← Chapters

ကြွယ်ဝချမ်းသာလှသော ချင်းအိမ်တော်

Vol. 20 Ch. 279

ကြွယ်ဝချမ်းသာလှသော ချင်းအိမ်တော်

Vol. 20 Ch. 279

ယွဲ့ကျင်းမြို့၏ မြို့တောင်ပိုင်းသည် မြို့အနောက်ပိုင်းနှင့် သိသိသာသာ ကွာခြားသည်။

မြို့အနောက်ပိုင်းရှိ နေအိမ်များသည် မညီမညာ ရှိလှ၏။ ထိုနေရာတွင် နေထိုင်သူများသည် အဆင့်နိမ့်အလုပ်သမားများ၊ ကုန်သည်ငယ်များနှင့် တခြားဆင်းရဲသောသူများ နေထိုင်ကြသည်။ တခြားခရိုင်များမှ နှင်ထုတ်ခံရကာ လွင့်လာသူများလည်း ရာခိုင်နှုန်းတစ်ခုအားဖြင့် ရှိသည်။

မြို့အနောက်ပိုင်း၏ အဝေးတစ်နေရာရှိ မြို့အရှေ့ပိုင်းတွင် တည်ရှိသော လူချမ်းသာနေအိမ်များ ရှိ၏။

သူတို့၏ အိမ်ကြီးအိမ်ကောင်းများနှင့် ခြံဝန်းများသည် တခြားခရိုင်များထက် သိသိသာသာ ကြီးမားခန်းနားသည်။ မည်သူကမျှ သူတို့၏ ချမ်းသာကြွယ်ဝမှုကို မဖြန့်ဝေပေးချေ။ သူတို့၏ ကြွယ်ဝမှုကို ကျော်ကြားမှုဖြစ်စေရန်၊ အနီးအနားရှိ တခြားသော မိသားစုကြီးများကို ဖိနှိပ်ဖို့နှင့် သူတို့ကိုယ်သူတို့ ထိပ်ကို ရောက်ရန်အတွက် အသုံးပြုသည်။

အနီးအနားရှိ တခြားသူများ မယှဉ်သာသော ကျော်ကြားလှသည့် အိမ်တော်အနည်းငယ် ရှိလေသည်။ သူတို့သည် မြေပမာဏ များစွာကို ပိုင်ဆိုင်ရုံသာမက သူတို့သည် တခြားသူများထက် များစွာ ပိုချမ်းသာကာ ဩဇာတိက္ကမလည်း ရှိ၏။ ထိုအိမ်တော်များတွင် နေထိုင်သူများသည် အလွန်အမင်း ကြွယ်ဝချမ်းသာသော ကုန်သည်ကြီးများ ဖြစ်လေသည်။

မြို့အရှေ့ပိုင်းတွင် အလွန်ချမ်းသာပြီး၊ဩဇာရှိသော အိမ်တော်တစ်ခု တည်ရှိသည်။ ၎င်းမှာ ချင်အိမ်တော်ပင်။

သူတို့၏ အိမ်တော်မှာ တစ်ဧကနှင့် ဧကဝက်ကျော် ကျယ်သည်။ လူတစ်ယောက်သည် ယွဲ့ကျင်းမြို့တော်တွင် ထိုမျှ ကျယ်ပြောသော ကုန်းမြေအတွက် ငွေပမာဏ မည်မျှ ကျတာကို အတိအကျသာ သိရမည်ဆိုပါက ထိုသူသည် အချိန်အတော်ကြာသည့်အထိ ဆွံ့အသွားလိမ့်မည်။

ချင်းမျိုးနွယ်သည် အလွန်အမင်း ချမ်းသာကြွယ်ဝရုံသာမက ယွဲ့ဒေသ၏ လေးခုမြောက်အကြီးမားဆုံး ကြေးနီမိုင်းတွင်းကိုလည်း ထိန်းချုပ်ထားသည်။ ထို့အပြင် မျိုးနွယ်စုခေါင်းဆောင်သည် စွမ်းဆောင်ရည် ပြည့်ဝကာ တော်ဝင်ရုံးတော်မှာ အရာရှိများ၏ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်လည်း ဟုတ်သည်။

သည်အိမ်တော်၏ အစေခံများတွင်ပင် ယုံကြည်မှု ရှိလှကာ တခြားအိမ်တော်မှ အစေခံများထက် သာလွန်ချေ၏။

ချင်းအိမ်တော်၏ ခြံစောင့်၊ ချင်းကွေးသည်လည်း ထိုအတွေးရှိသူသာ။

ချင်းအိမ်တော်ကို အိမ်တော်သခင်နှင့် လာတွေ့ရန် တစ်စုံတစ်ယောက်က တောင်းဆိုလာတိုင်း ထိုသူတို့၏ နောက်ခံအဆင့်အတန်းက မည်သို့ပင်ဖြစ်နေပါစေ ချင်းအိမ်တော်၏ နိမ့်ပါးသော အစေခံတစ်ယောက် ရှေ့တွင်ပင် သူတို့သည် ယဉ်ယဉ်ကျေးကျေး‌ ပြောဆိုရကာ နည်းနည်းလေးမျှ မမောက်မာဝံ့ကြပေ။

ထိုသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ ချင်းကွေးသည် သူ့ကိုယ်သူ ကြီးမြတ်သူတစ်ယောက်ကဲ့သို့ ခံစားမိလာတော့၏။

တစုံတစ်ယောက်က ချင်းမျိုးနွယ်စုမှ တစုံတစ်ယောက်နှင့် လာတွေ့သည့်အခါတိုင်း လေးစားသမှု ပြရန် သူတို့၏ လက်ဆောင်များမှာ မနည်းမနောလှပါ။ မဟုတ်ပါက ချင်းကွေးသည် ထိုသူတို့ကို မျက်နှာသာ ပေးလိမ့်မည် မဟုတ်၊ သူက အိမ်တော်သခင်ထံ မတင်ပြခင် သူတို့ကို သုံးလေးယောက်လောက် စောင့်ခိုင်းမည် ဖြစ်၏။

အကယ်၍ သူတို့အိမ်တော် တံခါးဝသို့ ကြီးမြတ်သောသူတစ်ယောက်ယောက်က တံခါးလာခေါက်ခဲ့လျှင်တော့ ချင်းကွေးသည် ဓလေ့ထုံးစံအတိုင်း နာနာခံခံ ဆောင်ရွက်ပြုမူ လိမ့်မည်သာ။

ချင်းကွေးကို သဘောမကျသည့် သခင်များစွာ ရှိသော်လည်း သူသည် အပြင်အကြီးအကဲတစ်ယောက်အဖြစ် ရာထူးတိုးခံရကာ တချို့စီးပွားရေးများကို ကိုင်တွယ်ရမည်ဟူသည့် စကားတစ်ခု ပြန့်နှံ့လာသည်။ ချင်းကွေးသည် ထိုစကားကို ကြားသည့်အခါ ပျော်မြူးသွားသည်။ လာမည့်နေ့များ၌ သူ့ခြေလှမ်းများကား ငှက်မွှေးကဲ့သို့ ပေါ့ပါးနေသည်။

ခုလက်ရှိတွင် ချင်းကွေးက အိမ်တော်တံခါး ဝန်းကျင်နားရှိ သက်တောင့်သက်သာ အေးမြသော နေရာတွင် မော်ကြွားသောဟန်ပန်ဖြင့် ထိုင်နေသည်။ သည်မနက်တွင် အိမ်တော်သခင်သည် စီးပွားရေးကိစ္စတစ်ခု ဆွေးနွေးစရာ ရှိ၍ အပြင် ထွက်သွားသည်။ အိမ်တော်၏ သခင်လေး၊ သခင်မလေးများမှာလည်း သူတို့၏ အပေါင်းအပါများနှင့်အတူ ချောင်းရှန်းဘုံကျောင်းထံ လမ်းသလားဖို့ ထွက်သွားကြသည်။ အခု အိမ်တော်ခြံဝန်းထဲမှာ အိမ်တော်သခင်မများအပြင် အိမ်တော်အမှူထမ်းဖြစ်သူ မုဆိုးမလေးပျောင် တစ်ယောက်သာ ရှိလို့နေသည်။

သို့အတွက် သူသည် စိတ်လက်ချမ်းသာနေသည်။ အေးဆေးအနားရနေသည်။

ချင်းကွေးသည် လေအေးများ တိုက်ခတ်နေ၍ အိပ်ချင်စုံမွှား ဖြစ်နေစဉ် သူ့ရှေ့မှ ယောကျ်ားပျိုတစ်ယောက်၏ အသံကို ရုတ်တရက် ကြားရသည်။

“ဟို…ဒါက ချင်းအိမ်တော်များလား…”

ချင်းကွေးက အိပ်ပျော်ခါနီး၌ ထိုအသံက သူ့ကို နှောက်ယှက်သဖြင့် နိုးလာသည်။ သူသည် ဒေါသထွက်သွားကာ မျက်လုံးမှိတ်ထားလျက်ဖြင့်ပင် လှမ်းဟောက်သည်။

“မင်းက ဘယ်သူ့ကို အော်ခေါ်နေတာလဲ။ မင်းက အသုဘအိမ်မှာလို့ ဘာလို့ လာအော်နေတာလဲ။ ကျုပ်လို့ ကြီးမြတ်တဲ့ ချင်းကွေးက အိပ်ပျော်နေတာကို မင်း မမြင်ဖူးလား…”

ထိုသို့ပြောပြီး ချင်းကွေးသည် မျက်လုံးမဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်ကာ လှမ်းကြည့်သည်။ သူ့မျက်နှာထက်တွင်မူ မကျေမချမ်း ဖြစ်ဟန် ပေါ်နေသည်။

ချင်းကွေးသည် သူ့ရှေ့မှ သူ့ကို ကောင်းကောင်း မြင်ရပြီ။ ထိုလူငယ်မှာ အသက်နှစ်ဆယ့်လေးလောက် ရှိမည်။ ရိုးရိုးရှင်းရှင်း ဝတ်စားထားသည်။ သူ့ပုံစံက သာမန်သာ ဖြစ်သည်။ ထိုလူငယ်သည် တောခြုံအုံကြားကနေ ခုမှ ရောက်လာသော တောသားတစ်ယောက် ဖြစ်မှာ သိသာနေသည်။

သို့အတွက်ကြောင့် ချင်းကွေး၏ မောက်မာမှုက ပိုဆိုးလာသည်။

သူက ထိုင်ခုံကနေ ထရပ်သည်။ သတိပေးစကားများကို အဆက်မပြတ် ပြောလေတော့၏။ သူ အနားယူနေတာကို လာနှောက်ယှက်ခြင်းသည် ခွင့်လွှတ်၍ မရသော ပြစ်မှုကြီးတစ်ခုလေအလား။

ရွက်ကြမ်းရေကြို လူငယ်ကမူ ချင်းကွေး ပြောနေတာကို နားလည်ပုံ မပေါ်ပေ။ သက ချင်းကွေး ပြောနေဆိုနေတာကို ရူးကြောင်ကြောင်ပုံဖြင့် နားထောင်နေ၏။

အချိန်အတန်ကြာပြီးနောက်မှာ ချင်းကွေးသည် ဒေါသပုန်ပိုထလာကာ နှုတ်ရေးဖြင့် အဆက်မပြတ် တိုက်ခိုက်လေတော့သည်။

တအောင့်အကြာ သူက ထိုလူငယ်ကို ရွှဲ့စောင်းကာ ကြည့်သည်။ ယင်းနောက်မှာ သူက ဘာသိဘာသာဖြင့် မေး၏။ “ကျုပ်တို့ချင်းအိမ်တော်ကို မင်း ဘာလာလုပ်တာလဲ။ ကျုပ်တို့က အစေခံ၊ အလုပ်သမားတွေလည်း မလိုဘူး။ မြန်မြန် ထွက်သွားတော့။ ဒီအိမ်တော်ရဲ့ အစေခံတွေဟာ တခြားအစေခံတွေနဲ့ မတူဘူး။ ကျုပ်တို့က ဇစ်မြစ်ဘယ်သူဘယ်ဝါမှန်း မသိတဲ့သူတွေကို ဒီမှာ မခန့်ဘူး။ မင်း နောက်ခံတစ်ခုခု အရင်သွားရှာပြီးမှ ပြန်လာခဲ့ချေ…”

ချင်းကွေးက သူ့ရှေ့မှ လူငယ်သည် ချင်းအိမ်တော်တွင် အလုပ်လုပ်ရန် စိတ်ကူးယဉ်နေသော တောသားတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ သူ့ရှေ့က အတွေ့အကြုံများကြောင့် ချင်းကွေးက ထိုသို့သာ ထင်နေသည်။

“ကျုပ်က ဒီကို အလုပ်လာရှာတာ မဟုတ်ဘူး။ ချင်းယန်ဟာ ကျုပ်ရဲ့ ဦးလေးပဲ။ ကျုပ်မိသားစုက ဦးလေးချင်းထံ ဒီစာကို ပေးခိုင်းလိုက်တယ်…”

ထိုလူငယ်သည် ချင်းကွေး၏ အပြောအဆို ခံရပြီးနောက်မှာ သူသည် ရင်ဘက်ထဲ တွန့်ကြေနေသော စာတစ်စောင်ကို ထုတ်ပေးကာ ရှင်းပြပြောဆိုသည်။

“ဘာ…သခင်ကြီးက မင်းရဲ့ ဦးလေး ဟုတ်လား…”

ချင်းကွေးသည် အာစေးမိသွားသည်။ သူသည် အနီးအနားရှိ လဘ္ဘက်ရည်ကြမ်းအိုးထံ လှမ်းသွားကာ တကျိုက်နှစ်ကျိုက်ပင် မော့သောက်ရ၏။ သို့သော် လူငယ် ထပ်ပြောလာသော စကားကို သူ ကြားသည့်အခါ သောက်နေသော ရေနွေးကြမ်းပင် သီးမတတ် ဖြစ်သွားမိသည်။

“ဒါကတော့…ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ ကျုပ်မိသားစုက ဦးလေးချင်းဆီ သွားခိုင်းလိုက်တာ…”

လူငယ်က ရှက်ရွံ့ဟန်ဖြင့် ခေါင်းယမ်းကာ ပြောသည်။

သို့သော် ခုချိန်တွင်တော့ ချင်းကွေးသည် သူ့ကို လွယ်လင့်တကူ မလှောင်ဝံ့တော့ပေ။ ထိုလူငယ်ကသာ သူ့သခင်ကြီးနှင့် ပတ်သတ်နေသူ အမှန်တကယ် ဖြစ်ခဲ့ပါက သူ့အတွက် မထောင်းသာလှပေ။

ထို့နောက်တွင် ချီတုံချတုံ ဖြစ်နေပြီးနောက် သူက ဂရုတစိုက် မေးကြည့်သည်။

“ဒီစာကို ကျနော် ဖတ်ကြည့်လို့ ရမလား။ စိတ်မပူပါနဲ့…ခင်ဗျား။ ကျုပ်က စာအိတ်အပေါ်က စာသားကိုပဲ ကြည့်ကြည့်မှာပါ။ စာအိတ်ကို မဖောက်ဝံ့ပါဘူး…”

လူငယ်က ချင်းကွေး၏ စကားကို ကြားသည့်အခါ ခေါင်းညိတ်ကာ သဘောတူသည်။ သူက စာကို လှမ်းပေးကာ ပြော၏။

“ကျနော်က ဒီစာကို ခင်ဗျားရှိ မြန်မြန် ပေးချင်တာ။ ဒါမှသာ ခင်ဗျားအနေနဲ့ ဦးလေးချင်းဆီ ဒါကို ခပ်မြန်မြန် သွားပေးနိုင်မှာ မလား…”

ချင်းကွေးသည် တွန့်ခေါက်နေသောစာကို ယူကာ ၎င်းကို ဖင်တပြန်ခေါင်းတပြန် ကြည့်သည်။

ပုံမှန်ဆို အစေခံများသည် စာမဖတ်တတ်ကြပေ။ သို့သော် ချင်းကွေးသည် ကလေးဘဝတုန်းက မူလတန်းကျောင်းတစ်ခုမှာ နှစ်ဝက်လောက် စာသင်ခဲ့ဖူးသည်။

“တူလေးချင်းယန်ကိုယ်တိုင် ဖွင့်ဖတ်ပါ…”

ထိုစာပေါ်ရှိ ထင်းနေသော ဤစကားများသည် ချင်းကွေး၏ စိတ်နှလုံးကို ခုန်ပေါက်သွားစေသည်။ စာပါ လေသံအရ သည်စာကို ရေးခဲ့သူမှာ သူတို့သခင်ကြီး၏ စီနီယာတစ်ယောက် ဖြစ်ပုံရသည်။

ထိုသို့တွေးကာ ချင်းကွေး၏မျက်နှာမှာ ချက်ခြင်း ပြောင်းလဲသွားသည်။ သူက အတင်းလုပ်ယူပြီး ပြုံး၍ သည်လူငယ့်ကို ပြောသည်။

“သခင်လေး…ကျုပ်တို့ သခင်ကြီးက အခု ဒီမှာ မရှိဘူး။ ဒါပေမဲ့ သူ့ဇနီးတွေကတော့ အထဲမှာ ရှိတယ်။ ဒီစာကို သူတို့ရှိ ပေးစေချင်လား…”

ချင်းကွေးသည် ချက်ခြင်းပင် သူ့ရှေ့မှ လူငယ်ကို သခင်လေးဟု ခေါ်ဝေါ်သုံးစွဲလိုက်သည်။

“မရဘူး။ ဒီစာကို ဦးလေးချင်း ကိုယ်တိုင် ဖတ်မှကို ရမှာ…”

လူငယ်သည် ခဏ တွေဝေနေပြီးနောက်မှာ သူက ခေါင်းယမ်းကာ ပြောသည်။

“ဪ…ဒီလိုကို။ ကျနော် အရင်ဆုံး အိမ်တော်သခင်မတွေဆီ အကြောင်းကြားလိုက်ပါမယ်။ သူတို့ ဘယ်လို့တုန့်ပြန်မလဲပဲ ကြည့်ကြတာပေါ့…”

ချင်းကွေးသည် လူငယ်ကို နှင်မထုတ်ရဲတော့ပေ။ လူငယ်သာ အရေးကြီးသူ တစ်ယောက် ဖြစ်နေခဲ့ပါက ကံဆိုးမှုက သူ့အပေါ် ရောက်လာနိုင်သည် မဟုတ်လား။ သို့သော် သူက သည်ကိစ္စကို အိမ်တော်သခင်များထံ လွှဲအပ်ပေးလျှင်တော့ သူကဲ့သို့ နိမ့်ကျသော အစေခံတစ်ယောက်နှင့် မဆိုင်တော့ပေ။

လူငယ်က သဘောတူသည်။

ချင်းကွေးက စိတ်အေးသွားပြီးနောက် ဖြတ်သွားဖြတ်လာ အစေခံတစ်ယောက်ကို လှမ်းခေါ်ကာ လူငယ်ကို စောင့်ကြည့်ပေးဖို့ အကူအညီတောင်းပြီး အိမ်တော်ထံ ပြေးလေတော့သည်။

ချင်းကွေးသည် ခြံဝန်းနောက်ထံ ချက်ခြင်း ပြေးသွားပြီး အစေခံခေါင်းဆောင်အမျိုးသမီးကို စကားတချို့ ပြောပြသည်။ ထို့နောက်တွင် သူသည် ခြံဝန်းဝသို့ ပြန်လာသည်။

သူ ပြန်ရောက်လာပြီးနောက်မှာ လူငယ့်ကို စကားတချို့ ခပ်သွက်သွက် ပြောပြသည်။ စွဲဆောင်မှုရှိလှသော အစေခံမိန်းကလေးငယ်တစ်ယောက် သူတို့ထ့ ခပ်မြန်မြန် လှမ်းလာ၏။

သူမက သူတို့ရှေ့ ရောက်လာသည့်အခါ နုံအအပုံစံ လူငယ်ကို စပ်စုလိုစိတ်ဖြင့် ကြည့်ကာ သခင်မ ပြောခိုင်းသည့်အတိုင်း ပြောပြသည်။ လူငယ်သည် အရင်ဦးဆုံး အခန်းတစ်ခုတွင် အနားယူကာ သခင်ကြီး ပြန်လာသည့်အထိ စောင့်ပြီးမှ သူ၏နောက်ခံမှာ မှန်လား၊မှားလား ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ တကယ်တော့ ချီအိမ်တော်တွင် လူများစွာ ရှိ၏။ သည်လူငယ်က စီနီယာတစ်ယောက်၏ ကိုယ်လုပ်တော်ကနေ မွေးသော ကလေးတစ်ယောက် ဖြစ်ကာ သူတို့၏အိမ်တော်တံခါးထံ လာခေါက်သူလည်း ဖြစ်ချင် ဖြစ်နိုင်သည်။

ထိုသို့ တွေးမိကာ ချင်းကွေးသည် စိတ်အေးသွားပြီး ခြံဝန်းတံခါးကို ဆက်၍ စောင့်နေသည်။

အစေခံမလေးက လူငယ်ကို ဧည့်ခန်းသို့ ခေါ်သွားပေးကာ စောင့်ခိုင်းထားသည်။

လမ်းတစ်လျှောက်မှာ လူအများက လူငယ်၏ အူတူတူပုံကို တွေ့မြင်သည့်အခါ စပ်စုချင်စိတ်၊ အံ့ဩစိတ်တို့ဖြင့် ကြည့်သည်။ သို့အတွက် လူငယ်သည် စိတ်မသက်မသာ ဖြစ်ရသည်။ သူသည် ခေါင်းငုံ့ကာ အစေခံမိန်းကလေး၏ နောက်ကျောကိုသာ ကြည့်၍ နောက်ကနေ လျှောက်လာသည်။

ထိုအစေခံမိန်းကလေးက ခေါင်းလှည့်ကြည့်၏။ သူမက လူငယ်၏ နိမ့်ကျသောဟန်ပန်ကို မြင်သည့်အခါ မလှောင်ရယ်မိဘဲ မနေနိုင် ဖြစ်သွားသည်။

လူငယ်အတွက် စီစဉ်ပေးသော အခန်းရှေ့ ရောက်လာသည့်အခါ အစေခံမိန်းကလေးက လူငယ့်ကို ဘေးဘီသို့ မသွားဖို့ သည်မှာသာ ထိုင်စောင့်နေဖို့ကို အထပ်ထပ် သတိပေးရင်း အူတက်နေလေ၏။

အစေခံမိန်းကလေးသည် အခန်းထဲကနေ ထွက်ခွာသွားသည့်နောက်မှာ မူလတုန်းက နုံနုံအအ ဖြစ်နေသော လူငယ်၏ ဟန်ပန်သည် ရုတ်တရက် သိသာစွာ ပြောင်းလဲသွားသည်။ သူ့မျက်လုံးထဲရှိ အူတိအူကြောင်မှိန်ဖျော့ဖျော့ကိုလည်း ဆက်၍ မတွေ့ရတော့ပေ။

“ဒီချင်းမျိုးနွယ်စုက ခုလောက်ထိ ကျော်ကြားလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ဒီလောက် သိသာနေတဲ့ ပစ်မှတ်ကို မိစ္ဆာတာအိုဂိုဏ်းက လွဲချောသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး…”

လူငယ်သည် အခန်းအပြင်သို့ တချက် လှမ်းကြည့်သည်။ သူက မျက်မှောင် မသိမသာ ကြုံ့ကာ ခပ်တိုးတိုး စကားများ ဆို၏။

ဟန်လိသည် ဆယ်ရက်ကျော်လောက် အမြန်ဆုံးနှုန်းဖြင့် ပင်ပင်ပန်းပန်း ပျံသန်းလာခဲ့ပြီးနောက်မှာ နောက်ဆုံး၌ ယွဲ့ကျင်းမြို့သို့ ရောက်လာခဲ့သည်။ ချင်းအိမ်တော်သည် လီဟွာယွမ် ဟန်လိကို ကာကွယ်ပေးရန် တောင်းဆိုခဲ့သော အိမ်တော် ဖြစ်လေသည်။

သို့ပေမည့် ဟန်လိသည် လီဟွာယွမ်က သူ့အတွက် စီစဉ်ပေးသော အဆင့်အတန်းကို တွေးမိသည့်အခါ ဟန်လိသည် စိတ်ထဲ၌ သုန်မှုန်စွာ မခံစားမိဘဲ မနေနို့င် ဖြစ်ရသည်။

လီဟွာယွမ်သည် ဟန်လိကို ချင်းအိမ်တော်ခေါင်းဆောင်၏ တူတစ်ယောက်၊ တောမှ လာသော တောသားငတုံးတစ်ယောက် အဖြစ် ဟန်ဆောင်ခိုင်းသည်။ သူက ချင်းမျိုးနွယ်၏ မျိုးဆက်တစ်ယောက်၊ တောမှ တက်လာသော ခိုကိုးရာမဲ့သူတစ်ယောက် ဖြစ်ကြောင်းကို စာထဲ၌ ရေးသားထားသည်။ သို့မှသာ သူသည် ချင်းအိမ်တော်၌ အချိန်ကြာကြာ နေထိုင်နိုင်ပြီး ချင်းအိမ်တော်ကို အရူးလုပ်နိုင်မည်။

ဟန်လိသည် တောမှ တက်လာသော ခိုကိုးရာမဲ့လူငယ်လေးတစ်ယောက် ဟူသည့် နောက်ခံပုံရိပ်ကို သဘောမကျသော်လည်း သည့်အတွက် ဟန်ဆောင်ရဖို့မှာ သူ့အတွက် မခက်လှပေ။ တကယ်တော့ ဟန်လိသည် တောင်ခြေရွာလေးမှ ကြီးပြင်းခဲ့သော မိသားစုတစ်စု၏ ဉာဏ်ထက်ထက် ကောင်လေးတစ်ယောက် ဖြစ်ခဲ့သူ မဟုတ်လား။ ထို့ကြောင့် သူသည် အများကြီး အားစိုက်ထုတ်စရာ မလိုဘဲ သည်စရိုက်၊သည်အမူအကျင့်တို့ကို နီးစပ်စွာ ပြုမူနိုင်သည်။

ဟန်လိသည် အခန်းတံခါးကို ပိတ်ပြီးနောက်မှာ အိပ်ယာထက်တွင် တရားထိုင်ကာ ချီသန့်စင်သည်။ သူသည် ချင်းအိမ်တော်ကို ကာကါယ်နေစဉ်အတွင်း သူ၏ ကျင့်ကြံမှုအဆင့် နည်းနည်းပါးပါး တိုးတက်လာရန် မျှော်လင့်မိသည်။

ဟန်လိသည် ကျင့်ကြံခြင်း တပတ်ပြည့်စဉ် ညနေခင်း အချိန်ရောက်လာခဲ့ပြီ။ ထိုအချိန်၌ တစုံတစ်ယောက်က သူ့အခန်းတံခါးကို လာခေါက်သည်။

ဟန်လိ၏ မျက်နှာထက်ရှိ ဟန်အမူအရာမှာ ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။ သူ၏ အူတိအူတူပုံ ပြန်ပေါ်လာသည်။

သူ တံခါးသွားဖွင့်ပေးသည်။ သူက သူ့ရှေ့တွင် အစေခံတစ်ယောက် ရပ်နေတာကို မြင်ရ၏။

“သခင်ကြီး ပြန်လာပြီ။ သခင်မတွေကလည်း မင်းကို ခေါ်ခိုင်းလိုက်တယ်။ ငါ့နောက် လိုက်ခဲ့ပါ…”

အစေခံသည် ဟန်လိကို အားနည်းသည့်လေသံ တစ်စက်မျှ မပါဘဲ ပြောသည်။ ထို့နောက်တွင် သူက ခေါင်းလှည့်ကာ ပြန်ထွက်သွားသည်။ သည်အစေခံ၏ မျက်လုံးထဲ၌ ဟန်လိသည် အရေးမပါသည့်နှယ်။

အံဩစရာ မရှိပါ။ ခြံစောင့်ချင်းကွေးသည်လည်း ထိုသို့သာပင် မဟုတ်လား။

ဟန်လိသည်လည်း ထိုအစေခံနောက်ကနေ ချင်းအိမ်တော်၏ပင်မခန်းမထံ လိုက်လာသည်။

ထိုအခိုက်အတန့်တွင် အသက်လေးဆယ်ဝန်းကျင်လောက်ရှိမည့် ကျက်သရေရှိသော အမျိုးသမီးတစ်ယောက်သည် ဒီအခန်းမှာ ရှိနေသည်။ သူမက ချင်းမျိုးနွယ်စုခေါင်းဆောင်ချင်းယန်၏ ဘေးနားမှာ ထိုင်နေပြီး ဟန်လိ ရောက်လာမည့်အကြောင်းကို ပြောပြနေသည်။

“သူက စာတစ်စောင်နဲ့ ကျုပ်တို့ရဲ့ အိမ်တော်တံခါးဝကို လာခေါက်ဝံ့မှတော့ သူက အတုအယောင်တော့ မဟုတ်လောက်ဘူး။ ကြည့်ရတာ မျိုးနွယ်စုရဲ့ အကြီးအကဲတစ်ယောက်ယောက်က ကျုပ်တို့ရှိ သူ့ကို တကယ်ပဲ စေလွှတ်လိုက်ပုံ ရတယ်…”

“သူ ဘာတောင်းဆိုမလဲ ကြည့်ကြည့်ကြတာပေါ့။ သိပ်မလွန်ဘူးဆိုရင် ကျေနပ်အောင် လုပ်ပေးလိုက်မယ်။ ဒီလို မျိုးနွယ်ခွဲ တစ်ယောက်အတွက်နဲ့ ကျုပ်တို့ရဲ့ ဂုဏ်သတင်း ထိခိုက် မခံနိုင်ဘူး။ ဒါ့ကြောင့်လည်း ကျုပ်တို့ မျက်နှာပျက်လို့ မဖြစ်ဘူး…”

ချင်းယန်သည် အသက်ငါးဆယ်ဝန်းကျင်လောက် ရှိမည်။ သို့သော် သူက ကျန်းမာရေးကောင်းကောင်း ဂရုစိုက်သူ ဖြစ်၍ အသက်လေးဆယ်ဝန်းကျင်လောက်သာ ရှိမည့်ပုံ ပေါ်ကာ နုပျိုနေသည်။ သူက ငှက်သိုက်ရေနွေကြမ်းကို တငုံသောက်ကာ ခံတွင်းရှင်း၍ ပျင်းရိပျင်းတွဲ ထိုသို့ပြောသည်။

All Chapters