← Chapters

ဒုတိယဘဝ

Vol. 76 Ch. 1052

ဒုတိယဘဝ

Vol. 76 Ch. 1052

" မင်းက အလယ်အလတ်ဂြိုဟ်အဆင့်မှာပဲ ရှိသေးတာလေ။ အဲတာမလို့ မင်း တာအိုဂြိုဟ်တစ်လုံး ပိုင်ဆိုင်ထားရင်တောင် တိုက်ကွက်တစ်ကွက်တည်းနဲ့ ငါ့ကို ချေမှုန်းနိုင်မှာမဟုတ်ပါဘူး " ဝမ်ပေါင်လဲ့၏ ညာဘက်လက်ထဲ၌ ဖျစ်ညှစ်ခံထားရသည့် လက်ချောင်းကြီးမှာ အော်ဟစ်ကာ အစွမ်းကုန် ကြိုးစားရုန်းကန်နေသည့်အလား အနက်ရောင်အလင်းရောင်များကို ထုတ်လွှတ်နေ၏။

" မင်း မင်းရဲ့ အတိတ်ဘဝထဲကို မသွားချင်ဘူးဆိုရင် မသွားနဲ့ပေါ့။ ငါ... " ထို လက်ချောင်းကြီးမှာ ဆက်၍ စကားပြောနေဆဲပင်။ သို့ဖြစ်ရာ ၎င်းမှာ ထောင်ချောက်ထဲသို့ ရောက်သွာသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ အကျပ်ရိုက်နေရအုံးမည်ဖြစ်ကြောင်း ယုံကြည်နေသည့်ပုံပင်။

လမ်းပြအလင်းရောင်မှာ မှေးမှိန်ပျောက်ကွယ်သွားတော့မည်ဖြစ်ရာ ယခုချက်ချင်း အတိတ်ဘဝထဲသို့ ဝင်ရောက်သွားခြင်းမရှိပါက ထိုအခွင့်အရေးအား ဆုံးရှုံးလိုက်ရတော့မည်ဖြစ်သည်။ ထိုသို့သာဆိုပါက ဒဿမဘဝထဲသို့လည်း ဝင်ခွင်ရတော့မည်မဟုတ်ပေ။

ထို့ကြောင့် ထို လက်ချောင်းကြီးသည် ဝမ်ပေါင်လဲ့မှာ ၎င်းအား ချက်ချင်း ဖျက်ဆီးနိုင်စွမ်းမရှိပါက လွှတ်ပေးလိုက်ရမည်သာဖြစ်ကြောင်း တွက်ထား၏။ ထိုသို့သာဆိုလျှင် ၎င်း၏ ချုံခိုတိုက်ခိုက်မှု မအောင်မြင်ခဲ့ဘဲ ကျရှုံးသွားခဲ့ရသည့်တိုင်အောင် ၎င်းမှာ မည်သည့် ထိခိုက်နစ်နာဆုံးရှုံးမှုကိုမှ ခံစားရမည်မဟုတ်ပေ။ ၎င်း၏ ပိုင်ရှင်မှာလည်း အတိတ်ဘဝထဲသို့ ရောက်သွားပြီဖြစ်ရာ ဒဏ်ရာရမည် မဟုတ်ပေ။

ထို့အပြင် ထို လက်ချောင်းကြီးမှာ ဝမ်ပေါင်လဲ့သည် အလွန်အင်မတန်မှ ကောက်ကျစ်စဉ်းလဲသည့် လူတစ်ယောက်ဖြစ်သည်ဟု ခံစားနေရ၏။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့ ယခုလို အာရုံထွေပြားနေရသည့် အချက်ကို အခွင့်ကောင်းယူ၍ သူ သူ၏ အတိတ်ဘဝထဲသို့ မသွားနိုင်အောင် နှောင့်ယှက်တော့မည် ဖြစ်သည်။ ၎င်းမှာ အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ဆက်၍ တောင့်ခံထားရန်သာ လိုတော့ပေသည်။

" ဘယ်လိုပဲဖြစ်ဖြစ် မင်းဘက်က အရှုံးပါပဲ " ထို လက်ချောင်းကြီး၏ စဉ်းစားတွေးတောပုံများနှင့် တွက်ချက်မှုများမှာ ကောင်းမွန်ပါသော်လည်း ၎င်းမှာ အချက်တစ်ချက်အား အတွက်မှားသွားခဲ့ပြီ ဖြစ်သည်။

ထိုအချက်မှာ... ဝမ်ပေါင်လဲ့ သူ၏ အတိတ်ဘဝ၌ ရရှိခဲ့သည့် အံ့ဩတုန်လှုပ်ဖွယ်ရာ အကျိုးကျေးဇူးများဖြစ်ပေသည်။ ၎င်းတို့မှာ ယုံကြည်နိုင်ဖွယ်ရာပင်မရှိပေ။

ထို့ကြောင့် ထို လက်ချောင်းကြီး၏ ပိုင်ရှင်မှာ မည်မျှပင် တွက်ချက်ခဲ့စေကာမူ... မှားယွင်းနေမည်သာဖြစ်သည်။

ထို လက်ချောင်းကြီး စကားဆုံးသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ အထင်မြင်သေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ဖြင့် အားပါပါ ဖျစ်ညှစ်လိုက်သဖြင့် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

၎င်းတို့ကြောင့် အာကာသတွင်းနက်တစ်ခုပင် ပေါ်ပေါက်လာရပြီး ဘေးပတ်ပတ်လည်ရှိ မြူခိုးများပင်လျှင် အနည်းငယ်ခန့် စုပ်ယူခံလိုက်ရ၏။ လက်ချောင်းကြီးမှာမူ တုံ့ပြန်ချိန်ပင်မရလိုက်ပဲ ဝမ်ပေါင်လဲ့၏ လက်ချက်ကြောင့် ချက်ချင်း ကြေမွပျက်စီးသွားတော့သည်။

၎င်း ပျက်စီးသွားသောအခါ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ အနက်ရောင် မြူခိုးများမှာမူ ဝမ်ပေါင်လဲ့၏ လက်ချောင်းများကြားမှ အပြင်သို့ ထိုးထွက်လာကြသည်။ ၎င်းတို့မှာ အတူတကွ ပြန်လည်စုစည်းနိုင်ရန် ဟန်ပြင်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ ပါးစပ်ဟကာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့ကြောင့် ထိုမြူခိုးများမှာ တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။

ထို ဝါးမျိုခြင်းမှာ နတ်ဆိုးမျက်လုံးပညာရပ်၏ စွမ်းရည်တစ်ခုမဟုတ်ဘဲ ဝမ်ပေါင်လဲ့ အတိတ်ဘဝထဲမှ ရှင်းဟော့နတ်ဘုရားမျိုးနွယ်စု၏ စွမ်းရည်တစ်ခု ဖြစ်ပေသည်။ ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုမှာ အခြားသူများ၏ ခန္ဓာကိုယ်များထဲမှ အာဟာရဓာတ်များကို စုပ်ယူကာ ၎င်းတို့အား အားကောင်းသော အပြင်ခန္ဓာကိုယ်စွမ်းအားများအဖြစ် ပြောင်းလဲနိုင်စွမ်းရှိကြ၏။

ဝမ်ပေါင်လဲ့မှာ ထိုမြူခိုးများကို ဝါးမျိုးလိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး နှာမှုတ်လိုက်သည်။

" မင်းလုပ်ခဲ့တဲ့အတိုင်း ပြန်မလုပ်ပေးရင် ငါ့ဘက်က မယဉ်ကျေးရာ ကျမှာပေါ့ကွ " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား ဆန့်ထုတ်လိုက်၏။ ထိုအခါ သွေးစွန်းနေသည့် သူ၏ လက်ဖဝါးနှင့် ထို လက်ဖဝါးထဲသို့ တစ်ဝက်တိတိ စိုက်ဝင်နေသည့် ဓားငယ်လေးကို မြင်လိုက်ရသည်။

ထို လက်ဖဝါးထဲတွင် ပျက်စီးသွားသော လက်ချောင်းကြီး၏ ကံအငွေ့အသက်များ ကျန်ရစ်နေခဲ့၏။ ထို့အပြင် သူသည် သူ၏ သွေးဖြင့် ၎င်းတို့အား ပိုမိုအားကောင်းလာအောင် လုပ်ထားသေးသည်။ ဝမ်ပေါင်လဲ့မှာ ထို အချက်အလက်များအားလုံးကို ကြိုတင်တွက်ချက်ထားခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် မျက်ဝန်းများ အရောင်လက်သွားသည်နှင့် သူ၏ နဖူးပေါ်မှ ကမ္ဗည်းစာလုံးမှာလည်း စတင်တောက်ပလာတော့သည်။

" မီးတောက်ဝိညာဉ်ကျိန်စာ "

သူ ထိုသို့ရေရွတ်လိုက်သည်နှင့် သူ၏လက်ထဲမှ ဓားငယ်လေးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာ၏။ ထို့နောက် ၎င်းမှာ ရှေ့သို့ ပျံထွက်သွားကာ မီးလုံးတစ်လုံးအသွင် ပြောင်းလဲသွားပြီး မန္တန်အစီအရင်ကြီးအား ထိုးဖောက်၍ သူ၏ရှေ့ရှိ အဖြူရောင်မြူခိုးများထဲသို့ ထိုးခွင်းဝင်ရောက်သွားတော့သည်။

မီးတောက်ဝိညာဉ်ကျိန်စာမှာ မီးတောက်ခေါင်းဆောင်ကြီး၏ အစွမ်းအထက်ဆုံး ကျိန်စာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား အတိုင်းအတာတစ်ခုအထိ တတ်မြောက်ထားပြီဖြစ်ရာ ၎င်းအား အသုံးပြု၍ သူ၏ ရန်သူများအား ကျိန်စာတိုက်နိုင်စွမ်း ရှိပေသည်။ ယခုတွင် ကံအငွေ့အသက်များနှင့် သူ၏သွေးများလည်း ရှိနေသေးသည်ဖြစ်ရာ ထို ကျိန်စာမှာ အလွန်အင်မတန်မှအားကောင်းနေ၏။ ထို ကျိန်စာအား ဓားငယ်လေးထဲသို့ ထည့်သွင်းအသုံးပြုလိုက်သည်ဖြစ်ရာ ၎င်းမှာ ၎င်း၏ ပစ်မှတ် ရှိနေသည့်နေရာအား ရှာဖွေနိုင်စွမ်းရှိသွားမည် ဖြစ်သည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ထိုဓားငယ်လေးမှာ မြူခိုးများထဲ၌ တည်နေရာပြောင်းရွှေ့သွားပြီး နေရာတစ်ခု၌ ပြန်လည် ပေါ်ပေါက်လာတော့သည်။

ထိုနေရာတွင် လူငယ်လေးတစ်ယောက် တင်ပျဉ်ခွေထိုင်နေ၏။ ထိုလူငယ်လေးမှာ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း၏ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ် ဖြစ်ပေသည်။ သူသည် အတိတ်ဘဝထဲသို့ ရောက်နေသည့်အလား သူ၏ မျက်နှာအမူအရာမှာ အသက်မဲ့နေ၏။ ထို့ကြောင့် သူသည် သူ့ဆီသို့ ဦးတည်လာနေသည့် ဓားငယ်လေးကိုပင် သတိမထားမိပေ။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ သူ၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။

သူသည် လူပြန်ဝင်စားလာခဲ့ပြီး သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အား အသစ်ပြန်စခဲ့သည့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ ခုခံကာကွယ်ရေး စွမ်းအားများမှာ အံ့သြတုန်လှုပ်ဖွယ်ရာကောင်းပြီး ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်များကိုပင် တွန်းလှန်နိုင်စွမ်းရှိပေသည်။ သို့သော် ဝမ်ပေါင်လဲ့၏ မီးတောက်ဝိညာဉ်ကျိန်စာမှာ သူ ခုခံနိုင်သည့် တိုက်ကွက်များထဲတွင် မပါပေ။ ၎င်းမှာ ကံစွမ်းအားများကို အသုံးပြုထားသည့် ကျိန်စာတစ်ခုဖြစ်ပြီး ဝိညာဉ်များအပေါ် တိုက်ရိုက်အကျိုးသက်ရောက်နိုင်သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ပေသည်။ ထို့အပြင် ၎င်းအား လက်ချောင်းကြီး ပျက်စီးသွားရာမှ ကျန်ရစ်ခဲ့သည့် ကံအငွေ့အသက်များနှင့် သူ၏ သွေးများဖြင့် အားဖြည့်ထားသေးသည်။ ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် ထို ဓားငယ်လေးမှာ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်၏ အကာအကွယ်များကို ဝင်တိုက်သွားတော့သည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုဓားငယ်လေးမှာ ကြေမွပျက်စီးသွား၏။ သို့သော် ၎င်းထဲ၌ ကိန်းအောင်းနေသည့် ကျိန်စာစွမ်းအားများမှာ အရာအားလုံးကို ထိုးဖောက်ကာ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်အား ရိုက်ခတ်သွားတော့သည်။

ထို့ကြောင့် နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်မှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားရပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။ သူ၏ မျက်ဝန်းများထဲတွင်လည်း အားအင်ချည့်နဲ့သွားသည့် အရိပ်အယောင်များ တစ်ခဏမျှ ပေါ်ပေါက်လာသည်။ သို့သော် သူသည် တောင့်တင်းခိုင်မာသည့် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ အကယ်၍ အခြားတစ်ယောက်ယောက်သာဆိုပါက သူတို့၏ အတိတ်ဘဝများထဲမှ ပြန်ထွက်လာရလောက်ပြီဖြစ်သည်။ သို့သော် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြု၍ တောင့်ခံနိုင်ခဲ့သောကြောင့် အတိတ်ဘဝထဲမှ ပြန်လည်နိုးထလာခြင်းမရှိပေ။

သို့သော်လည်း... သူ ခံစားလိုက်ရသည့် နောက်ဆက်တွဲအကျိုးဆက်များမှာ ပြင်းထန်နေဆဲပင်။ သူသည် ဒဏ်ရာရသွားခဲ့ရုံသာမက သူ၏ အတိတ်ဘဝမှ ရရှိခဲ့သည့် အကျိုးကျေးဇူးများမှာလည်း ထိခိုက်သွားရ၏။ သူ၏ အတိတ်ဘဝထဲတွင် ထို တိုက်ကွက်ကြီးမှာ အားကောင်းသည့် မုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားသဖြင့် သူ၏ အသိစိတ်မှာ ကိုးဆယ်ရာခိုင်နှုန်းတိတိ ပျက်စီးပျောက်ကွယ်သွားရပြီ ဖြစ်သည်။

သူသည် တောင့်တင်းခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားသဖြင့် သူ၏ အတိတ်ဘဝအား တစ်စိတ်တစ်ပိုင်းခန့် နားလည်သွားအောင်လုပ်နိုင်ခဲ့ဆဲပင်။ သို့သော်ငြားလည်း သူ ရရှိခဲ့သည့် အကျိုးကျေးဇူးများမှာမူ သိသိသာသာ လျော့ကျသွားပြီဖြစ်ရာ ဆယ်ရာခိုင်နှုန်းခန့်ပင် မကျန်လောက်တော့ပေ။

ဝမ်ပေါင်လဲ့မှာမူ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ် အပြင်းအထန် ဒဏ်ရာရသွားသည်နှင့် အောက်သို့နစ်ဝင်နေသည့် ခံစားချက်ကြီးအား တောင့်ခံထားခြင်းမရှိတော့ဘဲ အတိတ်ဘဝထဲသို့ ဝင်သွားလိုက်၏။ ထို့ကြောင့် သူသည် တဖြည်းဖြည်းနှင့် သတိလစ်သွားတော့သည်။

သူ သတိပြန်ရလာသောအခါ ပထမဆုံး အကြိမ်တုန်းကအတိုင်းပင်။ သူသည် သူ့ကိုယ်သူ မည်သူမည်ဝါမှန်း မမှတ်မိသလို အရာအားလုံးကိုလည်း မေ့ပျောက်သွားပြီဖြစ်သည်။ ယခုတွင် သူသည် တောင်ထိပ်တစ်ခုပေါ်၌ မလှုပ်မယှက်ရပ်ကာ ငါးပေသာ အရပ်အမြင့်ရှိသော သတ္တဝါတစ်ကောင်အား စိုက်ကြည့်နေသည်။ ၎င်းမှာ ပိန်ပါးပါးနှင့် အစိမ်းရောင်အမွေးအမျှင်များကို ပိုင်ဆိုင်ထားပြီး မျောက်တစ်ကောင်နှင့် တူ၏။ သို့သော် ၎င်းမှာ ခြေထောက်နှစ်ဖက်ပေါ်၌ မတ်တတ်ရပ်ကာ အပေါ်သို့မော့ကြည့်နေသည်။

၎င်းနှင့် ပုံစံတူသည့် အခြားသတ္တဝါများကိုလည်း နေရာအနှံ့တွင် မြင်နိုင်ပေသည်။ ဝမ်ပေါင်လဲ့ လှမ်းကြည့်နေသည့် သတ္တဝါမှာ ခေါင်းမော့ကာ ဘေးပတ်ဝန်းကျင်နှင့် ကိုက်ညီမှုမရှိလောက်အောင် အလွန်အင်မတန်မှ ခမ်းနားထည်ဝါသည့် နဂါးပလ္လင်ကြီးတစ်ခုအား စိုက်ကြည့်နေ၏။ ထို ပလ္လင်ပေါ်တွင် တစ်ကိုယ်လုံး အနက်ရောင်အမွေးအမျှင်များ ပေါက်နေသည့် သတ္တဝါကြီးတစ်ကောင် ထိုင်နေ၏။ ထို သတ္တဝါကြီးမှာ မျက်လုံးများမှိတ်ထားပါသော်လည်း ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် သေမင်းအငွေ့အသက်များမှာ အလွန်အင်မတန်မှ အားကောင်းလွန်းနေသည်။

" ဆရာ။ မိစ္ဆာအိုကြီး လီလင်းက တော်တော်တရားလွန်သွားပြီဗျ။ ဒီအတောအတွင်းမှာ သူက ကျွန်တော်တို့ရဲ့ ရုပ်အလောင်းမိတ်ဆွေတွေ အများကြီးကို ဖမ်းဆီးခဲ့ပြီး ရုပ်အလောင်းဆီတွေရအောင် သန့်စင်ခဲ့တာ။ အဲဒီ လုပ်ရပ်က ကြင်နာစိတ်လုံးဝမရှိတဲ့ လုပ်ရပ်တစ်ခုပဲ။ ဆရာ။ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့အတွက် တရားမျှတမှုရအောင် ပြန်လုပ်ပေးပါ "

နဂါးပလ္လင်ကြီးပေါ်ရှိ အနက်ရောင်အမွေးအမျှင်များ ပေါက်နေသော သတ္တဝါကြီးမှာမူ မလှုပ်မယှက်နှင့် အတွေးများထဲတွင် နစ်မျောနေသည့်ပုံပင်။ ထို မြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် ရီဝေဝေဖြစ်သွားရစဉ် ပလ္လင်ပေါ်ရှိ သတ္တဝါကြီးအား လျှောက်တင်နေသည့် အစိမ်းရောင်အမွေးအမျှင်များနှင့် သတ္တဝါမှာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးကာ ဆိုလိုက်တော့သည်။

" ဆရာ။ ကျွန်တော်တို့တွေ ထပ်ပြီးတော့ တွေဝေတုံ့ဆိုင်းနေလို့ မဖြစ်တော့ဘူး။ ဟွေ့စန်းကိုပဲ ကြည့်လိုက်။ သူဆိုရင် ရုပ်အလောင်းမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်လာခဲ့ပြီးတော့ သတိပြန်ရလာတာ လပိုင်းပဲ ရှိသေးတယ်။ အဲတာကို သိပ်မကြာသေးခင်တုန်းကပဲ သူ ဖမ်းခံလိုက်ရပြီးတော့ ရုပ်အလောင်းဆီတွေအဖြစ် သန့်စင်ခံလိုက်ရတော့မလို့လေ။ ကျွန်တော်တို့သာ သူ့ကို အချိန်မီ မကယ်တင်နိုင်ခဲ့ဘူးဆိုရင် အခုလောက်ဆို သူ အရိုးစုတစ်ခု ဖြစ်နေလောက်ပြီဗျ "

၎င်း ထိုသို့ဆိုလိုက်သောအခါ ထို အစိမ်းရောင်အမွေးအမျှင်များနှင့် သတ္တဝါကဲ့သို့သော အခြား သတ္တဝါများသာမက ပလ္လင်ကြီးပေါ်ရှိ အနက်ရောင်အမွေးအမျှင်များနှင့် အရိပ်ကြီးပင်လျှင် သူ့အား လှမ်းကြည့်လိုက်သည်ကို ဝမ်ပေါင်လဲ့က သတိထားမိလိုက်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ ရီဝေဝေဖြစ်နေသည့် မျက်ဝန်းများဖြင့် သူ၏ ခန္ဓာကိုယ်အား ပြန်ကြည့်လိုက်၏။ ထိုအခါ သူသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းနုရောင် အမွေးများကို မြင်လိုက်ရသည်။ ထို့နောက် သူသည် မသိစိတ်မှနေ၍ သူ၏ လက်အား အလိုလို မြှောက်မိလိုက်သောအခါ သူ၏ လက်မောင်းများမှာ အခြားသူများ၏ လက်မောင်းများထက် အများကြီးပို၍ ပိန်လှီနေသည်ကိုလည်း မြင်လိုက်ရ၏။

သူသည် အစိမ်းရောင်အမွေးအမျှင်များ ပေါက်နေသည့် သတ္တဝါများနှင့် အရွယ်အစား အတူတူဖြစ်ပါသော်လည်း သူ၏ အမွေးများမှာ အရောင်ပိုနုနေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အရိုးစုတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် သူသည် အားအင်ချည့်နဲ့နေသလိုပင် ခံစားနေရပြီး အချိန်အကြာကြီး မတ်တတ်ရပ်နေပါက သတိလစ်သွားမည့်ပုံပင် ပေါက်နေ၏။

ထိုအချိန်တွင် သူ၏ အသိစိတ်ထဲ၌ မှတ်ဉာဏ်အပိုင်းအစများ ပြန်လည်ပေါ်ပေါက်လာသည်။

သူသည် ထို စကြဝဠာကြီး၏ နာမည်ကို သိရှိထားခြင်းမရှိဘဲ သူ အသက်ရှင်နေခဲ့စဉ်တုန်းက သာမန်လူသားတစ်ယောက် ဖြစ်ခဲ့သည့်အချက်ကိုသာ သိထားသည်။ သူသည် ပါရမီမပါသလို မည်သည့် ကြွယ်ဝချမ်းသာမှုကိုမှလည်း မပိုင်ဆိုင်ခဲ့သည့်အပြင် ဇနီးတစ်ယောက်ပင် မရှိခဲ့ပေ။ နောက်ဆုံးတွင် သူသည် ကပ်ရောဂါဆိုးကြီး တစ်ခုကြောင့် အသေဆိုးနှင့် သေဆုံးသွားခဲ့ရ၏။ သူ၏ အလောင်းအား မီးသင်္ဂြိုလ်ခဲ့သည့်တိုင်အောင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ၎င်းမှာ လောကကြီးထဲ၌ ကျန်ရစ်ခဲ့ဆဲပင်။ သူသည် ပြန်လည်သတိရလာသည့် အချိန်တွင် ဤတောင်ပေါ်သို့ ရောက်နေခဲ့၏။ ထိုစဉ်တုန်းက သူ၏ ဘေးတွင် ရှိနေခဲ့သည့် သူနှင့် တစ်ပုံစံတည်းတူသော သတ္တဝါများမှာ သူသည် ဖုတ်ကောင်တစ်ကောင်ဖြစ်ကြောင်း ပြောပြခဲ့သည်။

ထို ဖုတ်ကောင်များ၏ စွမ်းအားများအပေါ်မူတည်၍ အစိမ်းရောင်၊ အပြာရောင်၊ အနက်ရောင်၊ မီးခိုးရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ အနီရောင် အစရှိသဖြင့် အရောင်အမျိုးမျိုး ခွဲခြားထား၏။ ယခုတွင် သူ့အား အစိမ်းရောင်ဖုတ်ကောင်အဖြစ်ပင် မသတ်မှတ်နိုင်သေးပေ။ ဤတောင်ကြီး၏ ခေါင်းဆောင်မှာ အနက်ရောင် ဖုတ်ကောင်ကြီးတစ်ကောင် ဖြစ်သည်။

သူ၏ ဘေးတွင်ရှိနေသည့် ရုပ်အလောင်းမိတ်ဆွေများ၏ ပြောစကားများအရ သူ၏ အရှင်သခင်သည် သားသတ်သမားတစ်ယောက် ဖြစ်ခဲ့ဖူးပြီး အားကောင်းသည့် သတ်ဖြတ်လိုစိတ်များကို ပိုင်ဆိုင်ထားကြောင်း ဝမ်ပေါင်လဲ့က သိလိုက်ရ၏။ ယခုတွင် သူသည် အနက်ရောင်ဖုတ်ကောင်ကြီး အပါအဝင် အခြား ဖုတ်ကောင်များ အားလုံး၏ စိုက်ကြည့်ခြင်းကိုခံနေရဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရတော့သည်။

All Chapters