ငါ မင်းကို စောင့်နေတာ ကြာလှပြီကွ
Vol. 76 Ch. 1051
" နောက်တစ်ခါ ငါ့ကို ရွေးမယ်ဆိုပါလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး ထို စကားလုံးများအား သေသေချာချာ စဉ်းစားတွေးတောကြည့်လိုက်၏။ သူသည် ထိုသို့ စဉ်းစားရင်း စိတ်တထင့်ထင့် ဖြစ်လာရသည်။
အဘယ်ကြောင့်ဆိုသော် သူ နားလည်ထားလောက်ဆိုလျှင် ထို နောက်တစ်ကြိမ်မှာ သူ၏ အတိတ်ဘဝထဲ၌ သေဆုံးသွားပြီး လူပြန်ဝင်စားသည့် ဘဝအသစ်ကို ကိုယ်စားပြုနေမည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ သူ၏ လက်ရှိဘဝ ဖြစ်နေနိုင်ပေသည်။
တစ်ချိန်ထဲမှာပင် ၎င်းမှာ မှော်ပညာရပ်တစ်ခု သို့မဟုတ် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်နေနိုင်သောကြောင့် ထိုစကားလုံးများမှာ လုံးဝ အဓိပ္ပါယ်မရှိခြင်းလည်း ဖြစ်နိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ သူ၏ လက်ရှိအခြေအနေနှင့် နားမလည်နိုင်လောက်အောင် ဖြစ်နေရသောကြောင့် နောက်ဆုံးတွင် ထိုအကြောင်းအား မေ့ထားရန်သာ ဆုံးဖြတ်လိုက်ရသည်။ သို့သော် လက်ကြီးမှာမူ သူ၏ အသိစိတ်ထဲ၌ ဖျောက်ဖျက်၍ မရနိုင်လောက်အောင် စွဲထင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် ခေါင်းမော့လာပြီး ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ချိန်တွင် ရုတ်တရက်ဆိုသလို သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ တပ်ဆင်ထားခဲ့သည့် မန္တန်အစီအရင် အသက်ဝင်သွားခဲ့သည်ဖြစ်ကြောင်း သတိထားမိလိုက်သောကြောင့်ပင်။ တစ်ချိန်တည်းမှာပင် သူသည် အတိတ်ဘဝထဲသို့ မရောက်သွားခင် သတိလစ်သွားခါနီးဆဲဆဲ အချိန်တုန်းက အသက်အန္တရာယ်ကြီးတစ်ခုနှင့် ကြုံလိုက်ရသလို ခံစားခဲ့ရသည်ကိုလည်း မှတ်မိနေသေးသည်။
" တစ်ယောက်ယောက် ဒီနေရာကို ရောက်လာခဲ့တာပဲ... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ မတ်တတ်ထလာပြီး သူ၏ လက်ကို မြှောက်၍ ရှေ့သို့ ဆန့်ထုတ်လိုက်၏။ ထိုအခါ အကြည်ရောင်ဖြစ်နေသဖြင့် သာမန်မျက်စိနှင့် မမြင်နိုင်သည့် အလင်းရောင် အကာအရံခြုံလွှာကြီးမှာ သူ၏ ရှေ့၌ ပေါ်ပေါက်လာသည်။ သူသည် ၎င်းအား ကြည့်ရှုစစ်ဆေးကြည့်လိုက်သောအခါ ထိုနေရာသို့ ရောက်လာခဲ့သည့်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း အာရုံခံကြည့်နိုင်စွမ်း မရှိပါသော်လည်း ထို ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်အား မှန်းဆနိုင်သွား၏။ တစ်ချိန်တည်းမှာပင် သူသည် သူ အတိတ်ဘဝထဲ၌ ရှိနေခဲ့စဉ် ဤ မြူခိုးကမ္ဘာကြီးထဲ၌ နာရီပေါင်းနှစ်ဆယ်တိတိ ကုန်ဆုံးသွားခဲ့ကြောင်း သိလိုက်ရသေးသည်။
" ဂြိုဟ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က... ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာပါလား။ ငါ့ရဲ့ မန္တန်အစီအရင်က သူ့ကို တားဆီးခဲ့တာပဲ... " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီး ဤကိစ္စကြီးမှာ ထူးဆန်းနေကြောင်း ခံစားလိုက်ရ၏။
ရှေးဆန်သည့် စကားသံကြီး ထွက်ပေါ်လာသည်နှင့် သူသည် ဖြည်းဖြည်းချင်း သတိလစ်သွားပြီး အတိတ်ဘဝသို့ ရောက်သွားခဲ့သည် မဟုတ်ပါလော။ အကယ်၍ သူတစ်ယောက်တည်းသာ ထိုစကားသံကြီးအား ကြားခဲ့ရခြင်းဆိုပါက ကိစ္စမရှိပေ။ သို့သော် ထိုစကားသံကြီးမှာ သူတစ်ယောက်တည်း၏ နားထဲတွင်သာ ပေါ်ပေါက်လာခဲ့ခြင်း မဖြစ်နိုင်ပေ။ မြူခိုးကမ္ဘာကြီးထဲရှိ ပြိုင်ပွဲဝင်များအားလုံးမှာ ထိုအသံကြီးအား တစ်ပြိုင်တည်း ကြားလိုက်ရပြီးနောက် အတိတ်ဘဝသို့ ရောက်သွားခဲ့ခြင်းဖြစ်ရပေမည်။
ထိုအချိန်တွင် သတိလစ်မသွားအောင် တောင့်ခံနိုင်ခဲ့ပြီး အခွင့်ကောင်းယူကာ တိုက်ခိုက်နိုင်ခဲ့သည့် လူတစ်ယောက် ရှိနေခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်များအား သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပါသော်လည်း ထို ကျင့်ကြံသူ၏ ရည်ရွယ်ချက်မှာ သတ်ဖြတ်ရန်မဟုတ်ပဲ လမ်းပြအလင်းရောင်များကို ခိုးယူရန်သာဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။
" ဒီလောက်တောင် အစွမ်းထက်နေမှတော့.... ငါ သတိကြီးကြီး ထားမှဖြစ်မယ်။ သူက ငါ့ရဲ့နေရာကို သိသွားလောက်ပြီ။ တကယ်လို့ သူသာ ငါ့ကို မကောင်းကြံချင်တယ်ဆိုရင် ငါ ဒီနေရာမှာ ဆက်ရှိနေရင် ဘေးကင်းတော့မှာ မဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သာမန်အခြေအနေမျိုးတွင်ဆိုလျှင် သူသည် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့် အနေအထားနှင့် မည်သည့်အရာကိုမှ ကြောက်ရွံ့နေမည်မဟုတ်ပေ။
သို့သော် အကယ်၍ သူ အတိတ်ဘဝထဲသို့ ပြန်ရောက်သွားနေစဉ် ထို ကျင့်ကြံသူ ပြန်လည် ရောက်ရှိလာခဲ့မည်ဆိုပါက ဤ မန္တန်အစီအရင်ကြီး၏ အကာအကွယ်ကိုသာ အားကိုးရတော့မည်ဖြစ်သည်။ ထိုအချိန်တွင် တစ်ခုခုသာ လွဲချော်သွားခဲ့မည်ဆိုလျှင် ပေါ်ပေါက်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များမှာ လျှော့တွက်၍ မရနိုင်လောက်အောင် ဆိုးရွားနေမည်ဖြစ်သည်။
" သူ့ကို သွားရှာပြီးတော့ ကြိုပြီး သတ်ဖြတ်ထားဖို့ကလည်း.... ငါက သူ ဘယ်သူမှန်း မသိသေးတော့ ဖြစ်နိုင်မှာမဟုတ်ဘူး။ အဲတာဆိုရင် တခြားနေရာတစ်ခုကို ပြောင်းပြီးတော့ ငါ့ရဲ့ အတိတ်ဘဝတွေကို နားလည်အောင် ဆက်လုပ်ရမလား " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ မြူခိုးများ၏ အစွန်အဖျားပိုင်းဆီသို့ ဦးတည်သွားလိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မြူခိုးများထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။
သူသည် အဝေးကြီးအထိ သွားခဲ့ခြင်းမရှိပါသော်လည်း လမ်းတစ်လျှောက်တွင် ပြိုင်ပွဲဝင်အချို့အား တွေ့ခဲ့ရ၏။ သူတို့ထဲမှ အချို့မှာ သူတို့၏ အတိတ်ဘဝများထဲမှ ပြန်လည်နိုးထလာခြင်း မရှိသေးသလို အချို့မှာမူ မြူခိုးများထဲတွင် ရှိနေကြဆဲပင်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် အာရုံခံမိလိုက်ကြသဖြင့် ချက်ချင်း လူစုခွဲသွားကြ၏။
ထို့အပြင် သာမန်ဆိုလျှင် ပြိုင်ပွဲဝင်များ ရှိနေသင့်ပါသော်လည်း ယခုတွင် မည်သူမှမရှိဘဲ လစ်ဟင်းနေသည့် ဟင်းလင်ပြင်အချို့လည်း ရှိနေသေးသည်။ သို့ဖြစ်ရာ သူတို့မှာ ပြိုင်ပွဲထဲမှ ထွက်သွားခဲ့ခြင်း သို့မဟုတ် မတော်တဆမှုတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသဖြင့် ဆက်လက်ယှဉ်ပြိုင်ခွင့်မရှိတော့ခြင်း ဖြစ်ရပေမည်။
တစ်ချိန်ထဲမှာပင် မလှမ်းမကမ်းတွင် မှော်စွမ်းရည်များ အသုံးပြု၍ တိုက်ခိုက်နေကြသည့် အသံများကိုလည်း ကြားနိုင်သေးသည်။ သို့ဖြစ်ရာ ပထမဘဝထဲမှ ပြန်လည်နိုးထလာခဲ့သည့် ပြိုင်ပွဲဝင်အများစုမှာ စွမ်းအားများ တိုးတက်လာခဲ့ပြီးနောက် အခြားပြိုင်ပွဲဝင်များ၏ လမ်းပြအလင်းရောင်များကို လုယူနိုင်ရန် ကြိုးစားနေကြခြင်း ဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ မြူခိုးကမ္ဘာကြီး တစ်ခုလုံးနှင့် ယှဉ်လိုက်မည်ဆိုပါက သူ လှည့်လည်ရှာဖွေနေသည့် နေရာကြီးမှာ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးသည်။ ထိုကမ္ဘာကြီးထဲရှိ အခြားနေရာများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြ၏။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်ဆုံးသွားပြီးနောက် ကျင့်ကြံသူ အမြောက်အမြားမှာ သူတို့၏ လမ်းပြအလင်းရောင်များကို ဆုံးရှုံးလိုက်ရသဖြင့် အရည်အချင်းစမ်းသပ်ပွဲထဲ၌ ဆက်လက်ယှဉ်ပြိုင်ခွင့်မရှိတော့ပေ။ ထို့ကြောင့် သူတို့မှာ မြူခိုးများ၏ အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုတိုက်ပွဲများအား မျက်ဝါးထင်ထင် မြင်ခဲ့ရခြင်း မရှိသည့်တိုင်အောင် လက်ရှိအခြေအနေတစ်ခုလုံးအား အကြမ်းဖျင်း ခန့်မှန်းကြည့်နိုင်စွမ်း ရှိနေဆဲပင်။
" ဒီလိုဆိုမှတော့လည်း... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် အခြား ဟင်းလင်းပြင်တစ်ခုဆီသို့ ပြောင်းရွှေ့မည့် အကြံအစည်အား မေ့ထားလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ သူ၏နေရာသို့ ပြန်သွားလိုက်ပြီး တင်ပျဉ်ခွေထိုင်၍ ဒုတိယအတိတ်ဘဝ စတင်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်တော့သည်။ တစ်ချိန်ထဲမှာပင် သူသည် ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည့် သူ၏ အပြင်ခန္ဓာကိုယ်ကိုလည်း ကျင့်သားရသွားအောင် လုပ်နေသေးသည်။
ထို့အပြင် သူ၏ ညာဘက်လက်ထဲ၌ တစ်လက်မခန့် ရှည်လျားသော ဓားတစ်လက် ရှိနေ၏။ ၎င်းမှာ ဓားငယ်လေးတစ်လက် ဖြစ်နေသည့်တိုင်အောင် သာမန်ဓားတစ်လက်တော့ မဟုတ်ပေ။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဂိုဏ်းတူအစ်ကိုကြီးများ ပေးခဲ့သည့် လက်ဆောင်များထဲမှ တစ်ခုဖြစ်ပေသည်။ ထို ဓားမှာ အလွန်အင်မတန်မှ အသွားထက်ပြီး သူ မန္တန်တစ်ခုအား အသုံးပြုလိုက်ချိန်တွင် ၎င်း၏ အရွယ်အစားမှာ ပြောင်းလဲသွားမည်ဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ ၎င်းအား သူ၏ လက်ဖဝါးထဲ၌ ဆုပ်ကိုင်ထားသည်ဖြစ်ရာ မည်သူကမှ ၎င်းအား မြင်နိုင်မည်မဟုတ်ပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ အပြင်ခန္ဓာကိုယ်အား ကျင့်သားရအောင်လုပ်နေစဉ် အချိန်များ တရွေ့ရွေ့ကုန်လွန်သွား၏။ ခဏအကြာတွင် လေးနာရီတိတိ ကုန်ဆုံးသွားပြီဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ ဘေးတွင်ရှိနေသည့် အစေခံအိုကြီး၏ စကားသံမှာ မြူခိုးများထဲ၌ ပဲ့တင်ထပ်သွားပြန်သည်။
" ဒုတိယနေ့၊ ဒုတိယဘဝ "
ထို စကားသံကြီး ပဲ့တင်ထပ်သွားသည်နှင့် ပထမဆုံးအကြိမ်တုန်းကအတိုင်း စုပ်ယူအားများ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ အဖြုရောင်အလင်းရောင်ခြုံလွှာမှာလည်း ဝင်းလက်စွာတောက်ပလာသည်။ တစ်ချိန်ထဲမှာပင် သူသည် မြူခိုးများ သူ၏ ပတ်ပတ်လည်၌ လည်ပတ်နေပြီး သူ၏ ခန္ဓာကိုယ်ကြီး အောက်သို့ အဆက်မပြတ် နစ်ဝင်သွားနေသည့်အလား ခံစားလိုက်ရပြန်သည်။
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး သတိအပြည့်ရှိနေ၏။ သူသည် အောက်သို့ နစ်ဝင်နေသည့် ခံစားချက်ကြီးအား တောင့်ခံထားနိုင်ရန် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ထားသည်။ ထိုနည်းလမ်းမှာ အနည်းငယ် အသုံးဝင်ပါသော်လည်း ထိုခံစားချက်ကြီးအား လုံးဝပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် တောင့်ခံနိုင်စွမ်း ရှိတော့မည်မဟုတ်ကြောင်း သိလိုက်ရသည်နှင့် သူ၏ ညာဘက်လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
ထိုအခါ သူ၏ လက်ဖဝါးမှာ စူးစူးဝါးဝါး နာကျင်သွားပါသော်လည်း သူသည် မျက်နှာတစ်ချက် ပျက်သွားခြင်းမရှိပေ။ ထို့အပြင် သူသည် ခံစားချက်မရှိသည့်ပုံစံပင် ဟန်ဆောင်နေသေးသည်။ ပုံမှန်အတိုင်းသာဆိုလျှင် အကယ်၍ သူသာ ယခုလို ပြင်ဆင်ထားခြင်းမရှိပါက အတိတ်ဘဝထဲသို့ ရောက်သွားလောက်ပြီဖြစ်သည်။ ယခုတွင်မူ သူ၏ ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ပြောင်းလဲသွားခြင်း မရှိသေးပေ။ မည်သည့် ကျင့်ကြံသူမှလည်း ပေါ်ပေါက်မလာသေးပေ။
၎င်းမှာ ဝမ်ပေါင်လဲ့၏ အစီအစဉ်ဖြစ်ပေသည်။ သူသည် သူ၏ ဘေးကင်းလုံခြုံမှုအား ခြိမ်းခြောက်နိုင်စွမ်းရှိသည့် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့သောကြောင့် သတိလစ်မသွားအောင် နေကာ သူ၏ ရန်သူ ပေါ်ပေါက်လာမည့်အချိန်ကို စောင့်ဆိုင်းမည် ဖြစ်သည်။ သူသည် အပေါ်ယံတွင် အတိတ်ဘဝထဲသို့ ပြန်ရောက်သွားနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ တစ်စုံတစ်ယောက် ပေါ်ပေါက်လာရန် စောင့်ဆိုင်းနေခြင်း ဖြစ်၏။
သို့သော် ယခုအထိ မည်သူမှ ပေါ်ပေါက်လာခြင်းမရှိသေးပေ။ အောက်သို့နစ်ဝင်နေသည့် ခံစားချက်ကြီးမှာ ပို၍ အားကောင်းလာသဖြင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရ၏။ သို့သော် သူသည် သူ၏ ညာဘက်လက်ထဲသို့ အားပိုထည့်လိုက်သဖြင့် ဓားငယ်လေးမှာ သူ၏ လက်ဖဝါးထဲသို့ ပို၍ပင် စိုက်ဝင်သွားသည်။ သူသည် ထိုနာကျင်မှုများ၊ သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် အပြင်ခန္ဓာကိုယ်စွမ်းအားများကို အသုံးပြုထားသည့်အပြင် သူ၏ အတွင်းကလီစာများကိုပါ ဖျစ်ညှစ်၍ အောက်သို့နစ်ဝင်နေသည့် ခံစားချက်ကြီးအား တောင့်ခံထားခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ အသိစိတ်မှာ ကြည်လင်ပြတ်သားမှု ရှိနေဆဲပင်။
ထိုသို့ဖြင့် အချိန်များ ဆက်လက်ကုန်လွန်သွားပြီး ခဏအကြာတွင် အသက်ရှူကြိမ် အကြိမ်သုံးဆယ်တိတိ ကုန်ဆုံးသွားပြီဖြစ်သည်။ အောက်သို့ နစ်ဝင်နေသည့် ခံစားချက်ကြီးမှာမူ ပိုမိုအားကောင်းလာနိုင်စွမ်း မရှိတော့သဖြင့် အားပျော့ကာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေပြီဖြစ်သည်။ ထို ခံစားချက်ကြီး ပျောက်ကွယ်သွားသည့် အချိန်အထိ တောင့်ခံထားနေမည်ဆိုပါက သူသည် သူ၏ အတိတ်ဘဝထဲသို့ ပြန်သွားခွင့်ရတော့မည်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က ခံစားနေရသည်။
သူ ထိုကဲ့သို့ တွေဝေတုံ့ဆိုင်းနေစဉ်မှာပင် သူ၏ ပတ်ပတ်လည်ရှိ မြူခိုးများထဲ၌ အနက်ရောင် လူရိပ်ကိုးခု ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ သူ့ဆီသို့ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ဦးတည်လာနေခြင်းဖြစ်သည်။ ထို လူရိပ်များမှာ ပထမအကြိမ်တုန်းကနှင့် ဆင်တူပါသော်လည်း ၎င်းတို့၏ အငွေ့အသက်များမှာမူ အဆပေါင်းများစွာပို၍ အားကောင်းနေပြီဖြစ်သည်။
ထိုကဲ့သို့သော လူရိပ်မျိုး ကိုးခုတိတိ ရှိနေသည်ဖြစ်ရာ ၎င်းတို့မှာ သေချာ ပြင်ဆင်ထားကြသည့်ပုံပင်။ ထိုအချိန်တွင် မြူခိုးများ လှုပ်ရှားသွားကာ ထို လူရိပ်ကိုးခုမှာ မြူခိုးများထဲမှ ထိုးထွက်လာပြီးနောက် အလယ်တွင် တင်ပျဥ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာကြ၏။ ၎င်းတို့မှာ အရက်မျက်နှာ ကိုးခုမှနေ၍ သူ့ဆီသို့ ပြေးလာကြခြင်း ဖြစ်သည်။
ထို လူရိပ်ကြီးများမှာ အလွန်အင်မတန်မှ မြန်ဆန်နေပြီး ၎င်းတို့ သူ၏ အနီးသို့ ရောက်လာသည်နှင့် ခပ်အောအော စကားသံကြီးတစ်သံ ထွက်ပေါ်လာ၏။
" တုန်ရီမှု "
ထို စကားသံကြီးကြောင့် ထိုလူရိပ်ကိုးခုမှာ အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် လူကိုးယောက် အဖြစ်ပြောင်းလဲသွား၏။ ထို့နောက် သူတို့မှာ သူတို့၏ ညာဘက်လက်များကို မြှောက်ကာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည့် အလင်းရောင် မန္တန်အစီအရင်ကြီးပေါ်သို့ တင်လိုက်ကြတော့သည်။
ထို လူရိပ်ကြီးကိုးခုမှာ ထို ဒိုင်းကာကြီး ပေါ်ပေါက်လာသည်ကို အံ့အားသင့်နေကြခြင်း မရှိဘဲ ရှေ့သို့ ဆက်လက်ဦးတည်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် ခဏအကြာတွင် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ထို လူရိပ်ကြီးကိုးခုမှာလည်း ဒိုင်းကာကြီး ထုတ်လွှတ်လိုက်သည့် တန်ပြန်အားများကြောင့် ဖျက်ဆီးချေမှုန်းခံလိုက်ရတော့သည်။ သို့သော် သူတို့မှာ တုန်ရီမှုအပေါ် အခြေခံသည့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုခဲ့ကြသဖြင့် သူတို့၏ စွမ်းအားများထဲမှ အချို့အဝက်အား ဒိုင်းကာကြီး၏ အတွင်းပိုင်းထဲသို့ ထည့်သွင်းနိုင်ခဲ့၏။
ထို့ကြောင့် ထို လူရိပ်ကြီးများမှာ ဖျက်ဆီးချေမှုန်းခံလိုက်ရသည့်တိုင်အောင် ၎င်းတို့ဆီမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ အနက်ရောင် မြူခိုးအမျှင်အတန်းများအဖြစ် ပြောင်းလဲသွားကြပြီး ဒိုင်းကာကြီးအား ထိုးဖောက်သွားကြဆဲပင်။ နောက်ဆုံးတွင် ဒိုင်းကာကြီးထဲသို့ ရောက်သွားခဲ့သည့် မြူခိုးအမျှင်အတန်းများမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ လက်ချောင်းတစ်ချောင်းအဖြစ် စုစည်းသွားကြပြီး သူ၏ နဖူးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။
" ဝမ်ပေါင်လဲ့။ မင်းရဲ့ တာအိုဂြိုဟ်က... ငါ့အတွက်ပဲကွ "
ထို ခပ်အောအော စကားသံကြီး လေထုထဲ၌ ပဲ့တင်ထပ်သွားသည်နှင့် မျက်လုံးများမှိတ်ကာ တင်ပျဉ်ခွေထိုင်နေပြီး အတိတ်ဘဝထဲ၌ ရောက်နေသည့်ပုံပေါ်သော ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။ သူ၏ မျက်ဝန်းများမှာ အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူသည် ညာဘက်လက်ကို မြှောက်ကာ သူ၏ရှေ့ရှိ လက်ချောင်းကြီးအား လှမ်း၍ ဖမ်းဆုပ်ထားလိုက်ပြီဖြစ်သည်။
ထိုလက်ချောင်းကြီးမှာ မည်မျှပင် ကြိုးစားရုန်းကန်စေကာမူ လွတ်မြောက်နိုင်စွမ်းမရှိပေ။
" မင်း ... " ထို့ကြောင့် ထို လက်ချောင်းကြီးထဲမှ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည့် စကားသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်သည်။
" ငါ မင်းကို စောင့်နေတာ ကြာလှပြီကွ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ထို လက်ချောင်းကြီးအား သူ၏ ညာဘက်လက်ဖြင့် အားပါပါ ဖျစ်ညှစ်ပစ်လိုက်တော့သည်။