← Chapters

ရှင်းယုယင်

Vol. 20 Ch. 277

ရှင်းယုယင်

Vol. 20 Ch. 277

ဟန်လိသည် ချီယွမ်ရှောင်းက တောထဲ အသကုန် ပြေးဝင်သွားတာ မြင်သည့်အခါ အားရပါးရ ပြုံးသည်။

ဟန်လိသည် ယောက်ျားနှင့်မိန်းမကြား ကိစ္စများနှင့် ပတ်သတ်ပြီး အတွေ့အကြုံ မကြွယ်ဝသော်လည်း ချီယွမ်ရှောင်း၏ အမူအရာကို ကြည့်ကာ အစီအရင်မန္တာန်ကျွမ်းကျင်သော ထိုအမျိုးသမီးအပေါ် ထားသည့် စိတ်သဘောထားမှာ သိသာပါသည်။ သူတို့သည် သူငယ်ချင်းလောက်သာ မဟုတ်တာ ကျိန်းသေသည်။ ယောက်ျားနှင့်မိန်းမကြား နက်ရှိုင်းသော ဆက်ဆံရေး ရှိနေဖို့များသည်။ ထို့ကြောင့် သူသည် အလွန်စိတ်ပူပန်နေတာ ဖြစ်သည်။

အစေခံမိန်းကလေးကလည်း သူ့နောက်သို့ ပူပန်တကြီးဖြင့် လိုက်သွား၏။

ဟန်လိသည် တောအုပ်အပြင်ဘက်တွင် စိတ်ရှည်ရှည် စောင့်နေသည်။ တအောင့်အကြာတွင် ချီယွမ်ရှောင်းနှင့်အစေခံမိန်းကလေးတို့သည် အပြာရောင်ဝတ်စုံနှင့်မိန်းမပျိုတစ်ယောက်နှင့်အတူ တောအုပ်ထဲကနေ ပျော်ပျော်ရွှင်ရွှင် လှမ်းထွက်လာသည်။

အားနာမနေဘဲ ဟန်လိသည် အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးထံ သေချာလှမ်းကြည့်သည်။

သူမသည် အရပ် မနိမ့်မမြင့်၊ နူးညံ့သေးသွယ်သော နှာခေါင်း၊ ကြည်လင်တောက်ပသော မျက်လုံးတစ်စုံတို့ ဖြစ်သည်။ သူမနှင့်ဟန်လိတို့သည် တစ်ယောက်ကို တစ်ယောက်လှမ်းကြည့်ချိန်တွင် သူမသည် မသိမသာ ပြုံးပြသည်။

ချီယွမ်ရှောင်းသည် သူ့အကြောင်းကို ထိုမိန်းမပျိုထံ ပြောပြပြီး ဖြစ်ပုံ ရသည်။

အမှန်တိုင်းပြောရလျှင် ထိုအမျိုးသမီး၏ မျက်နှာမှာ ထူးကဲစွာ လှမနေပေ။ အစေခံမိန်းကလေးလောက်ပင် မလှပါ။

သို့ရာတွင် သူမ၏ ကျက်သရေရှိသော ဟန်ပန်၊ ညက်ညောသော အမူအရာနှင့် မျက်စံနက်နက်တို့ကြောင့် တမူထူးကာ လှနေ၏။

ဟန်လိသည် ထိုအမျိုးသမီး၏ ကျော့ရှင်းသော ဟန်ပန်ကို မြင်သည့်အခါ အကြီးအကျယ် ခေါင်းကိုက်မိသွား၏။

သူ ခန့်မှန်းနေရန်ပင် မလိုချေ။ သည်အမျိုးသမီးငယ်မှာ ဉာဏ်ပြေးလှသူမှန်း မြင်ရုံနှင့် သိနိုင်သည်။ သူမ၏ ဉာဏ်ရည်မှာ သာမန်ထက် သာလွန်းလိမ့်မည်။ သူ့အနေဖြင့် အခြေအနေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ချီယွမ်ရှောင်းကဲ့သို့ ရင်ဆိုင်ရ လွယ်လိမ့်မည် မဟုတ်ပေ။

“ကျမကို လာကယ်ပေးတဲ့အတွက် စီနီယာ့ကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျမက ရှင်းယုယင်ပါ…”

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ဟန်လိရှေ့သို့ အေးဆေးသက်သာစွာ လျှောက်လာပြီး ကိုယ်နေဟန်ထား ကျကျဖြင့် သူ့ကို ဂါဝရပြုသည်။ သူမ၏အသံက ချိုသာ ချောမွေ့လှ၏။

“အမျိုးသမီးငယ်ရှင်း၊ အရမ်း ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျုပ်က နည်းနည်းပါးပါး အားစိုက်ထုတ်ပေးခဲ့ရုံပဲ။ ဒါပေမဲ့ ကျုပ်တို့ အမြန်ပြန်ကြရအောင်၊ ဒီလူတွေမှာ နောက်ခံတချို့ ရှိနေနိုင်တယ်။ သူတို့ရဲ့ စီနီယာကသာ ဒီအနီးအနားမှာ ရှိနေခဲ့ရင် ပြဿနာ တက်နိုင်တယ်….”

ဟန်လိက ထိုသို့ အေးဆေး ပြောပြသည်။

ဟန်လိ၏ စကားများကို ကြားသည့်အခါ ချီယွမ်ရှောင်းသည် စိတ်ပူပန်ဟန်ဖြင့် ခေါင်းညိတ် သဘောတူ၏။ ချီယွမ်ရှောင်းက ပြောသည်။

“အမှန်ပဲ ယင်အာ…။ ဒီကနေ အစ်ကိုတို့ မြန်မြန် ထွက်သွားကြရအောင်။ ဒီနေရာက အန္တရာယ်များလွန်းတယ်…”

ချီယွမ်ရှောင်းက ရှင်းယုယင်ကို မြင်သည့်အချိန်မှစ၍ သူ့မျက်လုံးသည် သူမထံမှ မခွာတော့ပေ။

ရှင်းယုယင်၏ ပါးနှစ်ဖက်မှာ မသိမသာ နီမြန်းသွား၏။

သူမက ခဏ စဉ်းစားပြီးနောက် ပြန်ပြောသည်။

“ကောင်းပါပြီ၊ ဒီကနေ ထွက်သွားကြမယ် ဆိုပါစို့။ ဒါပေမဲ့ အဲ့အလောင်းတွေကကော…”

ရှင်းယုယင်သည် အလောင်းများကို ကြည့်ကာ ထိုသို့ တွေးတွေးဆဆ ပြောသည်။

“သူတို့ကို မီးလောင်တိုက်ပစ်လိုက်ပြီး မြန်မြန် ဖြေရှင်းလို့ရပါတယ်…”

ဟန်လိသည် ထိုသို့ ပြော၏။ သူ့ လက်ငါးချောင်းကို ပင့်မြှောက်သည်။ ထိုအခါ မီးလုံးရှစ်ခုသည် ပျံသန်းထွက်ကာ သည်အလောင်းများကို ချက်ခြင်းလက်ငင်း ပြာဖြစ်သွားစေလေ၏။ သူတို့၏ သိုလှောင်အိတ်များသာ မြေပေါ်တွင် ကျန်ခဲ့သည်။

ဟန်လိသည် ထိုအလောင်းများကို ဖျက်စီးသည့်ပုံကို မြင်သည့်အခါ သူမ၏မျက်နှာမှာ မသိမသာ ပြောင်းလဲသွားသည်။ သူမ၏ စိတ်ထဲ၌ မဆိုသလောက် တုန်လှုပ်သွားသည်။

သို့သော် သူမသည် သာမန်မိန်းကလေးတစ်ယောက် မဟုတ်ပေ။ ခဏချက်ခြင်း သူမ၏မျက်နှာက ပုံမှန်ပြန်ဖြစ်ကာ ချီယွမ်ရှောင်းထံ စကားလှမ်းပြောသည်။

“ဒီသိုလှောင်အိတ်တွေထဲမှာ ကျုပ်အတွက် အသုံးတည့်တဲ့ ပစ္စည်း မရှိဘူး။ မိန်းကလေးကပဲ ဒါတွေကို ယူလိုက်ပါ။ ဒါပေမဲ့ ဘာသဲလွန်စမှတော့ မကျန်စေနဲ့…”

ထိုအခိုက်တွင် ဟန်လိသည် ခေါင်းလှည့်ကာ ရှင်းယုယင်၏ ဘေးရှိ အစေခံမိန်းကလေးကို ထိုသို့ ပြောသည်။

“စီနီယာ…ရှင်က ဒီသိုလှောင်အိတ်တွေ ကျမကို တကယ် ပေးတာလား…” အစေခံမိန်းကလေးက ဟန်လိ၏ စကားကို ကြားသည့်အခါ ကျေနပ်အံ့အားသင့်ဟန် ဖြစ်ပေါ်သွားသည်။ သူမသည် ယုံကြည်ဖို့ ခက်နေ၏။

သူမသည် ဟန်လိမျက်နှာထက်မှ အပြုံးနှင့် ခေါင်းညိတ်ပြတာကို မြင်မှ ကျေးဇူးတင်စကားများ အထပ်ထပ် ပြောကာ ပျော်ရွှင်စွာဖြင့် ပြေးထွက်ပြီး သိုလှောင်အိတ်များကို တစ်ခုပြီးတစ်ခု ကောက်ယူသိမ်းတော့သည်။

ရှင်းယုယင်သည် ထိုမြင်ကွင်းကို မြင်သည့်အခါ သူမက နည်းနည်းတော့ မင်သက်သွားသည်။ သို့သော် တအောင့်အကြာတွင် သူမ၏အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ဟန်လိကို အားနားပါးနား စကားတချို့ ပြောပြီးနောက်မှာ ချီယွမ်ရှောင်းနှင့်အတူ လှေပေါ်သို့ တက်သည်။

အစေခံမိန်းကလေးက အဆင့်မြင့်မှော်ပစ္စည်းများ ပါဝင်သော သိုလှောင်အိတ်များကို ပျော်ရွှင်ဝမ်းမြောက်စွာ ဆုပ်ကိုင်ထားသည်။ ဟန်လိသည် ဖြတ်ခနဲ လှေပေါ်သို့ ရောက်သွားသည်။ သူ့ခြေထောက်များထံမှ စိတ်ဝိညာဉ်စွမ်းအားသည် ချက်ခြင်း စီးဆင်းသည်။ လှေသည် ပျံသန်းထွက်သွား၏။

အပြန်ခရီးတဝက်၌ အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ဟန်လိနှင့် ချီယွမ်ရှောင်းတို့ကို သူမနေထိုင်သော နေရာတွင် လိုက်ဆင်းရန် တောင်းဆိုသည်။ သို့မှသာ သူမ၏အသက်ကို ကယ်တင်ပေးမှုအတွက် အကျအန ကျေးဇူးတင်နိုင်မည် ဖြစ်သည်။

နှစ်ရှည်လများ စွဲလမ်းချစ်ခင်ရသော သူနှင့် နီးနီးကပ်ကပ် နေရမည့် အခွင့်အရေး ရသည့်အခါ ချီယွမ်ရှောင်းက အဘယ်သို့ ငြင်းဆန်စကား ပြောပါ့မည်နည်း။ သူက စိတ်ပါလက်ပါ သဘောတူသည်။ ဟန်လိသည်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ပြင်ခိုင်းမည့် အခွင့်အရေး ရသည်ဖြစ်၍ သူလည်း မငြင်းတော့ပေ။

ဤသို့ဖြင့် ဟန်လိ၏ ထိန်းချုပ်မှုအောက်မှာ လှေငယ်သည် အနောက်မြောက်အရပ်သို့ အလွန်မြန်သောနှုန်းဖြင့် ဦးတည်လေတော့သည်။ ရှင်းယုယင်၏ လမ်းပြမှုဖြင့် ဟန်လိတို့သည် နာရီများစွာ ကြာပြီးနောက်မှာ ဟန်လိသည် မထင်မရှားတောင်ငယ်တစ်ခုထံ ရောက်လာ၏။

ထိုတောင်၏ ပတ်ဝန်းကျင်တွင် မြူနည်းနည်း ထူနေသည့်ကလွဲ၍ သိသိသာသာ ထူးခြားနေတာကို ဟန်လိက သတိမပြုမိပေ။

သို့သော် ဟန်လိသည် အစီအရင်မန္တာန်ကျွမ်းကျင်သူတစ်ယောက် နေထိုင်ရာနေရာတွင် အကာအကွယ်များ ရှိနေမှာကို ကောင်းကောင်းနားလည်သည်။ သို့သော် သူက အစီအရင်မန္တာန်များ၏ တာအိုနှင့် ပတ်သတ်၍ များများစားစား မသိနေပေ။ သူသည် အနီးအနား၌ ထူးခြားမှုကို‌ ထောက်လှမ်းနိုင်စွမ်း မရှိသော်လည်း သူသည် နည်းနည်းလေးမျှ မစိုးရိမ်ပေ။

အပြာရောင်ဝတ်စုံနှင့်အမျိုးသမီး၏ လမ်းပြမှုအောက်မှာ ဟန်လိသည် တောင်တစ်ဝက်ရှိ ဝါးအဆောက်အဦများ ရှိနေသောနေရာ၌ ရပ်သည်။ ထိုနေရာမှာ ရှင်းယုယင်၏ နေအိမ် ဖြစ်၏။

ရှင်းယုယင်သည် ဟန်လိနှင့် ချီယွမ်ရှောင်းတို့ကို ဝါးအိမ်ကြီးတစ်ခုထံ အနားယူဖို့ ခေါ်လာသည်။ သူမနှင့်သူမ၏ အစေခံမိန်းကလေးတို့ကမူ ရေမိုးချိုး၊ အဝတ်အစားလဲရန် တခြားအိမ်တစ်ခုသို့ သွားကြသည်။ တကယ်တော့ သူတို့နှစ်ယောက်သည် အသည်းအသန် ထွက်ပြေးခဲ့ရသည်ဖြစ်၍ သူတို၏ ဝတ်စုံများပေါ်တွင် ဖုန်မှုန့်များ ပေနေ၏။ ဤသည်မှာ အသန့်ကြိုက်ကာ သေသေသပ်သပ် နေတတ်သော သူတို့အဖို့ နေရထိုင်ရခက်လှသည်။

ဟန်လိက ဝါးထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ကာ ဂနာမငြိမ်ဖြစ်နေသော ချီယွမ်ရှောင်းကို စိတ်ဝင်တစားဖြင့် လှမ်းကြည့်သည်။ ချီယွမ်ရှောင်းက တံခါးနား သွားကာ အပြင်ဘက်သို့ မကြာမကြာ လှမ်းလှမ်းကြည့်နေသည်။

ဟန်လိမှာ ရယ်ချင်မိ၏။ ချီယွမ်ရှောင်က တဖက်သို့ ပြန်လှည့်ကြည့်သည့်အခါ ဟန်လိ၏ ရယ်ချင်နေသော မျက်နှာပေးကို လှမ်းမြင်သည်။ ထိုအခါ သူ အရှက်ရသွား၏။ ထို့နောက်တွင် သူ့ ထိုင်ခုံပေါ်သူ ရှက်ရှက်နှင့် ပြန်ထိုင်သည်။

“ကျက်သရေရှိပြီး ဉာဏ်ထက်တဲ့ အမျိုးသမီးနဲ့ မြင့်မြတ်တဲ့ အမျိုးသားတစ်ယောက်တို့ဟာ လိုက်ဖက်တဲ့အတွဲပဲလေ။ ဒါက ဂုဏ်ပြုရမယ့် ကိစ္စပဲ။ တာအိုမိတ်ဆွေလေးချီက ဘာကြောင့်များ ဗျာများနေရတာလဲ…”

ဟန်လိသည် စားပွဲပေါ်ရှိ အရည်အသွေးမြင့် လဘ္ဘက်ရည်ကို တငုံသောက်ကာ အေးအေးဆေးဆေးဟန်ပန်ဖြင့် ထိုသို့ ပြောသည်။

“စီနီယာ…မဟုတ်ရပါဘူး။ ကျုပ်…”

ထိုအချိန်တွင် အစေခံမိန်းကလေးက အထဲ ဝင်လာ၏။ သို့မှသာ ချီယွမ်ရှောင်သည် စိတ်အေးသွားတော့သည်။ သိပ်မကြာခင်မှာ ရှင်းယုယင်သည် ကျက်သရေရှိသော အသွင်ဟန်ပန်ဖြင့် အခန်းထဲ ဝင်လာ၏။

“ယုယင်က စီနီယာဟန်နဲ့ အစ်ကိုကြီးချီတို့ရဲ့ ကျေးဇူးကို စိတ်ထဲမှာ အသေအချာ မှတ်သားထားပါမယ်။ ဒီနိမ့်ကျတဲ့ ကျမက လဘ္ဘက်ရည် ငှဲ့ပေးပါ့မယ်…”

ရှင်းယုယင်သည် အခန်းထဲ ဝင်လာပြီးနောက် အစေခံမိန်းကလေးနားသို့ သွားကာ သူမထံမှ လဘ္ဘက်ရည်အိုးကို ယူသည်။ ထို့နောက်တွင် သူမက သူတို့နှစ်ယောက်အတွက် ခွက်ထဲသို့ ငှဲ့ထည့်ပေးသည်။

ဟန်လိက ထိုလဘ္ဘက်ရည်ခွက်ကို လှမ်းယူပြီးနောက် ခါးသီးစွာ ပြုံး၍ စိတ်ထဲကနေ သက်ပြင်းချမိသည်။ “ငါတော့ ဒီမိန်းကလေးကို နားမလည်တော့တာ အမှန်ပဲ။ သူမရဲ့ စကားတွေကနေ ဘာမှ ထူးထူးခြားခြား ဖော်ပြမနေဘူး…”

ချီယွမ်ရှောင်းက သူချစ်ရသူသည် သူ့အတွက် လဘ္ဘက်ရည် ငှဲ့ပေးတာကို မြင်သည့်အခါ သူသည် ပျော်တာထက် ပိုလေ၏။ သူက နည်းနည်းလေးပင် မြည်းကြည့်မနေဘဲ လဘ္ဘက်ရည်ခွက်ကို သောက်ချပစ်သည်။ သူသည် တဟားဟားနှင့် သဘောကျနေတော့၏။

ရှင်းယုယင်သည် ချီယွမ်ရှောင်း၏ ပုံစံကို မြင်သည့်အခါ ခေါင်းကိုက်မိသွား၏။ သူမသည် ဟန်လိဘက်သို့ လှည့်ကာ စကားစမည် ပြောသည်။ သူမသည် ဟန်လိ၏ နောက်ခံနှင့် ပတ်သတ်၍ မေးမြန်းကြည့်၏။ သူမသည် ဟန်လိက မည်သည့်ဂိုဏ်းကသူမှန်း သိချင်နေ၏။

တကယ်တော့ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်သည် နောက်ခံတခုခု ရှိနေမှာ သေချာလေ၏။

ဟန်လိသည် သူ့နောက်ခံကို လွယ်ကူစွာ ဖော်ပြမည့်သူ မဟုတ်ပေ။ သူက ဝေဝေဝါးဝါးသာ ပြန်ဖြေပြီး သူမ၏ မေးမြန်းစပ်စုမှုကို ရှောင်ပစ်သည်။

စကားစမြည် ပြောဆိုပြီးနောက်မှာ သူမက အသုံးဝင်သော ဘာသတင်းအချက်အလက်ကိုမှ မရခဲ့ပေ။ သို့အတွက် ရှင်းယုယင်မှာ စိတ်ထဲ မကျေမလည် ဖြစ်သွားပြီး ဟန်လိအပေါ် ပို၍ သတိထားလာတော့သည်။

ရှင်းယုယင်၏ဘက်မှ ကြည့်ပါက ဟန်လိသည် ကူညီပေးရန် အလျင်အမြန် ရောက်လာခဲ့သော်လည်း ပြီးခဲ့သော ကျင့်ကြံသူအုပ်စုနှင့် ရည်ရွယ်ချက်တူချင် တူနေနိုင်သည်။ သူမ ပို၍ ဂရုစိုက်ကာ သတိထားရမည် ဖြစ်၏။

“စီနီယာဟန်က ယုယင်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျုပ်မှာ ရှိတဲ့ အစီအရင် အလံနဲ့ သတ္တုပြားတွေထဲက ကြိုက်ရာ ရွေးယူနိုင်ပါတယ်။ စီနီယာ တချက်လောက် ကြည့်ကြည့်မလား…”

နောက်ဆုံး၌ ချီယွမ်ရှောင်းသည် သူ၏ စွဲလမ်းမှုကနေ သတိပြန်ဝင်လာကာ ဟန်လိကို ထိုသို့ ပြောလာသည်။

ဟန်လိသည် နည်းနည်းတော့ အံ့အားသင့်သွား၏။ အတော်လေး ပျော်သွားသည်။ နောက်ဆုံးမှာတော့ သူ့ပြဿနာကို ထုတ်ပြောနိုင်ပြီ မဟုတ်လား။

ရှင်းယုယင်က ဤစကားကို ကြားသည်အခါ၌ သူမလည်း မင်သက်သွားသည်။ သို့သော် တအောင့်အကြာတွင် သူမက ချီယွမ်ရှောင်းကို အလွန်ကျေးဇူးတင်ဟန်ဖြင့် ပြုံးပြသည်။ ထိုအခါ ချီယွမ်ရှောင်းသည် အတောမသပ်နိုင်တော့ဘဲ အပျော်လွန်ကာ တဟားဟား ရယ်မောလေတော့၏။

“အစီအရင်အလံတွေနဲ့ သတ္တုပြားတွေကို ခဏထားလိုက်ပါအုံး။ တာအိုမိတ်ဆွေလေးရှင်းကို ကျုပ် အကူအညီတောင်းစရာ တစ်ခု ရှိတယ်။ အဲ့ကိစ္စကို ကူညီပေးနိုင်တာနဲ့ ကျုပ်ကို ဘာလက်ဆောင်မှ ပေးဖို့ မလိုတော့ဘူး။ ဒါ့အပြင် ကျုပ်က ခင်ဗျားတို့ကို ကျုပ်ဆေးလုံးတစ်လုံး ဖော်စပ်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ သက်တမ်းရှစ်ရာရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်ကိုလည်း ပေးပါ့မယ်…။ ဒါနဲ့ဆို မိတ်ဆွေလေးရှင်းရဲ့ ဖျားနာမှုကို ပျောက်ကင်းအောင် ကုသနိုင်လောက်မှာပါ…”

ဟန်လိ၏ ရုတ်တရက် ပြောလာသော သည်စကားများကြောင့် သူတို့နှစ်ယောက်သည် တုန်လှုပ်ကာ အံ့အားသင့်သွားသည်။

“စီနီယာက ဆေးပင်ကို ပေးချင်တာလား…” ချီယွမ်ရှောင်းက ထိုစကားများကို ကြားသည့်အခါ သူက ထိုင်နေရာကနေ ထရပ်ကာ ကျေနပ်အံ့အားသင့်စွာဖြင့် မေးမိသည်။

သည်အခိုက်၌ သူသည် သူချစ်ရသူ၏ နာဖျားမှုကို ကုသပေးချင်စိတ်သာ ရှိတော့၏။ သူ အလွန်စိတ်လှုပ်တရှား ဖြစ်နေသည်။

All Chapters