လှုပ်ရှားပေးခြင်း
Vol. 20 Ch. 276
“မိတ်ဆွေဟုတ်လား။ သူ့ကို ကယ်ဖို့အတွက် တာအိုရောင်းရင်းအနေနဲ့ စိတ်ဝိညာဉ်ဆေးပင် လိုချင်ခဲ့တဲ့ တစ်ယောက်များလား…”
ဟန်လိသည် ထိုသို့ ပေါ့ပေါးပါးပါး မေးသည်။ သို့သော် စိတ်ထဲတွင်တော့ သူ ပျော်သွား၏။ သူသည် ချီယွမ်ရှောင်း၏ မိတ်ဆွေအကြောင်း စကားလမ်းကြောင်း မရောက်သွားမှာကို ပူပန်နေခဲ့တာ မဟုတ်လား။ အခုသည် သည်အခွင့်အရေးက သူ့ဟာသူ ရောက်လာခဲ့ပေပြီ။
ချီယွမ်ရှောင်းသည် ဟန်လိက ထိုမေးခွန်းကို မေးသည့်အခါ မင်သက်သွား၏။ သူက ချီတုံချတုံ ဖြစ်နေသေးသည်။ သို့သော် တအောင့်အကြာတွင် သူသည် တစုံတစ်ခုကို တွေးမိကာ သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီး ခေါင်းညိတ်ကာ ပြောသည်။
“စီနီယာပြောတာ မှန်ပါတယ်။ ဒီစိတ်ဝိညာဉ်လဘ္ဘက်ရည်ဟာ ကျုပ်ရဲ့ မိတ်ဆွေ ဖန်တီးထားခဲ့တာ။ အရင်တုန်းက စီနီယာစီက ရခဲ့တဲ့ ဆေးပင်ကြောင့် ကျုပ် မိတ်ဆွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လို့ သူမရဲ့ အသက်ကို ကယ်ပေးနိုင်ခဲ့ပေမယ့် သူမရဲ့ ဒဏ်ရာပြန်ကောင်းနှုန်းဟာ အလွန်နှေးလှတယ်။ ဒါ့ကြောင့် ဂျူနီယာက အရှက်မရှိနဲ့ စီနီယာဆီမှာ နောက်ထပ် နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဆေးပင် ရှိနိုင်အုံးမလားလို့ မေးကြည့်ချင်ပါတယ်။ နှစ်တစ်ထောင်သက်တမ်း မရှိဘူးဆိုရင်တောင် နှစ်ခုနစ်ရာ၊ရှစ်ရာလောက်ဆိုလည်း အဆင်ပြေပါတယ်။ ကျုပ် မိတ်ဆွေကို အပြည့်အဝ ပြန်ကောင်းအောင် လုပ်ပေးချင်လို့ပါ။ ကျနော်က အဲ့စိတ်ဝိညာဉ်ဆေးပင်အတွက် အစီအရင်အလံ မျိုးစုံကို ပေးမယ်လို့ ကတိပေးပါတယ်…”
ထိုသို့ ပြောပြပြီးနောက် ချီယွမ်ရှောင်း၏ မျက်နှာထက်တွင် မျှော်လင့်ချက်အပြည့် ဖြစ်ပေါ်နေပြီး ဟန်လိကို အာရုံစိုက်ကာ စိုက်ကြည့်နေသည်။
ဟန်လိက ချီယွမ်ရှောင်၏ စကားကို ကြားသည့်အခါ နည်းနည်းတော့ အံ့အားသင့်သွားသည်။ သို့သော် သိပ်မကြာခင် သူ စိတ်အေးသွားသည်။ တဖက်သူက သူ့ထံမှ တောင်းဆိုလာပြီ ဖြစ်ရာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ပြုပြင်ပေးရန် တဖက်သူအပေါ် သူ့တောင်းဆိုမှုမှာလည်း အောင်မြင်လိမ့်မည်သာ။
သို့သော် သူ့မျက်နှာထက်တွင်မူ ခက်ခဲဟန် အမူအရာဖြင့် ရှိနေသည်။ ချီယွမ်ရှောင်းက သူ့အပေါ် ကျေးဇူးတင်စိတ် ဖြစ်မိစေရန်ပင်။
ထိုအတွေးဖြင့် ဟန်လိသည် ခပ်တိုးတိုး ရေရွတ်နေသည်။ အတော်ကြာပြီးနောက်မှ သူက စိတ်မကောင်းဟန်ဖြင့် ပြောသည်။ “ကျုပ် လက်ထဲမှာ အဲ့လိုဆေးဝါးပင် တကယ်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခုကို ကျုပ်က ဆေးလုံးဖော်စပ်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာ။ ဒါက အမှန်တော့…”
ဟန်လိသည် သူ့စကားကို အဆုံးမသပ်သော်လည်း သူ့မျက်နှာထက်ရှိ ချီတုံချတုံဟန်ကြောင့် ချီယွမ်ရှောင်းသည် ဒီကိစ္စ၏ ခက်ခဲမှုအပေါ် စိတ်ကူးကြည့်ရန် လုံလောက်သွားခဲ့ပေပြီ။
တကယ်တော့ ချီယွမ်ရှောင်းသည် ကျင့်ကြံသူတစ်ယောက်အတွက် ထိပ်တန်းမှော်ဆေးလုံးတစ်လုံး သန့်စင်ရမည့် အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်သည်။
သူသည် ဟန်လိထံမှ ဆေးပင်ရှိကြောင်း စစကြားချင်းတုန်းက ပျော်ရွှင်သွားလေ၏။ သို့သော် ဟန်လိ၏ နောက်ထပ် ပြောလာသော စကားများကို ကြားသည့်အခါတွင်မူ ဟန်လိက သူ့စကားကို ဆုံးအောင် မပြောသော်လည်း ဟန်လိဘက်က အခက်အခဲကို သူ သိလိုက်ပြီ။ သူက တောင်းပန်တိုးလျှိုးသောလေသံဖြင့် ချက်ခြင်း ပြောသည်။
“ဂျူနီယာဟာ စီနီယာရှိက စိတ်ဝိညာဉ်ဆေးပင်ကို အတင်းအကြပ် တောင်းဆိုမိသလို ဖြစ်သွားတာ သိပါတယ်။ ဒါပေမဲ့ ဂျူနီယာရဲ့မိတ်ဆွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီး ဝေဒနာ ခံစားနေရပါတယ်။ စီနီယာသာ ဒီဆေးပင်ကို ပေးမယ်လို့ ဆုံးဖြတ်ခဲ့ရင် ဂျူနီယာအနေနဲ့ သူ့ရဲ အစီအရင်တည်ဆောက်ခြင်းမှော်ပစ္စည်းအားလုံးထဲကနေ စီနီယာ့စိတ်ကြိုက် ရွေးယူခွင့် ပြုပေးပါ့မယ်။ စီနီယာ့အနေနဲ့ အကုန်ယူချင်တယ်ဆိုရင်တောင် ဂျူနီယာ ဘာမှ အထွန့်တက်မှာ မဟုတ်ပါဘူး…”
ဟန်လိသည် တဖက်သူ၏ စကားကို ကြားသည့်အခါ သူ့စိတ်မှာ အကြီးအကျယ် လှုပ်ရှားသွားရသည်။
သည်ချီယွမ်ရှောင်း၏ အစီအရင်တည်ဆောက်ခြင်းမှော်ပစ္စည်းများသည်ပင် ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်ကဲ့သို့ သာမန် မဟုတ်နေရာ သူ့မိတ်ဆွေထံမှ မှော်ပစ္စည်းများဆို ရှားပါးအဖိုးတန်မှာ သေချာသည်။ သူ့ထံ၌ နောက်ထပ် အစီအရင်မှော်ပစ္စည်းအစုံများ ပိုင်ဆိုင်ရလျှင် သူ၏ အကာအကွယ်များမှာ များစွာ တိုးတက်လာမှာ သေချာသည်။ အလွန်တရာ အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းရည် ရှိသည့် အစီအရင်များနှင့် အစီအရင်မန္တာန်များ ရလျှင် ပိုကောင်းသေးသည်။ သို့ဆိုပါက သူသာ ရန်သူများကို အစီအရင်များအတွင်း၌ အားကောင်းသော ရန်သူများကို ချုပ်နှောင်ထားခဲ့လျှင်ပင် သူ့အတွက် နောက်ထပ် ထိရောက်သော တိုက်ကွက်တစ်ခု ဖြစ်လာမည်သာ။
သို့ပေမည့် သည်ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ထိခိုက်ထားသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ပြုပြင်နိုင်ရန် အတွက်သာ။ သူသာ အစီအရင်တည်ဆောက်ဖို့ မှော်ပစ္စည်းတစ်ချို့ကို ယူခဲ့လျှင်ပင် သည်ကိစ္စကို ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။ သူ တောင်းဆိုတာ များသွားပါက တဖက်သူသည် သူ့အပေါ် လောဘကြီးလွန်းသည်ဟု ထင်သွားလိမ့်မည်။ ဟန်လိသည် ခုလက်ရှိ၌ ထိုနှစ်ယောက်က သူ့အပေါ် ရန်လိုမှာကို မလိုလားပေ။
ဟန်လိက သည်ကိစ္စကို စဉ်းစားနေပြီးနောက် တဖက်သူ၏ လဲလှယ်မှုကို ငြင်းဆန်ပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်နှင့် ပတ်သတ်သည်ကိုသာ လုပ်ခိုင်းမည်ဟု ကြံစည်သည်။ သို့သော် ထိုအချိန်၌ အပြင်ဘက်မှ မိန်းမပျိုတစ်ယောက်၏ အလျင်စလို အော်ဟစ်သံကို ကြားရလေ၏။
“သခင်လေးချီ။ မကောင်းတော့ဘူး။ ကျမတို့ ဂိုဏ်းရဲ့ သခင်မလေးတော့ ကံဆိုးနေပြီ။ ကျေးဇူးပြုပြီး သူမကို ကယ်တင်ပေးပါ…”
ထိုအသံကို ကြားရသည့်အခါ ချီယွမ်ရှောင်း၏မျက်နှာသည် ချက်ခြင်း ပြောင်းလဲသွားသည်။
သူက သူ့ဧည့်သည် ဖြစ်သော ဟန်လိကိုပင် စကားတခွန်းမှ မဆိုဘဲ အလျင်စလို ထရပ်ာ အခန်းထဲကနေ ထွက်သွားလေသည်။ ဘေးတွင် ရပ်နေသော ဆိုင်ရှင်လည်း အလန့်တကြားနှင့် ထပြေးသွားသည်။
ဟန်လိ မျက်မှောင်ကြုံ့သွား၏။ သို့သော် သူ့အမူအရာကမူ ပြောင်းလဲမသွားပေ။ သူက စဉ်းစားနေဟန်ဖြင့်သာ လက်နောက်ပစ်လျက် အခန်းထဲကနေ အေးဆေးထွက်လာသည်။
အခန်းအပြင်ဘက်၌ ချီယွမ်ရှောင်းနှင့် ဆိုင်ရှင်တို့သည် အသက်ဆယ့်ရှစ်နှစ်လောက် ရှိမည့် မိန်းမပျိုတစ်ယောက် ပြောနေသော စကားများကို ပူပန်တကြီး နားထောင်နေ၏။
ထိုမိန်းကလေးမှာ လှပပြီး အသားအရေ ဝင်းလဲ့၏။ သူမက တစ်ခုခုကို ပြောပြနေပြီး စိုးရိမ်ပူပန်ဟန် ပေါ်နေသည်။ သူမသည် အခန်းထဲကနေ လူစိမ်းဖြစ်သော ဟန်လိကို မြင်သည့်အခါ ချက်ခြင်း ပါးစပ်ပိတ်သွားသည်။ သူမ၏မျက်လုံးထဲ၌ သတိထားဟန် ဖြတ်ပြေးသွားသည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိက စိတ်ထဲမထားဘဲ ပြုံး၏။ သူက နေရာတွင်သာ ရပ်နေပြီး ရှေ့ဆက်လျှောက်မလာပေ။
သို့သော် ချီယွမ်ရှောင်းသည် ဟန်လိဘက် လှည့်ကြည့်ပြီးနောက် အသက်ကယ်ဆေးတစ်ခုကို ဖမ်းမိသည့်နှယ် ဟန်လိထံ ပြေးလာသည်။ သူက စိတ်လှုပ်တရှားဖြင့် ဟန်လိကို တောင်းပန်သောလေသံဖြင့် ပြောသည်။
“စီနီယာ…ကျနော့်ရဲ့ မိတ်ဆွေဟာ အခုလက်ရှိ အကြံဆိုးရှိတဲ့ ကျင့်ကြံသူတွေ ဖမ်းထားတာ ခံရပါတယ်။ အခုချက်ခြင်း စီနီယာ သူမကို ကယ်တင်ပေးမှ ဖြစ်မယ်။ စီနီယာသာ အဲ့လို လုပ်ပေးဖို့ သဘောတူရင် ကျေးဇူးတင်တဲ့အနေနဲ့ တန်ရာတန်ကြေး ပြန်ပေးပါ့မယ်…”
“တာအိုမိတ်ဆွေလေးချီက ကျုပ်ကို အသေးစိတ် ပြောပေးနိုင်မလား။ ဒီမိန်းကလေးဟာ မိတ်ဆွေလေးရဲ့ မိတ်ဆွေ အစီအရင်မန္တာန် ကျွမ်းကျင်သူများလား…”
ဟန်လိက မျက်ခုံးပင့်ကာ အံ့အားသင့်ဟန်စွက်သံဖြင့် မေးသည်။
“အမှန်ပါပဲ။ စီနီယာ အရင်တုန်းက အသုံးပြုခဲ့တဲ့ ဒြပ်စင်ငါးခုပြောင်းပြန် အစီအရင်တည်ဆောက်တဲ့ မှော်ပစ္စည်းတွေဟာ ကျနော်နဲ့ သူ ပူပေါင်းပြီး သန့်စင်ဖန်တီးခဲ့တာပါ…” ချီယွမ်ရှောင်သည် အလျင်စလို ပြောကာ ဟန်လိကို စိတ်မရှည်စွာ ကြည့်သည်။
ထိုအခိုက်တွင် အစောပိုင်းတုန်းက စကားပြောနေသော မိန်းကလေးမှာ ဟန်လိ၏ ကျင့်ကြံမှုအဆင့်ကို မြင်နိုင်စွမ်း မရှိတာ တွေ့၏။ ထိုအခါ သူမသည် ပါးစပ်အဟောင်းသား ဖြစ်ကာ ကြောက်လန့်တကြားဖြင့် ဟန်လိကို လှမ်းကြည့်သည်။
ထို့နောက်တွင် ဟန်လိသည် ယင်းမိန်းကလေးနားသို့ ဖြတ်ခနဲ ရောက်လာပြီး လေးလေးနက်နက် မေး၏။ “မိန်းကလေးက ထပ်ပြီး ရှင်းပြပေးနိုင်မလား။ ကျုပ် ဖြစ်စဉ်အစအဆုံး သိချင်တယ်…”
ဟန်လိသည် ဤသည်မှာ ကျေးဇူးတင်ခံရနိုင်မည့် အကောင်းဆုံး အခွင့်အရေးမှန်း သိသော်လည်း သူ့အဖို့ ရန်သူ၏ ခွန်အားနှင့် အရေအတွက်ကို သိရန် လိုအပ်သည်။ သူက မကျရှုံးချင်သလို သူ့ကိုယ်သူ ပြန်ကယ်တင်ရမည့်အဖြစ်သို့လည်း မရောက်ချင်ပေ။
“အို…ကောင်းပါပြီ။ ဒီလိုပါ။ ဒီနေ့ သခင်မလေးနဲ့ ကျမတို့က ဒီအနီးအနား တနေရာမှာ ရောက်နေခဲ့တာ…”
မိန်းမလှလေးက ဟန်လိက သူမကို မေးလာသည်ကို မြင်သည့်အခါ သည်ဖြစ်စဉ်ကို ထပ်ပြောပြသည်။
ထိုမိန်းကလေးငယ်၏ သခင်မလေးသည် အရည်အသွေးမြင့် လဘ္ဘက်ရွက်များ ကုန်သွားသည့်အတွက် သူမက အနီးအနားရှိ တိမ်ကျောက်စိမ်းတောင်ထံသို့ သွားကာ လဘ္ဘက်ရွက်တချို့ သွားခူးခဲ့ပေသည်။ သို့သော် မထင်မှတ်စွာဖြင့် သူမသည် ချီစုဆောင်းခြင်းကျင့်ကြံသူအုပ်စုနှင့် သွားတိုးမိသည်။ သူမနှင့် အစေခံကောင်မလေးတို့က ကျင့်ကြံသူအများအပြား ရုတ်တရက် ပေါ်လာခဲ့တာကို မြင်သည့်အခါ သူတို့သည် တစ်ခုခုမှားနေပြီဟု ခံစားမိပြီး တောင်ကနေ ချက်ခြင်း ပြန်ထွက်သွားရန် ဟန်ပြင်ခဲ့ကြသည်။
သို့သော် ထိုကျင့်ကြံသူအုပ်စုထဲမှ တစ်ယောက်က သူမမှာ ဂိုဏ်းငယ်လေးများအတွက် အစီအရင်မန္တာန် တည်ဆောက်ပေးသော အစီအရင်မန္တာန်ကျွမ်းကျင်သူ ဖြစ်တာကို သိရှိနေလိမ့်မည်ဟု မည်သူက ထင်ပါ့မည်နည်း။ ထိုသူသည် ဒီအကြောင်းကို သူ့အဖော်များအား ပြောပြခဲ့သည်။ ထို့ကြောင့် ယင်းအုပ်စုက မကောင်းသော ရည်ရွယ်ချက်ဖြင့် သည်အမျိုးသမီးငယ်ကို အသက်ရှင်လျက် ဖမ်းစီးရန် ကြိုးစားခဲ့ကြပြီး သူမ၏ အစီအရင်မန္တာန်များအပေါ် သိထားသော ဗဟုသုတများကို အတင်းအကြပ် တောင်းဆိုရန် ဖြစ်သည်။
သို့သော် သည်မိန်းမပျိုက ဖြတ်ထိုးဉာဏ် ပြေးလှကာ သူတို့ လှုပ်ရှားလာမှာကို စောင့်မနေဘဲ သူမ၏ အစေခံဖြစ်သူကို တောင်ပေါ်ကနေ အမြန် လွတ်မြောက်စေခဲ့သည်။ သို့သော် သူမကိုယ်တိုင်ကမူ တောင်တဝက်မှာ နောက်မှ လိုက်လာသော ထိုအုပ်စုနှင့် ကြုံ့ခဲ့ရသည်။ သူတို့က တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး မကြာခင်မှာ သူမကို ဖမ်းမိသွားခဲ့တာ ဖြစ်သည်။
ရွေးချယ်စရာ မရှိလေတော့သည့်အခါ သူမသည် တောအုပ်အလယ်၌ လက်ထဲရှိသော အစီအရင်မန္တာန်များနှင့် ရိုးရှင်းသောအစီအရင်မန္တာန်တစ်ခုကို ခင်းကျင်းကာ သူမကိုယ်သူမ ကာကွယ်ရတော့သည်။ ထို့နောက်တွင်တော့ သူမ၏အစေခံက ချီယွမ်ရှောင်းထံ အကူအညီတောင်းဖို့ အပြေးရောက်လာခဲ့တာ ဖြစ်၏။
ဟန်လိက သည်ဖြစ်အင်အကြောင်း ကြားသည့်အခါ သူသည် မပြတ်မသားဖြင့် ခပ်တိုးတိုး ရေရွတ်နေ၏။
ထိုမိန်းကလေး၏ အပြောအရ ရန်သူသည် ချီစုဆောင်းခြင်းတပည့် ခုနစ်ယောက်၊ရှစ်ယောက်လောက် ဖြစ်၏။ သူက သည်လောက်ကိုတော့ မမှုပေ။ မြန်မြန်ဆန်ဆန် ကူညီပေးနိုင်သည်။
ထိုသို့တွေးကာ ဟန်လိက ခေါင်းညိတ်ကာ ပြောသည်။ “မိန်းကလေးက ကျုပ်တို့ကို ရှေ့ကနေ လမ်းပြပါ…”
ထိုသို့ ပြောပြီးနောက်မှာ ချီယွမ်ရှောင်း၏ ကျေးဇူးတင်နေသော အကြည့်အောက်မှာပင် ဟန်လိက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ထိုအခါ လူတိုင်းရှေ့၌ လှေငယ်တစ်ခု ပေါ်လာ၏။
“လူတိုင်းပဲ၊ ဒီအပေါ် တက်ကြ။ ကျုပ်တို့ တစုံတစ်ယောက်ကို အန္တရာယ်ကနေ သွားကယ်ကြမယ်။ ဒီမှော်ပစ္စည်းက နည်းနည်းပါးပါး သေးငယ်ပေမယ့် လူလေးငါးယောက်လောက်ကို တင်ပြီးတော့ ပျံရင်တောင် မြန်ဆန်လွန်းနေအုံးမှာပဲ…”
ဟန်လိ၏ခန္ဓာကိုယ်သည် ဖြတ်ခနဲ လှုပ်ရှားသွားကာ လှေငယ်၏ ရှေ့တွင် ပြန်ပေါ်လာသည်။ ထို့နောက်တွင် သူက ခေါင်းလှည့်ကာ တခြားသူများကို ထိုသို့ ပြောလိုက်သည်။
ချီယွမ်ရှောင်းနှင့် မိန်းမပျိုလေးက ရုတ်တရက် တစုံတစ်ခုကို သဘောပေါက်ကာ လှေငယ်ပေါ်သို့ တက်၏။ သို့သော် ဆိုင်ရှင်ကိုမူ ချီယွမ်ရှောင်းက ဟန့်တားကာ လှမ်းပြောသည်။ “ဦးလေး…ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတယ်။ ဒါ့ကြောင့် ခင်ဗျားလိုက်လာမယ် ဆိုရင်တောင် အန္တရာယ်များလွန်းတယ်။ ကျေးဇူးပြုပြီး ဒီမှာပဲ နေခဲ့ပါ။ ကျုပ်တို့ သူမကို ကယ်ပြီးရင် ချက်ခြင်း ပြန်လာခဲ့မယ်…”
ဆိုင်ရှင်က သည်စကားကို ကြားသည့်အခါ သူ့စိတ်ထဲ၌ ချီတုံချတုံ ဖြစ်သွားသည်။ သူသည် ချီယွမ်ရှောင်းက သူ ကောင်းဖို့အတွက်ပြောတာကို သိ၏။ ထို့ကြောင့် သူသည် လက်မခံချင်သော်လည်း နေရာတွင်သာ ကျန်နေခဲ့တော့သည်။
ထိုသို့ဖြင့် ဟန်လိနှင့် တခြားသူများသည် လှေငယ်ပေါ်တက်ကာ ပျံသန်းလာကြသည်။ လှေငယ်သည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ မိုးကုပ်စက်ဝန်းအစွန်း၌ ပျောက်ကွယ်သွားတော့၏။
ဟန်လိသည် နတ်လေလှေကို အင်ပြည့်အားပြည့် ပျံသန်းစေသည်။ လှေ၏ အမြန်နှုန်းကြောင့် လှေပေါ်တွင် ပါလာသော နှစ်ယောက်မှာ အံ့ဩတကြီးနှင့် မျက်လုံးအပြူးသား ဖြစ်ကုန်လေသည်။ များမကြာမီ သူတို့သည် တောအုပ်တစ်ခုထဲရှိ အစီအရင်တစ်ခု၏ အပေါ်သို့ ရောက်လာသည်။
ထိုအချိန်တွင် မန္တာန်အစီအရင်ကို မှော်ပစ္စည်းများဖြင့် လူရှစ်ယောက်လောက်က အကြမ်းပတမ်း တိုက်ခိုက်နေလျက် ရှိသည်။ အစီအရင်သည် အားပျော့လာကာ ပျက်စီးခါ နီးနေလေပြီ။
ချီယွမ်ရှောင်းက ဤသည်ကို မြင်သည့်အခါ သူ့မျက်လုံးကား နီရဲလာ၏။ သူသည် ချက်ခြင်း အောက်သို့ ခုန်ဆင်းသည်။ သို့သော် ဟန်လိသည် သူ့ကို လှမ်းဆွဲကာ ပြော၏။ “အလျင်မလိုနဲ့။ သူတို့ သုံးနေတဲ့ မှော်ပစ္စည်းတွေက မဆိုးလှဘူး။ သူတို့က ဂိုဏ်းတစ်ခုခုက ဖြစ်လိမ့်မယ်။ သူတို့က ဒီမိန်းကလေးဟာ အစီအရင်မန္တာန်ဆရာသခင်မှန်း သိတဲ့အတွက် မင်းက ဒီနေရာမှာ သူတို့ကို တွန်းလှန်ရင်တောင် အနာဂတ်မှာ သူတို့က မင်းနဲ့ ဆက်ပြီး ဆက်နွှယ်လာလိမ့်မယ်။ ဒါ့ကြောင့် ကျုပ်ကပဲ သူတို့ကို ရှင်းပေးမယ်။ ဒါမှ ပြဿနာတစ်ခုလုံး ငြိမ်းသွားမှာ…”
ချီယွမ်ရှောင်းသည် ထိုသူများက သူ့ကို အနာဂတ်တွင် ပြဿနာ လာရှာနိုင်သည်ဟု ကြားသည့်အခါ ဒေါသတကြီး ခေါင်းညိတ်သည်။
ဟန်လိက ထိုသည်ကို မြင်သည့်အခါ သူက ပြုံးယောင်သမ်းသည်။ ထို့နောက်တွင် သူသည် အောက်ဘက်ရှိ ကျင့်ကြံသူများကို လှမ်းကြည့်၏။ သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားလေ၏။
ရုတ်တရက် သူက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်၏။ အနက်ရောင်အလင်းတန်းနှစ်ခုနှင့် အဝါရောင်အလင်းတန်းခြောက်ခုတို့သည် ပျံသန်းထွက်သည်။ မျက်စိတစ်မှိတ်အတွင်း ယင်းအလင်းတန်းများသည် ထိုကျင့်ကြံသူများ အရှေ့ ရောက်လာကာ သူတိုကို လွယ်လင့်တကူ ရစ်ထွေးသွားသည်။သူတို့အားလုံးက မြေပေါ် တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကာ ဟန်လိ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
ချီယွမ်ရှောင်းနှင့်အစေခံမိန်းကလေးမှာ ထိုမြင်ကွင်းကို ကြည့်၍ တုန်လှုပ်မှု ကြီးစိုးနေတော့သည်။ သူတို့သည် ချီစုဆောင်ခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများကြား ကွာဟမှု ကြီးမားတာကို သိသော်လည်း ဟန်လိသည် ဒီလောက် လူအများကြီးကို လွယ်လင့်တကူ မြန်ဆန်စွာ သတ်ပစ်နိုင်လိမ့်မည်ဟု မထင်ထားကြပေ။ ထိုသူများထဲ၌ အမြင့်ဆုံးအဆင့်မှာ ချီစုဆောင်းခြင်းအဆင့်ဆယ့်နှစ်တွင် ရှိနေပေသည်။ ချီယွမ်ဇီကမူ အဆင့်ကိုးတွင်သာ ရှိ၏။
ဟန်လိသည် ထိုနှစ်ယောက် ဖြစ်ပျက်သွားပုံကို အာရုံမစိုက်ပေ။ နတ်လှေက ဆင်းသက်လာခဲ့သည်။
နတ်လှေက မြေပြင်နှင့် ထိသည့်အထိ စောင့်မနေဘဲ ချီယွမ်ရှောင်သည် အလျင်စလိုဖြင့် စိတ်မရှည်ဖြစ်ကာ ခုန်ကျပြီး တောအုပ်ထံ အပြေးသွားတော့သည်။ သူက ပူပန်တကြီးဖြင့်လည်း လှမ်းအော်သေးသည်။
“ယင်အာ…နင် အဆင်ပြေရဲ့လား။ ရန်သူတွေအကုန် သေကုန်ပြီ။ နင် အခု ထွက်လာလို့ ရပါပြီ…”