← Chapters

ခံစားချက်မဲ့ဓားတာအို

Vol. 57 Ch. 782

ခံစားချက်မဲ့ဓားတာအို

Vol. 57 Ch. 782

"စိတ်မကောင်းစရာလေးပဲ၊ လီကျန့်ရှင်းက ကောင်းကင်မျဉ်းဓားအနုပညာရဲ့စတုတ္ထကွက်ကို မကျင့်ကြံရသေးဘူးလို့ ငါ သိသားပဲ"

"သူက ကျင့်ကြံထားရင် မြေကြီးပေါ်မှာလဲနေတဲ့သူက လီကျန့်ရှင်းမဟုတ်ဘဲ လီဖူချန်းသာ ဖြစ်လိမ့်မယ်"

လူတိုင်းက စိတ်မကောင်းဖြစ်နေကြတယ်။ စတုတ္ထဓားကွက်ကို မမြင်တွေ့ရတာက တစ်ချက်၊ လီကျန့်ရှင်းကို သနားတာက တစ်ချက်ပေါ့။

လီကျန့်ရှင်းက ရှုံးသွားတာကြောင့် ဒီပြိုင်ပွဲက အဆုံးသတ်တော့မှာကို လူတိုင်းက သိတယ်။ အဆုံးမှာ ခံစားချက်မံဓားဧကရာဇ်နဲ့လီဖူချန်းတို့ကြားမှာ ဘယ်သူက ရယ်မောနိုင်လိမ့်မလဲ။ ဒါပေမယ့် ခံစားချက်မဲ့ဓားဧကရာဇ်က နှလုံးသားဓားအာဏာရှင်နဲ့လီကျန့်ရှင်းတို့ကို အရင်အနိုင်ယူရလိမ့်မယ်။ သို့မဟုတ်ရင် သူက လီဖူချန်းနဲ့တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မှီမှာ မဟုတ်ဘူး။

"သိုင်းစင်မြင့်၂၊ နင်ချွယ်နဲ့ရှောင်ယွမ်"

ထိပ်တန်းအဆင့်ဓားသမားတွေအနေနဲ့ သူတို့နှစ်ယောက်ကြား ပြိုင်ပွဲက စိတ်ကူးမယဉ်နိုင်လောက်အောင် ပြင်းထန်တယ်။ ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ တိုက်ခိုက်တဲ့အခါ နှလုံးသားဓားအာဏာရှင်က အခြေအနေပိုကောင်းတာကို လူတိုင်းက မြင်နိုင်ပါတယ်။ နှလုံးသားဓားတာအိုက အခြေအနေအပေါ်မှာ အလေးထားပြီး အခြေအနေပိုကောင်းလေလေ၊ တိုက်ခိုက်ရေးခွန်အားက ပိုမြင့်လေ ဖြစ်တယ်။

"ခံစားချက်မဲ့ဓားဧကရာဇ်၊ ငါတို့နှစ်ယောက်တိုက်ခိုက်လာတာ အကြိမ်များစွာ ရှိပြီး၊ ငါ ဘယ်တော့မှ မင်းကို မနိုင်ခဲ့ဘူး။ ဒီတစ်ကြိမ်တော့ ငါက ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်"

နှလုံးသားဓားအာဏာရှင်ရဲ့တိုက်ခိုက်ရေးဆန္ဒက ကောင်းကင်ကို ထိုးတက်သွားပြီး သူ့နှလုံးသားက ရှင်းလင်းလာတယ်။ ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့လှုပ်ရှားမှုတွေအားလုံးက သူ့မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ပါဘူး။

"မင်း နားမလည်သေးဘူးလား။ ငါတို့ကြားမှာ အရည်အချင်းအားဖြင့် ခြားနားချက်တစ်ခု ရှိတယ်"

ခံစားချက်မဲ့ဓားဧကရာဇ်က တောက်ပဓားအလင်းတွေကို ဝှေ့ယမ်းလိုက်တယ်၊ သူက နှလုံးသားဓားအာဏာရှင်ကို တန်ပြန်တိုက်ခိုက်ဖို့ ခွင့်မပြုပါဘူး။

"နှလုံးသားတုန်လှုပ်ခြင်း"

နှလုံးသားဓားအာဏာရှင်က သူ့ရဲ့ပဉ္စမဓားကွက်ကို ဖော်ထုတ်လိုက်တယ်၊ ဓားချီလှိုင်းတစ်ခုက ခံစားချက်မဲ့ဓားဧကရာဇ်ထံ တစ်ဟုန်ထိုး ဝင်လာတယ်။

ခံစားချက်မဲ့ဓားဧကရာဇ်က နောက်ပြန်ခုန်ပြီး သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်တယ်။ အဆုံးမရှိအဖြူရောင်ဓားအလင်းတွေက ထွက်လာပြီး နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားတုန်လှုပ်ခြင်းကို ရှင်းလင်းလိုက်တယ်။ နွေဦးနှင်းက တောက်လောင်နေတဲ့နေမင်းကို တန်ပြန်တိုက်ခိုက်လိုက်တာနဲ့ တူတယ်။

"နှလုံးသားကြေကွဲခြင်း"

နှလုံးသားဓားအာဏာရှင်က သူ့ရဲ့သတ်ဖြတ်ကွက်ကို ဆက်တိုက်ဖော်ထုတ်လိုက်တယ်။ သေခြင်းရဲ့စစ်မှန်တဲ့အနှစ်သာရကို ကိုယ်စားပြုတဲ့ ဓားတာအိုဥပဒေဿတစ်ခုက ခံစားချက်မဲ့ဓားဧကရာဇ်ကို လွှမ်းခြုံသွားတယ်။

"ခံစားချက်မဲ့မူလဓား"

ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားက စက်ဝိုင်းပုံစံဝှေ့ယမ်းသွားတယ်။ ကြည်လင်တဲ့အဖြူရောင်ဓားဖြာထွက်အလင်းက သိုင်းစင်မြင့်ကို အလင်းရောင်ပေးလိုက်တယ်။ နှလုံးသားကြေကွဲခြင်းရဲ့စစ်မှန်တဲ့သေခြင်းက အဖြူရောင်ဓားဖြာထွက်အလင်းနဲ့ ထိပ်တိုက်တွေ့မိတာနဲ့ ချက်ချင်း အားအင်ကင်းမဲ့ပြီး ပျောက်ကွယ်သွားရတယ်။ ဟင်းလင်းပြင်ကိုအေးခဲစေနိုင်တဲ့ဓားစက်ကွင်းကတောင် ဖြာထွက်အလင်းကို မရပ်တန့်နိုင်ဘဲ ရုတ်သိမ်းဖို့ အဆက်မပြတ် ဖိအားပေးခံနေရတယ်။

"မူလကတည်းက ဓားက ခံစားချက်မဲ့တယ်၊ ကြောက်ရွံ့ခြင်း မရှိဘူး။ သေခြင်းကို ဘယ်လိုလုပ်ပြီး ကြောက်ရွံ့မှာလဲ။ စစ်မှန်တဲ့ခံစားချက်မဲ့ဓားတစ်လက်ကသာလျှင် နတ်ဘုရားတွေ၊ ဗုဒ္ဓတွေကို သတ်နိုင်လိမ့်မယ်"

"လီဖူချန်းက ခံစားချက်မဲ့ဓားတာအိုရဲ့စစ်မှန်တဲ့အနှစ်သာရကို မြင်လိုက်တယ်။

ခံစားချက်မဲ့ဓားတာအိုက ကြောက်ရွံခြင်းကင်းမဲ့ဖို့အတွက် ခံစားချက်တွေကို စွန့်လွှတ်ခြင်း ဖြစ်တယ်။

လူတစ်ယောက်က ကြောက်ရွံခြင်းကင်းမဲ့တဲ့အခါ ဘယ်လောက်တောင် ထိတ်လန့်စရာစရာကောင်းမလဲကို စိတ်ကူးမယဉ်နိုင်ပါဘူး။

ဖစ်.........

နှလုံးသားဓားအာဏာရှင်က လွင့်ထွက်သွားပြီး သွေးတွေ အန်ထွက်သွားရတယ်။

‌သူက နောက်တစ်ကြိမ် ရှုံးပြန်တယ်။

ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ဓားတာအိုက အားနည်းချက် မရှိဘူး။ လက်ရှိခံစားချက်မဲ့ဓားဧကရာဇ်က ဓားအာဏာရှင်ကို အနိုင်ယူနိုင်လောက်တယ်လို့  နှလုံးသားဓားအာဏာရှင်က သံသယရှိနေတယ်။

"နှလုံးသားဓားအာဏာရှင်က အကြောင်းပြချက်မရှိဘဲ မရှုံးဘူး" လီဖူချန်းက သက်ပြင်းချလိုက်တယ်။

ခံစားချက်မဲ့ဓားတာအိုက လီဖူချန်းစိတ်ကူးထားတာထက်တောင် ပိုကြောက်ဖို့ကောင်းတဲ့ဓားတာအိုတစ်ခု ဖြစ်တယ်။

ဓားတာအိုတော်တော်များများကို တွေ့ကြုံပြီးနောက် လီဖူချန်းက နားလည်မှုတစ်ခု ရှိလာတယ်။

ခံစားချက်မဲ့ဓားတာအိုနဲ့သာမန်ဓားတာအိုတို့က အဆင့်တူတယ်။ အဲဒီလိုဓားတာအိုအဆင့်ကိုထိပ်တန်းဓားတာအိုလို့ လီဖူချန်းက သတ်မှတ်ထားတယ်။

နှလုံးသားဓားအာဏာရှင်ရဲ့နှလုံးသားဓားတာအိုက အလွန်အားကောင်းပေမယ့် ခံစားချက်မဲ့ဓားတာအိုနဲ့သာမန်ဓားတာအိုတို့နဲ့ နှိုင်းယှဉ်ရင် အနည်းငယ် ကင်းမဲ့နေသေး‌တယ်။ သူ့ကိုတော့ အကြိုထိပ်တန်းဓားတာအိုလို့ ယူဆလို့ရတယ်။

ထန်ရှင်းရဲ့ကြယ်ဓားတာအိုအတွက်က ပထမတန်းစားဓားတာအိုလို့ ယူဆလိူ့ရတယ်။

မူရုံယိုယွီရဲ့ရေစက်ဓားတာအိုက ဒုတိယတန်းစားဓားတာအိုလို့ ယူဆလို့ရတယ်။

ထိုထိပ်တန်းဓားတာအိုတွေ အထက်မှာ အန္တိမဓားတာအို ရှိတယ်။

သူ့ရဲ့မူလအဆုံးစွန်းဓားတာအိုက အန္တိမဓားတာအိုတစ်ခုဖြစ်တယ်လို့ လီဖူချန်းက ခံစားရတယ်။

(အန္တိမ=နောက်ဆုံး။ ဓားတာအိုတွေရဲ့နောက်ဆုံးအဆင့်ပေါ့)

ဒါပေမယ့် ဓားတာအိုရဲ့ခွန်အားက ဓားသမားတစ်ယောက်ရဲ့ခွန်အားနဲ့ တိုက်ရိုက် မဆက်စပ်ပါဘူး။

ဒုတိယတန်းစားဓားတာအိုကို နက်နက်နဲနဲနားလည်ဖားတဲ့ ဓားသမားတစ်ယောက်က ပထမတန်းစားဓားတာအိုရှိတဲ့ဓားသမားတစ်ယောက်ကို အနိုင်ယူနိုင်တယ်။

ဓားတာအိုက အကန့်အသတ်ကို ‌ရောက်တဲ့အခါမှသာ ဓားတာအိုခွန်အားက ဓားသမားရဲ့ခွန်အားကို သက်ရောက်ပါလိမ့်မယ်။

ပြီးတော့ မင်းရဲ့အကန့်အသတ်က အခြားသူတွေထက် နိမ့်နေတယ်ဆိုရင် မင်းရဲ့နောက်ဆုံးအလားအလာက အခြားသူတွေထက် နိမ့်ကျတယ်ကို ဆိုလိုပါတယ်။

ဒါပေမယ့် မယုံနိုင်စရာကောင်းတဲ့ဓားတာအိုတွေကို ဖန်တီးနိုင်တဲ့သူအများစုက အလွန်ပြောင်မြောက်ပါတယ်။ သူတို့တွေအနေနဲ့ အားနည်းတာက ရှားပါတယ်။

"နှလုံးသားဓားအာဏာရှင်က ခံစားချက်မဲ့ဓားဧကရာဇ်ကို ရှုံးတုန်းပဲ"

"ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့တိုးတက်လာမှုက ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ထက် မနိမ့်ကျတော့ဘူး"

"နှလုံးသားဓားအာဏာရှင်က အဆင့်၄ဖြစ်ပြီး လီကျန့်ရှင်းက အဆင့်၃မဟုတ်ရင်အဆင့်၂ ဖြစ်လိမ့်မယ်"

"ဟုတ်တယ်။ ခံစားချက်မဲ့ဓားဧကရာဇ်က လီဖူချန်းလို ဓားတာအိုမွန်းစတားကို အနိုင်ယူနိုင်ပါ့မလား"

လူတိုင်းက လီဖူချန်းကို ဓားတာအိုမွန်းစတားလို့ နာမည်ပေးထားကြတယ်။ အခု လီဖူချန်းက စိန်ခေါ်ရမယ့်သူ မရှိဘူး၊ အခြားသူတွေကသာ သူ့ကို စိန်ခေါ်ရမှာပါ။

အချိန်ဘယ်လောက်ကြာသွားသလဲကို မသိလိုက်ပါဘူး.............

"သိုင်းစင်မြင့်၆၊နင်ချွယ်နဲ့လီကျန့်ရှင်း"

လီကျန့်ရှင်းရဲ့ဒဏ်ရာတွေက သက်သာသွားပြီးဖြစ်တယ်။ ခံစားချက်မဲ့ဓားဧကရာဇ်နဲ့ ရင်ဆိုင်ရတဲ့အခါ သူက ဂရုမစိုက်ဘဲ မနေရဲပါဘူး၊ သူက ကောင်းကင်မျဉ်းဓားပညာကို ချက်ချင်းဖော်ထုတ်လိုက်တယ်။

ကောင်းကင်မျဉ်းဓားပညာက အမြန်ဆုံးဓားပညာတွေထဲကတစ်ခုဖြစ်တယ်။

ကံမကောင်းစွာပဲ ခံစားချက်မဲ့ဓားတာအိုလည်း မြန်တယ်၊ပြိီး‌တော့ တိကျတယ်။

ဓားမြန်နှုန်းအရဆိုရင် ခံစားချက်မဲ့ဓားဧကရာဇ်ကသာ လီကျန့်ရှင်းနဲ့ ရင်ဆိုင်နိုင်တယ်။ လီဖူချန်းက သိသိသာသာနိမ့်ကျတယ်။

ဒါပေမယ့် လီဖူချန်းက မူလအဆုံးစွန်းဓားပညာကို အသုံးပြုရင် သူက ဓားမြန်နှုန်းချင်း ယှဉ်နိုင်ပါတယ်။ မူလအဆုံးစွန်းဓားပညာရဲ့ပထမဓားကွက်ဓားပင်လယ်စက်ဝိုင်းက မယုံနိုင်လောက်အောင် မြန်ပါတယ်။ အဲဒါက ကောင်းကင်မျဉ်းဓားပညာရဲ့တတိယဓားကွက်ကောင်းကင်လေနတ်ဘုရားအမြန်ခုတ်ပိုင်းချက်နဲ့  ယှဉ်နိုင်ပါတယ်။

မူလအဆုံးစွန်းဓားပညာက ဓားတာအိုရဲ့မူရင်းဇစ်မြစ်ကို ဖော်ညွှန်းတယ်၊ ဒါကြောင့် သူ့ရဲ့လက္ခဏာရှုထောင့်အားလုံးက အထွတ်အထိပ်မှာ ရှိတယ်။

ဒါ့အပြင် ဟင်းလင်းပြင်ကောင်းကင်ဓားပညာက ကောင်းကင်မျဉ်းဓားပညာနဲ့ သန့်စင်တဲ့မြန်နှုန်းအားဖြင့် မနှိုင်းယှဉ်နိုင်ပေမယ့် အကျိုးသက်ရောက်မှုအားဖြင့် အဲဒါက လီကျန့်ရှင်းရဲ့ကောင်းကင်မျဉ်းဓားပညာထက် မနိမ့်ကျပါဘူး။ လီကျန့်ရှင်းက ပိုမြန်နေရင် လီဖူချန်းက ဟင်းလင်းပြင်ဇုန်ကို တိုသွားစေပြီး သူ့အတွက် တစ်ချိန်တည်းမှာ ပန်းတိုင်ကို ရောက်ရှိအောင် ဒါမှမဟုတ် ပိုမြန်အောင် လုပ်လို့ရပါတယ်။

ဒါပေမယ့် လီဖူချန်းက လီကျန့်ရှင်းကို ဟင်းလင်းပြင်ကောင်းကင်ဓားပညာနဲ့ အနိုင်ယူနိုင်လိမ့်မှာ မဟုတ်ပါဘူး။

ဒါက မြန်ဆန်တဲ့ဓားတွေကြား တိုက်ပွဲဖြစ်တယ်၊ လီဖူချန်းနဲ့လီကျန့်ရှင်းတို့ကြား တိုက်ပွဲထက်တောင် ပိုစိတ်လှုပ်ရှားစရာကောင်းပါတယ်။

သိုင်းစင်မြင့်ပေါ်မှာ မျက်စိကျိန်းစရာ၊မှင်တက်စရာဓားအလင်းတွေထိပ်တိုက်တွေ့နေတာကို မြင်နိုင်ပါတယ်။

"မြန်လွန်းတယ်၊ လီဖူချန်းနဲ့လီကျန့်ရှင်းတို့ကြားတိုက်ပွဲထက်တောင် ပိုမြန်တယ်"

"ကောင်းကင်မျဉ်းဓားပညာက အမြန်ဆုံးလို့တောင် ငါ ထင်ထားတာ။ ခံစားချက်မဲ့ဓားပညာကလည်း မြန်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါ့အပြင် ခံစားချက်မဲ့ဓားပညာက ပိုတိကျပြီးရက်စက်တယ်"

"အလျင်စလိုမဆုံးဖြတ်ကြနဲ့အုံး။ ဒုတိယဓားကွက်က လွဲပြီး ကောင်းကင်မျဉ်းဓားပညာရဲ့နောက်ဓားကွက်တွေက ပိုပြီးတောင် မြန်တယ်။ အခုက သူတို့နှစ်ယောက်ကြားဘယ်သူပိုမြန်သလဲကို ဆုံးဖြတ်လို့မရသေးဘူး"

လူတိုင်းက ပြောနေစဉ် လီကျန့်ရှင်းက ဒုတိယဓားကွက်ကို သုံးလိုက်တယ်။

ဒုတိယဓားကွက်က ပထမဓားကွက်ထက် အနည်းငယ်ပိုနှေးတယ်၊ အရှိန်ကို သက်ရောက်‌တဲ့ ဓားအလင်းတွေ ဆင့်ပုံနေ‌တာကြောင့် ဖြစ်တယ်။

ဒါပေမယ့် ပထမဓားကွက်နဲ့နှိုင်းယှဉ်ရင် ဒုတိယဓားကွက်က ခုခံဖို့ မဖြစ်နိုင်ဘူး။ သိုင်းစင်မြင့်ပေါ်မှာ အလင်းမြစ်တစ်စင်းက ခံစားချက်မဲ့ဓားဧကရာဇ်ထံ စုန်ဆင်းသွားလေတယ်။

ဒီဓားကွက်ကို ရင်ဆိုင်ရတဲ့အခါ ခံစားချက်မဲ့ဓားဧကရာဇ်က နှလုံးသားဓားအာဏာရှင်ရဲ့ပဉ္စမဓားကွက်ကို ဖယ်ရှားရာမှာ အသုံးပြုတဲ့ဓားကွက်ကို သုံးလိုက်တယ်။ သူက နောက်ပြန်ခုန်ပြီး ဓားကို ဝှေ့ယမ်းလိုက်တယ်၊ အဆုံးမရှိဓားအလင်းတွေက ပြေးထွက်လာတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ‌တော့ ဓားအလင်းတွေက မပြန့်ကျဲဘဲ အတူတကွစုစည်းပြီး အလင်းမြစ်တစ်စင်းပမာ ဖြစ်သွားတယ်။

အလင်းမြစ်နှစ်စင်းက တိုက်ခိုက်‌နေတယ်။ ပြင်းထန်တဲ့အလင်းတောက်ပမှုက လေတိမ်သိုင်းပြိုင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းပြီး အပြင်ကိုတောင် စိမ့်ထွက်သွားတယ်။

အလင်းတောက်ပမှုက အနည်းငယ် လျော့ကျလာတဲ့အခါ လီကျန့်ရှင်းရဲ့ပုံရိပ်က ပျောက်ကွယ်သွားပြီး သူက တတိယဓားကွက်ကောင်းကင်လေနတ်ဘုရားအမြန်ခုတ်ပိုင်းချက်ကို ချက်ချင်း ထုတ်ဖော်လိုက်တယ်။ ပုံမှန်မဟုတ်ထက်ရှတဲ့လှိုင်းတစ်ခုက ခံစားချက်မဲ့ဓားဧကရာဇ်ကို တိုက်ခိုက်လိုက်တယ်။

"ဟီ......"

ပြိုင်ပွဲစကတည်းက ခံစားချက်မဲ့ဓားဧကရာဇ်မှ အသံထွက်လာတဲ့ပထမဆုံးအကြိမ်ဖြစ်တယ်။ သူ့ရဲ့ပုံရိပ်တစ်ခုလုံးက မှုန်ဝါးဝါးဖြစ်သွားပြီး သူ့ရဲ့ဓားက ဟင်းလင်းပြင်ဇုန်ကတောင် အချိန်နောက်ပြန်စီးဆင်းနေသလို ခံစားရတဲ့အထိ မြန်လာတယ်။

ချက်ချင်းပါပဲ ထူထပ်ပြင်းထန်တဲ့ဟင်းလင်းပြင်အက်ကြောင်းတစ်ခုက ထွက်ပေါ်လာပြီး ခံစားချက်မဲ့ဓားဧကရာဇ်က ဘယ်နေရာမှမထွက်ပေါ်လာတဲ့ဓားကို တားဆီးလိုက်တယ်။

လီကျန့်ရှင်းရဲ့ကောင်းကင်လေနတ်ဘုရားမြန်နှုန်းခုတ်ပိုင်းချက်ကို တားဆီးလိုက်တယ်။

သူတို့က သရဲတစ်ကောင်ကို မြင်နေရသလို လူတိုင်းက ခံစားနေရတယ်။

ဒီမတိုင်ခင်က လီဖူချန်းကတောင် ကောင်းကင်လေနတ်ဘုရားမြန်နှုန်းခုတ်ပိုင်းချက်ကို အပြည့်အဝ မတားနိုင်ခဲ့ဘူး။

"သူ့ရဲ့ခံစားချက်မဲ့ဓားတာအိုက အဆုံးစွန်းနဲ့ အကန့်အသတ်မရှိ နီးကပ်နေတယ်" ဆန်းကြယ်နက်နဲဓားသူတော်စင်က ချီးကျူးလိုက်တယ်။

ကျားစွယ်ဓားသူတော်စင်နဲ့ပန်းတစ်ရာဓားသူ‌တော်စင်တို့ကလည်း ခေါင်းညိတ်လိုက်တယ်။ ကောင်းကင်မျဉ်းဓားပညာရဲ့တတိယကွက်ကို တားဆီးဖို့ဆိုရင် တစ်စုံတစ်ယောက်က လီဖူချန်းလို ဓားနှလုံးသားရောဟင်းလင်းပြင်တာအိုနှလုံးသားကိုပါ သိပ်သည်းထားနိုင်ဖို့ လိုအပ်တယ်။ သူတို့က ခံစားချက်မဲ့ဓားဧကရာဇ်လို သူတို့ရဲ့ဓားတာအိုအဆင့်ကို အကန့်အသတ်မရှိနီးကပ်တဲ့အထိ မတွန်းပို့ထားနိုင်ရင်ပေါ့။

ဓားနှစ်လက်က အတူတကွ နေရာယူလိုက်တဲ့အခါ နှစ်ဖက်လုံးက လှုပ်လို့မရတော့ဘူး။ သူတို့ရဲ့ဓားအရှိန်က မြန်လွန်းတာကြောင့် ထိတွေ့ပြီးနောက် ဟင်းလင်းပြင်စေးကပ်မှုတစ်ခု ဖြစ်လာတယ်။

ဟင်းလင်းပြင်အက်ကြောင်းတွေက အနက်ရောင်လျှပ်စီးပမာ သူတို့နှစ်ယောက်ကြားမှာ ပေါက်ကွဲထွက်နေတယ်။ ထိတ်လန့်တုန်လှုပ်စရာစွမ်းအင်ပမာဏက အဆက်မပြတ် ပျက်လိုက်စုလိုက်ဖြစ်နေတယ်။ ဘယ်အချိန်မှ ပေါက်ကွဲမလဲကို မသိပါဘူး။

ခရက်..........

ရုတ်တရက် လီကျန့်ရှင်းဓားရဲ့မျက်နှာပြင်ပေါ်မှာ မမြင်နိုင်တဲ့အက်ရာတစ်ခု ဖြစ်ပေါ်လာတယ်။

လီကျန့်ရှင်းကသာ ခံစားရနိုင်တဲ့အက်ရာတစ်ခု ဖြစ်တယ်။

"လီကျန့်ရှင်း ရှုံးပြီး"

လီဖူချန်းလည်း အက်ရာကို မြင်တယ်။ သူ့မှာ သူတော်စင်အဆင့်လိပ်ပြာအသိစိတ်အာရုံရှိပြီး သူ့ရဲ့စိတ်ဝိညာဉ်က သူတော်စင်တွေထက် ပိုသန်မာတယ်။

ခရက် ခရက် ခရက်..........

အက်ရာတွေ ပိုပိုပြီးထွက်ပေါ်လာတယ်။ နောက်ဆက်တွဲအနေနဲ့ လီကျန့်ရှင်းရဲ့ဓားက အကွဲအစအနထောင်ပေါင်းများစွာအဖြစ်သို့ ကြေမွသွားပြီး နောက်ပြန်လွင့်လာကာ လီကျန့်ရှင်းရဲ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်သွားကြတယ်။

သေးငယ်တဲ့သွေးမြားထောင်ပေါင်းများစွာက လီကျန့်ရှင်းမှ ပန်းထွက်လာတယ်။ သူက နောက်ကို လွင့်ထွက်သွားပြီး သွေးမြားကြီးတစ်ခု အန်ထွက်သွားရတယ်။

ဒီတစ်ခါမှာ‌တော့ လီကျန့်ရှင်းက စတုတ္ထကွက်ကို ထုတ်ဖော်ဖို့ သူ့ကိုယ်သူ ဖိအားမပေးနိုင်တော့ပါဘူး။ သူ့ရဲ့လက်ရှိအနေအထားနဲ့ သူက ဖော်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင်  ပြင်းထန်စွာ ဒဏ်ရာရသွားပါလိမ့်မယ်။

"မျိုးဆက်ဟောင်းဓားသမားတွေက မလုပ်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ။ ခံစားချက်မဲ့ဓားဧကရာဇ်က လီကျန့်ရှင်းရဲ့တတိယဓားကွက်ကို တိုက်ရိုက် ဖယ်ရှားလိုက်တယ်"

"ခံစားချက်မဲ့ဓားတာအိုက မတင့်တယ်ဘူး၊ ဒါပေမယ့် ကြောက်စရာအကောင်းဆုံးဓားတာအိုဆိုတာကတော့ လုံးဝအမှန်ပဲ"

ပွဲကြည့်စင်ပေါ်မှာ လူတိုင်းက ခံစားချက်မဲ့ဓားဧကရာဇ်ရဲ့ခွန်အားကြောင့် ထိတ်လန့်တုန်လှုပ်သွားကြတယ်။

ဓားမော့ဧကရာဇ်ချူခွမ်းကတောင် ခံစားချက်မဲ့ဓားဧကရာဇ်ကို လေးနက်စွာ ကြည့်လိုက်မိတယ်။

"ခံစားချက်မဲ့ဓားဧကရာဇ်၊ မင်းနဲ့တိုက်ခိုက်ဖို့ ငါ စောင့်နေတယ်" ဓားအာဏာရှင်က ဓားစွမ်းပကားတစ်ခုကို ထုတ်လွှတ်လိုက်တယ်။

ခံစားချက်မဲ့ဓားဧကရာဇ်က ဓားအာဏာရှင်ကို ဖိအားခံစားရစေတယ်။ သူတို့ရဲ့အဆင့်မှာ ဘက်ညီတဲ့ပြိုင်ပွဲကသာလျှင် သူတို့အတွက် အကျိုးရှိတယ်။ သူ လျင်မြန်စွာ တိုးတက်လာနိုင်တဲ့အကြောင်းရင်းက သူက ဓားဧကရာဇ်နဲ့ အကြိမ်အနည်းငယ် ဖလှယ်ခဲ့တာကြောင့်ပါပဲ။ ပြိုင်ဘက်မရှိ၊ ဖိအားမရှိဘူးဆိုရင် ဓားတာအိုက ဘယ်လိုလုပ်ပြီး တိုးတက်မှုလျင်မြန်လာနိုင်မှာလဲ။

***

All Chapters