စေခဲ့ပြီး ဖြစ်ကာ များစွာ ထပ်တိုးတက်ရန် မလိုတော့ဟု ထင်ထားခဲ့သည်။ လိုင်ဝမ်ဟဲကဲ့သို့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်သည်ပင် သူ၏ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ကို ရင်ဆိုင်ဖို့ ခက်မည်ဟု ခံစားခဲ့ဖူးသည်။ သူသာ ထိုအစီအရင်၏ ခွန်အားကို အရင်ထက် သုံးဆထိ တိုးတက်အောင် လုပ်နိုင်ခဲ့လျှင် ၎င်းသည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများကိုပါ ခုခံနိုင်လောက်မည်။
ထိုသို့တွေးမိကာ ဟန်လိသည် သစ်သားသေတ္တာငယ်၏ အထဲသို့ ကြည့်ချင်စိတ် မဖြစ်မိဘဲ မနေနိုင် ဖြစ်ရလေသည်။ ထိုစဉ်အတွင်း ချီယွမ်ရှောင်းက ငွေရောင်စာအုပ်ကို လှမ်းယူကာ သေချာကြည့်ရှုသည်။
ဟန်လိက သေတ္တာကို ဖွင့်လှစ်ချိန်တွင် သူသည် အစီအရင်အလံနှင့် သတ္တုပြား အစုံလိုက်ကို မြင်ရသည်။ ယင်းတို့တွင် ဖိနှိပ်နိုင်သော စိတ်ဝိညာဉ်ချီတို့ ပါဝင်နေချေသည်။
ဟန်လိသည် ၎င်းတို့ကို သေချာထုတ်ကြည့်သည်။ ထိုမှော်ပစ္စည်းတစ်စုံသည် အရင်တုန်းက သူ ရခဲ့သော တစ်စုံထက် အစီအရင်အလံများ၊ သတ္တုပြားများတွင် ပိုများပြားလေသည်။ ၎င်းတို့ပေါ်ရှိ ရေးသားထားသော စာလုံးပုံစံများ၊ ချိပ်ဟန်များသည်လည်း ပို၍ ရှုပ်ထွေးတာ သိသာသည်။ ချီယွမ်ရှောင်းပြောတာ မမှားနိုင်လောက်ပေ။ ၎င်း၏ စွမ်းပကားက အရင်တစ်ခုထက် များစွာ ပိုသာလိမ့်မည်။
ဟန်လိက ကျေကျေနပ်နပ်ကြီးဖြင့် သည်အစီအရင်အမယ်ပစ္စည်းများကို သိမ်းဆည်းကာ ချီယွမ်ရှောင်းထံ လှမ်းကြည့်သည်။
ဤအခိုက်၌ ချီယွမ်ရှောင်းမှာလည်း သူ၏ အတွေ့အကြုံများ ရေးသားထားသော စာအုပ်ကို ကိုင်ကာ ပြုံးနေသည်။ သည်စာအုပ်ကို ချိပ်ပိတ်ထားမှုကို ခုထိ မဖွင့်ရသေး၊ စာအုပ်ထဲရှိ အကြောင်းအရာများကို မည်သူကမျှ ဖွင့်မကြည့်ရသေးမှန်း ချီယွမ်ရှောင်းက သေချာ သိလိုက်ပြီ။
“ဒီမှော်ပစ္စည်းတစ်စုံအတွက် ကျုပ် သိပ်ကျေနပ်တယ်။ ကျုပ်တော့ ခင်ဗျားကို ဒုက္ခပေးမိပြီ…တာအိုရောင်းရင်း…”
ဟန်လိက ပေါ့ပေါးပါးပါး ပြုံး၍ ပြောသည်။
“စီနီယာရဲ့ စကားတွေက ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်ကသာ စီနီယာ ဒီစာအုပ်ကို မထိမခိုက် ပြန်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာပါ။ ဒီဂျူနီယာက ခင်ဗျားကို ကျေးဇူးအများကြီး တင်ပါတယ်…”
ချီယွမ်ရှောင်းက ထိုသို့ ပြန်ပြောသည်။
ဟန်လိသည် ပြုံးသည်။ ထို့နောက်တွင် သူနှင့် ချီယွမ်ရှောင်းတို့က စကားစမြည် နည်းနည်းပါးပါး ပြောနေကြသည်။ ခဏအကြာမှာ ဆိုင်ရှင်သည် ကျောက်စိမ်းခွက်နှစ်ခွက်ထဲ လဘ္ဘက်ရည်ထည့်ကာ ယူလာပေးသည်။
သည်လဘ္ဘက်ရည်၏ ရနံ့က ကြည်သာနွေဦးဆိုင်ကထက် များစွာ ပိုမွှေးပျံ့၏။ ပို၍ အဆင့်မြင့်သော လဘ္ဘက်အရွက်များကို အသုံးပြုထားတာ သိသာပြီး စီးစီးပိုးပိုးရှိသော စိတ်ဝိညာဉ်ချီကိုလည်း အနည်းအကျဉ်း ထုတ်လွှတ်နေသေးသည်။
ချီယွမ်ရှောင်း၏ စိတ်လိုလက်ရ ဖိတ်ခေါ်မှုအောက်မှာ ဟန်လိက နှစ်ငုံလောက် သောက်ကြည့်သည်။ ချက်ခြင်းပင် သူ့အာဂတွင်း လန်းဆန်းကာ သူ့စိတ်လည်း ကြည်သွားသည်ဟု ဟန်လိ ခံစားမိသည်။ သူသည် ဒီလဘ္ဘက်ရည်ကို မချီးကျူးမိဘဲ မနေနိုင် ဖြစ်ရသည်။ “တကယ်ကိုပါပဲ။ ဒီလောက်ကောင်းတဲ့ လဘ္ဘက်ရည်ကို တာအိုရောင်းရင်းကိုယ်တိုင် ဖန်တီးထားခဲ့တာလို့ ကျုပ် ထင်တယ်။ ကျုပ် တကယ့်ကိုပဲ အထင်ကြီးမိပါတယ်..”
ဟန်လိသည် ထိုစကားများကို ပြော၏။ သူသည် အမှန်တကယ် ရိုးရိုးသားသား ပြောလိုက်တာပင်။ စိတ်ဝိညာဉ်ချီကို လဘ္ဘက်ရည်အရွက်များနှင့် ပေါင်းစပ်ဖော်စပ်ခြင်းကို ဟန်လိသည် တစ်ခါမျှ မကြားခဲ့ဖူးပေ။ ထို့အပြင် သည်လဘ္ဘက်ရည်၏ ရနံ့သည် သေမျိုးလောကရှိ ထိပ်တန်းလဘ္ဘက်ရည်အားလုံးထက် အပြတ်အသတ်ကို ကောင်းမွန်လွန်းသည်။
ချီယွမ်ရှောင်းသည် ဟန်လိ၏ စကားများကို ကြားသည့်အခါ သူက အရှက်ရဟန် ဖြစ်ပေါ်သွားပြီး အလျင်အမြန် ရှင်းပြသည်။ “စီနီယာ…နားလည်မှု လွဲနေတာပါ။ ဒီလဘ္ဘက်ရည်ကို ဂျူနီယာတီထွင်ခဲ့တာ မဟုတ်ပါဘူး။ ကျုပ်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းက လက်ဆောင်ပေးခဲ့တာပါ။ ဒီလဘ္ဘက်ရည်ကို ဖျော်ရာမှာ အသုံးပြုတဲ့ လဘ္ဘက်ရွက်တွေကတော့ ကျုပ်သူငယ်ချင်း သေမျိုးလောကမှာ ဆယ်နှစ်နီးပါး သုတေသန လုပ်ခဲ့တာရဲ့ ရလဒ်ပါပဲ…”