ရည်းစားကြောက် အီဗန်
Vol. 8 Ch. 13
ဒီနေ့တော့ စမ်းသပ်ခန်းထဲမှာ လူပြန်စုဖြစ်ကြတယ်။
ခါတိုင်းရှိနေတဲ့သူတွေမရှိပေမဲ့ လူသစ်တချို့လည်း
တိုးလာပါတယ်။ မက်ဒါနာက အခန်းထဲမှာရှိနေသူတွေကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။
ဖလေရာ၊ ဆိုဖီယာ၊ ဖရန့်၊ ဓားနတ်ဆိုး၊ လီနာ၊ အေမီ၊ ဇွန်ဘီမလေး တို့ အခန်းထဲမှာရှိနေကြတယ်။ မက်ဒါနာ အလိုလိုနေရင်း သက်ပြင်းချလိုက်မိတယ်။ အနားနားမှာ ရှိနေကျသူတွေ မရှိတော့တာ တကယ့်ကိုစိတ်မကောင်းစရာပဲ။ မက်ဒါနာက ဓားနတ်ဆိုးကို ကြည့်လိုက်ပြီးမေးပါတယ်။
“ဒီတော့ ရှင့်ရဲ့လက်စားချေမယ်ဆိုတဲ့ ကိစ္စကြီးပြီးသွားပြီလား။”
ဓားနတ်ဆိုးက ခေါင်းညိတ်လိုက်တယ်။ လုံခြုံတဲ့ အခန်းထဲမှာဖြစ်ပေမဲ့ ကျောမှာတော့ ဒူရမ်ဒဲလ်ဓားကိုပိုးထားတုန်းပဲ။ “အစကတော့ အဖိုးကြီးလူဝီကို သူ့လူတွေ တစ်ယောက်ပြီးတစ်ယောက်သေကုန်တာ ပြမလို့လဲ။ ဒါပေမဲ့ မင်းက အကူအညီလိုတယ်ဆိုတော့ သူ့ကိုအရင်ကိစ္စဖြတ်လိုက်ရတယ်လေ။”
မက်ဒါနာက ဓားနတ်ဆိုးရဲ့ကိစ္စတွေကို နားမလည်တဲ့အတွက် ဖလေရာကိုကြည့်လိုက်တော့ ဖလေရာက ရှင်းပြပါတယ်။ “သူတပ်ထဲမှာရှိနေတုန်းက သူ့မျက်လုံးကိုကန်းအောင် နောက်ကွယ်ကနေပြီး ကြိုးကိုင်ခဲ့တဲ့သူတွေလေ။”
“နားလည်ပြီ။” မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။
ဘာပဲဖြစ်ဖြစ် လောလောဆယ် ဓားနတ်ဆိုးက သူ့ရန်ငြိုးတွေကို ဖြေရှင်းပြီးပြီဖြစ်လို့ အရေးမကြီးတော့ပါဘူး။ အခုအရေးကြီးတာက လော့ဟက်မာတင်ကို ဖောက်ဝင်ဖို့ပါ။ မက်ဒါနာက လိပ်နက်ကို ကြည့်လိုက်တယ်။
“ရှင်ရော လိပ်ပုံစံကို ထိန်းချုပ်နိုင်ပြီလား။” ဖရန့်က ဒီမေးခွန်းကြောင့် ခနငိုင်သွားပြီးမှ ပြန်ဖြေပါတယ်။ “လိပ်တစ်ဝက်ပုံစံကို အရင်ကထက်တော့ အချိန်ပိုကြာကြာ ထိန်းချုပ်နိုင်လာပြီ။ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကို ကောင်းကောင်းထိန်းထားနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။”
လပိုင်းလေးအတွင်းမှာ ဖရန့်အများကြီးပြောင်းလဲသွားပြီလို့ မက်ဒါနာခံစားမိလိုက်တယ်။ အများကြီး
ပိုသန်မာလာပြီးတော့ ယောက်ျားဆန်လာတယ်။ ဆိုဖီယာက ပြုံးလိုက်ပြီးတော့
“ကြည့်ရတာ နင်အဲဒီရေခဲသိုင်းကွက်ကို ကျွမ်းကျင်သွားတဲ့ပုံပဲ။ ထာဝရရေခဲနိယာမဆိုလား ဘာလား။”
“ဆိုပါတော့။” ဖရန့်က ခေါင်းညိတ်ပြီး အတည်ပြုပေးလိုက်တယ်။ ဆိုဖီယာနဲ့မက်ဒါနာတို့တွေ ဒီအကွက်ရှိတဲ့အကြောင်းကို ဖရာလီတာဆီကနေ သိထားတာပါ။
“ဒီတော့ တကယ့်အစီအစဥ်ကို စလိုက်ကြရအောင်။”
မက်ဒါနာက ပြောပြောဆိုဆိုနဲ့ စားပွဲက ဟော်လိုဂရမ်ကိုဖွင့်ပြီးတော့ လော့ဟက်မာတင်ဌာနချုပ်ရဲ့မြေပုံကို
ဆွဲဖော်လိုက်တယ်။
“အမေရိကန်မှာ လော့ဟက်မာတင်စက်ရုံပေါင်း သုံးရာကျော်ရှိတယ်။ ငါတို့ဝင်စီးမှာက ဝါရှင်တန်အပြင်ဘက်က သူတို့ရဲ့အုပ်ချုပ်ရေးရုံးနဲ့ပင်မစမ်းသပ်ခန်းကိုပဲ။”
မြေပုံမှာတော့ အထပ်တစ်ရာလောက်မြင့်တဲ့ တိုက်ကြီးတစ်ခုနဲ့အတူ တွဲဖက်အဆောက်အဦးတွေအများကြီးကို ပြသနေတယ်။ မက်ဒါနာက စရှင်းပြပါတယ်။
“ဒီလမ်းမကြီးညာဘက်က ဝန်းကြီးတစ်ခုလုံးက သူတို့ဌာနချုပ်ပဲ။ အထဲကိုဝင်ဖို့အတွက် ပင်မဂိတ်ကို ဖြတ်သွားဖို့လိုတယ်။ ဂိတ်ဝမှာ အစောင့်နှစ်ဆယ်လောက်ရှိပေမဲ့ အင်အားသိပ်မကြီးဘူး။ ပိုးကောင်တွေဝင်ပူးထားတဲ့ကောင်တွေဆိုပေမဲ့ ငါတို့တိုက်ရင် ခနလေးနဲ့နိုင်မှာ၊ ပြဿနာရှိတာက။”
“အထဲက ပိုးကောင်ဗိုလ်ချုပ်တွေ သတိထားမိသွားမယ်လို့ ပြောချင်တာလား။” ဓားနတ်ဆိုးက ပြောလိုက်တော့ မက်ဒါနာက ခေါင်းညိတ်ပြတယ်။ အဲဒီနောက်တော့ မက်ဒါနာက မြေပုံမှာပါတဲ့ ကားလမ်းတစ်ခုကို ထောက်ပြလိုက်ပြီး
“ဒီလမ်းအတိုင်းသွားမယ်ဆိုရင် ဌာနချုပ်ရဲ့အဓိက အဆောက်အအုံဖြစ်ပေမဲ့ အဆောက်အဦးအမှတ် ၂၀၀ ကိုရောက်လိမ့်မယ်။ အဲဒီအဆောက်အဦးရဲ့အပေါ်ထပ်တွေက သာမန်ရုံးခန်းတွေဆိုပေမဲ့ အဲဒီအောက်မှာ မြေအောက်စမ်းသပ်ခန်းတွေရှိတယ်။”
မက်ဒါနာက ဒီအထိရှင်းပြပြီးတဲ့နောက်တော့ ဆိုဖီယာကို ကြည့်လိုက်ပါတယ်။ ဆိုဖီယာက အဲဒီနေရာကနေစပြီး ဆက်ရှင်းပြပေးတယ်။ “စမ်းသပ်ခန်းကို
တာဝန်ယူရတဲ့သူတွေက အပြာရောင်ပိုးတောင်မာ မျိုးနွယ်စုပဲ။ မြေအောက်ကိုဝင်ဖို့အတွက် မြေညီထပ်က ဘုရင်မရဲ့ပလ္လင်ခန်းကို ဖြတ်သွားဖို့လိုတယ်။ သူတို့က ပိုးကောင်ဗိုလ်ချုပ်တွေကိုခေါ်ပြီး နေ့တိုင်းအစည်းအဝေးလုပ်တဲ့အတွက် ငါတို့က အစည်းအဝေးမရှိတဲ့အချိန်မှာ ဝင်ရမှာ။”
ဆိုဖီယာက ရှင်းပြရမှာ မောသွားတဲ့ဟန်နဲ့ ခနနားလိုက်ပြီးတော့မှ “စမ်းသပ်ခန်းကိုဝင်ဖို့ မျက်လုံးအိမ်စစ်ဆေးမှုရှိတယ်။ ဒါပေမဲ့ ကံကောင်းတာက အဲဒီအထဲကို ခွင့်ပြုချက်မလိုဘဲ ဝင်လို့ရတဲ့ အဆင့်မြင့်ပိုးကောင်တချို့ကို ငါဝင်ပူးလို့ရတယ်။”
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီးတော့ “အခုငါတို့မှာ ကိုယ်ဖျောက်နည်းပညာရှိတယ်။ ပိုးကောင်ဗိုလ်ချုပ်တွေက ငါတို့တည်ရှိမှုကို သတိထားမိနိုင်တယ်ဆိုပေမဲ့ သာမန်ပိုးကောင်တွေအတွက်တော့မဟုတ်ဘူး။”
ဆိုဖီယာက တစ်လှည့်ဝင်ပြောတယ်။ “အားလုံး ကိုယ်ဖျောက်နည်းပညာသုံးပြီးတော့ စမ်းသပ်ခန်းရှိတဲ့ ပလ္လင်ခန်းမထဲကိုဝင်ဖို့က ပထမအဆင့်ပဲ။ ပြီးရင် ငါက ပိုးကောင်တစ်ကောင်ကိုဝင်ပူးပြီး တံခါးဖွင့်ပေးမယ်။ အဲဒီနောက်တော့ ငါတို့မြေအောက်စမ်းသပ်ခန်းထဲကိုရောက်ပြီ။”
မက်ဒါနာက မြေပုံကိုဆွဲချဲ့လိုက်ပြီး အထပ်ပေါင်းများစွာရှိတဲ့ လော့ဟက်မာတင်ရဲ့မြေအောက်စမ်းသပ်ခန်းကို အနီးကပ်ပြပေးတယ်။ “စုစုပေါင်း
မြေအောက်အထပ်ဆယ်ထပ်ရှိတယ်။ တစ်ထပ်ချင်းစီမှာ အားကောင်းတဲ့ ပိုးကောင်အစောင့်တစ်ယောက်စီချထားတယ်။ ဒါပေမဲ့ အားလုံးက S rank တွေလောက်ပါပဲ။ အဲဒီထက်တော့မကျော်ဘူး။”
ဖလေရာက စဥ်းစားလိုက်ပြီးတော့ ဝင်ပြောပါတယ်။
“ဒီတော့ ငါတို့မြို့ကိုအရင်က လာတိုက်ဖူးတဲ့ ဝတ်စုံနက်တွေလောက်ပဲစွမ်းတာပေါ့။” S rank တွေက အတော်လေးစွမ်းအားကြီးပေမဲ့ မက်ဒါနာတို့အုပ်စုထဲက အားအနည်းဆုံးစစ်သည်တစ်ယောက်ရဲ့ခွန်အားပဲရှိတာပါ။
“အင်း၊ တကယ်စိန်ခေါ်မှုက ဆယ်ထပ်မြောက်မှာပဲ။”
မက်ဒါနာက နောက်ဆုံးအထပ်ကို ပြလိုက်တယ်။ ဒီနေရာက မြေပုံက ပြည့်စုံမနေပေမဲ့ ဆိုဖီယာက ဝင်ပြောလိုက်တယ်။
“နောက်ဆုံးအထပ်က ရေဂင်ကိုယ်တိုင်ရှိနေတဲ့ အထပ်ပဲ။ သူက အဲဒီမှာ ယာမီကိုစမ်းသပ်နေတာ။ ငါပိုးကောင်တွေရဲ့မှတ်ဉာဏ်ကိုစစ်ကြည့်ရသလောက် အဲဒီနေရာက နျူကလီးယားဓာတ်ရောင်ခြည်တွေဖြာထွက်နေတာကြောင့် အကြမ်းခံတဲ့သူတွေပဲ ဝင်လို့ရလိမ့်မယ်။”
ဆိုဖီယာက မက်ဒါနာနဲ့လိပ်နက်ကို ကြည့်လိုက်ပါတယ်။ မက်ဒါနာက မေးကိုပွတ်လိုက်ပြီးတော့ “နင်ပြောချင်တာက ငါ့ရဲ့ဖီးနစ်ပုံစံ ဒါမှမဟုတ် ဖရန့်ရဲ့လိပ်နက်နဲ့မှ ဝင်ဖို့သင့်တော်မယ်ဆိုတာမျိုးလား။”
ဆိုဖီယာက မက်ဒါနာရဲ့စကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ မက်ဒါနာကလည်း သက်ပြင်းချတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ သိပ်ပြီးပူပန်မနေဘူး။ အဲဒီအစား ထူးခြားတဲ့ တည်ငြိမ်မှုတစ်ခုကပဲ သူ့ကို လွှမ်းမိုးထားတယ်။
“ငါတို့မှာ ဇွန်ဘီမလေးလည်း ရှိနေတာဆိုတော့ အထဲကို တိုက်ရိုက်ရွေ့ပြောင်းဖို့က အန္တရာယ်များပေမဲ့ တစ်ခုခုအန္တရာယ်များတာမျိုးဖြစ်လာရင် သူ့ကိုသုံးပြီး ပြန်ထွက်လို့ရသေးတာပဲ ကိစ္စတော့မရှိလောက်ပါဘူး။” မက်ဒါနာက ဖလေရာပေါင်ပေါ်မှာထိုင်ပြီးတော့
ပဲနို့သောက်နေတဲ့ ဇွန်ဘီမလေးကိုကြည့် ပြောလိုက်တယ်။ အဲဒီနောက်တော့...
“ကောင်းပြီလေ၊ ဖရာလီတာပြန်ရောက်လာတဲ့အထိ စောင့်ရအောင်။”
....
ဖရာလီတာက ရန်ကုန်လေဆိပ်ကနေ ထွက်လိုက်တော့ မြန်မာနိုင်ငံရဲ့အခြေအနေက ပုံမှန်ငြိမ်းချမ်းတဲ့အချိန်နဲ့ သိပ်ပြီးမကွာခြားတာ တွေ့လိုက်ရတယ်။ ဒါပေါ့၊ တိုက်ပွဲသတင်းတွေကို ထုတ်လွှင့်ပြသနေတဲ့ ဧရာမတီဗီဘုတ်ကြီးတွေကို တွေ့ရပေမဲ့ ပိုးကောင်ကျူးကျော်မှုကြောင့် သာမန်မြို့နေပြည်သူတွေ စိုးရိမ်နေပုံမရဘူး။
မြို့ရဲ့အမြင့်ဆုံးတာဝါမှာ လည်ပတ်နေတဲ့ မြို့ကာစွမ်းအင်အမိုးခုံးကိုလည်း မြင်နေရပြီးတော့ ရန်ကုန်မြို့သာ တိုက်ခိုက်ခံရရင် ချက်ချင်းအသက်ဝင်လာမှာဖြစ်ပါတယ်။
“ငါအရင်က သွားဖူးတဲ့ ဒေသအင်အားကြီးနိုင်ငံတွေနဲ့ အတော်လေးကွာခြားတာပဲ။” ရန်ကုန်မြို့က ဒုတိယကုန်းဘောင်မင်းဆက် နန်းစိုက်ရာဖြစ်ပြီးတော့ မြန်မာနိုင်ငံက အနည်းငယ်သာကျန်ရှိတော့တဲ့ အကြွင်းမဲ့ဘုရင်စနစ်ကျင့်သုံးနေဆဲ နိုင်ငံတစ်ခုပါ။ ဒါပေမဲ့ ဖရာလီတာသိသလောက် လက်ရှိမြန်မာဘုရင်က စစ်သည်ကောင်းတစ်ယောက်ဖြစ်ပြီးတော့ ကပ်ဘိနပ်ကောင်စီကိုပဲ ကိစ္စအများစုကိုလွှဲထားတတ်တယ်။ သာမန်ရွေးကောက်ခံဝန်ကြီးတွေနဲ့ ပြည့်နေတဲ့နေရာဖြစ်လို့ စည်းမျဥ်းခံဘုရင်နိုင်ငံတစ်ခုဖြစ်တဲ့ ဗြိတိန်နဲ့ဘာမှသိပ်မခြားဘူး။ ဘုရင်က ကပ်ဘိနိပ်ကောင်စီကို ဖျက်သိမ်းပစ်နိုင်တဲ့အထိ အင်အားကြီးပေမဲ့ ငယ်နာမည်ရန်နိုင်နဲ့ ဘုရင်သူရိယကတော့ အဲဒီလိုလုပ်ဖို့ စိတ်ဝင်စားမှာမဟုတ်ပါဘူး။
“ဗစ်ကောင့် ဖရာလီတာ၊ အရှင်မင်းကြီးက ကျုပ်တို့ကို လာကြိုခိုင်းလိုက်ပါတယ်။”
လေဆိပ်ကထွက်ပြီးမကြာခင်မှာပဲ တော်ဝင်မိသားစုက ကားတစ်စင်းထိုးစိုက်လာပြီး ယာဥ်မောင်းက မှန်ချကာ ဖရာလီတာကို ပြောလိုက်တယ်။ ဖရာလီတာကလည်း ခေါင်းညိတ်လိုက်ပြီးတော့ ကားပေါ်တက်လိုက်တယ်။ မကြာခင်မှာပဲ ကားက ရန်ကုန်မြို့လည်မှာရှိတဲ့ ရွှေရောင်နန်းတော်ကြီးရှေ့မှာ ရပ်လိုက်ပါတယ်။
နန်းတော်ထဲကို ဝင်သွားပြီး သိပ်မကြာခင်မှာပဲ ဖရာလီတာက ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကိုခံစားမိလိုက်တယ်။ နန်းတော်ထဲက လူအများစုက ဝမ်းနည်းနေတဲ့ပုံဖြစ်နေကြပြီး မျက်နှာမကောင်းကြဘူး။ ပြင်ပက ပျော်ရွှင်နေတဲ့ ပြည်သူတွေနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။
ဖရာလီတာက တော်ဝင်ဒေါင်းပုံစံထွင်းထားတဲ့ ရွှေသားအစစ်နဲ့ကွပ်ထားတဲ့ သစ်သားတံခါးကြီးရှေ့မှာ ရပ်လိုက်တယ်။ သိပ်မကြာခင်မှာပဲ အထဲကနေ ဘုရင်သူရိန်ရဲ့အသံထွက်လာတယ်။
“ဝင်လာခဲ့။” ဖရာလီတာက ပြုံးရုံလေးပြုံးပြီး အထဲကိုဝင်လိုက်တယ်။ ဘုရင်သူရိန်က ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းအနေအထားနဲ့ရှိနေပြီး သူ့ပခုံးမှာတော့ ပက်တီးတွေအပြည့်နဲ့ဖြစ်နေပါတယ်။ နာမည်ကျော် အရိန္ဒမာလှံကိုတော့ အခန်းထဲက လက်နက်တင်စင်တစ်ခုပေါ်မှာ ထောင်ထားတယ်။
“ဒီတော့ ရှင်ဒဏ်ရာရထားတာကို ရှင့်ပြည်သူတွေ မသိသေးဘူးပေါ့။”
ဖရာလီတာက ပြောလိုက်တော့ ဘုရင်သူရိန်က ခေါင်းညိတ်လိုက်ပြီး သူ့ကိုကူညီပေးနေတဲ့ သူနာပြုကို ခေါင်းညိတ်ပြလိုက်တယ်။ သူနာပြုက သူ့နန်းဝတ်နန်းစားတွေကို ကူဝတ်ပေးလိုက်ပြီး ပြန်ထွက်သွားပါတယ်။
“လွန်ခဲ့တဲ့တစ်ပတ်က ရှမ်းပြည်မြောက်ပိုင်းက မြို့နှစ်မြို့ကို ပိုးဖလံတွေဝင်ဖျက်ဆီးသွားတယ်။ တရုတ်ပြည်ထဲကနေ ဝင်လာတယ်လို့ထင်တာပဲ။ ပိုးဖလံဗိုလ်ချုပ်က လော့ဟက်မာတင်မှာရှိနေပေမဲ့ သူ့ရဲ့လက်အောက်ခံခေါင်းဆောင်တချို့က တရုတ်မှာဆက်ပြီး မွှေနှောက်နေသေးတယ်။”
ဖရာလီတာက လက်ရှိအာရှတိုက်ရဲ့အခြေအနေကို ပြန်စဥ်းစားလိုက်တယ်။ တရုတ်ပြည်က ရှန်ဟိုင်းမြို့ဖျက်ဆီးခံလိုက်ရတာ မကြာသေးဘူး။ တရုတ်ပြည်မှာ ပိုးဖလံမျိုးစိတ်တွေ လူယောင်ဆောင်လှုပ်ရှားနေမှန်း မဟာမိတ်က သတင်းရထားပြီးသား။ အခုလိုအတင့်ရဲပြီးတော့ ငြိမ်းချမ်းရေးမဟာမိတ်အဖွဲ့ဝင် နိုင်ငံ
တစ်ခုကို ဝင်လာရဲမယ်လို့ ထင်ကိုမထင်ထားခဲ့တာ။
“ဆုဗာနာက ရှင်တို့ကိုလာမကူဘူးလား။” ဖရာလီတာက မေးလိုက်တော့ ဘုရင်သူရိန်က ရယ်လိုက်တယ်။
“ငါက ဘုရင်တစ်ယောက်လေ၊ ဘယ်လိုလုပ်ပြိုင်ဘက်ဟောင်းတစ်ယောက်ကို အားကိုးဖို့ဖြစ်နိုင်မှာလဲ။ ငါ့နယ်ထဲဝင်လာတဲ့ ပိုးကောင်ခေါင်းဆောင်နှစ်ယောက်ကိုလည်း ငါသတ်ပစ်လိုက်ပြီးပါပြီ။”
ဖရာလီတာက အထင်ကြီးစွာနဲ့ မျက်ခုံးပင့်လိုက်မိတယ်။ “အဲဒီပိုးကောင်ခေါင်းဆောင်တွေက S rank တွေမဟုတ်လား။ ရှင်က သူတို့ကိုနိုင်ခဲ့တယ်ဆိုတော့
အထင်ကြီးစရာပဲ။”
“ငါက ငါ့နိုင်ငံမှာရှိနေရင် ပိုပြီးအစွမ်းထက်တယ်။”
ဖရာလီတာက မျက်လုံးကိုမှေးပြီး ကြည့်လိုက်တယ်။ ဘုရင်သူရိန်ရဲ့စွမ်းအားက ဧကရာဇ်ရောင်ဝါပါ။ သူ့ပြည်သူတွေရဲ့သူ့အပေါ်ယုံကြည်မှုကို သူကစွမ်းအားအဖြစ်ပြောင်းလဲနိုင်တယ်။ ပြည်သူတွေက သူ့ကို နတ်ဘုရားတစ်ပါးလို့မြင်နေသမျှ သူကဒီနယ်မြေမှာ ပြိုင်ဘက်ကင်းပါပဲ။
“ဒါပေမဲ့ ငါ့ကိုယ်ငါပိုတွက်မိသွားတယ်။ တတိယပိုးကောင်ခေါင်းဆောင်တစ်ယောက် ဒီနယ်မြေမှာရှိနေတယ်။ အဲဒီတစ်ယောက်က ခြုံခိုပြီးတိုက်လို့ ငါဒဏ်ရာရသွားတာပဲ။”
ဘုရင်သူရိန်က သူ့နယ်မြေမှာ S rank ဟီးရိုးတစ်ယောက်လို အစွမ်းထက်တယ်ဆိုရင်တောင်မှ ရန်သူ့ခေါင်းဆောင်သုံးယောက်ကို တစ်ပြိုင်တည်းအနိုင်ယူဖို့က ခက်ခဲနေတုန်းပဲ။ ဒါပေမဲ့ မနိုင်နိုင်တာတော့မဟုတ်ဘူး။ ပြဿနာက ခြုံခိုတိုက်ခံခဲ့ရတာဖြစ်နေတယ်။
“မင်းဒီကိုလာတာ မင်းဝတ်စုံကို အဆင့်မြှင့်ဖို့ ငါ့ဆီက လျှို့ဝှက်ချက်ကို လာရှာတာမဟုတ်လား။”
ဘုရင်သူရိန်က သူ့လှံကိုဆင့်ခေါ်လိုက်တယ်။ လှံက စင်ကနေ ပြေးထွက်လာပြီးတော့ အနီရောင်သန်းတဲ့ ရွှေရောင်တောက်ပနေတယ်။ ဘုရင်သူရိန်က လှံသွားကို ထိလိုက်ပြီးတော့ ပြောလိုက်လေရဲ့။
“ဇက်သတ္တုထက် အများကြီးပျော့ပြောင်းပြီးတော့ အမာခံတဲ့သတ္တု၊ ဇမ္ဗူရာဇ်ရွှေ။ ဒဏ္ဍာရီလာလက်နက်တွေကို သွန်းလုပ်တဲ့ရွှေ။”
ဖရာလီတာက ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီရွှေသတ္တုက ဇက်သတ္တုထက် အများကြီးပိုရှားတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က ဒဏ္ဍာရီလာလက်နက်တွေအားလုံးကို သွန်းလုပ်ခဲ့တဲ့ရွှေပါ။ ဇက်သတ္တုနဲ့မတူတာက ဘယ်တုန်းကမှ ကမ္ဘာပေါ်မှာ အရင်းအမြစ်မရှိခဲ့ဖူးတာပဲ။ ဇက်သတ္တုကတောင် ဆုဗာနာနဲ့လပေါ်မှာပဲထွက်တာမလို့ အတော်ရှားပေမဲ့ ဆုဗာနာက မဟာမိတ်ကိုသတ္တုတွေ အများကြီးထုတ်ရောင်းပေးပြီးနောက်မှာ သိပ်မရှားတော့ဘူးလို့ပြောနိုင်တယ်။ ဒါပေမဲ့ ဇမ္ဗူရာဇ်ရွှေရဲ့ရင်းမြစ်က တစ်နေရာတည်းမှာပဲရှိပြီး မြန်မာနိုင်ငံမှာပါ။ ပြီးတော့ သူတို့နိုင်ငံမှာလည်း အလွန်ကိုနည်းပါးတဲ့ ပမာဏတစ်ခုအနေနဲ့ပဲရှိနေတာ။
“အဲဒီလွတ်သွားတဲ့ ပိုးကောင်ခေါင်းဆောင်က အခုထိရှမ်းပြည်ထဲမှာ လိုက်သောင်းကျန်းနေတုန်းပဲ။ ငါစိုးရိမ်တာက ငါ့နိုင်ငံထဲမှာ သူ့ကိုနှိမ်နင်းနိုင်မယ့်သူ မရှိမှာကိုပဲ။ မင်းသူ့ကိုသွားပြီး နှိမ်နင်းမယ်ဆိုရင် ငါ့လက်ထဲက ဇမ္ဗူရာဇ်ရွှေတွေ မင်းအတွက်ဖြစ်စေရမယ်။”
ဘုရင်သူရိန်က သူ့လက်ကိုဖြန့်ပြလိုက်တယ်။ သူ့လက်ဖဝါးပေါ်မှာ အနီရောင်သန်းနေတဲ့ သန့်စင်တဲ့ ဇမ္ဗူရာဇ်ရွှေပြားတစ်ပြားရှိနေတယ်။ ကီလိုတစ်ရာလောက်ပဲရှိတဲ့ ရွှေပြားပါ။ ဒါပေမဲ့ ဘုရင်သူရိန်အနေနဲ့ တခြားသူတစ်ယောက်ကို ထုတ်ပေးနိုင်တာ အဲဒီလောက်ပဲရှိတယ်။ သူကိုယ်တိုင်လည်း အနော်ရထာရဲ့သချိုင်းဂူကနေ ရခဲ့သမျှအားလုံးနီးပါးကို ဒီနှစ်ငါးဆယ်လုံး အကြောင်းအမျိုးမျိုးနဲ့သုံးခဲ့ရပြီးပြီလေ။
“သတ္တုစပ်လုပ်ဖို့တော့ လုံလောက်ပါရဲ့။ ကောင်းပြီလေ၊ ရှင်သိထားသမျှ အဲဒီပိုးကောင်ရဲ့သတင်းကိုပြော။ ရှင့်အစားသွားသတ်ပေးမယ်။”
....
“ကောင်လေးတွေ၊ အိပ်ပျော်မနေကြတော့နဲ့။ နယူးယောက်ဟီးရိုးအစည်းအရုံးကိုရောက်ပြီ၊ ပေးထားတဲ့ကတ်တွေ လည်ပင်းမှာဆွဲပြီး ဆင်းခဲ့ကြတော့။”
အီဗန်က ကျောင်းကငှားထားတဲ့ ကျောင်းကားပေါ်မှာ ငိုက်ပြီးတော့ လိုက်လာတာပါ။ ဆရာမဘရီစာရဲ့အသံကြားလို့ လန့်နိုးသွားတော့မှ ပါးစပ်ကနေပြီး တံထွေးတွေစီးကျနေမှန်း သိရတော့တာ။
“အဟိဟိ...” ရယ်သံကြားလို့ လှည့်ကြည့်လိုက်တော့
သူနဲ့တစ်တန်းထဲက တစ်ခက်ခုံမှာထိုင်နေတဲ့ ယုဆနဲ့မိရိုင်တို့ သူ့ကိုတစ်လမ်းလုံးကြည့်ပြီး ဟားတိုက်ရယ်နေခဲ့မှန်း သတိထားမိတော့တယ်။ သူနဲ့အတူထိုင်နေတဲ့ဂိုးလ်ကို ကြည့်လိုက်တော့ တစ်ကောင့်သားက စိတ်ပူလွန်းလို့ သူ့လက်သည်းသူမည်းကိုက်နေတယ်။
“ငါ့ကောင် ဘယ်လိုဖြစ်နေတာလဲဟ။”
“တ... တကယ်လို့ စစ်ဆေးရေးအခန်းထဲရောက်ခါမှ ငါ့ကိုအရည်အချင်းမပြည့်မီလို့ ဝင်ပြိုင်လို့မရဘူးလို့ပြောရင် ဘယ်လိုလုပ်မလဲ။”
ဂိုးလ်ရဲ့စိတ်ပူနေတဲ့လေသံနဲ့ စကားကိုကြားတော့ အီဗန်အူနှိပ်ပြီးရယ်မိတယ်။ ဒီကောင်က စိတ်ပူစရာမရှိတာကို အလကားစိတ်ပူနေတာပဲလို့တောင် တွေးမိသွားလေရဲ့။
“ငါကြားဖူးသလောက် ဟီးရိုးအစည်းအရုံးက ငါတို့ရဲ့အဆင့်အမှန်ကိုသိရဖို့ပဲ စစ်ဆေးမှာ။ ပြိုင်ပွဲအတွက် အနိမ့်ဆုံးလိုအပ်ချက်က D Rank လေကွာ။
မင်းက C+ တောင်ဖြစ်နေပြီကို။ အရင်နှစ်တွေတုန်းက ငါတို့ကျောင်းက စီနီယာဖားလေးဆိုရင် C အဆင့်နဲ့တင် အုပ်စုတက်ဖူးတယ်ကွ။”
ဒီတော့မှ ဂိုးလ်လည်း သတ္တိမွေးလိုက်ပြီးတော့ ကားပေါ်ကနေဆင်းတယ်။ အီဗန်ကားပေါ်ကဆင်းတော့ ကားပေါ်မှာ ဘယ်သူမှရှိမနေတော့ဘူး။ ကျန်တဲ့သူတွေအကုန်လုံး အောက်ရောက်နေကြပြီ။
ခနနေတော့ ဆံပင်အစိမ်းရောင်နဲ့ အစိမ်းရောင်ဟူဒီလေးဝတ်ထားတဲ့ ဝက်ခြံတွေနဲ့ဟီးရိုးမလေးက လာပြီး သူတို့ကိုစစ်တယ်။ အီဗန်လည်း ဖားလေးကို ချက်ချင်းမှတ်မိသွားပြီးတော့ ပြေးထွက်လာတယ်။
“ဝိုး၊ စီနီယာက နယူးယောက်အစည်းအရုံးရဲ့ဒဏ္ဍာရီလာ သစ္စာရှိဟီးရိုးကြီးပေါ့နော်။ အခုလိုတွေ့ရတာ ဝမ်းသာလိုက်တာဗျာ။”
ဖားလေးက အီဗန်ကို တစ်ခါလာကယ်ဖူးတဲ့အတွက်
အီဗန်က မျက်မှန်းတန်းမိနေတာကြာပြီ။ အဲဒီနေ့က နာမည်တောင် မမေးလိုက်မိပေမဲ့ အခုလိုမျိုးပြန်ဆုံရတာ တကယ့်ကို ဝမ်းသာစရာပဲလေ။ ဖားလေးလူးစီးယပ်ကတော့ အရူးအမူးဖြစ်နေတဲ့အီဗန် သူ့လက်ကို အတင်းဆွဲထားလို့ ရှက်သွားပြီး လက်ကိုပြန်ရုပ်လိုက်တယ်။
“ကျောင်း... ကျောင်းသားအီဗန် ဘလက်၊ မင်းကို ငါမှတ်မိပေမဲ့ လူရှေ့သူရှေ့မှာ အဲဒီလိုလုပ်တာက ရှက်စရာကြီးကွ။” ဖားလေးကလည်း အီဗန့်ရင်ဘတ်က ကျောင်းသားတံဆိပ်ကိုကြည့်ပြီး ပြောလိုက်တယ်။ အီဗန်လည်း အခုမှာဖားလေးကို မိန်းကလေးမှန်း သတိရသွားပြီး တောင်းပန်လိုက်တယ်။
“ဆောရီး၊ စိတ်လောသွားလို့ပါ။” အီဗန်က ပြောလိုက်ပြီးတော့ ဖားလေးကိုသေချာကြည့်လိုက်တယ်။ သူ့စိတ်ထဲ တစ်ခုခုလွဲနေသလို ခံစားရတယ်။
သမ္မတဝဲလ်ဆင်ကြောင့် နယူးယောက်ဟီးရိုးအစည်းအရုံးက အချိန်အတော်ကြာ လေလွင့်နေခဲ့ဖူးတယ်။ အခုလိုပြန်လာတော့ အဲဒီအဖွဲ့ဝင်တွေကို ဒဏ္ဍာရီလာအဖွဲ့ဝင်တွေဆိုပြီး ပြည်သူတွေက နာမည်တပ်ထားကြတယ်။ အထူးသဖြင့် ဟယ်ရီ၊ မယ်လီနဲ့ လူးဆီးယပ်တို့သုံးယောက်ကို မသိသူမရှိဘူး။ ဒါပေမဲ့ အခုလိုပုံစံနဲ့မိန်းကလေးဟီးရိုးရှိတယ်လို့ သူမကြားဖူးဘူး။ ‘စာရင်းထဲ မပါတဲ့ တစ်ယောက်ယောက်လား’လို့ တွေးမိပြီး
“စီနီယာ၊ စီနီယာ့ရဲ့ဟီးရိုးနာမည်က ဘာလဲဟင်။ စကားမစပ် စီနီယာရဲ့စွမ်းအားက ထရုပ်ဆီးယပ်နဲ့တူတယ်နော်။ သူက စီနီယာရဲ့အစ်ကိုများလား။”
အီဗန်က ခပ်ပေါ့ပေါ့ပဲပြောလိုက်တာဖြစ်ပေမဲ့ ဖားလေးက အီဗန်ကို အန္တရာယ်ရှိတဲ့ ရွံစရာကောင်လိုမျိုးကြည့်ပြီး စကားဆက်မပြောဘဲ နေရာက ထွက်ပြေးသွားတယ်။
ခနနေတော့ နျူရေ အီဗန်နားရောက်လာပြီး နားရွက်ကိုလိမ်ဆွဲပါလေရော။ “အား၊ နာတယ်ဟ။ ငါ့နားရွက်ကို ဘာကိစ္စလာဆွဲတာတုန်း။”
“အီဗန်၊ နင်သိသိကြီးနဲ့လုပ်နေတာလား။ တကယ်မသိတာလား။ အဲဒါ ဟီးရိုးအစည်းအရုံးရဲ့ဒုဌာနမှူး ဟီးရိုးဖားလေး ထရုပ်စီးယပ်ဟဲ့။”
“နျူရေ၊ ထရုပ်စီးယပ်က ယောက်ျားလေးမဟုတ်ဘူးလား။” နျူရေ ကြောင်တောင်တောင်မျက်နှာဘေးနဲ့
အီဗန်ကိုကြည့်ပြီး သူ့နဖူးသူ ရိုက်လိုက်မိတယ်။ အဲဒီနောက်တော့ အစကနေ စရှင်းပြရတယ်။
“ဟီးရိုးဖားလေးက ဖားတွေလုပ်နိုင်သမျှ အကုန်လုပ်နိုင်တယ်။ လိင်ပြောင်းတာလဲ အပါအဝင်ပဲ။ အစက အဲဒီအချက်ကို အစိုးရတောင်မသိဘူး။ အဲဒီနည်းနဲ့ ဟီးရိုးဖားလေးက မြူတန့်ဌာနစိတ်ကိုလှည့်စားပြီး
မြေအောက်လှုပ်ရှားခဲ့တာ။ အခုတော့ နင်ကလွဲပြီး တစ်လောကလုံး သိပြီးသားဆိုပေမဲ့ပေါ့။”
“......”